Switch Mode

အခန်း (၁၆၁)

တန်ပြန်တိုက်စစ်စတင်ခြင်း

မတိုင်ခင်က တစ်ဖက်ရန်သူမှာ ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်နှစ်ဦး၏ ဝိညာဉ်ရေးရာချီစွမ်းအင်ကိုသုံးနေခဲ့သည်။ မြေလွှာကျွံချိုင့်ဝှမ်း၏နှစ်ဖက်စလုံးမှာ ဝိညာဉ်ရေးရာချီစွမ်းအင်တံတားတစ်စင်း တည်ဆောက်ထား၏။

ထိုတံတားမှတစ်ဆင့် နေမဝင်အင်ပါယာ၏စစ်တပ်ကူးဖြတ်လာခြင်းပင်။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်ကလည်း ယဲ့ချိုးပိုင်နှင့်အတွေးချင်းတူလေသည်။ သူသည် ဝိညာဉ်ရေးရာချီစွမ်းအင်တံတားကြီးကို အထောက်အပံ့ပေးထားသည့်လူနှစ်ယောက်ကို ချေမှုန်းပစ်ချင်ခဲ့သည်။ သို့မှသာ မြေလွှာကျွံချိုင့်ဝှမ်းထဲကို နေမဝင်အင်ပါယာစစ်တပ်ကြီးကျသွားမည်ဖြစ်၏။

သို့သော် စစ်တပ်ကြီး၏နောက်တွင် ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိပညာရှင်တစ်ဦးရှိနေကြောင်းကိုတော့ သူတို့မသိခဲ့ပေ။ လေထဲရှိ ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိပညာရှင်နှစ်ယောက်ကို ချုံခိုတိုက်ခိုက်ဖို့စတင်သောအခါ တစ်ဖက်ရန်သူဘက်ကပုန်းအောင်းနေသောပညာရှင်ထံမှ ကြားဖြတ်တိုက်ခိုက်ခံလိုက်ရသည်။

သို့ဖြစ်လေရာ ချုံခိုတိုက်ခိုက်ရန်အသင့်တော်ဆုံးအချိန်ကို လက်လွတ်ဆုံးရှုံးလိုက်ရချေသည်။ လေထဲရှိ ချန်းယွမ်အဆင့်ပညာရှင်နှစ်ဦးကလည်း တုံ့ပြန်တိုက်ခိုက်လာသည်။ အဆုံးမှာတော့ ချုံခိုတိုက်ခိုက်ခြင်းကျရှုံးခဲ့ရပြီး သူတို့လည်း အဝိုင်းခံလိုက်ရသည်။

လူလေးယောက်ကိုဆုံးရှုံးလိုက်ရပြီးနောက်မှာတော့ တစ်ဖက်ရန်သူ၏ဝိုင်းရံခံထားရသည့်အခြေအနေမှ ရုန်းထွက်ရန်ကြိုးစားခဲ့ကြသည်။ ချန်းယွမ်အဆင့်ပညာရှင်နှစ်ဦးက ဝိညာဉ်ရေးရာချီစွမ်းအင်တံတားကိုထိန်းထားဖို့အတွက် အာရုံထွေပြားနေခဲ့ခြင်းမျိုးသာမရှိခဲ့လျှင် သည်မတိုင်ခင်ကတည်းက သူတို့ရှင်းထုတ်ခံရပြီးလောက်ပေသည်။

သို့သော် လက်ရှိအခြေအနေကလည်း အကောင်းမြင်ချင်စရာတော့မရှိချေ။ ဝိုင်းရံခံထားရသည့်အဖြစ်မှ ဖောက်ထွက်လာနိုင်ခဲ့သော်ငြား တစ်ဖက်ရန်သူဆီက မလွတ်မြောက်နိုင်သေးပေ။

ချုံခိုတိုက်ခိုက်ရေးအဖွဲ့ထဲရှိလူတိုင်းလည်း မျှော်လင့်ချက်ပျက်သုဉ်းနေရလေပြီ။ တကယ်တမ်းမှာမူ တချို့လူများဆိုလျှင် လက်လျှော့လိုက်ကြပြီဖြစ်၏။

တိုက်ခိုက်မှုများကလည်း တဖြည်းဖြည်းနှေးကွေးလာသည်။ ဤစိတ်ဓာတ်ရေးရာကြောင့် တစ်ဖက်ရန်သူထံတွင် အမိဖမ်းလိုက်ရပြီး တစ်ချက်တည်းနှင့်သတ်ဖြတ်ခံရနိုင်လေသည်။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်က ထိုအဖြစ်ကိုမြင်သောအခါ အော်ဟစ်လိုက်သည်။

