ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားတွင် စုစုပေါင်း ဓားသိုင်းကိုးကွက်ရှိသည်။ ဓားချက်တစ်ချက်ချင်းစီမှာ ယခင်တစ်ခုထက် ပိုမိုသန်မာလေသည်။ အလားတူပင် သုံးစွဲရသောဝိညာဉ်ရေးရာချီစွမ်းအင်ကလည်း ပိုမိုများပြားလှသည်။
ယဲ့ချိုးပိုင်အနေနှင့် ရှေ့ဓားသိုင်းအကွက်ခုနစ်ကွက်ကို စိတ်တိုင်းကျသုံးပြီးပြီဖြစ်၏။ ဤဆဋ္ဌမမြောက်သိုင်းကွက်ကို သူ ရေစီးသန်လှသည့်ရေတံခွန်မှာတုန်း တစ်ကြိမ်သုံးခဲ့ဖူးပြီး ထိုသိုင်းကွက်မှာ သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ရေးရာချီစွမ်းအင်များကို အကုန်ကုန်ခမ်းသွားစေခဲ့သည်။ လုချန်ရှန်း၏ဆေးလုံးကြောင့်သာမဟုတ်ပါက ပြန်လည်အားပြည့်ဖို့ ရက်ပေါင်းများစွာအချိန်ယူရမည်ဖြစ်၏။ ယဲ့ချိုးပိုင်လည်း ပေါ့ပေါ့ဆဆမနေရဲပေ။
ဖုတ်ကောင်များရောက်မလာခင်မှာပင် သူ ထိုလူသုံးယောက်ကိုချေမှုန်းမှဖြစ်ပေလိမ့်မည်။ အကယ်၍ အထမမြောက်ဘူးဆိုပါက ဤတစ်ခေါက်တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်းထွက်ခွာရလိမ့်မည်သာ။
ထိုသို့မဟုတ်ပါက ဖုတ်ကောင်ကြီးနီးကပ်လာသည်နှင့် သူတို့လည်း ကြီးမားလှသောထိခိုက်ဆုံးရှုံးမှုများကို ခံစားရပေလိမ့်မည်။
ထို့ကြောင့် ယဲ့ချိုးပိုင်အနေနှင့် ဖုတ်ကောင်ကြီးရောက်မလာခင်မှာ တစ်ဖက်လူ၏ခွန်အားကို ခွန်အားကုန်ထုတ်သုံး၍ရင်ဆိုင်ရပေမည်ဖြစ်၏။
ယခုထုတ်သုံးလိုက်သည့် အဋ္ဌမမြောက်သိုင်းကွက်မှာ အာဒိကပ္ပဓားသိုင်းကျမ်းကလွဲလျှင် ယဲ့ချိုးပိုင်သုံးသမျှထဲ၌ အစွမ်းထက်ဆုံးဓားသိုင်းကျင့်စဉ်ပင်ဖြစ်၏။
ယဲ့ချိုးပိုင်တစ်ယောက် မှော်နက်မိစ္ဆာဓားသွားကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီးပြီးချင်း ဓားဆန္ဒမြစ်ပြင်ကြီးပေါ်ကိုခြေချလိုက်ပြီးနောက် သူ့အရှိန်အဝါသည်လည်း သိသိသာသာပြောင်းလဲသွားဟန်တူလေ၏။ မှော်နက်အရှိန်အဝါတစ်ခုက သူခန္ဓာကိုယ်တစ်ခုလုံးဆီကထွက်ပေါ်လာပြီးနောက် မျက်ခုံးနှစ်ဖက်ကြားနေရာလေးမှတစ်ဆင့် သူ့ခန္ဓာကိုယ်ဆီသို့ ပျံ့နှံ့သွားပေသည်။
ထို့နောက် ထိုအရှိန်အဝါများမှာ မှော်နက်မိစ္ဆာဓားသွားတစ်ဝိုက်ရစ်ပတ်ပြီး သူ့လက်မောင်းပေါ်ကိုပါ တွယ်တက်လာသည်။ တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်၏သူငယ်အိမ်တို့က မိစ္ဆာသဘာဝ၏ထိန်းချုပ်မှုကိုခံလိုက်ရသဖြင့် တစ်ဟုန်ထိုးများပြားလှသော မိစ္ဆာချီစွမ်းအင်များမှာ ရေတံခွန်တစ်ခုနှယ် စီးကျလာချေတော့သည်။ ထိုအရာများက ကပ်ဆိုးတစ်ခုအလား သူ့ခန္ဓာကိုယ်ဆီမှပြန့်ကျဲထွက်လာလေသည်။
ကြောက်ခမန်းလိလိမိစ္ဆာချီစွမ်းအင်များကို အာရုံခံမိသည့်အခါ မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်နှင့် အခြားလူများ၏မျက်နှာမှာ ဖြူဖျော့သွားပေသည်။ တစ်ဟုန်ထိုးစီးဆင်းနေသောမိစ္ဆာချီစွမ်းအင်ကြောင့် သူတို့စိတ်နှလုံးများလည်း တုန်ယင်နေရှာပေသည်။ သူတို့ခမျာ ယဲ့ချိုးပိုင်ကိုဦးညွှတ်ခစားလာစေရန် ဖိအားပေးခံနေရသည်။
ကျင့်ကြံစဉ်နိမ့်သောလူသုံးယောက်ကတော့ မြေပြင်ပေါ်ဒူးထောက်၍ ယဲ့ချိုးပိုင်ကိုဦးညွှတ်နေရပြီဖြစ်၏။ မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်နှင့် အခြားလူများကတော့ ကြောက်ခမန်းလိလိမိစ္ဆာချီစွမ်းအင်များကိုခုခံရန်အတွက် ရှိသမျှခွန်အားကုန်ထုတ်သုံးနေရပေသည်။
ဒါ ဘယ်လိုဓားသိုင်းစွမ်းရည်မျိုးလေလဲ။ ဤမျှအစွမ်းထက်သတဲ့လား။
ယဲ့ချိုးပိုင်က မြောက်များလှစွာသော ဓားသိုင်းပညာရှိအမွေအနှစ်များကို ရယူပိုင်ဆိုင်ထားကြောင်း ကောလာဟလများထွက်ပေါ်ခဲ့ဖူးသည်။ ဤဓားသိုင်းကျင့်စဉ်မှာ ထိုဓားသိုင်းပညာရှိအမွေအနှစ်များထဲကတစ်ခုများဖြစ်လေမလား။
ထင်ထားသည့်အတိုင်းပင် ဓားသိုင်းပညာရှိအဆင့်ကိုတက်လှမ်းနိုင်သော ဓားသိုင်းကျင့်ကြံသူများမှာ ထူးခြားလွန်းလှပေသည်။
ထိုမိစ္ဆာအရှိန်အဝါကြီး၏သက်ရောက်မှုကို ပိုမိုခံစားရသူများမှာ ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိ ပညာရှင်သုံးဦးပင်ဖြစ်ချေသည်။ ထို့ပြင် ထိုမိစ္ဆာချီစွမ်းအင်ကြီးက သူတို့ကိုတိုက်ရိုက်တိုက်စားနေခြင်းသာဖြစ်၏။
ဤမိစ္ဆာချီစွမ်းအင်၏တိုက်စားမှုအောက်၌ သူတို့သုံးယောက်၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်လာပြီး မျက်ဝန်းထဲမှာတော့ ထိတ်လန့်မှုအရိပ်အယောင်များနှင့် ပြည့်နှက်နေချေသည်။ ဤသည်မှာ ရေအလျဉ်ပြည့်လျှံရေးနှောင်းပိုင်းအဆင့်ရှိ လူငယ်ကျင့်ကြံသူတစ်ဦး၏အစွမ်းတဲ့လား။
ထိုတိုက်ခိုက်မှုကိုတားဆီးရန်အတွက် သူတို့သုံးယောက်အင်အားပူးပေါင်းကြလျှင်ပင် ထိုမိစ္ဆာချီစွမ်းအင်၏တိုးဝင်တိုက်ခိုက်မှုကို အပြည့်အဝခုခံနိုင်မည်မဟုတ်ပေ။
သူတို့၏နှလုံးခုန်သံများ တုန်ယင်နေရှာသည်။ အာရုံလည်းမစိုက်နိုင်ချေ။
ပညာရှင်များအကြားတိုက်ပွဲတွင် တစ်ဖက်ကအာရုံမစိုက်နိုင်တော့ပါက အမှားလုပ်မိလိမ့်မည်မှာသဘာဝပင်။ တစ်ဖက်ရန်သူကသာ ဟာကွက်ကိုရှာတွေ့လိုက်ပါက သူတို့ကိုစောင့်မျှော်နေမည့်အရာမှာ သေခြင်းတရားပင်တည်း။ သူတို့သုံးယောက်သားလည်း သူတို့၏ဝိညာဉ်ရေးရာချီစွမ်းအင်ကို ဆက်တိုက်ထုတ်လွှတ်၍ တစ်ချိန်တည်းမှာပင် နောက်ပြန်ဆုတ်ခွာနေရလေသည်။
သို့သော် ယဲ့ချိုးပိုင်က ဓားဆန္ဒမြစ်ပြင်ကြီးပေါ်သို့ ခြေချလိုက်သည်။ လက်နှစ်ဖက်စလုံးဖြင့်လည်း မှော်နက်ဓားသွားကိုကိုင်စွဲကာ သူ့ခေါင်းထက်သို့မြှောက်လိုက်၏။
ထိုအဖြစ်အပျက်များမှာ အလွန်တရာမြန်ဆန်လှသည်။
မှော်နက်မိစ္ဆာဓားသွားပေါ်၌ကိန်းဝပ်နေသော မိစ္ဆာချီစွမ်းအင်များက အားကောင်းသည်ထက်အားကောင်းလာချေသည်။
သေရေးရှင်ရေးတမျှသောအချိန်သို့ရောက်ခါနီးလာလေပြီ။
ထိုအခိုက်အတန့်လေးတွင် မှော်နက်မိစ္ဆာဓားသွား၏ပတ်ပတ်လည်ရှိလေထုမှာ ကစဉ့်ကလျားဖြစ်သွားသည်။ ထိုဓားကထုတ်လွှတ်နေသောအရှိန်အဝါလေးကတင် ပတ်ဝန်းကျင်လေထုကို သက်ရောက်မှုဖြစ်စေသတဲ့လား။
ထိုမြင်ကွင်းကိုမြင်ပြီးနောက် သူတို့မျက်လုံးထဲရှိ အကြောက်တရာများမှာ ပိုမိုသိပ်သည်းလာချေသည်။
နှစ်ဖက်ကြားရှိအကွာအဝေးမှာလည်း နီးကပ်သည်ထက်နီးကပ်လာသည်။
ယဲ့ချိုးပိုင်က ဓားဆန္ဒမြစ်ပြင်ပေါ်၌ မတ်တတ်ရပ်နေသည်။ မှော်နက်မိစ္ဆာဓားသွားကိုလည်း လက်နှစ်ဖက်စလံးဖြင့် တင်းကျပ်နေအောင်ဆုပ်ကိုင်ထားပြီး ခေါင်းပေါ်သို့မြှောက်လိုက်လေသည်။ ထို့နောက် ဓားကိုလွှဲယမ်းပစ်လိုက်သည်။
လေထုကိုပင်ထိုးခွင်းလုမတတ်သော မှော်နက်ဓားချက်တစ်ချက်မှာ ညအမှောင်ထဲတိုးဝင်ကာ ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိ ပညာရှင်သုံးဦးကိုတိုက်ခိုက်လေတော့သည်။ ထိုသုံးယောက်သားလည်း ထိတ်လန့်သွားကြပြီး လက်များကိုဖြန့်ကားလိုက်ကြသည်။
ဝိညာဉ်ရေးရာချီစွမ်းအင်အကာအကွယ်တစ်ခုက သူတို့ရှေ့တွင်ပေါ်ပေါက်လာပြီး ထိုဓားချက်ကိုခုခံရန် အသင့်ပြင်ထားလေသည်။
သို့သော် သူတို့ အကာအကွယ်စည်းချလိုက်သည့်အချိန်မှာပင် သူတို့၏စိတ်အစဉ်ကို မိစ္ဆာချီစွမ်းအင်များက လွှမ်းမိုးပစ်လိုက်ပေသည်။
ထိုအခိုက်အတန့်လေးမှာ သူတို့၏စိတ်အစဉ် မတည်မငြိမ်ဖြစ်သွားသည်။ ထိုအဖြစ်ကြောင့် ပထမအကာအကွယ်စည်း၏ဝိညာဉ်ရေးရာချီစွမ်းအင်အတက်အကျကို မတည်မငြိမ်ဖြစ်သွားစေခဲ့သည်။
မှော်နက်ဓားချက်ကြီးကလည်း ထိုအချိန်မှာ လျင်လျင်မြန်မြန်တိုက်ခိုက်မှုပြုလာပြီး ပထမအကာအကွယ်ကို ဦးတည်တိုက်ခိုက်လေတော့သည်။ ထိုအကာအကွယ် ချက်ချင်းပြိုကွဲသွားသည်မှာ အံ့ဩချင်စရာပင်မကောင်းချေ။
ပညာရှင်သုံးဦးလည်း တစ်ပြိုင်တည်းဆုတ်ခွာလိုက်ကြပြီး သူတို့မျက်နှာများမှာ ဖြူရော်နေချေသည်။ မှော်နက်ဓားချက်ကြီး၏စွမ်းအားရော အရှိန်ကပါ မသေးလှပေ။
၎င်းသည် ဒုတိယအကာအကွယ်ကိုပါ ချက်ချင်းတိုက်ခိုက်ပစ်လိုက်ပြန်သည်။
ဝိညာဉ်ရေးရာချီစွမ်းအင်အကာအကွယ်ကြီး ကွဲအက်သွားလေပြီ။
တစ်ပြိုင်နက်တည်းမှာပင် မှော်နက်ဓားချက်ကြီးက လုံးဝရပ်တန့်မသွားဘဲ အကာအကွယ်ငါးခုကို ရေညှိခြောက်များကိုခြေမွပစ်သည့်အလား အောင်အောင်မြင်မြင်ဖျက်စီးပစ်နိုင်ခဲ့သည်။
တစ်ဖက်လူသုံးယောက်မှာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သွေးအန်ကြပါလေတော့သည်။ ထို့နောက် နောက်ကိုလွင့်ထွက်သွားပေသည်။ သူတို့ရှေ့တွင် အကာအကွယ်တစ်ခုသာကျန်တော့သည်။
မှော်နက်ဓားချက်ကြီးက လုံးဝအင်အားယုတ်လျော့သွားခြင်းမရှိသည်ကိုမြင်သောအခါ သူတို့သုံးယောက်လည်း မထိတ်လန့်ဘဲမနေနိုင်ပေ။ နောက်ဆုံးဝိညာဉ်ရေးရာအကာအကွယ်လည်း ထိုဓားချက်ကိုခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ကြောင်း သူတို့သိကြသည်။
သုံးယောက်သားခမျာ သုတ်သုတ်ပျာပျာဖြင့် သူတို့၏သိုလှောင်ရေးလက်စွပ်များကိုထုတ်လိုက်ကြသည်။ စိတ်အစဉ်ကတော့ ကတုန်ကယင်ဖြစ်နေရှာ၏။ သူတို့ ထိုလက်စွပ်များကို ရှေ့ကိုပစ်ထုတ်လိုက်ချေသည်။ မည်သည့်အရာပင်ဖြစ်စေ ဤတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသရွေ့အဆင်ပြေသည်။ သို့တည်းမဟုတ် စစ်ကူရောက်မလာခင် ခေတ္တအချိန်ဆွဲထားပေးနိုင်လျှင်လည်း အဆင်ပြေသည်။
ဤနေရာမှာ မြေလွှာကျွံချိုင့်ဝှမ်းနှင့် သိပ်မဝေးလှပေ။ သူတို့အနေနှင့် ခဏမျှသာအချိန်ဆွဲထားဖို့လိုပေသည်။
သို့သော် သူတို့စိတ်ကူးလေးများက လှပသော်ငြား လက်တွေ့ကတော့ရက်စက်လှပေသည်။ ထင်ထားသည့်အတိုင်း မှော်နက်ဓားချက်ကြီးက နောက်ဆုံးအကာအကွယ်ကို ချိုးဖျက်ပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ထိုအဖိုးတန်ရတနာများမှာလည်း လေထဲသို့ပစ်တင်ခံလိုက်ရသည်။ ကြေမွသွားလျှင်ပင် သက်ရောက်မှုတချို့တော့ ကျန်နေလိမ့်မည်သာ။
မှော်နက်ဓားချက်ကြီး၏အရှိန်ကား အနည်းငယ်နှေးကွေးသွားသည်။ ထိုအခါမှသာ သူတို့လည်း စိတ်သက်သာရာရဟန်သက်ပြင်းချလိုက်မိသည်။ သို့သော် သူတို့လက်များကိုတော့ အနားမပေးနိုင်ချေ။
လွန်ခဲ့သည့်ရက်အနည်းငယ်က သူတို့သည် မရေမတွက်နိုင်သောကျင့်ကြံသူများကိုသတ်ဖြတ်ပြီး ဂိုဏ်းပေါင်းများစွာနှင့်မိသားစုပေါင်းများစွာကိုဖျက်ဆီးခဲ့ကြသည်။
အိမ်ရှေ့စံမင်းသားမှာ သိမ်းပိုက်ရရှိခဲ့သော ရတနာများနှင့်အရင်းအမြစ်များကို လုံးဝဂရုစိုက်ဟန်မရှိ။ သူတို့အနေနှင့် သူတို့ဘာသာခွဲဝေယူခဲ့ကြသည်။ ထို့ကြောင့် သူတို့၏သိုလှောင်ရေးလက်စွပ်ထဲမှာ ရတနာအမြောက်အများရှိနေခြင်းပင်။
သို့သော် သူတို့သက်မချလိုက်ချိန်မှာပင် ဓားဆန္ဒများက သူတို့ကိုဝန်းရံထားလိုက်လေသည်။
ဓားဆန္ဒမြစ်ပြင်ကြီးပေါ်တွင် မတ်တတ်ရပ်နေသည့် သွေးဆုတ်ဖြူရော်နေရှာသောယဲ့ချိုးပိုင်မှာ သူ့လက်ဝါးကိုဖြန့်၍ မသိမသာလှုပ်ယမ်းလိုက်လေသည်။
ဓားသွားပိုင်နက်နယ်မြေ အသက်ဝင်လာချေသည်။
သူတို့သုံးယောက်မတုံ့ပြန်နိုင်ခင်အချိန်လေးမှာ သူ့လက်ချောင်းကိုဆန့်ထုတ်လိုက်၏။
လျှပ်တပြက်အတွင်း၌ ဓားသွားပိုင်နက်နယ်မြေထဲရှိ ဓားဆန္ဒများမှာ ထက်ရှသောဓားသုံးလက်အဖြစ် အသွင်ပြောင်းသွားလေသည်။ ထိုဓားများက ထိုလူသုံးယောက်၏နောက်ကျောကို ထိုးစိုက်ပစ်လိုက်ပေတော့သည်။
တစ်ခဏအတွင်းမှာ ချွန်မြသောဓားသုံးလက်က သူတို့ခန္ဓာကိုယ်ကိုထုတ်ချင်းဖောက်သွားလေသည်။ ထိုသုံးယောက်သား၏သူငယ်အိမ်များ ပြူးကျယ်သွားကြကုန်၏။ သူတို့၏အရှိန်အဝါများလည်း အလျင်အမြန်မှိန်ဖျော့သွားသည်။ သူတို့မျက်လုံးထဲရှိသက်ဝင်လှုပ်ရှားမှုများမှာလည်း ဖြည်းဖြည်းချင်းပျောက်ကွယ်ကုန်လေသည်။
သူတို့သုံးယောက်မှာ ချန်းယွမ်အထွတ်အထိပ်အဆင့်တွင်ရှိကြသည်။ သူတို့သုံးယောက်အင်အားပူးပေါင်းမည်ဆိုလျှင်ပင် ရေအလျဉ်ပြည့်လျှံရေးအဆင့်ရှိ လူငယ်ကျင့်ကြံသူလေးလက်ထဲ၌ မုချသေရလိမ့်မည်သာဖြစ်၏။
ဤလူငယ်လေး၏ခွန်အားနှင့်အရည်အချင်းမှာ စင်စစ်ကြောက်မက်ဖွယ်ရာပင်။ နောင်အနာဂတ်မှာ နေမဝင်အင်ပါယာသည် ဤဓားသိုင်းကျင့်ကြံသူလေးထံမှ ဖျက်ဆီးချေမှုန်းခံရတော့မည်မဟုတ်လား။
ထိုသို့တွေးပြီးနောက်မှာတော့ သူတို့သုံးယောက်လည်း အသက်ထွက်သွားရှာလေတော့သည်။
သူတို့၏အသက်ဓာတ်ကို ဓားသွားပိုင်နက်နယ်မြေထဲရှိ ဓားဆန္ဒများကဖျက်ဆီးပစ်လိုက်လေပြီသာ။
ထိုမြင်ကွင်းကိုမြင်သော် ယဲ့ချိုးပိုင်လည်း စိတ်သက်သာရာရဟန်သက်ပြင်းချလိုက်မိပြီး အရှိန်အဝါများကိုပြန်ရုပ်သိမ်းလိုက်လေသည်။ ထို့နောက် မြေပြင်ပေါ်သို့ဆင်းသက်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်မှာယိမ်းထိုးသွားချေသည်။ သူ့ဆရာပေးထားသော အားဖြည့်ဆေးကိုသောက်ပြီးမှသာ နေသာထိုင်သာရှိသွားသလို ခံစားလိုက်ရသည်။
မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်နှင့်ကျန်လူများမှာ သူ့ကိုကြိုဆိုလိုက်ကြပြီး စကားပြောရန်ပြင်လိုက်သည်။ သို့သော် ယဲ့ချိုးပိုင်က သူတို့ကိုတားလိုက်ပြီး တည်ငြိမ်စွာစကားဆိုလာလေသည်။
“ပြန်ရောက်မှပြောကြတာပေါ့။ အခုချက်ချင်းတပ်ပြန်ဆုတ်ကြရအောင်”
မိစ္ဆာအလောင်းကောင်ချီစွမ်းအင်များဖြင့်ပြည့်နှက်နေသော ပုံရိပ်တစ်ခုက သူတို့ဆီကိုအပြင်းနှင်လာလေကြောင်း အာရုံခံမိလိုက်သောကြောင့်ပင်။