အပိုင်း(၅၈၃)

မိတ်ဆွေဟောင်းများ

မိုးမြေကောင်းကင်မြို့၊ ကြယ်မင်းကျောင်း။

ရီဖူရှင်းနှင့် ဟွာဂျီယူတို့ အုပ်စုက ကျောင်းဝင်းထဲတွင် လမ်းလျှောက် နေကြသည်။ မရေမတွက်နိုင်သော လူများက ရီဖူရှင်းတို့ အုပ်စုကို လှမ်းကြည့် နေကြသည်။ မနေ့ကမှ ရီဖူရှင်း ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူက တော်ဝင်လမ်းကို ဖြတ်ကာ တော်ဝင်ကျဲ နန်းတော်ဝင်ခွင့် ပြိုင်ပွဲ၏ ပထမနေရာကို ရယူခဲ့၏။ ရှီတန်ခိုးရှင် ထောင်ကျန်းက သူ့အား တပည့်အဖြစ် လက်ခံခဲ့သော သခင်းက မိုးမြေကောင်းကင် တစ်မြို့လုံးကို ပျံ့နှံ့နေပြီးဖြစ်ကာ နေရာအနှံ့တွင် အုတ်အုတ်ကျက်ကျက် ဖြစ်စေ၏။ ယမန်နှစ်က ရီဖူရှင်း သေဆုံးသော သတင်းက အမှားဖြစ်နေသည်။ သူက တော်ဝင်ကျဲ နန်းတော်၏ဝင်ခွင့်ပြိုင်ပွဲကို လျှို့ဝှက်စွာ သွားရောက် ယှဉ်ပြိုင်ခဲ့၏။

မြေရိုင်းဒေသ၏ နံပါတ်တစ် တန်ခိုးကျင့်ရာ နယ်မြေဖြစ်သော တော်ဝင်ကျဲနန်းတော်မှ ရှီတန်ခိုးရှင် ထောင်ကျန်းကား ကောင်းကင်မြေရိုင်း အဆင့်တွင် နံပါတ်ခုနစ် ချိတ်သည်။ သူက မြေရိုင်းဒေသ၏ အတော်ဆုံး သိုင်းပညာရှင်လည်း ဖြစ်သည်။

ကြယ်မင်းကျောင်း၏ တပည့်များ အားလုံးက ရီဖူရှင်းက အလွန်အမင်း လေးစား အားကျစွာ ကြည့်နေကြသည်။ ကြယ်မင်းကျောင်း၏ သားတော်နေရာကား သူ့အတွက် ခရီးအစတစ်ခုသာ ဖြစ်သည်။

သူ့ဘေးမှ နတ်မိမယ်လေးက သူ၏ချစ်သူများလား…။ ဘယ်လောက် လှလိုက်သလဲ…။

ဝမ်ယွီချန်းလည်း လူအုပ်ထဲတွင် ရှိသည်။ ရီဖူရှင်းအား ကြည့်နေသော သူမ၏ မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များကို မြင်နိုင်သည်။ သူကား တစ်ချိန်က အလွန်တရာ အရှက်မဲ့သည်ဟု သူမထင်မြင်ခဲ့သူ ဖြစ်သည်။ ယခု အတိတ်မှ ဖြစ်ပျက်ခဲ့သည်များ အားလုံးကို သူမ ပြန်တွေးမိနေသည်။ အရာအားလုံးက အိပ်မက်အလား ထင်ရသည်။ တော်ဝင်ကျဲ နန်းတော် ဝင်ခွင့်ပြိုင်ပွဲ၌ ပထမနေရာကို ရသည်။ ထိုအရာက ဘာကို ဆိုလိုသည်ကို သူမသိသည်။ ရီဖူရှင်းက မျိုးဆက် တစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့၏။ သို့သော်လည်း ရီဖူရှင်းကား ဘာမှ မပြောင်းလဲ…။

“အစ်ကိုဖူရှင်း…” အသံစာစာလေးနှင့်အတူ ငယ်ရွယ်သော မိန်းမလှလေး တစ်ယောက် ပြေးလာသည်။ ရီဖူရှင်းက သူမကို မြင်သည်တွင် ပြုံးသည်။ မိန်းကလေးက ရီဖူရှင်း၏ လက်များထဲကို ခုန်တက်၏။

“အစ်ကိုဖူရှင်း… လင်းအာကို သေအောင်ပဲ ခြောက်လှန့်တယ်…” လင်းအာက အပြစ်တင်သည်။ ရီဖူရှင်းက အမှန်တကယ် သေသွားပြီဟု သူမ တွေးထင်ခဲ့၏။

“လင်းအာ.. ငါအခု ကောင်းကောင်း အသက်ရှင်နေတာပဲ မဟုတ်ဘူးလား…” ရီဖူရှင်းက ကောင်မလေးကို ချစ်ခင်နှစ်လိုစွာ ကြည့်လျက် ပြောသည်။ ကလေးမလေးကား ယခင်ကထက် ပိုမိုလှပချောမော လာသော်လည်း ကလေးလေးလို ပြုမူနေဆဲဖြစ်သည်။ ဂျီယူက သူ့အား အထင်လွဲမည်ကိုလည်း စိုးရိမ်ရသေးသည်။

လောင်လင်းအာက ရီဖူရှင်းကို ဖက်ထားရာမှ သူ၏လက်မောင်းကို ပြန်၍ ဖက်တွယ်သည်။ ထို့နောက် သူမ၏အကြည့်ကာ ဟွာဂျီယူထံကို ရောက်သွားကာ မေးသည်… “မမက နတ်သမီးလားဟင်… မမက အရမ်းလှတာပဲ…”

ဟွာဂျီယူက လောင်လင်းအာကို ကြည့်ကာ အသာရယ်မောသည်… “မဟုတ်ပါဘူး… မမ နာမည်က ဟွာဂျီယူ…”

“မမနတ်သမီး နာမည်ကလည်း အရမ်း နားထောင် ကောင်းတာပဲ…” လောင်လင်းအာက ပြောသည်။

“ဒါက မင်းရဲ့ ယောက်မပဲ… မြန်မြန်ခေါ်…” ရီဖူရှင်းက သူမ၏ခေါင်းကို လက်ညှိုးဖြင့် ထောက်ကာ ပြောသည်။

“မဖြစ်နိုင်ဘူး… လင်းအာက မမနတ်သမီးလို့ပဲ ခေါ်မှာ…” ထို့နောက် သူမက ရီဖူရှင်းကို သံသယ မျက်လုံးများဖြင့် ကြည့်သည်… “အစ်ကိုဖူရှင်း… မမနတ်သမီးကို ဘယ်လို လှည့်စားပြီး ရခဲ့တာလဲ…”

“ရုပ်ရည်နဲ့ပေါ့…” ရီဖူရှင်းက ပြန်ပြောသည်။

လောင်လင်းအာက သူ့အား မချိုမချဉ်ကြည့်ကာ ဟွာဂျီယူကို မေးသည်… “လင်းအာ မယုံဘူး… မမနတ်သမီး… အစ်ကိုဖူရှင်းက မမကို ဘယ်လို လိမ်ခဲ့တာလဲ…”

ဟွာဂျီယူက လောင်လင်းအာအား ကြည့်ကာ ညင်သာစွာ ပြုံးလျက် ပြောသည်… “မမကပဲ သူ့ကို အရင် စပြောခဲ့တာ…”

“အမ်…” လောင်လင်းအာ မယုံကြည်နိုင်ပေ။ ရီဖူရှင်းက ရင်ကော့လိုက်သည်။ သူ၏ ချစ်သူကား လူပုံအလယ်တွင် သူ့ကို မျက်နှာသာ ပေးနေဆဲပင်။

“လင်းအာ… သူများကို သွားရှုပ်နေပြန်ပြီ…” ထိုအခိုက်တွင် ကြည်လင်သော အသံနှင့်အတူ လှပသော မိန်းမကြီး တစ်ယောက် လျှောက်လာကာ ရီဖူရှင်းနှင့် ဟွာဂျီယူကို ကြည့်သည်။

“သခင်မ…” ရီဖူရှင်းက နှုတ်ဆက်သည်။

“ဘယ်လောက် လိုက်ဖက်တဲ့ အတွဲလဲ…” သခင်မလောင်က ရီဖူရှင်းနှင့် ဟွာဂျီယူကို ကြည့်ကာ ပြောသည်။

“ရီဖူရှင်း… ကောင်းတယ်…” ကုကလန် ခေါင်းဆောင်ကလည်း ကုယွန်ချီကို ခေါ်လာကာ ရီဖူရှင်းကို ပြုံးလျက် ပြောသည်။ ရီဖူရှင်း မသေသည်ကို ယခင်ကတည်းက သူသိသည်။ သို့သော်လည်း ကြယ်မင်းကျောင်းကို မြန်ဆန်စွာ ပြန်ရောက် လာမည်ဟုတော့ မထင်ထားပေ။

“ဦးလေးကု…” ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်။

“တော်ဝင်ကျဲနန်းတော် ဝင်ခွင့်ပြိုင်ပွဲမှာ ပထမရတယ်… ကြည့်ရတာ ကြယ်မင်းကျောင်း သမိုင်းမှာ အတော်ဆုံး တပည့်တစ်ယောက်ကို ပိုင်ဆိုင်ခဲ့တာပဲ…” ကုကလန် ခေါင်းဆောင်က ပြောသည်။ ရီဖူရှင်းက လောင်ရီထျန်းကို သေချာပေါက် ကျော်ဖြတ် နိုင်ပေမည်။

“ဒါက သဘာဝပါပဲ…” ကျောင်းအုပ်ချန်းက လျှောက်လာကာ ပြောသည်… “ဒီတစ်ခေါက် တော်ဝင်ကျဲနန်းတော် ဝင်ခွင့်ပြိုင်ပွဲမှာ ရီဖူရှင်း တစ်ယောက်တည်း မဟုတ်ဘူး… ယူချင်းကိုလည်း ရှီတန်ခိုးရှင် ထောင်ကျန်းက တပည့်အဖြစ် လက်ခံခဲ့တယ်… ရီဝူချင်းကို ဓားမိစ္ဆာက လက်ခံခဲ့တယ်… သူတို့သုံးယောက်က တော်ဝင်ကျဲနန်းတော် ပင်မနန်းဆောင်တွေရဲ့ တိုက်ရိုက် တပည့်တွေပဲ…”

ကုကလန် ခေါင်းဆောင်နှင့် သခင်မလောင်တို့က ရီဖူရှင်းနောက်၌ တိတ်ဆိတ်စွာ ရပ်နေသော ယူချင်းနှင့် ရီဝူချင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ သူတို့နှစ်ယောက် မည်သည့်အခါကမှ ထင်ရှားခြင်း မရှိခဲ့ကြသော်လည်း အမှန်တကယ်အားဖြင့် အလွန်အမင်း ထက်မြက်ကြသည်။

ကောလာဟလများအရ ယူချင်းက သူ၏နဝမတန်းစား နိုဘယ်အဆင့်ဖြင့် ထိပ်ဆုံးအဆင့် တစ်ဆယ်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည် ဟူ၏။ ပြိုင်ဘက်က မြန်ဆန်မှုကို အခြေပြုကာ ယူချင်း၏ အားနည်းချက်ကို အသုံးချခဲ့ခြင်း ကြောင့်သာ ထိပ်ဆုံး သုံးယောက်ထဲကို မဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

“ကျောင်းအုပ်…” တစ်ယောက်က လျှပ်တစ်ပြက် ပေါ်လာကာ သတင်းပို့သည်… “သူရိယ နေမင်းကျောင်းနဲ့ စန္ဒာငွေလမင်း ကျောင်းတို့က လူအချို့ကို ခေါ်ပြီး ရောက်လာကြတယ်…”

“ဟ…” ကျောင်းအုပ်ချန်း၏ မျက်လုံးက အရောင်လက် သွားသည်… “သူတို့ ဘယ်တုန်းက ဒီလောက် သိတတ်သွားရတာလဲ…” သူက ရက်စက်စွာပြုံးသည်… “သူတို့ကို ထွက်သွားခိုင်းလိုက်…”

“အစ်ကိုချန်းကလည်း… ကျုပ်တို့ကို ဒီလောက် မြန်မြန် မနှင်ထုတ်ပါနဲ့…” ထိုအခိုက်တွင် အသံတစ်သံနှင့်အတူ ယန်ထန်းနှင့် ကုန်းခွေတို့ လျှောက်လာကြသည်။

“ကျောင်းသုံးကျောင်းက မူလဇာစ်မြစ် တစ်ခုတည်းက လာကြတာပဲ… ဒီတစ်ခေါက် ကြယ်မင်း ကျောင်းသားတော်က ဒီလို အောင်မြင်မှုရတာ ကျုပ်တို့ကလည်း ဂုဏ်ပြုစကားပြောဖို့ လာခဲ့ကြတာပါပဲ…” ယန်ထန်းက ပြောသည်။

“ယန်ထန်း… မင်းပြောတာကို မင်းကိုယ်တိုင်ရော ယုံလား…” ချန်းယွန်က တစ်ဖက်လူကို ကြည့်ကာ ပြောသည်။ ဘယ်လောက် ဟန်ဆောင် ကောင်းလိုက်သလဲ…။ ထိုစဉ်က သူတို့နှစ်ယောက်က အချင်းချင်း မုန်းတီးစွာ တိုက်ခိုက်ခဲ့ကြကာ သူ့လက်ချက်ကြောင့် သူရိယနေမင်း ကျောင်းဆောင် ကလည်း နှစ်ကြိမ်တိတိ ပြိုလဲခဲ့သည်။

သူရိယနေမင်းကျောင်း၏ လက်ချက်ကြောင့် ရီဖူရှင်းကလည်း သေလုနီးပါး ဖြစ်ခဲ့သည်။

ယခု သူက ရီဖူရှင်းအတွက် ပျော်ရွှင်သည်လား…။

“အစ်ကိုချန်း… ခင်ဗျားက ကျုပ်တို့ဘက်က အမြင်ကိုလည်း ကြည့်သင့်တယ်… အဲဒီတုန်းက ကောင်းကင် အလင်းသုံးခုကို ရီဖူရှင်းက ရခဲ့တယ်… ဒါပေမဲ့ သူက ကြယ်မင်းကျောင်းရဲ့ သားတော်ပဲ… ကျုပ်နဲ့အစ်ကိုကုန်းက ဘယ်လိုလုပ်ရမှာလဲ… ကျုပ်တို့ကလည်း ရှန့်ထိုတန်ခိုးရှင်ရဲ့ ပညာရပ်တွေကို စိတ်ဝင်စားတာပေါ့… ဒါပေမဲ့ ကျုပ်တို့ အားလုံးက ရီဖူရှင်းရဲ့ အရူးလုပ်တာကိုပဲ ခံလိုက်ရတာပဲလေ…” ယန်ထန်းက ပြောသည်။ တော်ဝင်ကျဲနန်းတော်မှ တိုက်ပွဲများကို သူတို့အားလုံး ပြန်ကြားပြီးဖြစ်ရာ ရီဖူရှင်း၏ ကောင်းကင်အလင်းက ပျောက်ကွယ်သွာခြင်း မရှိကြောင်း သူတို့အားလုံး သိကြသည်။ သူတို့က အလိမ်ခံခဲ့ရခြင်းသာ..။

သို့သော်လည်း ယခု သူက ရီဖူရှင်းကို သတ်၍ မရတော့ပေ။ သူ ဘာမှ မတတ်နိုင်။ ရီဖူရှင်းနှင့် ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ရန်သာ ကျန်တော့သည်။ ရီဖူရှင်းနှင့် သူ၏မိတ်ဆွေ နှစ်ယောက်တို့က နန်းတော် အဆောင်သခင်၏ တပည့်များ ဖြစ်နေကြပြီ။ အကယ်၍ သူတို့ သုံးယောက်ထဲက တစ်ယောက်သာ ကောင်းကင်မြေရိုင်း အဆင့်ကို ဝင်ရောက်ခဲ့ပါက သူတို့အားလုံး ပြဿနာတက်ပေတော့မည်။

“ညီငယ်လေးရီ… အဲဒီတုန်းက မင်းကို သူရိယ နေမင်းကျောင်းသို့ ဖိတ်ခေါ်ခဲ့တာ ကျုပ်ရဲ့ လောဘကြောင့်ပါပဲ.. ဒါပေမဲ့ မင်းကို ငါသတ်ဖို့ လုံးဝ စိတ်ကူးမရှိခဲ့ဘူး… ဖြစ်ပျက်ခဲ့တာက တကယ်ပဲ မတော်တဆ ကိစ္စပါပဲ… ပြီးတော့ မင်းကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူကလည်း အစ်ကိုချန်းရဲ့ လက်ချက်နဲ့ သေသွားပြီးပြီ… ကျုပ်ရဲ့ သူရိယနေမင်း ကျောင်းကလည်း ဒီအတွက် နှစ်ကြိမ်တိတိ ပျက်စီး ပြိုလဲခဲ့ရသေးတယ်… ဒီနေ့ ကျုပ်က ဖြစ်ခဲ့တာတွေအတွက် အထူးတလည် တောင်းပန်ဖို့ လာတာပါ…” ယန်ထန်းက ဆက်ပြောသည်… “ပြီးတော့ မင်းက တခြား ကျောင်းနှစ်ကျောင်းရဲ့ ပညာရပ်တွေကိုလည်း ရရှိခဲ့မှတော့ ထိပ်သီးကျောင်း သုံးကျောင်းရဲ့ သားတော်အဖြစ် ချီးမြှောက်ရင် မကောင်းဘူးလား…”

ကြယ်မင်းကျောင်း တပည့်များအားလုံး အံ့အားသင့်ကြရသည်။ သူရိယနေမင်း ကျောင်းနှင့် စန္ဒာငွေလမင်း ကျောင်းတို့က သူတို့၏ အမှားများအတွက် ကိုယ်တိုင်လာရောက် တောင်းပန်စကား ဆိုနေကြသည်။

“ဖူရှင်းက တော်ဝင်ကျဲ နန်းတော်ကို ဝင်သွားပြီးပြီ… သူက ဘာလို့ သားတော်နေရာကို မက်မော နေရဦးမှာလဲ… ဘာလဲ… ပျားရည်ပေါ် အချိုထပ်လောင်း ချင်တာလား… အောက်ကို ကျတဲ့အချိန်မှာ ထပ်ပြီး နင်းခြေတာမျိုးလား…” ချန်းယွန်က ငေါ့တော့တော့ ပြောသည်။

“အစ်ကိုချန်း… ကျုပ်မှာ ဒီလို သဘောမရှိပါဘူး… အဲဒီတုန်းက ကျုပ်လည်း လောဘကြီး သွားမိတယ်…” ကုန်းခွေက ရှင်းပြသည်… “အခု ရီဖူရှင်းက ကောင်းကင်အလင်းနဲ့ တကယ်ပဲ ထိုက်တန်တယ် ဆိုတာကို ကျုပ်တို နားလည်ပြီးပါပြီ… တကယ်လို့ သူက ကျုပ်တို့ ဘိုးဘေးရဲ့ ကြီးကျယ် ခမ်းနားမှုတွေကို ပြန်ယူပေးနိုင်မယ်ဆိုရင် စန္ဒာငွေလမင်းကျောင်းက သူ့နောက်ကို လိုက်ဖို့ ဝန်မလေးပါဘူး…”