“အလေးအနက်ထားကြ။ လက်မလျှော့နဲ့”

သို့သော် သူ ထိုသို့ပြောလိုက်သည့်အချိန်မှာပင် အပြစ်ရှိသလိုခံစားလိုက်ရ၏။ အလေးအနက်ထားပြီး လက်မလျှော့တော့ရော ဘာများထူးလာလေမလဲ။

ထိုအခိုက်အတန့်လေးမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များက သူတို့၏မူမမှန်မှုကိုရှာတွေ့ခဲ့သည့်တိုင် သူတို့အားလက်လျှော့ပစ်ကောင်း လက်လျှော့ပစ်လိုက်နိုင်ပေသည်။ မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်အနေနှင့် ဤဆုံးဖြတ်ချက်ကိုကောင်းစွာနားလည်လေသည်။ ဤသည်မှာ စစ်ပွဲပေတည်း။ အရာအားလုံးကို သူစွန့်လွှတ်ထားနိုင်ရမည်ဖြစ်၏။

သူတို့သာ ကူညီပေးဖို့ရောက်လာလျှင် ပိုမိုကြီးမားသောဆုံးရှုံးနစ်နာမှုတစ်ခုကို ခံစားရပေလိမ့်မည်။ သူတို့နေရာမှာသာ သူဆိုလျှင်လည်း ထိုဆုံးဖြတ်ချက်မျိုးသာ ချမိမည်ဖြစ်၏၊

ထိုအကြောင်းကိုတွေးမိပြီး မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်မှာ ငေးမှိုင်တွေဝေနေရချေတော့သည်။ အာရုံများသွားသည့်အခိုက်အတန့်လေးမှာ တစ်ဖက်လူဟာ အခွင့်အရေးကိုအမိအရဖမ်းဆုပ်လိုက်ပေသည်။

ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိပညာရှင်နှစ်ဦးက မျက်ဝန်းများမှေးကျဉ်းလျက် လက်ဝါးကိုရိုက်ချလိုက်သည်။ လက်ဝါးရာကြီးနှစ်ခုက ကြောက်မက်ဖွယ်အရှိန်အဝါနှင့်အတူ ပေါက်ကွဲသွားချေသည်။ ၎င်း၏လှုပ်ရှားပုံမှာ လျှပ်စီးနှင့်အလားသဏ္ဌာန်တူပြီး လေပြည်အလားလျင်မြန်လှသည်။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင် တုံ့ပြန်တိုက်ခိုက်လိုက်ချိန်မှာမူ နောက်ကျသွားလေပြီဖြစ်၏။ သူ့အမူအရာလည်း မသိမသာပြောင်းလဲသွားသည်။ အဆုံးမှာတော့ သူ ခါးသက်သက်ပြုံးလိုက်မိပြီး တစ်ကိုယ်တည်းတွေးလိုက်မိသည်။

ထင်ထားတဲ့အတိုင်း ငါဒီမှာပဲသေရတော့မှာပေါ့…

ကျင့်ကြံသူများဟာ ဘာကြောင့် ထာဝရအသက်ရှင်ခြင်းကို တောင့်တကြသလဲ။ အကြောင်းမှာ သူတို့ခပ်ကြာကြာရှင်သန်နေလေလေ သူတို့ဘဝကို ပိုမိုမြတ်နိုးမိလေလေပင်။

မိုးပြာရောင်ဂိုဏ်းခေါင်းဆောင်ကလည်း ထိုနည်းလည်းကောင်းပင်။

သို့သော် သူမျက်လုံးကိုမှိတ်၍ သေခြင်းတရားကိုကြိုဆိုနေသည့်အခိုက်အတန့်လေးမှာပင်…

အုန်း…

သူ့မျက်လုံးကိုမှိတ်ချလိုက်သည့်အချိန်မှာပင် တအုန်းအုန်းမြည်သံကြီးတစ်ခုက သူ့ရှေ့တွင်ပဲ့တင်ထပ်လာလေသည်။ သူလည်း မတတ်သာဘဲမျက်လုံးပြန်ဖွင့်လိုက်ရသည်။

သူ့ရှေ့ကိုအပြင်းနှင်လာသောလက်ဝါးရာကြီးနှစ်ခုမှာ ယခုတော့ တစ်စစီကြေမွသွားလေပြီ။ လူတိုင်း လှမ်းကြည့်လိုက်ကြသည်။

သူတို့ရှေ့၌ ဓားကိုင်ထားသောလူငယ်လေးတစ်ယောက် ရပ်နေလေသည်။ သူ၏အဖြူရောင်ဝတ်ရုံမှာ လေမတိုက်ပါဘဲ တဖျပ်ဖျပ်လွင့်နေသည်။

ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိပညာရှင်နှစ်ဦးလည်း ကြက်သေသေသွားလေသည်။ တစ်ဖက်မှာရှိနေသာလူငယ်ကျင့်ကြံသူလေးက သူတို့တိုက်ကွက်ကို ဓားတစ်ချက်လွှဲယမ်းလိုက်ရုံမျှဖြင့် ဖျက်ဆီးပစ်လိုက်နိုင်သတဲ့လား။

လူငယ်ကျင့်ကြံသူလေးကတော့ အားလုံးကိုလျစ်လျူရှုထားပြီး ချက်ချင်းအော်ဟစ်လိုက်သည်။

“ချက်ချင်းပြန်ဆုတ်ကြ”

လူတိုင်း ဤပုဂ္ဂိုလ်ကိုသိကြသည်။ ထိုလူမှာ ချုံခိုတိုက်ခိုက်ဖို့အစီအစဉ်ကိုအကြံပေးခဲ့သော ယဲ့ချိုးပိုင်ပင်။

ဂိုဏ်းခေါင်းဆောင်နှင့်အခြားလူများလည်း ထိုအကြောင်းကိုများများစားစားတွေးမနေတော့ပေ။ မိနစ်တိုင်းစက္ကန့်တိုင်းက အလွန်တရာအရေးကြီးလှသည်။ တွေဝေတုံ့ဆိုင်းနေပါက ရှုံးနိမ့်မှုနှင့်သေခြင်းတရားကိုရင်ဆိုင်ရပေလိမ့်မည်။

လူအပေါင်းလည်း သူတို့စိတ်အစဉ်ကိုချက်ချင်းစုစည်းလိုက်ပြီး သူတို့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ရေးရာချီစွမ်းအင်များကိုထုတ်လွှတ်ရန်အတွက် လှည့်ပတ်စီးဆင်းစေလိုက်သည်။ သူတို့ နောက်ဆုတ်ပြေးထွက်သွားလေတော့သည်။

ယဲ့ချိုးပိုင်ကတော့ သူလုပ်နေသည့်လုပ်ငန်းကို မရပ်တန့်လိုက်ပေ။ သူ့လက်ဝါးကိုလှန်လိုက်လေရာ ဓားဆန္ဒများက ကောင်းကင်ထက်သို့ဆန်တက်သွားလေသည်။

ထိုဓားဆန္ဒများက လေထုထဲ၌ပြည့်နှက်သွားပြီး ထက်ရှမှုကလည်း လေထုကိုပင်ဖြတ်တောက်ပစ်လိုသည့်ဟန်ပင်။

ဓားဆန္ဒများက စစ်တပ်ကြီးတစ်ခုလုံးနှင့် လေထဲရှိချန်းယွမ်အဆင့်ရှိပညာရှင်သုံးဦးကိုပါ ဖုံးလွှမ်းထားလိုက်လေသည်။ ထိုပညာရှင်များကလည်း ဤဓားဆန္ဒကိုခံစားမိလိုက်သည်။ ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိ ပညာရှင်သုံးဦးစလုံး၏အမူအရာအနည်းငယ်ပျက်ယွင်းသွားပေသည်။ ထိုဓားဆန္ဒကိုခုခံရန်အတွက် သူတို့၏ဝိညာဉ်ရေးရာချီစွမ်းအင်ကို ဖြန့်ကြက်လိုက်သည်။

အောက်ဘက်ရှိစစ်တပ်ကြီးကတော့ လွှမ်းမိုးခံလိုက်ရသည်။ တစ်ခဏတွင်းချင်းမှာ ဓားဆန္ဒက လူအယောက်တစ်ရာခန့်ကိုသုတ်သင်ပစ်လိုက်သည်။ ထိုအခြင်းအရာကိုမြင်သော် ယဲ့ချိုးပိုင်လည်း သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားသွားကို တစ်ဖန်လွှဲယမ်းလိုက်ပြန်သည်။

“မိစ္ဆာဆင်းသက်လာစေ”

ဧရာမမှော်နက်ဓားချက်တစ်ချက်က ချန်းယွမ်အဆင့်ပညာရှင်သုံးဦးဆီသို့ တိုးဝင်သွားလေတော့သည်။ ထိုဓားချက်ထဲတွင် ရေခဲဓားဝိညာဉ်စွမ်းအားလည်း ကိန်းဝပ်နေသည်။

ထို့နောက်မှာတော့ လေထုဟာအေးခဲသွားပြီး စစ်တပ်ကြီး၏လှုပ်ရှားမှုကလည်း နှေးကွေးလေးကန်သွားပေသည်။ ချန်းယွမ်အဆင့်ပညာရှင်သုံးဦး၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။

သူတို့က အတားအဆီးတစ်ခုကိုဖန်ဆင်း၍ မှော်နက်ဓားချက်ကြီးကိုခုခံလိုက်ချေသည်။

ဓားချက်ကိုတားဆီးလိုက်သည့်အချိန်မှာပင် အနီးကပ်ကြည့်လိုက်သည့်အခါ လူငယ်ကျင့်ကြံသူလေးမှာ သူတို့ရှေ့မှပျောက်ကွယ်သွားလေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ထိုလူဟာ သူတို့နှင့် ပေခြောက်ရာအကွာ၌ ပြန်ပေါ်လာလေသည်။

သူတို့၏မျက်နှာအမူအရာများလည်း သိပ်မဟန်တော့ပေ။ တစ်ဖက်လူလွတ်မြောက်သွားလေပြီဖြစ်ရာ အိမ်ရှေ့စံမင်းသားထံမှ ကြောက်မက်ဖွယ်ကောင်းသောပြစ်ဒဏ်တစ်ခုက သူတို့ကိုသေချာပေါက်စောင့်ဆိုင်းနေတော့မည်သာ။

ထိုအကြောင်းကိုသတိရမိသောအခါ သူတို့သုံးယောက်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြပြီး အသာအယာခေါင်းဆတ်ပြ၍ ထိုလူ့နောက်ကိုလိုက်ရတော့သည်။

အောက်ဘက်ရှိတပ်သားများက ထိုမြင်ကွင်းကိုမြင်သောအခါ တစ်ဖန်ပြန်လည်သတိပြန်ဝင်လာပြီး ရှေ့ကိုဆက်လက်ချီတက်ကြသည်။

တစ်ချိန်တည်းမှာပင် စစ်တပ်ကြီး၏အနောက်နားတွင် အရှိန်အဝါတစ်ခုဆင်းသက်လာချေသည်။ သူသည် ဤစစ်တပ်ကြီး၏စစ်သေနာပတိဖြစ်လေ၏။

သူဟာ ဗိုလ်ချုပ်သံချပ်ကာကိုဝတ်ဆင်ထားပြီး ခွန်အားအရာမှာလည်း အာကာသနတ်ဘုရားအလယ်အလတ်အဆင့်ပညာရှင်တစ်ဦးနှင့် နီးစပ်သည်။ သူ့မျက်နှာထက်တွင် အရေပြားအောက်၌ကူးလူးသွားလာနေသော အနက်ရောင်အရှိန်အဝါတစ်ခုရှိလေသည်။ သူ့အမူအရာမှာ အနည်းငယ်မှုန်မှိုင်းနေပြီး စစ်တပ်ကြီးကိုအမိန့်ပေးလိုက်သည်။

“မလိုက်နဲ့တော့။ မင်းတို့မီမှာမဟုတ်ဘူး”

သူ ယခုလေးတင်မှ ဤသတင်းကိုရလိုက်ခြင်းပင်။ ကျန်စစ်တပ်နှစ်ခုလည်း ချုံခိုတိုက်ခိုက်ခံလိုက်ရပြီး အချိန်တိုအတွင်းမလှုပ်ရှားလိုက်နိုင်ပေ။ သို့သော် ဤအချိန်မှာသာ သူတို့ဆက်လက်တိုက်ခိုက်လိုက်ပါက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဆီမှ အာရုံစိုက်ခံလိုက်ရပြီး ပျက်စီးဆုံးရှုံးမှုများလည်း ပိုမိုကြီးမားလာလိမ့်မည်။

ထိုသို့အမိန့်ပေးပြီးနောက် သူ့အကြည့်ကို ရှေ့တည့်တည့်ဆီသို့ဦးတည်လိုက်မိသည်။ သူ့အနေနှင့်လည်း ထိုလူ့နောက်ကိုမလိုက်နိုင်ပေ။ အကယ်၍ သူသာ စစ်တပ်ကြီးဆီကခွာလိုက်ပါက ဤစစ်တပ်ကြီးမှာ ဦးဆောင်သူမဲ့သွားပေလိမ့်မည်။ မတော်တဆမှုတစ်ခုခုသာဖြစ်ပေါ်ခဲ့ပါက သူ အကျိုးဆက်များကိုရင်ဆိုင်နိုင်မည်မဟုတ်ချေ။

ထိုအချိန်မှာ ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်သုံးဦးမှာ ယဲ့ချိုးပိုင်နှင့်သူ့ရှေ့ရှိထွက်ပြေးနေသူများကို ဆက်လက်တိုက်ခိုက်ရန်အတွက် သိုင်းကျင့်စဉ်များကိုထုတ်သုံးနေပေသည်။ ထိုမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်လည်း အကြံတစ်ခုရလိုက်သည်။

သူ ဂိုဏ်းခေါင်းဆောင်နှင့်အခြားလူများကိုပြောပြလိုက်သည်။

“ခဏနေရင် ကျွန်တော်နောက်ပြန်လှည့်ပြီး သူတို့ကိုတိုက်မယ်။ ဒဏ်ရာပြင်းပြင်းထန်ထန်မရထားတဲ့လူတွေနဲ့ တိုက်ခိုက်နိုင်သေးတဲ့လူတွေက ကျွန်တော်နဲ့အတူတိုက်ခိုက်ပေး”

ထိုပညာရှင်သုံးဦးမှာ နေမဝင်အင်ပါယာ၏စစ်တပ်ကြီးနှင့်အလှမ်းဝေးလာလေပြီဖြစ်၏။

ဤအခိုက်အတန့်လေးမှာ သူသာ ခပ်မြန်မြန်လုပ်ပြီး သူတို့ကို အချိန်တိုအတွင်းသုတ်သင်လိုက်နိုင်ပါက တစ်ဖက်လူလည်း ကူညီဖို့အချိန်ရလိုက်မည်မဟုတ်။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်က ယဲ့ချိုးပိုင်၏စကားများကိုကြားသောအခါ အနည်းငယ်မှင်တက်သွားပေသည်။ ထို့နောက်မှာတော့ သူ သတိပြန်ဝင်လာပြီး ယဲ့ချိုးပိုင်၏ရည်ရွယ်ချက်ကိုနားလည်လိုက်သည်။

သူတို့ တစ်ယောက်ပြီးတစ်ယောက်ခေါင်းညိတ်ပြလိုက်ကြသည်။

မြေရိုင်းလွင်ပြင်ကြီးပေါ်မှာ နှစ်ဖက်စလုံးက တစ်ယောက်ကိုတစ်ယောက်လိုက်ဖမ်းနေကြပေသည်။ သူတို့နှင့် နေမဝင်အင်ပါယာကြားရှိအကွာအဝေးမှာ ပေငါးထောင်ရှိနေလေပြီ။

ယဲ့ချိုးပိုင်လည်း တစ်ဖက်လူ၏တိုက်ကွက်ကိုခုခံနေရင်း အကွာအဝေးနှင့် တိုက်ခိုက်ရမည့်အချိန်ကို ချိန်ဆနေချေသည်။ ထိုလူသုံးယောက်က လက်ဝါးရာများဖြင့်တိုက်ခိုက်လိုက်သည့်အချိန်မှာပင် ယဲ့ချိုးပိုင်က ရုတ်ခြည်းတစ်ဖက်လှည့်လိုက်ပြီး သူ့ဓားကိုလွှဲယမ်းလိုက်သည်။

တစ်ချိန်တည်းမှာပင် ဓားသွားပိုင်နက်နယ်မြေကိုလည်း လျှပ်တပြက်အတွင်းဖြန့်ကြက်လိုက်သည်။ ထိန်းရခက်ပြီးထက်ရှသောဓားဆန္ဒမြစ်ပြင်ကြီးမှာ သူတို့သုံးယောက်ဆီသို့တိုးဝင်သွားလေတော့သည်။

“တိုက်ခိုက်ကြ”

Comment

Leave a Reply

Options

not work with dark mode
Reset