အပိုင်း( ၅၈၅)

သမိုင်းတစ်ခေတ်ကို မြင်တွေ့ခွင့်

ရီဖူရှင်းက ကော့တေးတွင် သူ၏ဆရာနှင့် ဆရာကတော်တို့ကို ရက်အနည်းငယ် အဖော်ပြုခဲ့သည်။ သည်တစ်ခေါက် ထွက်သွားပြီးပါက ဘယ်တော့ သူ ပြန်လာဖြစ်မည်ကို အတပ်မပြောနိုင်သေးပေ။ သို့သော် သူတို့နှစ်ယောက်က စိတ်လက်ပေါ့ပါးစွာ နေထိုင်နေခြင်းကို မြင်ရခြင်းက ရီဖူရှင်းအား စိတ်အေးစေသည်။

ရီဝူချင်းက ကန်ယီနိုင်ငံသို့ သွားပြီး လျိုချန်းယွီနှင့်အတူ ပြန်လာခဲ့သည်။ သူမအား တော်ဝင်ကျဲနန်းတော်သို့ ခေါ်သွားမည် ဖြစ်သည်။

ဝူချင်းက ဓားမိစ္ဆာ၏ တိုက်ရိုက်တပည့်ဟု သတ်မှတ်နိုင်ရာ သူ၏မိသားစုကို ခေါ်သွားခွင့် ရှိပေသည်။ သူက လျိုချန်းယွီကို နောက်တစ်ခေါက် ထားခဲ့ရန် စိတ်ကူးရှိပုံမရပေ။

ထို့နောက်တွင် သူတို့အုပ်စုက စာအုပ်တောင်တွင် လူစုကာ မြေရိုင်းဒေသကို ပြန်ရန် ပြင်ဆင်ကြသည်။

စာအုပ်တောင်မှ တောင်ကုန်း အရှင်များနှင့် ကျောင်းတော်မှ တပည့်များ အပါအဝင် လူအများအပြားက သူ့အား လာရောက် ပို့ဆောင်ကြသည်။ ကော့တေးက မရှိတော့သော်လည်း ကော့တေး တပည့်များ၏ နာမည်က အရှေ့မြေရိုင်း ဒေသတွင် ဒဏ္ဍာရီတစ်ပုဒ်နှယ်…။

ရီဖူရှင်းက ထွက်သွားရန် ပြင်နေစဉ်မှာပင် လူနှစ်ယောက် တိမ်များအပေါ်မှ ပျံသန်း ထွက်ပေါ်လာသည်။ ကျောင်းတော်၏ တပည့်များက သူတို့နှစ်ယောက်ကို တားဆီးခြင်း မရှိကြပေ။ သူတို့အားလုံး ထိုလူနှစ်ယောက်ကို သိကြသည်။

တစ်ယောက်က ဘုန်းတော်ကြီး တစ်ပါးဖြစ်ကာ နောက်တစ်ယောက်ကား အလွန်အမင်း လှပချောမောသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမက ရိုးရှင်းကာ အရောင်အဆင်း မဲ့သော အဝတ်အစားကို ဝတ်ထားသော်လည်း သူမ၏ ကိုယ်ရောင်ကိုယ်ဝါက သန့်စင်လွန်းပြီး လူသားတို့နှင့် သက်ဆိုင်ခြင်း မရှိသော နတ်မိမယ် တစ်ပါးအလား ထင်မှတ်ရသည်။

သူမက ရီဖူရှင်းကို ပြုံးလျက် ကြည့်သည်။

“ဘယ်လောက် လှလိုက်သလဲ…” ရီဖူရှင်း၏ဘေးမှ လောင်လင်းအာက ရေရွတ်သည်။ ယခု ရောက်ရှိလာသော မိန်းကလေးကား လှပသန့်စင်လွန်းကာ ဟွာဂျီယူနှင်ပင် ယှဉ်နိုင်ပေသည်။

“ဆရာတော်…” ဓားသခင်က ဘုန်းတော်ကြီးကို နှုတ်ဆက်သည်။ ဘုန်းတော်ကြီးကား ချင်းရွှီဘုရားကျောင်း၏ ကျောင်းထိုင် ဆရာတော် ဖြစ်သည်။

“ဒကာတော်ဓားသခင်…” ဘုန်းတော်ကြီးက လက်အုပ်မိုးကာ ဓားသခင်ကို နှုတ်ဆက်သည်။ ထို့နောက် သူက ရီဖူရှင်းကို ကြည့်လျက် ပြောသည်… “ဒကာလေးရီက မြေရိုင်းဒေသက ပြန်လာတယ် ကြားလို့ ဒကာလေးဆီက အကူအညီတစ်ခု လာတောင်းတာပါ…”

“ပြောပါ ဆရာတော်…” ရီဖူရှင်း၏အကြည့်က ဘေးမှ မိန်းကလေးထံကို ရောက်သွားသည်။ ဟွာချင်းချင်းကား ယခင်ကထက်ပင် ပိုမိုလှပလာကာ သူမ၏ကိုယ်ရောင် ကိုယ်ဝါကလည်း ပိုမို သန့်စင်လာသည်။ ချင်းရွှီ ဘုရားကျောင်းက သူမအား အထူးတလည် ဂရုစိုက်ပေးထားဟန် ရသည်။

“ချင်းချင်းက ဗုဒ္ဓတရားတော်တွေနဲ့ ရေစက်ရှိတယ်… သူမကို စာအုပ်တောင်မှာ မြင်ကတည်းက ချင်းရွှီဘုရားကျောင်းကို ခေါ်ပြီး လေ့ကျင့်စေခဲ့တယ်… ချင်းချင်းက ဗုဒ္ဓတရားတော်တွေကို အထူးတလည် သင်ကြားဖို့တောင် မလိုဘဲ​ နားလည်နိုင်တယ်… အခု သူမက ဗုဒ္ဓတရားတော် ပထမဈာန်ကို ရောက်ပြီး နိုဘယ်အဆင့်ကို တက်လှမ်း သွားပြီးပြီဖြစ်လို့ သူမအတွက် ချင်းရွှီ ဘုရားကျောင်းက ထပ်သင်ပေးစရာ သိပ်မရှိတော့ဘူး… ဒကာလေးရီက မြေရိုင်းဒေသက လာတော့ ချင်းချင်းအတွက် သင့်တော်တဲ့ နေရာကိုများ သိမလား…” ဘုန်းတော်ကြီးက မေးသည်။

ရီဖူရှင်းက အနည်းငယ် အံ့အားသင့် သွားသည်။ ဟွာချင်းချင်း၏ တန်ခိုးအဆင့်ကား သူနှင့် အတူတူပင်။ သူက တော်ဝင်လမ်းမှ အခွင့်အလမ်းပေါင်း များစွာကို အသုံးချခဲ့ရ သေးသည်။ ဗုဒ္ဓတရားတော်ကို လေ့လာ သင်ကြားခြင်းက တန်ခိုးအဆင့် တက်လှမ်းရာတွင် ပိုမို မြန်ဆန်စေသည်လား သူ မပြောတတ်ပေ။ ထိုအချက် တစ်ခုတည်းလည်း ဟုတ်ဟန်မကျပေ။

ဟွာချင်းချင်းက ဗုဒ္ဓတရားတော်များကို လေ့လာ သင်ကြားရန် အမှန်ပင် သင့်တော်ဟန် ရသည်။ သူမအား သူက ပထမဆုံး မြင်တွေ့ကတည်းက သည်မိန်းကလေးကား လူသားတို့၏ဆန္ဒနှင့် သက်ဆိုင်ခြင်း မရှိဘဲ လူ့လောကတွင်ပင် မရှိသင့်သော သန့်စင်သော ဖြစ်တည်မှု တစ်ခုဟု သူခံစားရသည်။ ထိုကံဆိုးမိုးမှောင် ကျခြင်းကလည်း သူမအား ဉာဏ်အလင်း ရစေရန် တွန်းအား ဖြစ်စေခဲ့ဟန် ရသည်။

“မြေရိုင်းဒေသက ကျယ်ပြောလွန်း လှတယ်… ကျွန်တော်က မြေရိုင်းဒေသက တန်ခိုးကျင့်ရာ နေရာတွေနဲ့ သိပ်မရင်းနှီးပါဘူး…” ရီဖူရှင်းက ပြောသည်။ သူက ကျောင်းအုပ်ချန်းကို ကြည့်ကာ မေးသည်… “ကျောင်းအုပ် သိပါသလား…”

ချန်းယွန်က ဟွာချင်းချင်းကို ထူးဆန်းစွာ ကြည့်သည်။ မိန်းကလေးကား အလွန် ထူးခြားသည်ဟု သူခံစားရသည်။ ဤမျှ သန့်စင်သော လူသား တစ်ယောက်ကို သူ မမြင်ဖူးပေ။

“မြေရိုင်းဒေသမှာ တကယ်ပဲ ဗုဒ္ဓနယ်မြေရှိတယ်… ဒါပေမဲ့ သူတို့က သာမန်လူတွေနဲ့ အဆက်အဆံ နည်းပြီး တပည့်တွေလည်း လက်ခံလေ့မရှိဘူး…” ချန်းယွန်က ပြောသည်။

“သူမကို သူတို့မြင်တာနဲ့ သေချာပေါက် လက်ခံကြလိမ့်မယ်…” ဘုန်းတော်ကြီးက ပြောသည်… “ဒီဒကာက မြေရိုင်းဒေသက အကြီးအကဲ တစ်ယောက်ဖြစ်ရမယ်… ကျုပ်တို့ သီးသန့်စကား အချို့ ပြောလို့ရမလား…”

ချန်းယွန်က ရီဖူရှင်းကို ကြည့်သည်တွင် ရီဖူရှင်းက ခေါင်းညိတ်ပြသည်ကို မြင်သည်။ ထို့ကြောင့် သူကလည်း ခေါင်းညိတ်သည်… “ကောင်းပြီ…”

“ချင်းချင်… ငါ့နောက်က လိုက်ခဲ့…” ဘုန်းတော်ကြီးက ပြောသည်တွင် သူတို့ သုံးယောက်က ထွက်ခွာ သွားကြသည်။ မကြာမီက သူတို့သုံးယောက် ပြန်လာသောအခါ ချန်းယွန်၏ အမူအရာက အနည်းငယ် ထူးဆန်းနေသည်ကို မြင်ကြရသည်။

“ကျောင်းအုပ်…” ရီဖူရှင်းက ကျောင်းအုပ်ချန်းကို ခေါ်သည်။

“ဟွာချင်းချင်းက အဲဒီကို သွားရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး…” ကျောင်းအုပ်ချန်းက ခိုင်မာစွာ ပြောသည်။

ဘုန်းတော်ကြီးနှင့် ကျောင်းအုပ်ချန်းတို့ ဘာပြောခဲ့သည်ကို ရီဖူရှင်း မသိပေ။

“ကျုပ်က ဗုဒ္ဓတရားတော်မှာ အရမ်းကြီး နက်နက်ရှိုင်းရှိင်း သိနားလည်ခြင်း မရှိသလို တန်ခိုး အဆင့်ကလည်း နိမ့်ပါတယ်… ဒါကြောင့် ဒီက ဒကာတော်ချန်းက ဒီကိစ္စကို ကူညီပေးနိုင်မလား…” ဘုန်းတော်ကြီးက ကျောင်းအုပ်ချန်းကို ပြောသည်။

“ကျောင်းအုပ်… ဟွာချင်းချင်းက ကျွန်တော့်မိတ်ဆွေကောင်းပါ…” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ…” ကျောင်းအုပ်ချန်းက သဘောတူသည်။

“ကျေးဇူးတင်ပါတယ်… ဒကာတော်… ဒီလိုဆိုရင်လည်း လမ်းခရီးမှာ ဘေးရန် ကင်းဝေးကြပါစေ…” ဘုန်းတော်ကြီးက ချင်းချင်းကို ကြည့်ကာ ပြောသည်… “ချင်းချင်း… လမ်းမှာ ဂရုစိုက်ပါ…”

“ကျန်းမာရေး ဂရုစိုက်ပါ ဆရာတော်…” ဟွာချင်းချင်းကလည်း ပြောသည်။ တွေ့ဆုံကြုံကွဲ လောက၏ သဘောတရားအရ ခွဲခွဲရမည့် အချိန်ကို ရောက်လာပြီး ဖြစ်သည်။

“ဒါဆိုလည်း ဒကာလေးရီကို ဒုက္ခပေးရဦးမယ်…” ဘုန်းတော်ကြီးက ရီဖူရှင်းကို ပြောသည်။

“ဆရာတော်… ရပါတယ်… ဆရာတော်က ကျွန်တော့်ကို ယုံကြည်ပေးမှတော့ အကောင်းဆုံး ကြိုးစားရမှာပေါ့…”

“ကော့တေးတပည့် တစ်ယောက်ကို ငါက ဘယ်လိုလုပ် မယုံကြည်ဘဲ နေပါ့မလဲ…” ဘုန်းတော်ကြီးက ပြုံးလျက် ပြောကာ နှုတ်ဆက် ထွက်ခွာသွားသည်။

“ဒူဟောင် သေပြီ…” ရီဖူရှင်းက ဘေးမှ ဟွာချင်းချင်းကို ပြောသည်။

ပထမတွင် ဟွာချင်းချင်းက လွန်စွာ ထိတ်လန့် သွားသည်။ ပါးပြင်ကို မျက်ရည်စများ စီးကျင်လာပြီးမှ​ သူမက တီးတိုးပြောသည်… “ကျေးဇူးတင်ပါတယ်…”

သူမက ဗုဒ္ဓတရားတော်ကို လေ့လာ သင်ကြား သော်လည်း လူသားတို့ ခံစားချက်ကို မည်သို့ ရှောင်လွှဲ၍ ရမည်နည်း…။ ဒူဟောင်က ဒွန်ဟွာကလန်ကို အမြစ်ဖြတ် သုတ်သင်ခဲ့ကာ သူမ၏ အမေကိုလည်း သူမ မျက်လုံးရှေ့တင် သတ်ဖြတ်ခဲ့သည်။ သူမက မည်သို့ မမုန်းတီးဘဲ​ နေမည်နည်း။

“အဲဒါတွေ အကုန် အခုပြီးဆုံးသွားပြီ…” ရီဖူရှင်းကလည်း ညင်သာစွာ ပြောသည်။

“အင်း…” ဟွာချင်းချင်းက ခေါင်းညိတ်သည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က ကောင်းကင်တောင်တွင် သူမတို့ ခွဲခွာခဲ့ကြကာ ယခု ပြန်လည် ဆုံစည်းရခြင်းအတွက် သူမက အလွန် ကျေးဇူးတင်ပေသည်။

“သွားကြမယ်…” ရီဖူရှင်းက ပြောသည်။ သူက နောက်လှည့်ကာ ရင်းနှီးသော လူများ အားလုံးကို ကြည့်သည်။ သူ၏အစ်ကိုကြီး၊ ဆရာနှင့် ဆရာကတော်၊ ဆရာကြီးယိချန်၊ ဧကရာဇ်ရီနှင့် ကျန်လူများ အားလုံးကို သူက ဦးညွှတ် အရိုအသေပေးကာ ပြောသည်… “ကျွန်တော် သွားပြီ…”

“ကောင်လေး… ဂျီယူကို ဂရုစိုက်…” ဟွာဖန်းလူက သတိပေးသည်။ ကောင်လေးက မိန်းမများနှင့် ပတ်သက်လျှင် အလွန် ကံကောင်းတတ်ရာ သူက သတိပေးရန် လိုသည်။

“ယူချင်း… ချိန်ချန်ကို မင်း တာဝန်ပဲနော်…” ယိချန်ကလည်း ပြောသည်။

“ဟုတ်ကဲ့… စိတ်ချပါ ဆရာ…” ယူချင်းကလည်း ခေါင်းညိတ်သည်။ ယိချိန်ချန်၏ မျက်လုံးများ ကလည်း စိုစွတ်နေသည်။ သူမက မြေရိုင်းဒေသသို့ လိုက်ပါ သွားမည်ဖြစ်ရာ သူမ၏အဖေကို အချိန် အတော်ကြာအောင် ပြန်တွေ့ရတော့မည် မဟုတ်တော့ပေ။

ထို့နောက်တွင် သူတို့အုပ်စု ကောင်းကင်ထက်ကို ပျံသန်း ထွက်ခွာ သွားကြတော့သည်။ ရီဖူရှင်းက သူ၏ဘေးမှ လူများကို ကြည့်ကာ ပြုံးရသည်။ သည်တစ်ခေါက်တွင် ချိန်ချန်၊ ချန်းယွီနှင့် လျိုဖေးယွန်တို့လည်း ပါလာကြသည်။ လျိုချန်းယွီက တော်ဝင်ကျဲ နန်းတော်တွင် ရီဝူချင်းနှင့်အတူ လေ့ကျင့်မည် ဖြစ်ကာ လျိုဖေးယွန်က ကြယ်မင်းကျောင်းသို့ သွားရောက် လေ့ကျင့်မည် ဖြစ်သည်။

ရီဖူရှင်းတို့အုပ်စု ထွက်ခွာ သွားပြီးနောက် စာအုပ်တောင်ပေါ်တွင် လူတစ်စု ကျန်ရစ်နေကြသေးပြီး ထွက်သွားလိုခြင်း မရှိကြသေးပေ။

“ပြန်ရအောင်…” ဓားသခင်က ပြောလျှင် လူတစ်စုက စတင် ထွက်ခွာကြသည်။ သို့သော်လည်း ပျောက်ကွယ် သွားသော ကောင်းကင်မှ လူတစ်စုကို ကြည့်ကာ ထွက်မသွား လိုသေးသော လူများလည်း ရှိနေသေးသည်။

ဂူဘိုင်ယွီက သက်ပြင်းချသည်… “ဘယ်လောက်တောင် အသည်းနှလုံး မရှိလိုက်သလဲ…”

ချူယောင်ယောင်လည်း စိတ်ပျက်စွာ ကြည့်သည်။ တစ်ချိန်က သူမနှင့်တန်းတူ သတ်မှတ် ပြောဆိုခြင်း ခံရသော ဟွာချင်းချင်းပင်လျှင် သူ့နောက်ကို လိုက်ပါ သွားခွင့်ရသည်။

ဓားသခင်က ထိုနေရာမှ ထွက်ခွာ လာပြီးနောက် စာအုပ် တောင်ထိပ်ကို တက်လာသည်။ သူက တောင်စွန်းတွင် ရပ်ကာ တောင်အောက်မှ မြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်သည်။ သူက သူ၏ဆရာကို သတိရမိ၏။

ဓားသခင်၏ နောက်တွင် အဆောင်ငယ်လေး တစ်ခုရှိသည်။ ထိုအခိုက်တွင် ထိုအဆောင်ငယ်လေး ဘေး၌ လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်။ ထိုလူကား မီးခိုးရောင်ဝတ်စုံကို ဝတ်ထားကာ လောကတွင် မရှိသည့် လူသား တစ်ဦးကဲ့သို့ မည်သည့် ကိုယ်ရောင် ကိုယ်ဝါမှ မရှိပေ။

ဓားသခင်က တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် နောက်လှည့်သည်။ ထိုမီးခိုးရောင်လူကို မြင်သည်တွင် ဓားသခင်က ဦးညွှတ် အရိုအသေပေးသည်… “ဆရာကြီး…”

“ငါသင်ပေးတဲ့ ကျင့်ကြံခြင်း နည်းစနစ်က ဘယ်လိုနေလဲ…” မီးခိုးရောင်လူက ပြောသည်။

“ကျွန်တော်က တိုးတက်မှု ရှိတယ် ဆိုပေမဲ့ ဒီပညာက အရမ်းကို နက်ရှိုင်းလွန်းတယ်… ကျွန်တော် အချိန်လိုတယ်…” ဓားသခင်က တည်ငြိမ်စွာ ပြောသည်။

“အင်း…” မီးခိုးရောင်လူက ခေါင်းညိတ်ကာ ပြောသည်… “မင်းရဲ့ ပါရမီက သာမန်ဆိုပေမဲ့ မင်းရဲ့စိတ်နေ သဘောထားက အရမ်း အားကောင်းတယ်… မင်းရဲ့ စိတ်ဓာတ်က ခိုင်မာတယ်… ဒါတွေက မင်းရဲ့ အားနည်းချက်တွေကို ပြုပြင်နိုင်တယ်… ငါမင်းကို သင်ပေးတဲ့ ပညာရပ်က မင်းရဲ့ စိတ်နေ သဘောထားနဲ့ ကိုက်ညီတယ်… ဒါကိုပဲ​ လေ့လာ ဆန်းစစ်ရင် မင်းက နက်ရှိုင်းတဲ့ အဆင့်တစ်ခုကို ရောက်လိမ့်မယ်…”

ဓားသခင်က ခေါင်းညိတ်သည်။ ပုံမှန်အားဖြင့် သူကလည်း ထိုသို့ ခံစားမိသည်။

“ဆရာကြီးက ဘယ်သူလဲ… ဘာလို့ ဒီလို ကျွန်တော့်ကို သင်ပေးတာလဲ…” ဓားသခင်က မေးသည်။

“မင်းရဲ့ စိတ်နေ သဘောထားနဲ့ ဒီလိုမျိုး မေးမှာ မဟုတ်ဘူး… နောက် မမေးနဲ့… ငါ ဘယ်တုန်းကမှ မရှိခဲ့သလိုပဲ ဒါကို အခွင့်အရေး တစ်ခုအနေနဲ့ပဲတွေး.. မဟုတ်ရင် မင်းနဲ့ ကျောင်းတော် တစ်ခုလုံးကို ပျောက်သွားအောင် ငါလုပ်ပြစ်မယ်…” မီးခိုးရောင်လူက ဓားသခင်ကို ပြောသည်။ သူ၏အကြည့် တစ်ချက်မျှက သူ၏အတွေးများ အားလုံးကို ဖောက်ထွင်း မြင်လိုက်ရသလို ဓားသခင်က ခံစားလိုက်ရသည်။ သူကား ရှီတန်ခိုးအဆင့်ကို ရောက်ပြီး ဖြစ်သော်လည်း ဤသို့သော ခံစားချက်က တစ်ဖက်လူမည်မျှ အဆင့်မြင့်မားသည်ကို ခံစားရစေသည်။

သည်လူထူး လူဆန်းကား သူ၏ဘဝတွင် တွေ့ဖူးသမျှထဲတွင် အားအကောင်းဆုံး ဖြစ်ဟန်ရကာ သူ၏ဆရာထက်ပင် အဆင့်မြင့်မား သည်ဟု သူခံစားရသည်။

လေပြင်းတစ်ချက် တိုက်ခိုက်သွားကာ မီးခိုးရောင်လူက ယခင် မရှိခဲ့သလိုပင် ပျောက်ကွယ် သွားသည်။ သို့သော်လည်း အသံတစ်သံက လေထုကို ဖြတ်သန်းလျက် ဓားသခင်၏နားထဲကို ဝင်ရောက်လာသည်။

“ခေတ်ကာလ အဆက်ဆက်မှာ မရေမတွက်နိုင်တဲ့ သူရဲကောင်းတွေ ဖုန်မှုန့်အဖြစ်နဲ့ ပျောက်ကွယ် သွားကြတယ်… ဒါပေမဲ့ မင်းကတော့ သမိုင်းတစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံရလိမ့်မယ်…” အသံက လေနှင့်အတူ ပျောက်ကွယ် သွားသည်။ ဓားသခင်၏ အမူအရာက လွန်စွာ လေးနက်သွားသည်။

ခေတ်အဆက်ဆက်တွင် သူရဲကောင်းများ မရေမတွက်နိုင်အောင် ရှိခဲ့သည်။ ပုံမှန်အားဖြင့် သူကလည်း သူ၏မျိုးဆက်တွင် ပါရမီရှင်ဟု ပြော၍ မရပေ။ သူက မည်သို့ သမိုင်းတစ်ခေါက်ကို မြင်တွေ့ခွင့် ရမည်နည်း။ နောက်လှည့်ကာ သူက အဝေးကို ကြည့်သည်။ သူ ဘာတွေးနေသည်ကို မည်သူမှ မသိပေ။ အချိန်ကသာ စကားပြော သွားပေလိမ့်မည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset