ဖုတ်ကောင်ကြီးဟာ ယဲ့ချိုးပိုင်နှင့်အခြားလူများဆီသို့ ကြောက်မက်ဖွယ်ကောင်သောအလောင်းကောင်အရှိန်အဝါကြီးဖြင့် ချီတက်လာလေသည်။ သူလှမ်းလိုက်သည့်ခြေလှမ်းတိုင်းမှာ ပေတစ်ရာကျော်ပြီး လေထုကိုလှိုင်းထန်စေသည်။ ငြိမ်သက်နေသောကန်ရေပြင်ထဲသို့ ကျောက်ခဲတစ်လုံးပစ်ချလိုက်သည့်အလားပင်။
ထိုအချိန်မှာ မိုးပြာရောင်ကောင်းကင်ဂိုဏ်းနှင့်အခြားလူများမှာ ထိုအစွမ်းထက်လှသောအရှိန်အဝါကိုအာရုံခံမိလိုက်ပြီး အမူအရာများပြောင်းလဲသွားကြကုန်သည်။ ချုံခိုတိုက်ခိုက်ရေးအသင်းကို စုစည်းလိုက်ပြီး ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းဆီသို့ ပြေးလေတော့သည်။
ဖုတ်ကောင်ကြီး၏ခွန်အားမှာ အာကာသနတ်ဘုရားအလယ်အလတ်အဆင့်၌ရှိသည်။ ထိုဖုတ်ကောင်ကို သူတို့ထဲကမည်သူမှမယှဉ်နိုင်ချေ။ ထို့ကြောင့် သူတို့ ဤနေရာမှာခပ်မြန်မြန်ဆုတ်ခွာရုံသာရှိတော့သည်။
ချုံခိုတိုက်ခိုက်ရေးအဖွဲ့ထဲရှိလူတိုင်းမှာ အလွန်အမင်းလျင်မြန်လှသောအရှိန်ဖြင့် သူတို့၏ခွန်အားကို အစွမ်းကုန်ထုတ်လွှတ်လိုက်ကြသည်။ မတိုင်ခင်မှ သူတို့ သေရေးရှင်ရေးအခြေအနေမှလွတ်မြောက်လာဆဲရှိသေး။ ယခုတော့ဖြင့် ဖုတ်ကောင်ကြီးက ထပ်ရောက်လာပြန်လေပြီတဲ့လား။
မြောက်ပိုင်းဒေသ၏ နံပါတ်တစ်ဓားသိုင်းကျင့်ကြံသူယွင်ကျင်းပင်လျှင် ထိုဖုတ်ကောင်ကြီးကို ယှဉ်နိုင်မည်မဟုတ်။
ထိုအခိုက်မှာပင် ယဲ့ချိုးပိုင်က သူ၏ဝိညာဉ်ရေးရာချီစွမ်းအင်အများစုကို ပြန်လည်အားဖြည့်ပြီးသွားပြီဖြစ်၏။ ဤသည်မှာ လုချန်ရှန်းပေးထားသောဆေးလုံး၏ကျေးဇူးကြောင့်ပင်။
သူ့ခေါင်းကိုအနည်းငယ်လှည့်ကြည့်လိုက်သောအခါ ဖုတ်ကောင်ကြီး၏အရှိန်က အလွန်လျင်မြန်လှကြောင်း မြင်လိုက်ရသည်။ ယခုလိုအရှိန်နှုန်းဖြင့်သာ ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းဆီသို့ပြေးနေပါက သေချာပေါက် လမ်းတစ်ဝက်မှာတင် အဖမ်းခံရပေတော့မည်။
မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်ခမျာ ထုထည်များပြားလှစွာသောအလောင်းကောင်ချီစွမ်းအင်များ နီးသည်ထက်နီးလာသည်ကို အာရုံခံမိလိုက်သောအခါ စိတ်ထဲထိတ်ခနဲဖြစ်သွားရှာသည်။ သူလည်း ထိုအချက်ကို ကောင်းစွာနားလည်လိုက်ပေသည်။
မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်မှာ သက်ပြင်းအသာအယာချလိုက်သည်။
“အချိန်ကျလာရင် ငါသူ့ကိုခဏလောက်အချိန်ဆွဲထားလိုက်မယ်။ အဲ့ဒီအချိန်ကျရင် မင်းတို့တွေအားလုံး ဒီနေရာကနေထွက်သွားပြီး ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းကိုသွားကြ”
မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်အနေနှင့် သူ့အရည်အချင်းအရဆိုလျှင် သူ့ခွန်အားမှာ ဂိတ်ဆုံးကိုရောက်နေပြီဖြစ်ကြောင်း ကောင်းကောင်းသဘောပေါက်သည်။ မထင်မှတ်ထားသောအခွင့်အလမ်းမျိုးသာမရှိပါက သူ အဆင့်တက်လှမ်းဖို့မှာမဖြစ်နိုင်တော့သောအရာပင်။
ဤလူငယ်လေးများကတော့ သူတို့ထက်ပိုမိုတောက်ပသောအနာဂတ်မျိုးရှိလေသည်။ အထူးသဖြင့်ယဲ့ချိုးပိုင်ပင်။ ယဲ့ချိုးပိုင်က ဤတိုက်နယ်ကြီး၏အထွတ်အထိပ်ထိတိုင် တက်လှမ်းနိုင်လောက်ပေသည်။ နောင်အနာဂတ်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြီးအနေနှင့် ဤလူငယ်လေးကို အားကိုးရဦးမည်သာ။
ထိုကဲ့သို့သောအရည်အချင်းမျိုးကိုကာကွယ်ပေးရန်အတွက် စတေးမှုတချို့လုပ်ရမည်မှာတန်ပေသည်။
လူတိုင်း၏အမူအရာလည်း တည်ငြိမ်သွားကြကုန်၏။ တစ်စုံတစ်ယောက်က ထပြောလာသည်။
“အကြီးအကဲ.. ဘာလို့ ဒီလိုလုပ်နေမှာလဲ။ အတူတူသွားကြရအောင်လေ”
မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်လည်း ပြုံးလိုက်မိသည်။
“ကလေးမဆန်စမ်းပါနဲ့”
“ဒါကစစ်ပွဲလေ။ စွန့်လွှတ်စတေးမှုဆိုတာတော့ ရှိစမြဲပဲ”
အားလုံး တိတ်ဆိတ်သွားချေသည်။
ယဲ့ချိုးပိုင်လည်း အကြီးအကဲကိုကြည့်၍ အသာအယာခေါင်းညိတ်ပြလိုက်သည်။ ဤတစ်ခေါက်မှာ နေမဝင်အင်ပါယာဘက်က မြောက်ပိုင်းဒေသကိုသိမ်းပိုက်ဖို့ ကြိုးစားလာခဲ့သည်။ သူတို့က မြောက်ပိုင်းဒေသရှိဂိုဏ်းဂဏအသီးသီးကို မဟာမိတ်များအဖြစ် ပူးပေါင်းစေခဲ့သည်။ ဤသို့ဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ ဤကပ်ဘေးဒုက္ခကိုကျော်လွှားရန်အတွက် မကြုံစဖူးပေါင်းစည်းခဲ့ကြသည်။
ဥပမာအနေနှင့် မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်သည် စစ်ပွဲအတွင်း သူ့အသက်ကိုစတေးဖို့ လိုလားနေခြင်းမျိုးပင်။
ဤကျင့်ကြံသူများမှာ သူတို့၏အသက်ကိုချစ်မြတ်နိုးကြပေသည်။ ယခုလိုဆုံးဖြတ်ချက်ချနိုင်ခြင်းကပင် အလွန်အထင်ကြီးစရာကောင်းနေပြီဖြစ်၏။
လူတိုင်းလူတိုင်း ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းဆီသို့ ထွက်ခွာသွားကြလေသည်။ ယဲ့ချိုးပိုင်က စကားဆိုလာ၏။
“ဒီလောက်ထိလုပ်ဖို့မလိုသေးတာလည်းဖြစ်နိုင်ပါတယ်”
အားလုံးလည်း ယဲ့ချိုးပိုင်ကိုလှည့်မကြည့်ဘဲမနေနိုင်ပေ။ မတိုင်မီကထုတ်ပြခဲ့သော ယဲ့ချိုးပိုင်၏အစွမ်းကြောင့် သူတို့၏မသိစိတ်ထဲ၌ ယဲ့ချိုးပိုင်ကိုယုံကြည်နေမိသည်။
မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်ကလည်း မေးခွန်းထုတ်လိုက်လေ၏။
“မင်းမှာနည်းလမ်းရှိလို့လား”
ယဲ့ချိုးပိုင်ကခေါင်းညိတ်ပြပြီး မှော်နက်မိစ္ဆာဓားကိုထုတ်လိုက်သည်။ ထို့နောက်မှာတော့ မှော်နက်မိစ္ဆာဓားပေါ်ရှိ ရေခဲပုံစံများက ရေခဲပြာရောင်လင်းလက်လာချေသည်။
ထို့နောက်မှာမူ ဓားသွားပိုင်နက်နယ်မြေကိုလည်း အသက်သွင်းလိုက်ပြီး နောက်ပြန်ရိုက်ခတ်ပစ်လိုက်ချေသည်။ ဓားသွားပိုင်နက်နယ်မြေထဲတွင် ရေခဲဓားဆန္ဒများပြည့်နှက်သွားပေသည်။ ၎င်းမှာ လေထုကိုပင်အေးခဲသွားစေနိုင်သည့်အလားပင်။
ဖုတ်ကောင်ကြီးကလည်း ဓားသွားပိုင်နက်နယ်မြေထဲသို့ ခြေချလိုက်လေပြီ။ လျှပ်တပြက်အတွင်းမှာပင် ဖုတ်ကောင်ကြီးမှာ ရေခဲဓားဆန္ဒများ၏ရစ်ပတ်မှုကိုခံလိုက်ရလေ၏။
ရေခဲအပိုင်းအစများက သူ့ခန္ဓာကိုယ်မျက်နှာပြင်ထက်၌ ပေါ်လာလေတော့သည်။ သူ့အရှိန်သည်လည်း အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးခံလိုက်ရပေသည်။
ထိုအခြင်းအရာကိုမြင်သော် လူတိုင်း ဝမ်းသာလုံးဆို့သွားကြသည်။ ဤသည်မှာ ယဲ့ချိုးပိုင် ယခုလေးတင်စဉ်းစားလိုက်မိသော ရေခဲသဘာဝကို ဓားသွားပိုင်နက်နယ်မြေနှင့်ပေါင်းစပ်ခြင်းနည်းလမ်းပင်တည်း။
မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်က ယဲ့ချိုးပိုင်ကို နားမလည်နိုင်သောအမူအရာဖြင့်ကြည့်နေမိသည်။ ဆန္ဒဘုံအဆင့်များကိုပေါင်းစပ်ခြင်းတဲ့လား။ ထို့ပြင် ထိုအရာများမှာ အဆင့်မြင့်ဆန္ဒဘုံများဖြစ်ကြသည့် ရေခဲဆန္ဒနှင့်ဓားဆန္ဒတို့ပင်။ ၎င်းတို့မှာ ပို၍ပင်ခက်ခဲသေးသည်။
လျှပ်တပြက်အတွင်း ယခုလိုလုပ်နိုင်သည့်ကျင့်ကြံသူမျိုးကို သူ့ဘဝတစ်လျှောက်မတွေ့ဖူးခဲ့ပေ။ ယဲ့ချိုးပိုင်ကိုယှဉ်နိုင်သော ပါရမီရှင်ဆိုသည်မှာ များများစားစားမရှိနိုင်ပေ။
ညအမှောင်ထဲတွင် လေထုကား စိုစွတ်နေလေသည်။
မရေမတွက်နိုင်အောင်များပြားသော ရေခဲအပိုင်းအစများမှာ လေထုထဲ၌ ငွေ့ရည်ဖွဲ့သွားလေသည်။ ဖုတ်ကောင်ကြီး၏ခန္ဓာကိုယ်မျက််နှာပြင်ထက်မှာ ရေခဲမှုန်များဖြင့်ဖုံးလွှမ်းနေပြီး သူ့အရှိန်ကို အတိုင်းအတာတစ်ခုအထိ သက်ရောက်စေလေသည်။
ဖုတ်ကောင်ကြီးက သူ့ခန္ဓာကိုယ်ကိုခါယမ်း၍ ခန္ဓာကိုယ်ထက်ရှိရေခဲအပိုင်းအစများကိုခွဲပစ်လိုက်သည်။ ထို့နောက် လေထုထဲသို့ ခြေလှမ်းခပ်ပြင်းပြင်းလှမ်းလိုက်လေသည်။ လေထုသည်ကား ကြီးမားလှစွာသောထိုးနှက်မှုကြီးကိုခံလိုက်ရသည့်အလား တုန်ခါသွားလေသည်။
တစ်ပြိုင်တည်းမှာပင် သူ့ခန္ဓာကိုယ်ကြီးကလည်း လှောင်အိမ်မှလွတ်မြောက်လာသောသားရဲကောင်ကြီးအလားပင်။ ဖုတ်ကောင်ကြီးက ယဲ့ချိုးပိုင်တို့လူစုရှိရာကို အလွန်ကြောက်စရာကောင်းလှသောအရှိန်ဖြင့် ချီတက်လာပြန်လေသည်။ ဖုတ်ကောင်ကြီး၏ခန္ဓာကိုယ်မှာ လေထုကိုထိုးခွင်းပစ်လိုက်ချေသည်။
လေထုထဲ၌ အသံလှိုင်းများပေါက်ကွဲသွားချေသည်။ ဤသည်မှာ သူ့ခန္ဓာကိုယ်က အလျင်မြန်ဆုံးအရှိန်တင်ထားလေပြီဟူသောသဘောပင်။
ယဲ့ချိုးပိုင်ကလည်း ဖုတ်ကောင်ကြီး၏ခန္ဓာကိုယ်ပေါ်ရှိ ရေခဲဓားသွားပိုင်နက်နယ်မြေ၏အကျိုးသက်ရောက်မှု ပျက်ပြယ်သွားပြီဖြစ်ကြောင်း သိလိုက်လေသည်။ ဤအဖြစ်မှာ ပုံမှန်ပင်။ အကြောင်းမှာ ဖုတ်ကောင်ကြီးက အာကာသနတ်ဘုရားအဆင့်ဖြစ်တည်မှုတစ်ခုဖြစ်နေသောကြောင့်ပင်။
ထိုအခြင်းအရာကိုမြင်သော် ယဲ့ချိုးပိုင်လည်း ချက်ချင်းတစ်ဖက်ကိုလှည့်လိုက်ပြီး သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားကို လွှဲယမ်းလိုက်လေသည်။
အဆုံးမဲ့စွမ်းအားတစ်ရပ်က ဓားချက်တစ်ချက်အဖြစ်အသွင်ပြောင်းသွားပြီး ဖုတ်ကောင်ကြီးကိုတိုက်ခိုက်လေတော့သည်။ အာဒိကပ္ပဓားသိုင်းကျမ်းနှင့် ငြိမ်းချမ်းသောတောင်တန်းနှင့်မြစ်များပင်ဖြစ်ချေသည်။
ဓားကိုလွှဲယမ်းပြီးနောက်မှာ သူ တစ်ဖက်ကိုလှည့်၍ သူ့အဖွဲ့ကို ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းဆီသို့ ဦးဆောင်ခေါ်ဆောင်သွားသည်။ ဓားချက်ကြီးက ဖုတ်ကောင်ကြီးနှင့်နီးကပ်လာချေပြီ။ ဖုတ်ကောင်ကြီးကလည်း လက်သီးတင်းတင်းဆုပ်၍ ထိုးချလိုက်ပေသည်။
တစ်ဟုန်ထိုးစီးဆင်းနေသော အလောင်းကောင်အရှိန်အဝါကြီးတစ်ခုမှာ သူ့လက်သီးဆုပ်ကိုရစ်ပတ်ထားပြီး ရာချီသောသရဲတစ္ဆေများကလည်း ဟိန်းဟောက်နေချေသည်။
အုန်း…
ဓားချက်ကြီး ပြိုကွဲသွားလေသည်။ သို့သော် အဆုံးမဲ့စွမ်းအားများကတော့ လောက်ကောင်များနှယ် ဖုတ်ကောင်ကြီး၏လက်သီးဆုပ်ကိုတိုက်စားပစ်လိမ့်မည်သာ။ မည်သို့ပင်ဖြစ်စေ ဖုတ်ကောင်ကြီးကတော့ တုတ်တုတ်မျှမလှုပ်။ သူ့ခန္ဓာကိုယ်ကိုယမ်းခါပြီး ခန္ဓာကိုယ်ထဲရှိဓားဆန္ဒများကို နှင်ထုတ်နေ၏။
ဤဓားချက်ကြီးကလည်း ဖုတ်ကောင်ကြီးကို အသက်ကိုးအောင့်စာမျှအချိန်ဆွဲပေးထားသည်။ ထိုအသက်ကိုးအောင့်စာအတွင်းမှာ ယဲ့ချိုးပိုင်တို့အဖွဲ့လည်း ဖုတ်ကောင်ကြီး၏မြင်ကွင်းထဲက ပျောက်ကွယ်သွားပြီဖြစ်၏။
ဖုတ်ကောင်ကြီးက ရှေ့ကိုခြေလှမ်းတိုး၍ ဆက်လိုက်ရန်ပြင်လိုက်သည်။ သို့သော် အကွာအဝေးတစ်ခုအထိ ချီတက်လာပြီးနောက် ရပ်တန့်ပစ်လိုက်ပြီးနောက်ကိုပြန်လှည့်သွားချေသည်။ အမိန့်တစ်ခုခုရလိုက်သည့်အလားပင်။
ထိုအချိန်မှသာ လူတိုင်းလည်း ဖုတ်ကောင်ကြီး သူတို့နောက်ဆက်လိုက်မလာတော့ကြောင့် သဘောပေါက်သွားကြသည်။ ထိုအခါမှသာ စိတ်သက်သာရာရဟန်သက်ပြင်းချလိုက်မိကြတော့သည်။
သို့သော် စိတ်ချလက်ချမနားနိုင်သေးပါဘဲ ဆုံမှတ်နေရာကို အရှိန်အပြည့်ဖြင့်ချီတက်ခဲ့ကြရသည်။
ချင်းထျန်းနျန်နှင့်အခြားလူများမှာ ယဲ့ချိုးပိုင်ကိုမြင်လိုက်ရသည့်အတွက် စိတ်သက်သာရာရသွားကြလေသည်။
“သူတို့ကိုကြိုဖို့ပြင်ထားလိုက်။ ဆေးလုံးတွေယူပြီး သူတို့ဒဏ်ရာကိုကုသပေးလိုက်ကြ”
နောက်တန်းမှာမူ ထောက်ပံ့ရေးအဖွဲ့က အသင့်ပြင်နေလေပြီ။
ချင်းထျန်းနျန်၊ ကျန်းချောင်မြန်နှင့်ကျန်လူတို့မှာ ရှေ့ကိုတိုးကပ်လာကြသည်။
“ချိုးပိုင် အခြေအနေဘယ်လိုရှိလဲ”
ကောင်းကင်ဘုံးမိစ္ဆာကိုးသွယ်ဓားနှင့် အာဒိကပ္ပဓားသိုင်းကျမ်းအပြင် ရေခဲဓားဆန္ဒပေါင်းစပ်မှုတို့ကိုပါ အလွန်အကျွံအသုံးပြုလိုက်ရပြီးနောက် ယဲ့ချိုးပိုင်၏မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေချေသည်။ ထို့ကြောင့် ယဲ့ချိုးပိုင်တစ်ယောက် စွမ်းအင်အမြောက်အများကုန်ခန်းသွားလေသည်။
လုချန်ရှန်း၏ဆေးကြောင့်သာမဟုတ်ပါက သူ ထိုမျှအကြာကြီးထိန်းထားနိုင်မည်မဟုတ်ပေ။
ယဲ့ချိုးပိုင်လည်းခေါင်းညိတ်ပြပြီးပြောလိုက်ချေသည်။
“အဆင်ပြေပါတယ်။ ကျွန်တော် သူတို့ထဲကလူတချို့ကိုပြန်ခေါ်လာနိုင်ခဲ့ပြီ”
ချင်းထျန်းနျန်လည်း ယဲ့ချိုးပိုင်၏အနောက်နားကို လှမ်းကြည့်လိုက်သည်။ အဖွဲ့ထဲတွင် မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်အပါအဝင် လူခြောက်ယောက်သာကျန်တော့သည်။
မူလချုံခိုတိုက်ခိုက်ရေးအဖွဲ့တွင် လူဆယ်ယောက်ရှိခဲ့သည်ဖြစ်ရာ လေးယောက်ကျဆုံးသွားသည်ဟူသောအဓိပ္ပာယ်ပင်။ ထိုအဖြစ်မှာ ချင်းထျန်းနျန်ကိုစိတ်ထိခိုက်စေသော်ငြား သူ့မျက်ဝန်းထဲမှာတော့ ကျေနပ်အားရမှုများဖြင့်ပြည့်နှက်နေချေသည်။
ထိုကဲ့သို့သောအခြေအနေမျိုးမှာ လူခြောက်ယောက်ကိုကယ်တင်နိုင်ခဲ့ခြင်းကတင် သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီဖြစ်၏။
မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင် ဆေးလုံးကိုသောက်လိုက်ပြီးနောက်မှာ သူ့ဝိညာဉ်ရေးရာချီစွမ်းအင်များ ပြန်လည်အားပြည့်လာလေသည်။ ထိုအချိန်မှသာ ရှေ့ကိုတိုးကပ်သွားပြီး အပြုံးလေးဖြင့်စကားဆိုလိုက်သည်။
“ခေါင်းဆောင်ချင်း… ခင်ဗျားမှာ တပည့်ကောင်းတစ်ယောက်ရှိနေတာပဲ”
“ဒီကလေးသာရှိနေလို့ကတော့ လျှို့ဝှက်တာအိုကျောင်းတော် အထွတ်အထိပ်တက်လှမ်းမဲ့အရေးကို ဘယ်သူမှတားနိုင်လိမ့်မယ်မထင်ဘူး”
ဤဖြစ်ရပ်မှာ မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်နှင့်ကျန်လူများကို လွှမ်းမိုးနိုင်ခဲ့သည်။
ချင်းထျန်းနျန်ကလည်း ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်ပေသည်။
“ကောင်းပြီ အားလုံးပဲ..။ ဟိုကိုပြန်ရောက်မှဆွေးနွေးကြတာပေါ့”
အားလုံး ထွက်ခွာလာခဲ့လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် နေမဝင်အင်ပါယာ၏နောက်တန်းစစ်တန်းလျား၌မူ….