အပိုင်း(၅၈၄)

ကတိ

“ကောင်းမွန်တဲ့နေ့ရက်ပါ စီနီယာများ…” ထိုအခိုက်တွင် ဆွဲဆောင်မှုရှိကာ ငယ်ရွယ် နုပျိုသော မိန်းကလေးတစ်ဦး သေရည် တစ်ပုလင်းကို သယ်ကာ ဝင်လာသည်။ သူမကား အလွန်အမင်း လှပသော်လည်း သူမထံမှ အနည်းငယ်သော လှည့်စားတတ်သော အငွေ့အသက်များကို ရနေသည်။

“ဒီမိန်းကလေးက…” ဧကရာဇ်ရီက ဟွာဖန်းလူကို မေးသည်။

“ဒီမိန်းကလေးက နာမည်ကျော် မှော်ကလန်ရဲ့ ဂူဘိုင်ယွီ… သူမက ကျောင်းတော်ကို တန်ခိုးကျင့်ဖို့ ရောက်နေတာ… ဒါပေမဲ့ ဒီနေရာကိုပဲ အဆက်မပြတ် လာနေတယ်… သူမက ဘာကို လိုချင်နေလဲ ကျုပ်မသိဘူး…” ဟွာဖန်းလူက ပြုံးလျက် ပြောသည်။

“စီနီယာက ဘိုင်ယွီကို အထင်လွဲ နေပြန်ပြီ…. စီနီယာတွေက ဒီကို ရောက်နေတာကို သိတော့ ကျောင်းအုပ်က အထူးတလည် စီမံထားတဲ့ သေရည်ကို ဒီကို ပို့ပေးဖို့ ပြောလို့ ဘိုင်ယွီက ဒီကို ရောက်လာခဲ့တာ… ဒီသေရည်က တန်ခိုးကျင့်သူတွေကို အရမ်း အကျိုးရှိစေပြီး လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကို တိုးတက်စေတယ်…” ဂူဘိုင်ယွီက ပြုံးလျက် ပြောသည်။

“ကျောင်းအုပ်ကို ငါ့အစား ကျေးဇူးတင်တယ်လို့ ပြောပေးပါ…” နန်ဒူဝန်ယမ်က ပြုံးလျက် ပြောသည်… “ဘိုင်ယွီလေး.. ဒီကိုလာထိုင်…”

သည်နှစ်ပိုင်းတွင် ဓားသခင်က သူတို့အား လွန်စွာ ဂရုစိုက်ပေးခဲ့ပြီး တန်ခိုး ကျင့်ခြင်းတွင် အကျိုးရှိသော ရတနာများကို မကြာခဏ ပို့ပေးတတ်ပေသည်။ ထို့ကြောင့်ပင်လျှင် ဧကရာဇ်ရီက စာအုပ်တောင်ကို မကြာမကြာ လာလည်နေခြင်း ဖြစ်သည်။

“ဟုတ်ကဲ့…” ဂူဘိုင်ယွီက ပြုံးလျက် နန်ဒူဝန်ယမ်၏ ဘေးတွင် လာထိုင်သည်။ သူမက မေးသည်…” ဒီကို လာကြတာ… ရီဖူရှင်းရဲ့ စီနီယာတွေလို့ ကြားတယ်… သူနဲ့ပတ်သက်ပြီး ပုံပြင်တစ်ခုခု မပြောချင် ကြဘူးလား…”

“ငါ့တပည့် သတင်းကို ထပ်နှိုက်ဖို့ ကြိုးစားနေပြန်ပြီ…” ဟွာဖန်းလူက ဂူဘိုင်ယွီကို ကြည့်ကာ ဆက်ပြောသည်… “မင်းက အခွင့်အရေး မရှိတော့ဘူးလို့ ငါပြောပြီးပြီပဲ…”

“ကျွန်မက ဒီအတိုင်း သိချင်ရုံပါပဲ…” ဂူဘိုင်ယွီက ဟွာဖန်းလူကို ကြည့်ကာ ပြောသည်… “ပြီးတော့ ကျွန်မက စီနီယာရဲ့ သမီးထက်အရင် ရီဖူရှင်းနဲ့ တွေ့ခဲ့ရင် စီနီယာရဲ့ သမီးက အခွင့်အရေးရှိမှာ မဟုတ်ဘူး…”

“နင်က တကယ်ပဲ​ အရေထူတယ်…” ယိချိန်ချန်က ပြုံးလျက်ပြောသည်။ ဂူဘိုင်ယွီက သည်နေရာကို အဆက်မပြတ် ရောက်လာနေရာ သူတို့အားလုံးက သူမနှင့် ရင်းနှီးနေကြပြီ ဖြစ်သည်။

“နင့်မှာ ပါရမီပါရင် နင်လည်း ဒါကို သင်လို့ရတယ်…” ဂူဘိုင်ယွီကလည်း ပြုံးလျက် ပြောသည်။

“အဲဒီ အကောင်အကြောင်း ပြောရရင် သူတို့ရဲ့ တန်ခိုးအဆင့်တွေက ဘယ်လောက် ရောက်နေပြီလဲ မသိဘူး…” ယိချန်ကလည်း ရီဖူရှင်းနှင့် ယူချင်းကို သတိရသည်။

“သူတို့က အဆင့်မြင့် အကာနာကို ရောက်နေလောက်ပြီ…” ဟွာဖန်းလူက ပြောသည်။

“ဖူရှင်းက ဂျီယူကို သွားရှာမလား မသိဘူး… သူ့ရဲ့အစ်မနှစ်က မြေရိုင်းဒေသမှာ အင်အားကြီးကလန် ဆိုတော့ ဖူရှင်းက နည်းနည်းတော့ ဒုက္ခခံရမယ် ထင်တယ်…”

“ကျုပ်တပည့် အတွက်ကော မင်းက စိတ်မကောင်း မဖြစ်ဘူးလား…” ယိချန်က နန်ဒူဝန်ယမ်ကို မေးသည်။

“စီနီယာက ဖူရှင်းအတွက် စိတ်မကောင်း မဖြစ်ဘူးလား…” နန်ဒူဝမ်ယန်က ပြုံးလျက် ပြန်မေးသည်။

“ကျုပ်က ဘာလို့ သူ့ကို စိတ်ပူရမှာလဲ…” ယိချန်က ဝန်မခံပေ။

“မှန်တယ်… ဒီအကောင်က ဉာဏ်များတယ်… သူက စိတ်လွတ် ကိုယ်လွတ် နေရင်လည်း နေလိမ့်မယ်…” တန်လန်ကလည်း ဝင်၍​ ပြောသည်။

“တန်အဒေါ်က ကျွန်တော့်အကြောင်း ပြောနေပြန်ပြီ…” အဝေးမှ အသံတစ်သံကို ကြားသည်တွင် အားလုံးက မှင်တက် သွားကြကာ ထရပ်ကြသည်။ လူတစ်စုက ကောင်းကင်မှ ပျံသန်းလာကာ ရှေ့ဆုံးတွင် ဟွာဂျီယူနှင့် ရီဖူရှင်တို့ကို မြင်ကြရသည်။

“အဖေ… အမေ…” ဟွာဂျီယူက အော်လိုက်သည်။

ဟွာဖန်းလူကား အံ့ဩသောကြောင့် ကျောက်ရုပ် ဖြစ်နေသည်။ ဟွာဂျီယူက သူ၏ရှေ့ကို ဆင်းလာမှ တောက်ပစွာ ပြုံးသည်။

“ဆရာ… အဘိုးကြီးယိ… ဦးလေးရီ… အားလုံးက ဒီကို ရောက်နေကြပါလား…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ယိချန်က ပြောသည်… “တန်လန်ပြောတာ တကယ်ပဲ မှန်တယ်… မင်းက တကယ်ပဲ စိတ်လွတ် ကိုယ်လွတ်ပဲ…”

“ဆရာ… ချိန်ချန်…” ယူချင်းကလည်း လျှောက်လာသည်။ ယိချန်ချန်၏ မျက်နှာကလည်း ပျော်ရွှင်လွန်းသောကြောင့် ဝင်းပနေသည်။

“ဒီအကောင်က မင်းကို တွေ့အောင် ရှာနိုင်ခဲ့တာပဲ… ” ဟွာဖန်းလူက ဟွာဂျီယူကို ပြောသည်။ ဟွာဂျီယူကား ယခင်ကထက် ပိုမို လှပလာသောလည်း ပိုမို၍လည်း ပိန်ပါးလာသည်။

“အင်း…” ဟွာဂျီယူက ခေါင်းညိတ်ကာ ပြောသည်… “အဖေ… အဖေ့တပည့်က တကယ်ပဲ ထက်မြက်တယ်…”

ဟွာဖန်းလူက အံ့အားသင့် သွားသည်။ ကြည့်ရသည်မှာ သမီးများက သမက်များ ဘက်ကိုသာ လိုက်ပုံရသည်။ ယခု သူ့ရှေ့တည့်တည့်တွင် သူ့လူအား ချီးကျူးနေ၏။

“ဝူချင်း…” ထိုအခိုက်တွင် ဧကရာဇ်ရီကလည်း ဝူချင်းကို နှုတ်ဆက်သည်။

“ဦးလေး…”

“မင်းအဖေက မင်းအကြောင်းကို မကြာမကြာ ပြောတယ်… ဒီရက်တွေမှာ ချန်းယွီက သူတို့ကို သွားတွေ့နေတယ်… မင်းလည်း လိုက်သွားချေ…” ဧကရာဇ်ရီက ပြောသည်။

“ဟုတ်ကဲ့…” ရီဝူချင်းက ပြောကာ ဧကရာဇ်ရီအား ဦးညွှတ်ပြီး ကောင်းကင်သို့ ပျံတက်သွားသည်။

“နိုဘယ်…” အားလုံးက အံ့အားသင့် သွားကြသည်။ ရီဝူချင်းကား ဤမျှအသက် ငယ်ရွယ်စွာဖြင့် နိုဘယ် ဖြစ်နေလေပြီ။

“ဝူချင်းက နိုဘယ်အဆင့်ကို ရောက်သွားပြီလား…” ဟွာဖန်းလူက မေးသည်။

“ဟုတ်တယ်… ဆရာ… ကျွန်တော်နဲ့ ယူချင်းလည်း နိုဘယ်အဆင့်ကို ရောက်သွားပြီ… ကျွန်တော်တို့နဲ့ လက်ရည် စမ်းချင်လား…”

ဟွာဖန်းလူက လျစ်လျူရှုကာ ဟွာဂျီယူကို မေးသည်.. “ဂျီယူ… အဖေတစ်ယောက် အနေနဲ့ မင်းနဲ့ ဖူရှင်း ပတ်သက်တာကို ငါ သေသေချာချာ စဉ်းစားဖို့ လိုနေပြီ…”

“ဆရာ… ကျွန်တော် မှားပါပြီ…” ဖူရှင်းက မြန်ဆန်စွာပင် ဟွာဖန်းလူ၏ ကျောကို နှိပ်နယ်ပေးကာ ပြောသည်။

“မင်းက နိုဘယ်အဆင့်ကို ရောက်နေပြီ… ကလေးကလားတွေ ပြောနေတုန်းပဲ…” ဟွာဖန်းလူက ပြောသည်။

“ဆရာ့ရှေ့မှာ ကျွန်တော်က ဟန်ကြီးပန်ကြီး လုပ်စရာမှ မလိုတာ…” ရီဖူရှင်းက ပြောသည်။

“အင်း… ဒီစကားတွေက နားထောင်တော့ ကောင်းသားပဲ…”

“ဒီဆရာ တပည့်တွေကတော့…” နန်ဒူဝန်ယမ်က ပြုံးလျက် ခေါင်းယမ်းသည်။

“နင်က သူတို့အကြောင်း မသိတာလည်း မဟုတ်ဘဲနဲ့…” နန်ဒူဝမ်ရှမ်းက ဘေးမှ ရယ်မောလျက် ပြောသည်။

ထိုစဉ်မှာပင် ရီဖူရှင်းက ဂူဘိုင်ယွီကို သတိထားမိကာ သူမကို နားမလည်စွာ ကြည့်သည်။ ဂူဘိုင်ယွီကလည်း ပြန်မေးသည်… “နင်က အံ့အားသင့် နေတာလား…”

“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ…” ရီဖူရှင်းက မေးသည်။

“ဒီကောင်မလေးက အခု စာအုပ်တောင်မှာ လေ့ကျင့်နေတယ်… သူမက အတိတ်က အကြောင်းတွေကို နားထောင်ဖို့ ဒီကို မကြာမကြာ လာတယ်…” ဟွာဖန်းလူက ပြောပြသည်။

“မင်း ငါ့ကို ကြိုက်သွားတာတော့ မဟုတ်ပါဘူးနော်…” ရီဖူရှင်းက ပြုံးရောင်သန်းလျက် မေးသည်။

ထိုအနီးမှ လူများ အားလုံးက ဆွံ့အသွားကြရသည်။ ဂူဘိုင်ယွီက ပြုံးလျက် ပြောသည်… “မှန်တယ်… နင်ငါ့ကို ကိုယ်လုပ်တော် အနေနဲ့ လက်ခံမလား…”

“ငါ့မိန်းမနဲ့ ဆွေးနွေး လိုက်ဦးမယ်…” ရီဖူရှင်းက ပြောသည်။

“ငါ အဆင်ပြေတယ်…” ဟွာဂျီယူက ပြုံးလျက် ပြောသည်… “ကိုယ်လုပ်တော် ထားမှာကို ငါက မတားဘူး…”

ဂူဘိုင်ယွီက ထိုနှစ်ယောက်ကို ကြည့်ကာ အမှန်ပင် ထုရိုက်ပစ်ချင်သည်။ သူတို့ နှစ်ယောက်က သူမပြောသည်ကို အမှန်ပင် အတည်ယူကာ လက်ခံနေကြသည်။

“လင်းအာ ပြဿနာရှိတယ်….” မိန်းမငယ်လေး တစ်ယောက်က ရီဖူရှင်းရှေ့တွင် ရပ်ကာ ပြောသည်… “တကယ်လို့ လင်းအာရဲ့ အစ်ကိုက ကိုယ်လုပ်တော် တစ်ယောက်ကို လက်ထပ်မယ်ဆိုရင် လင်းအာရဲ့ ခွင့်ပြုချက် အရင်ယူရမယ်… အစ်ကိုဖူရှင်း… မမဂျီယူ… ဒါ မှန်တယ်မလား…”

ရီဖူရှင်းနှင့် ဟွာဂျီယူက လင်းအာကို ရယ်ရွှင်ဖွယ် အမူအရာဖြင့် ကြည့်ကြသည်… “မှန်တာပေါ့..” ရီဖူရှင်းကလည်း ခေါင်းညိတ်သည်။

“ရှင်… ကြားတယ်မလား…” လင်းအာက ဂူဘိုင်ယွီကို ပြောသည်။ သည်မိန်းမကား လှည့်စားတတ်သော ကိုယ်ရောင် ကိုယ်ဝါရှိကာ အစ်မဂျီယူကဲ့သို့လည်း မလှပေ။ သူမက တားဆီးရပေမည်။

“နင်… ကောင်းပြီလေ…” ဂူဘိုင်ယွီက အရှုံးပေး လက်မြှောက် ရတော့သည်။

“ဖူရှင်း… ဒီမိန်းကလေးက ဘယ်သူလဲ…” နန်ဒူဝမ်ယန်က လောင်လင်းအာကို ကြည့်ကာ မေးသည်။

“သူမက ကျွန်တော် အပြင်မှာ ရခဲ့တဲ့ ညီမတစ်ယောက်ပဲ.. ကောင်မလေးက မလွယ်ဘူး… ကျွန်တော့်ကိုတောင် ပြန်ပေးဆွဲဖူးတယ်…” ရီဖူရှင်းက ခေါင်းယမ်းကာ ရှင်းပြသည်။

“အစ်ကိုဖူရှင်း…” လင်းအာက ရီဖူရှင်းကို မျက်နှာညိုမည်းစွာ ကြည့်ပြီးမှ နန်ဒူဝမ်ယန်ကို ပြုံးလျက် အရိုအသေပေးသည်… “လင်းအာက ဦးလေးနဲ့ အဒေါ်ကို နှုတ်ဆက်ပါတယ်… မမဂျီယူက နတ်သမီးလိုလှတယ်… အခုမှ မမရဲ့ မိဘတွေကလည်း အရမ်း လှပချောမောတာကို လင်းအာ မြင်ရတယ်…”

“ဘယ်လောက် လိမ္မာတဲ့ကလေးလဲ…” နန်ဒူဝမ်ယန်က ပြောသည်။ ဖူရှင်း စိတ်ဓာတ် ကျသွားသည်… ။ ကလေးမလေးကား တကယ့် မကောင်းဆိုးဝါးမလေး ဖြစ်သည်။

“ဆရာ… ဆရာကတော်… ဒါက ကျောင်းအုပ်ချန်းပါ…” ရီဖူရှင်းက ကျောင်းအုပ်ချန်းကို မိတ်ဆက် ပေးသည်။

ချန်းယွန်ကား ဘေးမှ တိတ်ဆိတ်စွာ အကဲခတ်နေသည်။ ရီဖူရှင်းနှင့် သူ့မိသားစုအကြား နွေးထွေးသော ဆက်ဆံမှုကို မြင်ရသည်တွင် အမှန်ပင် အံ့အားသင့်ရသည်။ သည်မြင်ကွင်းက သူ့အတွက်ပင် အားကျစိတ် ဖြစ်ရသည်။ ထိုအခိုက်တွင် ချန်းယွန်က တောင်ထိပ် တစ်နေရာကို မော့ကြည့်ကာ တီးတိုးပြောသည်… “ရှီအဆင့်…”

ရီဖူရှင်းကလည်း ထိုအရပ်ကို ကြည့်ကာ ပြန်ပြောသည်… “အဲဒါက အစ်ကိုကြီး ဖြစ်မယ်… အစ်ကိုကြီးဆီကို သွားလည်ရအောင်…”

“ကောင်းပြီ…” ထို့နောက် သူတို့အုပ်စုက တောင်ထိပ်ပေါ်ကို တက်လာကြသည်။ ထိုအခိုက်တွင် ကျောင်းတော်မှ တပည့်များစွာကလည်း သူတို့အုပ်စုကို လှမ်းကြည့် နေကြသည်။ ရီဖူရှင်း ရောက်လာသော သတင်းက စတင်ပျံ့နှံ့နေပြီး ဖြစ်ကာ တပည့်များစွာ နာမည်ကျော် ရီဖူရှင်းကို အထူးတလည် လာကြည့်ကြသည်။

စာအုပ်တောင်၏ အဆောင် တစ်နေရာတွင် လူနှစ်ယောက် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူတို့နှစ်ယောက်က ရီဖူရှင်းတို့ လျှောက်လာသည်ကို မြင်သည်တွင် ပြုံးလျက် ကြည့်ကြသည်။

“အစ်ကိုကြီး… နတ်မိမယ်…” ရီဖူရှင်းက သူတို့ နှစ်ယောက်အား ခေါ်လိုက်သည်။

“မင်း ပြန်လာပြီပဲ…” ဓားသခင်က ပြုံးသည်။ ထို့နောက် သူက ယိရှောင်ရှီကို မြင်ကာ​မေးသည်… “ရွှီယီနဲ့ လျိုဖန်းတို့ကရော… ဘာလို့ အတူတူ ပြန်မလာကြတာလဲ… မင်းတို့အစ်မနှစ်နဲ့ တွေ့ခဲ့ပြီးပြီလား…”

“အင်း…” ယိရှောင်ရှီက ပြန်ပြောသည်… “အစ်မနှစ်က အစ်ကိုလေးနဲ့ အစ်ကိုငါးအတွက် လုပ်စရာတွေ ပေးထားတယ်.. ဒါကြောင့် ကျွန်တော်တို့ အတူပြန်မလာခဲ့ဘူး…”

“မင်းတို့ရဲ့ အစ်ကိုသုံးကို တွေ့ခဲ့လား…” ဓားသခင်က မေးသည်။

“ကျွန်တော် သူ့ကို တစ်ခါတွေ့ဖူးတယ်.. အခု အစ်ကိုသုံးကလည်း ရှီအဆင့်ကို တက်သွားပြီ… အစ်ကိုကြီးက စိတ်အေးလို့ရပြီ…” ရီဖူရှင်းက ပြောသည်။

“ငါက သူ့ရဲ့ တန်ခိုးအဆင့်ကို စိတ်မပူဘူး… ဒါပေမဲ့ သူ့စိတ်နေ သဘောထားအရ တခြားလူတွေနဲ့ အလွယ်တကူ ပြဿနာ တက်နိုင်တယ်…” ဓားသခင်က ပြောသည်။ ထို့နောက် သူက ချန်းယွန်ကို ကြည့်ကာ ဦးညွှတ်သည်… “ဆရာကြီး…”

ကျောင်းတော်မှ လူများအားလုံး အံ့အားသင့် သွားကြသည်။ ဓားသခင်ကပင် ထိုအဘိုးအိုကို ဆရာကြီးဟု နှုတ်ဆက်ရသည်။ သူ၏တန်ခိုးအဆင့်က မည်မျှ မြင့်မားသနည်း။

“ဒီလောက် အရေးတယူ မလိုပါဘူ…” ချန်းယွန်က ပြောသည်… “ငါက ဖူရှင်းတို့ကို လိုက်ပို့ပေးတာပဲရှိတာ… အရှေ့မြေရိုင်း ဒေသကို ရောက်လာမှတော့ ငါလည်း သွားလေ့လာ လိုက်ဦးမယ်… မင်းတို့ ဆက်ပြောကြ…” ထို့နောက် ချန်းယွန်က ထိုနေရာတွင်ပင် ပျောက်ကွယ် သွားသည်။

ဘယ်လောက် မြန်လိုက်သလဲ…။ အားလုံးက အံ့အားသင့် ကြရသည်။ ဓားသခင်က မေးသည်… “ဒီဆရာကြီးက ဘယ်သူလဲ…”

“မိုးမြေကောင်းကင်မြို့၊ ကြယ်မင်းကျောင်းရဲ့ ကျောင်းအုပ်ပဲ… မြေရိုင်းဒေသမှာ ရှိတုန်းက ကျွန်တော် အဲဒီမှာ လေ့ကျင့်ဖူးတယ်… ကျောင်းအုပ်က ကျွန်တော့်အပေါ် တကယ်ကောင်းတယ်…” ရီဖူရှင်းက ပြန်ပြောသည်။

“နောက်ပိုင်း မင်းက အဲဒီမှာ လေ့ကျင့်မှာလား…” ဓားသခင်က မေးသည်။

“မဟုတ်ဘူး… ကျွန်တော်၊ ယူချင်း၊ ဂျီယူနဲ့ ရီဝူချင်းတို့ အားလုံးက ကျုံကျိုးနယ်က တော်ဝင်ကျဲ နန်းတော်မှာ လေ့ကျင့်ကြမှာ… အစ်ကိုကြီးက နောက်ပိုင်း အလိုရှိရင် အဲဒီကို တိုက်ရိုက် လာလို့ရတယ်… အစ်မနှစ်တို့ မိသားစုကလည်း အဲဒီနယ်မှာရှိတယ်…” ရီဖူရှင်းက ထပ်မေးသည်… “အစ်ကိုကြီးရဲ့ လက်ထပ်ပွဲကရော… ဘယ်တော့လဲ…”

“ကော့တေးက လူတွေ အကုန် ပြန်ဆုံတော့မှ ထင်တယ်…” ဓားသခင်က သက်ပြင်းချသည်။ သူ၏ဆရာကို သူ မမေ့သေးပေ။

“အစ်ကိုကြီး… ကျွန်တော် ကော့တေးကို သွားကြည့်ချင်တယ်…” ရီဖူရှင်းက​ ပြောသည်။

“ကောင်းပြီ.. ငါမင်းကို လိုက်ပို့ပေးမယ်.. အခု ကော့တေးက အရင် လစန္ဒာကလန်က တပည့်မတွေ အသုံးပြုနေဆဲပဲ…” ဓားသခင်က ပြောသည်။ ထို့နောက် သူတို့နှစ်ယောက် ကော့တေးဘက်ကို လျှောက်သွား လိုက်ကြသည်။ လူအများအပြားက သူတို့နှစ်ယောက်ကို ကြည့်ကာ စကားပြောဆို နေကြသည်။

ရီဖူရှင်းနှင့် ဓားသခင်တို့က ကော့တေးတွင် လမ်းလျှောက် နေကြသည်။ လမ်းတွင် ရီဖူရှင်းက မြေရိုင်းဒေသတွင် တွေ့ကြုံခဲ့ရသည်များကို အတိုချုံးပြောပြသည်။ အစ်ကိုသုံးနှင့် အစ်မနှစ်တို့၏ အခြေအနေများ ကိုလည်း ရှင်းပြသည်။

သူတို့နှစ်ယောက် တောင်နောက်ဘက်မှ အငူစွန်းသို့ ရောက်လာသည်တွင် အေးစက်သော လေများက သူတို့ကို ရိုက်ခတ် လာနေသည်။ ဓားသခင်က တိမ်များကို ကြည့်ကာ ပြောသည်… “တုံးလျိုရဲ့ စိတ်နေ သဘောထားနဲ့ဆို သူက ပိုင်လွေလီကို အနိုင်မယူနိုင်ပဲ ကျူးကော့ကလန်ကို ခြေတစ်လှမ်းလှမ်းမှာ မဟုတ်ဘူး… မင်ပြောသလိုဆို ကောင်းကင်မြေရိုင်း အဆင့်တစ်ဆယ်ကို အနိုင်ယူဖို့ ဘယ်လွယ်ပါ့မလဲ… တုံးလျိုက ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မယ်…”

“အစ်ကိုကြီးက မြေရိုင်းဒေသကို မသွားတော့ဘူးလား…” ရီဖူရှင်းက​ မေးသည်။

“အရှေ့မြေရိုင်း ဒေသမှာ ဆရာရဲ့ အိပ်မက်ရှိတယ်… သူက အေးချမ်းတဲ့ နည်းလမ်းနဲ့ပဲ​အားလုံးကို ပြောင်းလဲချင်တယ်… ကံမကောင်းတာက ကိစ္စတွေက ထင်သလို မလွယ်ကူဘူး… အခု ငါက အခွင့်အရေးရှိပြီ ဆိုမှတော့ ဆရာရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ရမှာပဲ… ဒီမတိုင်ခင်တော့ အနာဂတ်ကို မတွေးသေးဘူး…” ဓားသခင်က ပြုံးလျက် ပြောသည်.. “လောကစည်းမျဉ်းတွေက လူတစ်ယောက်ရဲ့ စိတ်နှလုံး အပေါ်မှာပဲ မူတည်တယ်… တန်ခိုးအဆင့်နဲ့ စိတ်နှလုံးကို လေ့ကျင့်တာက သဘောတရား အတူတူပဲ…”

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူ၏အစ်ကိုကြီး စိတ်နေ သဘောထားက ယခင်ကနှင့် မတူတော့ဘဲ​ ပြောင်းလဲလာသည်ကို ရီဖူရှင်း ခံစားရသည်။

“ညီငယ်လေး… ငါတို့တွေ အကုန်လုံးက မင်းကို ဘာလို့ မျှော်လင့်ချက်ကြီးလဲ သိလား…” ဓားသခင်က မေးသည်။

ရီဖူရှင်းက ခေါင်းယမ်းသည်။

“မင်းက ဆရာ တကယ်တမ်း ရှာဖွေနေတဲ့လူမို့လို့ပဲ…” ဓားသခင်က အဝေးကို ကြည့်ကာ ပြောသည်.. “ဆရာကို ငါယုံတယ်… တစ်နေ့ သူ့ကို ရှာတွေ့မယ့် တစ်စုံတစ်ယောက် ရှိရင် အဲဒီ တစ်ယောက်ကလည်း ညီငယ်လေးပဲ ဖြစ်မယ်ဆိုတာ ငါတို့ သိတယ်…”

“ကျွန်တော် ကြိုးစားမှာပါ…” ရီဖူရှင်း ပြောသည်။

ဓားသခင်က လေးနက်စွာ ပြောသည်… “ကျောင်းတော်က မင်းအတွက် အမြဲတမ်း အိမ်ပဲ… မင်းက အပြင်မှာ ပြဿနာ တစ်ခုခုဖြစ်ရင် မင်းရဲ့ အစ်ကိုကြီးကို ပြောပါ… မင်းရဲ့အစ်ကိုကြီးက တန်ခိုးအဆင့် သိပ်မမြင့်ပေမဲ့ ဆရာ့ရဲ့ အိပ်မက်တွေ တကယ်တမ်း ဖြစ်လာမယ့်နေ့ တစ်နေ့ကို မြင်တွေ့ရဖို့အတွက် ငါက အတတ်နိုင်ဆုံး ကြိုးစားပေးမှာပဲ… ငါကလည်း အဲဒီမြင်ကွင်းကို တွေ့ချင်တယ်…”

ရီဖူရှင်းက တောက်ပစွာ ပြုံးလျက် ပြောသည်… “အစ်ကိုကြီး… ဒါက ကတိပဲ…”

“ဒါက ကတိပဲ…” ဓားသခင်က ခေါင်းညိတ်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset