အချိန်ကား ညအချိန်ပင်တည်း။
မြေရိုင်းလွင်ပြင်ကြီးမှာ ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်း၏အပြင်ဘက်၌ တည်ရှိလေသည်။ တစ်ချက်ကြည့်လိုက်ပါက ကမ္ဘာကြီးကို မျဉ်းတစ်ကြောင်းဖြင့်ဆက်ထားသည့်အလားပင်။
မိုးတိမ်မည်းများက ကောင်းကင်ကိုဖုံးအုပ်ထားပြီး လမင်းကြီးကလည်း ထိုမိုးတိမ်မည်းများအကြား ပုန်းအောင်းနေပေသည်။ လရောင်ကား လုံးဝဖြာကျလာခြင်းမရှိဘဲ လုံလုံခြုံခြုံကွယ်ဝှက်ခံထားရသည်။
ထိုအချိန်မှာ လူသူမဲ့မြေရိုင်းလွင်ပြင်ထဲတွင် စွမ်းအားကြီးသော ဝိညာဉ်ရေးရာချီစွမ်းအင်အတက်အကျကြီးတစ်ခု ပေါ်ထွက်လာလေသည်။ ထိတ်လန့်ဖွယ်လက်ဝါးရာကြီးများကလည်း လာရောက်ပေါင်းဆုံကြလေသည်။ လှိုင်းတဝုန်းဝုန်းထန်နေသော ကြောက်မက်ဖွယ်ဓားပင်လယ်ကြီးထဲကို ဓားဆန္ဒများလည်းပေါင်းဆုံလာလေသည်။
ချင်းထျန်းနျန်နှင့်အခြားလူများလည်း ထိုမြင်ကွင်းကိုမြင်သောအခါ မျက်ဝန်းများအနည်းငယ်အေးစက်သွားရလေသည်။ ထိုဓားဆန္ဒမြစ်ပြင်ကြီးကို ယဲ့ချိုးပိုင်ဖန်တီးလိုက်ခြင်းဖြစ်ကြောင်း သူသိသည်။
ကျန်းချောင်မြန်ကတော့ လက်သီးတင်းတင်းဆုပ်ထားလိုက်မိသည်။ အကယ်၍ သူသာ ဓားဆန္ဒမြစ်ပြင်ကြီးကို ထိပ်တိုက်ရင်ဆိုင်ရပါက ခုခံကာကွယ်ဖို့ပင်မဖြစ်နိုင်ချေ။ သူ့အား ဓားဆန္ဒမြစ်ပြင်ကြီးက ချက်ချင်းတိုက်စားသွားပြီး သတ်ဖြတ်သွားလိမ့်မည်သာ။
တိုက်ပွဲဖြစ်ပွားရာနေရာတွင်မူ ယဲ့ချိုးပိုင်က လေထဲဝဲပျံလျက် နောက်ပြန်ဆုတ်လိုဟန်အလျဉ်းမရှိဘဲ ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်များကို ရင်ဆိုင်လိုက်ပေသည်။ သူဟာ မှော်နက်မိစ္ဆာဓားသွားကို လက်နှစ်ဖက်ဖြင့်ကိုင်စွဲ၍ ရုတ်ခြည်းလွှဲယမ်းလိုက်၏။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား သတ္တမမြောက်သိုင်းကွက်..
မိစ္ဆာဆင်းသက်လာခြင်း…။
မှော်နက်ဓားချက်တစ်ချက်ကို သူထုတ်လွှတ်လိုက်ချေသည်။ ခြိမ်းခြောက်နိုင်စွမ်းကြီးမားပြီး လေထုကိုအေးခဲသွားစေနိုင်လောက်သည်။ သူ ခွန်အားထိန်ချန်ထားခြင်းလုံးဝမရှိ။
သူ့အနေနှင့် ချန်းယွမ်အဆင့်ပညာရှင်သုံးဦးကို မြန်နိုင်သမျှမြန်မြန်သတ်ဖြတ်ရမည်ဖြစ်၏။ သို့မဟုတ်ပါက တစ်ဖက်ရန်သူက ဤနေရာရှိမူမမှန်မှုကို သတိထားမိသွားပြီး သူတို့ကိုအင်အားပူပေါင်းပေးဖို့ရောက်ချလာပါက သူတို့လည်း လက်ဗလာဖြင့်လှည့်ပြန်ရလိမ့်မည်သာ။
ချန်းယွမ်ပညာရှင်သုံးဦးမှာ ဓားချက်ကိုခံစားလိုက်ရသည်။ သူတို့၏မျက်ဝန်းများလည်း မှေးကျဉ်းသွားပြီး ထိတ်လန့်နေဟန်အမူအရာများပြသလာချေသည်။
ဤလူငယ်လေးမှာ အဆင့်အားဖြင့်ဆိုလျှင် ရေအလျဉ်ပြည့်လျှံရေးအထွတ်အထိပ်အဆင့်မျှသာရှိသေးပေသည်။ သို့သော် တိုက်ခိုက်ရေးစွမ်းအားကတော့ သူတို့ထက်မနိမ့်ကျပေ။ ဤသည်မှာ ချဲ့ကားပြောဆိုနေခြင်းမဟုတ်။
သူတို့ထဲကတစ်ယောက်ယောက်သာ ထိုလူငယ်လေးနှင့်တစ်ဦးချင်းတိုက်ခိုက်ရပါက ဘယ်သူမှ ထိုကောင်လေးကိုယှဉ်နိုင်မည်မဟုတ်ပေ။ ထို့ပြင် သူ့လက်ထဲရှိ အသွားနှစ်ဖက်ပါပြီး လေးလံလှသောမှော်နက်ဓားကြီးကြောင့် သူတို့စိတ်အစဉ်လည်း တုန်လှုပ်နေရလေသည်။ ထိုလက်နက်မှာ ကောင်ကင်ဘုံအဆင့်ရတနာများထက်ပင် ပိုကြောက်ဖို့ကောင်းသေးသည်။ ဤဓားမှာ မည်သည့်အဆင့်လက်နက်လေလဲ။
သို့သော် ထိုအကြောင်းကို ယခုတွေးနေဖို့အချိန်မရှိပေ။
ထိုလူငယ်ကျင့်ကြံသူလေး၏ဓားချက်နှင့် ဓားဆန္ဒပင်လယ်ကြီးတင်သာမက မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်နှင့် သိုင်းကျင့်ကြံသူများတို့ကပါ ခွန်အားပူပေါင်း၍ အတူတကွတိုက်ခိုက်လာကြခြင်းဖြစ်၏။ အတူတကွကျရောက်လာသော ထိုတိုက်ခိုက်မှုကြီးကို ချန်းယွမ်အဆင့်ပညာရှင်များအနေနှင့် ရွေးချယ်စရာမရှိဘဲ ခုခံလိုက်ရသည်။ သို့သော် သူတို့သုံးယောက်စလုံး ခွန်အားထိန်ချန်ထားခြင်းမရှိ။ အသန်မာဆုံးအရှိန်အဝါဖြင့်ပေါက်ကွဲထွက်သွားခဲ့သည်။
သူတို့ထဲကတစ်ယောက်က လှံတံရှည်တစ်လက်ကိုထုတ်လိုက်သည်။ လှံတံသဘာဝများက ကောင်းကင်ထက်တွင် အုန်းအုန်းညံသွားချေသည်။ ထို့နောက်မှာတော့ သူက လှံတံကိုအလျားလိုက်လွှဲယမ်းလိုက်သည်။ ဧရာမလှံတံဖိအားတစ်ရပ် အလျားလိုက်ဖြတ်သန်းသွား၏။
ကျန်လူတစ်ယောက်မှာ သံမဏိဆူးချွန်ပါသောလက်အိတ်ကိုဝတ်ဆင်ထားပြီး ထိုလက်ဖြင့် လက်သီးတစ်ချက်ပစ်သွင်းလိုက်ပေသည်။ လေထုတစ်ခုလုံးဖြိုခွင်းခံလိုက်ရသည့်အလားပင်။
လက်သီးချက်ဖိအားအတွဲလိုက်ကြီးတစ်ခုက လေထုကိုပင်တစ်စစီကြေမွသွာလိုဟန်တူသောအသံလှိုင်းများနှင့်အတူ ပေါက်ကွဲထွက်လာပြီး ဓားဆန္ဒမြစ်ပြင်ကြီးဆီသို့ တိုးဝင်ဖောက်ခွဲပြန်လေသည်။ နောက်ဆုံးကျန်သောလူကလည်း အော်ဟစ်မြည်တမ်းလိုက်ချေသည်။
သူက လက်တစ်ဖက်ဖြင့် လက်ဟန်အမူအရာတစ်ခုကိုလုပ်၍ ကျန်လက်တစ်ဖက်ရှိလက်ငါးချောင်းကိုဖြန့်လိုက်ပြီး ရှေ့တည့်တည့်ဆီသို့ ညင်သာစွာဆန့်ထုတ်လိုက်လေသည်။ သူ့လုပ်ရပ်များမှာ တစ်ဖက်လူကိုကြင်နာစွာထွေးပွေ့တော့မည့်အလား ပေါ့ပါးနေပေသည်။
သို့သော် လက်ဝါးရာကြီးကတော့ လက်ငါးချောင်းတောင်တန်းတစ်ခုနှယ် အလွန်အမင်းကြီးမားလှပေသည်။ ထိုအရာကြီးက တိုက်ခိုက်မှုများကိုပင် ဖိနှိပ်ပစ်လိုက်လေသည်။ ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်သုံးဦး၏ အားအကောင်းဆုံးတိုက်ကွက်ပင်တည်း။ အရှိန်အဝါကား မည်မျှကြောက်မက်ဖွယ်ကောင်းလိုက်လေမလဲ။
သို့သော်ငြား မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်နှင့်အခြားလူများ၏စုပေါင်းတိုက်ကွက်နှင့် ယဲ့ချိုးပိုင်၏ခွန်အားကုန်ထုတ်သုံးထားသောတိုက်ကွက်တို့ဖြင့် သူ သူတို့သုံးယောက်ကိုဖိနှိပ်ထားနိုင်ဆဲပင်။
ကြောက်မက်ဖွယ်ကောင်းလှသော ဝိညာဉ်ရေးရာချီစွမ်းအင်များ ဤနေရာတွင်ပေါက်ကွဲထွက်လာလေသည်။
အစကမူ လှံတံဖိအားနှင့်မှော်နက်ဓားချက်တို့ ရင်ဆိုင်တိုက်ခိုက်နေခဲ့သော်လည်း လျှပ်တပြက်အတွင်း၌ လှံတံဖိအားမှာဖိနှိပ်ခံလိုက်ရပေသည်။ လက်သီးချက်ဖိအားဘက်က တိုက်ခိုက်လာချိန်မှာလည်း သူ ထိုအရာကိုကာကွယ်လိုက်နိုင်လေသည်။
ဓားဆန္ဒမြစ်ပြင်ရှည်ကြီးက လှိုင်းတဝုန်းဝုန်းဖြင့် နောက်မှရောက်ချလာ၏။ ၎င်းက ထိုတိုက်ခိုက်မှုသုံးခုစလုံးကို တစ်ပြိုင်တည်းဝါးမျိုလိုက်ချေသည်။ တစ်ချိန်တည်းမှာပင် မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်နှင့်အခြားလူများကလည်း တိုက်ခိုက်လာကြလေသည်။
ထိုတိုက်ခိုက်မှုများက ယဲ့ချိုးပိုင်ကိုမမီသော်ငြား တစ်ဖက်ရန်သူသုံးယောက်အတွက်မူ လုံလောက်သောပြဿနာတစ်ရပ်ဖြစ်စေနိုင်သည်သာ။ သူတို့သုံးယောက်ဘက်က ယဲ့ချိုးပိုင်၏တိုက်ခိုက်မှုနှစ်ခုကိုခုခံပြီး အင်အားအသာစီးရယူလာမည်ဆိုပါက မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်နှင့်ကျန်လူများကလည်း အင်အားပူးပေါင်းရမည်သာ။ ဤသည်မှာ အမှိုက်ကစ ပြသာဒ်မီးလောင်စေနိုင်သောအရာလေးများပင်။
ထိုအခိုက်အတန့်မှာ သူတို့သုံးယောက်၏တိုက်ခိုက်မှုများမှာ တစ်ဟုန်ထိုးပြင်းထန်လှသောဓားဆန္ဒမြစ်ပြင်ကြီးထဲ၌ စုန်းစုန်းမြုပ်သွားရလေသည်။ ချန်းယွမ်အဆင့်ပညာရှင်သုံးဦးခမျာ အံတင်းတင်းကြိတ်လျက် ခြေသုံးလှမ်းနောက်ဆုတ်လိုက်ရသည်။ သူတို့မျက်နှာမှာလည်း ဖြူဖျော့နေလေပြီ။
တိုက်ပွဲတွင် သူတို့အရေးနိမ့်နေသည်မှာ သိသာလှသည်။ ထို့ကြောင့်ပင် သူတို့ခန္ဓာကိုယ်ထဲရှိဝိညာဉ်ရေးရာချီစွမ်းအင်စိမ့်ထွက်လာလေတော့သည်။ ထိုအခိုက်အတန့်လေးမှာ သူတို့ ထိုအရာကိုမဖိနှိပ်နိုင်လိုက်ပေ။
သို့ဖြစ်လေရာ ယဲ့ချိုးပိုင်က ထိုအခွင့်အရေးမျိုးကို မည်သို့များလက်လွတ်ခံနိုင်မည်တဲ့လဲ။ သူ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။
ဓားသွားပိုင်နက်နယ်မြေ အသက်ဝင်လာပြီးနောက် ကောင်းကင်ထက်သို့အပြင်းနှင်သွားသောဓားဆန္ဒများကလည်း သူတို့သုံးယောက်ကိုဝန်းရံထားလိုက်ပေသည်။ ဓားဆန္ဒမြစ်ပြင်ရှည်ကြီး တစ်ဖန်ဆန်တက်လာပြန်လေသည်။
ယဲ့ချိုးပိုင်လည်း လွှားခနဲခုန်လိုက်သည်။ သူ့ညာလက်တွင် ဓားကိုကိုင်စွဲထားပြီး ဘယ်လက်ဖြင့် ဂါထာမန်းမှုတ်နေဟန်လက်ဟန်အမူအရာမျိုးလုပ်လိုက်၏။
ထို့နောက် ဓားဆန္ဒမြစ်ပြင်ကြီးပေါ်သို့ ခြေချလိုက်သည်။ ဓားဆန္ဒမြစ်ပြင်ကြီးမှာ လှိုင်းလုံးများလိပ်တက်လာပြီး ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိပညာရှင်သုံးဦးဆီသို့ တိုးဝင်သွားလေတော့သည်။ တစ်ဖက်လူသုံးယောက်၏အမူအရာလည်း ပြောင်းလဲသွားချေသည်။
ထိုအချိန်မှာပင် ယဲ့ချိုးပိုင်နှင့်သူ့အဖွဲ့ကို သူတို့သုံးယောက်တည်းဖြင့် နှိမ်နင်းနိုင်မည်မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ သူတို့သာ ထိပ်တိုက်ရင်ဆိုင်နေပါက ဤနေရာမှာပင် တိုက်ပွဲကျရပေတော့မည်ဖြစ်၏။
ထို့နောက် မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်နှင့်ကျန်လူများက ထပ်မံတိုက်ခိုက်လာပြန်လေသည်။ ဝိညာဉ်ရေးရာချီစွမ်းအင်များလည်း လေထုထဲ၌ တဖျပ်ဖျပ်လူးလွန့်ဆန်တက်လာပေသည်။
ကောင်းကင်ထက်မှာမူ မိုးတိမ်မည်းများပျောက်ကွယ်သွားပြီး အနက်ရောင်တွင်းပေါက်ကြီးတစ်ခု ပေါ်လာလေ၏။ အဆုံးမှာတော့ လမင်း၏အလင်းရောင်ဟာ လှောင်အိမ်ထဲတွင်ပိတ်လှောင်ထားခံရခြင်းမှ လွတ်မြောက်လာသည်။
လရောင်ခြည်တန်းတစ်ခု ထိန်ထိန်လင်းလာပြီး သူတို့ပေါ်ကိုဖြာကျလာသည်။ လရောင်ဝတ်စုံတစ်ခုကို လွှမ်းခြုံဝတ်ဆင်ထားသည့်အလားပင်။
တစ်ချိန်တည်းမှာပင် ချန်းယွမ်အဆင့်ပညာရှင်သုံးဦးကလည်း ဆက်လက်မတိုက်ခိုက်နိုင်တော့ဘဲ သူတို့ကိုယ်သူတို့ကာကွယ်ဖို့ နောက်ပြန်ဆုတ်လိုက်ကြရသည်။ သူတို့ထဲကတစ်ယောက်မှာ စက်လုံးတစ်လုံးကိုထုတ်လိုက်သည်။ ထို့နောက် ထိုစက်လုံးကို ကောင်းကင်ပေါ်သို့ ရုတ်ခြည်းပစ်တင်လိုက်၏။
ထို့နောက်မှာပင် ထိုစက်လုံးကလည်း မိုးပေါ်မှာတင်ပေါက်ကွဲသွားခဲ့သည်။ အဖြူရောင်အလင်းတန်းများ ဖြာကျလာသည်။ ပိန်းပိတ်အောင်မည်းမှောင်လှသောမြေပြင်ထက်၌ ထိုအလင်းရောင်ကြောင့် တောက်တောက်ပပလင်းလက်သွားရသည်။ နေ့ခင်းအချိန်အလား လင်းရှင်းနေချေသည်။
အချက်ပြမီးတောက်ပင်တည်း။ သူတို့သုံးယောက်က အကူအညီတောင်းခံဖို့ ရွေးချယ်လိုက်ခြင်းပင်။
ထောက်ပံ့ရေးဆုံချက်ရှိ ချင်းထျန်းနျန်နှင့်ကျန်လူများမှာ ထိုမီးတောက်ကိုမြင်လိုက်ရပြီး အမူအရာများ အနည်းငယ်ပြောင်းလဲသွားသည်။ ဤသည်မှာ သတင်းကောင်းတစ်ခုတော့မဟုတ်။ တစ်ဖက်လူ၏အကူအညီတောင်းခံချက်မှာ နေမဝင်အင်ပါယာဘက်က ယဲ့ချိုးပိုင်ရှိရာဆီသို့ ပညာရှင်အမြောက်အများစေလွှတ်တော့မည်ဟူသောအဓိပ္ပာယ်ပင်။ သူတို့ဘက်က ဖုတ်ကောင်များကို စေလွှတ်လာနို်ငလောက်၏။
ထိုဖုတ်ကောင်များမှာ အာကာသနတ်ဘုရားအလယ်အလတ်အဆင့်ရှိသောဖြစ်တည်မှုများပင်။ ယဲ့ချိုးပိုင်နှင့်ကျန်လူများ ယှဉ်နိုင်မည်မဟုတ်။ ထိုသို့တွေးမိလိုက်ရင်း ချင်းထျန်းနျန်လည်း အံတင်းတင်းကြိတ်ထားမိလိုက်တော့သည်။
“ရှေ့ကိုပေငါးရာချီတက်ကြမယ်”
ယဲ့ချိုးပိုင်တစ်ယောက် အန္တရာယ်ကျရောက်ကောင်းကျရောက်နေနိုင်သော်လည်း ဤသည်မှာ စစ်ပွဲတစ်ခုပင်ဖြစ်၏။ သူ့အတ္တများကြောင့် အခြားလူများကိုပါ အန္တရာယ်တွင်းထဲသို့ဆွဲခေါ်မသွားနိုင်ချေ။
ရှေ့သို့ ပေငါးရာချီတက်ခြင်း…။ ပေငါးရာကတင် တော်တော်လေးစွန့်စားရာကျနေလေပြီ။ မည်သူကမှကန့်ကွက်ခြင်းမပြုကြပါဘဲ ရှေ့ဆက်ချီတက်ရန်ပြင်ကြလေသည်။
တစ်ချိန်တည်းမှာပင် နေမဝင်အင်ပါယာဘက်ကလည်း အချက်ပြမီးတောက်ကိုမြင်လိုက်ကြသည်။ စစ်ဗိုလ်ချုပ်သံချပ်ကာကိုဝတ်ဆင်ထားသောအမျိုးသားမှာ ကြက်သေသေသွားလေသည်။
“သူတို့သုံးယောက် ဒုက္ခရောက်နေတာလား”
ကြည့်ရသည်မှာ တစ်ဖက်လူ၏ခွန်အားမှာ သူတို့ထင်ထားသည်ထက်ပိုကောင်းနေပုံပင်။ စစ်တပ်တစ်တပ်ကိုစေလွှတ်ဖို့ရာအတွက်တော့ သေချာပေါက်နောက်ကျသွားလေပြီ။
ပညာရှင်များအကြားတိုက်ပွဲတစ်ခုမှာ တစ်ခါတစ်ရံ၌ အနိုင်အရှုံးကို တစ်စက္ကန့်မျှသောအချိန်လေးအတွင်း၌ အဆုံးအဖြတ်ပေးနိုင်၏။ သူကိုယ်တိုင်လှုပ်ရှားဖို့တော့ မဖြစ်နိုင်ပေ။ သူ့အနေနှင့် စစ်တပ်ကြီးကိုဦးဆောင်ရဦးမည်ဖြစ်၏။
ထိုသို့တွေးနေမိရင်း ထိုသံချပ်ကာဝတ်အမျိုးသားက တည်ငြိမ်လှသောအမူအရာဖြင့် သူ့သိုလှောင်ရေးလက်စွပ်ထဲမှတစ်ဆင့် ခေါင်းတလားတစ်ခုကိုထုတ်ယူလိုက်သည်။ ထို့နောက် ချိပ်တံဆိပ်တစ်ခုကိုထုတ်၍ ချိပ်ပိတ်အစီအရင်တစ်ခုကိုဖန်ဆင်းလိုက်သည်။
ထိုအချိန်မှာ ခေါင်းတလားကြီးက ခပ်ဖြည်းဖြည်းပွင့်လာပြီး ကြောက်မက်ဖွယ်ကောင်းလှသော အလောင်းကောင်ချီစွမ်းအင်များ ဖောက်ထွက်လာချေသည်။ သရဲတစ္ဆေတစ်ကောင် အော်ဟစ်မြည်တမ်းနေသည်နှင့် အလားသဏ္ဌာန်တူလှပြီး အလွန်အမင်းကြောက်စရာကောင်းကာ အေးစက်လှလေသည်။
ဖုတ်ကောင်ကြီးက တွားသွား၍ထွက်လာလေသည်။ ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသား၏အမိန့်ကိုရလိုက်သဖြင့် ထိုဖုတ်ကောင်ကြီးက ယဲ့ချိုးပိုင်ဆီသို့ အပြေးသွားလေတော့သည်။ သူလှမ်းလိုက်သည့်ခြေလှမ်းတိုင်းမှာ လွှားခနဲလွှားခနဲအဝေးကိုရောက်သွား၏။
ဖုတ်ကောင်ကြီး၏ခြေလှမ်းတုန်ခါသံကြောင့် လေထုသည်ပင် ကစဉ့်ကလျားဖြစ်သွားရချေသည်။ ဤအချက်မှာ ဖုတ်ကောင်ကြီး၏ခွန်အား မည်မျှကြီးမားကြောင်းသိသာစေသည်။
တစ်ဖက်ရှိယဲ့ချိုးပိုင်ဘက်တွင်မူ ထိုဖုတ်ကောင်ကြီးကိုမြင်လိုက်ရချိန်မှာ သူတို့အမူအရာများပြောင်းလဲသွားပေသည်။ ယဲ့ချိုးပိုင်လည်း မျက်ဝန်းများမှေးကျဉ်းလိုက်မိသည်။ ထို့နောက် မှော်နက်မိစ္ဆာဓားသွားကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်၍ ခပ်မြင့်မြင့်မြှောက်ထားလိုက်၏။
ယခု သူ အချိန်ဆွဲနေ၍မဖြစ်တော့ပေ။ မြေလွှာကျွံချိုင့်ဝှမ်း၏ခပ်လှမ်းလှမ်းတစ်နေရာဆီမှ အလွန်အမင်းအေးစက်လှသောအရှိန်အဝါတစ်ခု ချဉ်းကပ်လာလေပြီ။ ဤတိုက်ပွဲကို လျှပ်တပြက်အတွင်း လက်စသတ်ရပေလိမ့်မည်။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား၏အဋ္ဌမမြောက်သိုင်းကွက်…။