ကုန်းခွေ၏စကားကို ကြားသည်တွင် ရီဖူရှင်းက နှာခေါင်းရှုံ့လိုက်သည်။ သူကား အလွန် ဟန်ဆောင် ကောင်းသည်။ အကယ်၍ တစ်နေ့တွင် သူက စန္ဒာငွေလမင်း ကျောင်းကို ပြဿနာရှာပါက သူတို့က ပြန်လည် တုံ့ပြန်ရဲမလား သူ သိလိုသည်။

“ကျုပ်ရဲ့ သူရိယနေမင်း ကျောင်းကလည်း ဒီအတိုင်းပဲ…” ယန်ထန်းက တိုးရှိုး တောင်းပန်သည်။

“စီနီယာ နှစ်ယောက်က စိတ်ရင်းနဲ့ တောင်းပန်မှတော့ ကျုပ်ကလည်း ဒီအပေါ်မှာ ရန်ငြိုး မထားတော့ပါဘူး… ဒါပေမဲ့ ခင်ဗျားတို့ ကျောင်းနှစ်ကျောင်းက တစ်စုံတစ်ယောက် ကျုပ်ကို သေစေချင်ပုံရတယ်… ဒီအပေါ်မှာ စီနီယာများက စုံစမ်း ပေးစေချင်ပါတယ်…” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ… ကျုပ်က သေသေချာချာ စုံစမ်းပါ့မယ်…” ယန်ထန်းက ကတိပေးသည်။

“ဒီလိုဆိုမှတော့ ဒီကိစ္စကို စုံစမ်းပြီးတဲ့အခါ ကျောင်းအုပ်ချန်းကို အကြောင်းကြားပေးပါ… စီနီယာများက ပြန်လို့ရပါပြီ… ” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ… ကျုပ်သွားပြီး စုံစမ်းလိုက်ပါ့မယ်…” ယန်ထန်းက ခေါင်းညိတ်သည်။ သူလည်း ဤကိစ္စကို ထူးဆန်းသလို ခံစားရသည်။

ကုန်းခွေကလည်း နှုတ်ဆက်ကာ ပြန်သွားသည်။ သူတို့နှစ်ယောက်က ရီဖူရှင်း၏ ဒေါသပြေငြိမ်းရန် လာရောက် ကြိုးစားကြခြင်း ဖြစ်သည်။ ကျောင်းအုပ်ချန်းက ဘာမှ မပြောပေ။ ရီဖူရှင်း ဖြေရှင်းသည့် နည်းလမ်းကလည်း အမှန်ပင် သင့်တော်ပေသည်။ ထို့အပြင် ယခုအချိန်၌ ရီဖူရှင်းတွင် ယန်ထန်းနှင့် ကုန်းခွေအား ဖိအားပေးရန် စွမ်းအားများ မရှိသေးရာ နောင်တစ်ချိန်မှ ဖြေရှင်းပါကလည်း နောက်မကျပေ။

“ကျောင်းအုပ်ချန်း… ကျုပ်တို့က အခု အရှေ့မြေရိုင်း ဒေသကို သွားသင့်ပြီ…” ရီဖူရှင်းက ပြောသည်။ မိုးမြေ ကောင်းကင်မြို့တွင် သူ့အတွက် အထူးတလေ ကိစ္စရပ်များ မရှိပေ။ အရှေ့မြေရိုင်း ဒေသတွင် ရက်အနည်းငယ် နေပြီးနောက် သူက တော်ဝင်ကျဲ နန်းတော်သို့ ပြန်မည် ဖြစ်သည်။

“ကောင်းပြီ…” ကျောင်းအုပ်ချန်းက ခေါင်းညိတ်သည်… “ဒါဆိုလည်း ငါမင်းကို လိုက်ပို့ပေးမယ်…” သူက ရီဖူရှင်း၏ ဘေးကင်းမှုကို လိုက်ပါ စောင့်ရှောက်ပေးရန် လိုပေသေးသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက သခင်မ လောင်ဘက်ကို ကြည့်ကာ ပြောသည်… “သခင်မ… ကျေးဇူးပြုလို့ နတ်ဗိမာန် အိမ်တော်ကိုလည်း ဂရုစိုက်ပေးပါဦး…”

“ကောင်းပြီ…” သခင်မလောင်က ရီဖူရှင်း၏သဘောကို နားလည်သည်။ သူမက ဆက်ပြောသည်… “ဝမ်ယွီရိုကို ကြယ်မင်းကျောင်းမှာ လေ့ကျင့်ခိုင်းလို့ ရတာပဲ… ကျောင်းအုပ်ကလည်း သဘောတူလိမ့်မယ်…”

“ရတာပေါ့…” ကျောင်းအုပ်ချန်းက ခေါင်းညိတ်သည်။

“လင်းအာလည်း အစ်ကိုဖူရှင်း နောက်ကို လိုက်ကြည့်ချင်တယ်…” လောင်လင်းအာက ပြောသည်။

“ထပ်ပြီးတော့လား…” သခင်မလောင်က သူမကို ပြောသည်။

“ဟဟ… လင်းအာကို ခေါ်တာက အဆင်ပြေပါတယ်… ငါက လင်းအာနဲ့အတူ ပြန်လာလို့ရတယ်…” ကျောင်းအုပ်ချန်းက ပြောသည်။

“ဒုက္ခပေးမိတာ တောင်းပန်ပါတယ် ကျောင်းအုပ်…” သခင်မလောင်က ခေါင်းယမ်းကာ ပြောသည်။

“သွားစို့…” ကျောင်းအုပ်ချန်းက ပြောသည်တွင် သူတို့အုပ်စုက လေထဲကို ပျံတက် သွားကြသည်။

ကြယ်မင်းကျောင်း တပည့်များ အားလုံးက လေထဲမှကို ပျံတက်သွားသော အုပ်စုကို ကြည့်ကြသည်။ နောင် အနာဂတ်တွင် သူတို့က ရီဖူရှင်းအား မော်ကြည့်ရုံမျှသာ တတ်နိုင်ပေလိမ့်မည်။

ကုကလန် ခေါင်းဆောင်က သူ၏သမီး ကုယွန်ချီကို ကြည့်ကာ ညင်သာစွာ ပြောသည်… “သွားရအော်…”

“အင်း…” ကုယွန်ချီကလည်း အသာ ခေါင်းညိတ်၏။

***

အရှေ့မြေရိုင်း ဒေသတွင်ကား ယခု တည်ငြိမ်နေပြီ ဖြစ်သည်။ ကျောင်းတော်က အရှေ့မြေရိုင်း ဒေသတွင် တစ်ခုတည်းသော တန်ခိုးကျင့်ရာ ကောင်းကင်ဘုံဟု ပြော၍ရသည်။ ကျောင်းတော်အား ယှဉ်နိုင်သော အင်အားစုများ မရှိသေးပေ။ ဓားသခင်ကလည်း ရှီအဆင့်ကို ရောက်သွားပြီး ဖြစ်သည်။ ယခင်က စာအုပ်တောင်တွင် ကျောင်းတော်၊ ဓားသခင်တောင်နှင့် လစန္ဒာဂိုဏ်းခွဲ သုံးခုရှိသည်။

ယခုမူကား ကျောင်းတော် တစ်ခုတည်းသာ ကျန်တော့သည်။

ချင်ပြည်ထောင်၊ လျိုနိုင်ငံနှင့် တခြားဂိုဏ်း အတော်များများက အတိတ်တွင်သာ ကျန်ရစ်တော့ပြီ ဖြစ်သည်။ ကျောင်းတော်အပြင် မှော်ကလန်နှင့် ချင်းရွှီဘုရားကျောင်း တို့ကသာ ထိပ်သီးကလန်များ အဖြစ် မားမားမတ်မတ် ရပ်နိုင်တော့သည်။

ယခု မှော်ကလန်မှ တပည့်များကလည်း ကျောင်းတော်တွင် လေ့ကျင့်နေကြပြီ ဖြစ်သည်။ ကျောင်းတော်က ခွဲခြားခြင်း မရှိဘဲ လာရောက် သင်ယူသူမဆိုကို လက်ခံ သင်ကြားပေးသည်။

ယခု စာအုပ်တောင်၏ အဆောင်တစ်ခုတွင် လူတစ်စုက စားပွဲတစ်လုံးတွင် ဝိုင်းထိုင် နေကြသည်။

“ဖန်းလူ… အခု ရှင်နဲ့ စီနီယာယိချန်တို့က နိုဘယ်အဆင့်ကို ရောက်နေကြပြီ… ငါလည်း ကြိုးစား လေ့ကျင့်ဖို့လိုတယ်… ငါက ရှင်တို့ နှစ်ယောက်ကို မီအောင် လိုက်ရမယ်…” လှပချောမောသော မိန်းမတစ်ယောက်က ပြုံးလျက် ပြောသည်။ ဘေးတွင်ကား ထည်ဝါခန့်ညားသော လူကြီး တစ်ယောက်နှင့် ပျိုရွယ်သော လူငယ်နှစ်ယောက် ရှိနေသည်။

“အစ်ကိုရီ… ခင်ဗျားရဲ့ ကာကွယ်ပေးမှု ကြောင့်သာ ဒီနေ့ ဒီလို အခြေအနေ ရောက်လာတာ…” ဟွာဖန်းလူက ပြုံးလျက် ပြောသည်။ သူ၏ မျက်နှာချင်းဆိုင် တွင်ကား ကန်ယီနိုင်ငံ၏ ဧကရာဇ်ရီ ထိုင်နေသည်။

“ခင်ဗျားက တော်တော် သူစိမ်းဆန်တာပဲ… ကျုပ်က ခင်ဗျားနဲ့ မရင်းနှီးရင် ဘယ်လိုလုပ် ကျောင်းတော်မှာ လာပြီး လေ့လာလို့ ရမလဲ… အရင်တုန်းကဆို ဒီလို အခွင့်အရေးကို ဘယ်လို မျှော်လင့်ရဲပါ့မလဲ… အခုဆို နယ်မြေတစ်ရာက ဧကရာဇ်တွေကလည်း ကျုပ်နဲ့ နန်ဒူဧကရာဇ်ကို အထူး လေးစားကြရတယ်…” ဧကရာဇ်ရီက ရယ်မောသည်။

“အမှန်ပဲ…” နန်ဒူဝမ်ရှမ်းကလည်း ခေါင်းညိတ်သည်။

ဟွာဖန်းလူနှင့် နန်ဟူဝမ်ယန်တို့ ကလည်း ပြုံးကြသည်။ သူတို့က ယခု ပိုမို အိုမင်းလာကြကာ အေးချမ်းသော ဘဝကို ပိုမို ခုံမင်ကြသည်။

ဧကရာဇ်ရီက နန်ဒူဝမ်ရှမ်းနှင့် ယိချန်တို့ကို ခေါ်ကာ စာအုပ်တောင်ကို မကြာမကြာ လာရောက် လည်ပတ်သည်။ မိတ်ဆွေဟောင်များက ထိုင်ကာ အတိတ်မှ အကြောင်းအရာများကို စကားမမြည် ပြောကြသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset