ထွက်ခွာသွားကြပြီဖြစ်သော ယဲ့ချိုးပိုင်နှင့်ကျန်လူများမှာ ပြေးရင်းကျယ်ကျယ်လောင်လောင်ရယ်မောနေကြလေသည်။
“အံ့သြစရာပဲ”
“အမှန်ပဲ။ အစ်ကိုယဲ့ရဲ့အစီအစဉ်ကတော့ မိုက်ချက်ပဲ။ ဘာဆုံးရှုံးမှုမှလည်းမရှိဘဲ ရန်သူဘက်ကလူတွေအများကြီးကို အပြတ်ရှင်းပစ်တာ”
ဤရက်ပိုင်းအတွင်း၌ မြောက်ပိုင်းမဟာမိတ်များဟာ နေမဝင်အင်ပါယာထံမှာ အပြတ်အသတ်ရှုံးနိမ့်နေခဲ့ရပြီး သူတို့၏ခုခံရေးစည်းကလည်း ဆက်တိုက်ချိုးဖောက်ခံနေခဲ့ရသည်။
ထိုအချက်ကြောင့် လူတိုင်းအသက်ပင်ကောင်းကောင်းမရှူရဲပေ။ တစ်ချိန်တည်းမှာပင် စိတ်ဓာတ်များလည်းကျနေခဲ့သည်။
ယခုမူ ချုံခိုတိုက်ခိုက်မှုက ကြီးမားလှစွာသောအကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေခဲ့သည့်အတွက် လူတိုင်းလည်း အလွန်အမင်းစိတ်လှုပ်ရှားနေကြပေသည်။
ကျန်းချောင်မြန်ကလည်း ပြုံးလျက်ပြောလာ၏။
“ညီအစ်ကိုယဲ့.. ငါမတွေ့တာတောင်တော်တော်ကြာသွားတယ်။ မင်း ပိုပိုပြီးအင်အားကြီးလာတာပဲ”
ရေအလျဉ်ပြည့်လျှံရေးနှောင်းပိုင်းအဆင့်ကိုရောက်ရှိနေသော ယဲ့ချိုးပိုင်ကြောင့် ကျန်းချောင်မြန်လည်း ကူကယ်ရာမဲ့နေရချေသည်။ မူလကတော့ ကျန်းချောင်မြန်သည် ယဲ့ချိုးပိုင်ကို သူအရောက်လှမ်းရမည့်ရည်မှန်းချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
ဤရက်ပိုင်းအတွင်း၌ ယွင်ကျင်း၏လမ်းပြသွန်သင်မှုနှင့် စိတ်တန်ခိုးရှင်ဘုံထဲကရလာခဲ့သောအကျိုးအမြတ်များကြောင့် ကျန်းချောင်မြန်၏ခွန်အားမှာ သိသိသာသာမြင့်တက်လာခဲ့ပေသည်။
သူနှင့်ယဲ့ချိုးပိုင်ကြားရှိကွာဟချက်ကို သိသိသာသာချုံ့လိုက်နိုင်ပြီဟု သူထင်ထားခဲ့သော်လည်း တစ်ချက်ကြည့်ရုံမျှဖြင့် သူတို့ကြားရှိကွာဟချက်မှာ ကြီးသည်ထက်ကြီးလာလေတော့သည်။
ယဲ့ချိုးပိုင်ကပြုံးလိုက်မိပြီး လူအုပ်ကြီးကလည်း ခပ်မြန်မြန်လှည့်ပြန်လာခဲ့လိုက်သည်။
သိပ်မကြာခင်လိုက်ခင်မှာပင် သူတို့ ချင်းထျန်းနျန်ရှိရာနေရာသို့ ပြန်ရောက်လာကြသည်။ ချင်းထျန်းနျန်က ယဲ့ချိုးပိုင်တို့လူစုပြန်လာသည်ကိုမြင်သောအခါ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်ချေသည်။
ယဲ့ချိုးပိုင်မှာ တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏ပါရမီရှင်တပည့်တစ်ဦးဖြစ်၏။ သူ့အား သူအထူးအာရုံစိုက်ရမည်မှာသဘာဝပင်။ ထို့ပြင် ဤနေရာမှာ ယဲ့ချိုးပိုင် တစ်ခုခုဖြစ်ခဲ့ပါက လုချန်ရှန်းကို ထိုအကြောင်းမည်သို့ရှင်းပြနိုင်မည်နည်း။ ယဲ့ချိုးပိုင်ကို ဤနေရာသို့ခေါ်လာခဲ့သူမှာ သူသာဖြစ်၏။ သူ့ကိုသေချာပြန်ပို့ပေးရမည်မှာ သဘာဝကျပေသည်။
ယဲ့ချိုးပိုင်က ပတ်ပတ်လည်ကိုကြည့်ကာ မေးလိုက်၏။
“ခေါင်းဆောင်ချင်း… တခြားအဖွဲ့နှစ်ဖွဲ့ရော”
ချင်းထျန်းနျန်ကခေါင်းခါယမ်းလျက် ပြောလာလေသည်။
“ငါလည်းသေချာမသိဘူး။ မင်းတို့က အရင်ဆုံးပြန်ရောက်လာတဲ့အဖွဲ့ပဲ”
ယဲ့ချိုးပိုင် ခေါင်းညိတ်လိုက်မိသည်။ သူတို့အုပ်စုလည်း ထိုနေရာကတင် စောင့်ဆိုင်းနေလိုက်ကြသည်။ ဆယ်မိနစ်ကုန်လွန်ပြီးသောအခါ ယွီရွှီဦးဆောင်သောအဖွဲ့က အောင်အောင်မြင်မြင်ပြန်ရောက်လာခဲ့သည်။
ယွီရွှီ၏ပုံစံမှာ ဒဏ်ရာရလာပုံပေါ်သော်လည်း ကြီးကြီးမားမားတော့မဟုတ်ပေ။
ယွီရွှီလည်း ရောက်ရောက်ချင်း ယဲ့ချိုးပိုင်တို့အဖွဲ့ကိုမြင်လိုက်ရသည့်အခါ ပြုံးလျက်ပြောလာလေသည်။
“ကြည့်ရတာ မင်းတို့အခြေအနေက ချောချောမွေ့မွေ့ပဲထင်တယ်”
ယဲ့ချိုးပိုင်ကမူ ပြန်မပြုံးပြနိုင်ပေ။
“မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်ဦးဆောင်သွားတဲ့အဖွဲ့ရော”
ယွီရွှီ ကြက်သေသေသွားလေသည်။ သူ ခေါင်းခါယမ်းလျက်ပြောလာသည်။
“ငါသူ့ကို အပြန်လမ်းမှာလည်းမတွေ့ခဲ့ဘူး”
ထိုစကားကိုကြားသော် ချင်းထျန်းနျန်နှင့်ယဲ့ချိုးပိုင်တို့၏အမူအရာမှာ ပြောင်းလဲသွားချေသည်။ ယေဘုယျကျကျပြောရမည်ဆိုလျှင် နေမဝင်အင်ပါယာ၏စစ်တပ်သုံးခုမှာ တစ်ပြိုင်နက်တည်းတိုက်ခိုက်ကာ မြေလွှာကျွံချိုင့်ဝှမ်းကို တစ်ချိန်တည်းဖြတ်လာကြခြင်းပင်။ ထိုသို့ဆိုပါက ချုံခိုတိုက်ခိုက်သည့်အချိန်ကိုက်ကလည်း အားလုံးအတူတူနီးပါးပင်ဖြစ်၏။
ယခုမူ တစ်နာရီနီးပါးကုန်လွန်သွားပြီဖြစ်သော်လည်း မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်ကတော့ ပြန်မလာသေးပေ။ ထိုသဘောမှာ တစ်ဖက်လူအန္တရာယ်ကျရောက်နေပြီဆိုသောအဓိပ္ပာယ်ပင်။
ယွီရွှီလည်း ထိုအကြောင်းကို ကောင်းကောင်းကြီးသဘောပေါက်ထားသည်ဖြစ်ရာ သူ့အမူအရာကလည်း အနည်းငယ်ပျက်ယွင်းသွားလေသည်။ တစ်စုံတစ်ယောက်က ခါးသက်သက်ပြုံးလိုက်မိလေသည်။
“အဲ့ဒီအဖွဲ့ချေမှုန်းခံလိုက်ရမှာစိုးမိတယ်”
ထိုအချိန်လေးမှာ ဝိညာဉ်ရေးရာချီစွမ်းအင်တစ်ခု မြေလွှာကျွံချိုင့်ဝှမ်းရှိရာနေရာဆီမှ ပေါက်ကွဲထွက်လာလေသည်။ လူတိုင်းလှမ်းကြည့်လိုက်ကြလေသည်။
ယွီရွှီက တည်ငြိမ်စွာစကားဆိုလာလေသည်။
“အဲ့ဒီအရှိန်အဝါက မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်ရဲ့အရှိန်အဝါပဲ။ သူတို့တွေ ခုခံနေကြတုန်းပဲ”
သူ့စကားအဆုံး၌ အားလုံးစိတ်လက်မသာမယာဖြစ်သွားရချေသည်။ အစတုန်းက ချုံခိုတိုက်ခိုက်သည့်အသင်းတစ်သင်း ရှုံးနိမ့်ခဲ့ပါက အချိန်ဆွဲထားပေးဖို့ အရန်အစီအစဉ်ဆွဲထားခဲ့ကြသည်။ သို့မှသာ သူတို့ဘာသာ ကိုယ့်အားကိုယ်ကိုး၍တိုက်ခိုက်နိုင်မည်ဖြစ်၏။ကျန်အသင်းများက သွားရောက်ကူညီပါက ဆုံးရှုံးနစ်နာမှုပိုကြီးနိုင်သောကြောင့်ပင်။
မိုးပြာရောင်ဂိုဏ်းခေါင်းဆောင်ဦးစီးသည့် ချုံခိုတိုက်ခိုက်ရေးအသင်းမှာ သေမိန့်ချခံလိုက်ရပြီဟုဆိုနိုင်ပေသည်။ ယွီရွှီလည်း အသာအယာသက်ပြင်းချလိုက်မိသည်။
“တခြားနည်းလမ်းမရှိတော့ဘူး”
လူတိုင်းစိတ်ဓာတ်ကျနေကြသည်ကို ယဲ့ချိုးပိုင်မြင်နေရသည်။ ဤအဖြစ်မှာဆိုးလှကြောင်း တစ်ကိုယ်တည်းတွေးလိုက်မိသည်။
ဤအစီအစဉ်မှာ နေမဝင်အင်ပါယာ၏ခွန်အားကိုကုန်ခန်းစေပြီး တစ်ဖက်လူ၏တိုက်ခိုက်မှုကိုနှောင့်နှေးအောင်လုပ်ချင်ရုံသာမက မြောက်ပိုင်းမဟာမိတ်အဖွဲ့၏စိတ်ဓာတ်ကိုမြှင့်တင်ပေးရန်အတွက်က အရေးအကြီးဆုံးပင်။ စစ်ပွဲအတွင်း စိတ်ဓာတ်ကျသွားသောအဖွဲ့မှာ ပျက်စီးဆုံးရှုံးဖို့ရာ သိပ်မလိုတော့ပေ။
အသင်းနှစ်သင်းက ချုံခိုတိုက်ခိုက်မှုအောင်မြင်ခဲ့သည်ဟုဆိုနိုင်သော်လည်း မိုးပြာရောင်ကောင်းကင်ဂိုဏ်းခေါင်းဆောင်နှင့်အခြားလူများ၏ကျဆုံးမှုက သူတို့၏စိတ်ဓာတ်ပိုင်းဆိုင်ရာကို သက်ရောက်မှုရှိနေဆဲပင်။ ထိုသို့ဆိုလျှင် လာမည့်တိုက်ပွဲအတွက် အရေးနိမ့်နိုင်ပေသည်။
ထိုသို့တွေးမိလိုက်သည့်အခါ ယဲ့ချိုးပိုင်၏စိတ်နှလုံး မသာမယာဖြစ်သွားလေသည်။
မဖြစ်။ ထိုသို့ဆိုပါက သူ့အားထုတ်မှုများကအချည်းနှီးဖြစ်သွားလိမ့်မည်။
ထို့ကြောင့် ယဲ့ချိုးပိုင်ဟာ အရှိန်အဝါများပေါက်ကွဲထွက်လာရာအရပ်ဖြစ်သော မြေလွှာကျွံချိုင့်ဝှမ်း၏ညာဘက်အခြမ်းကိုကြည့်လိုက်သည်။ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည့်အလား သူ့မျက်လုံးများမှာ ခိုင်မာပြတ်သားမှုများဖြင့်ပြည့်နှက်နေချေသည်။ သူ ဩရှရှအသံဖြင့် ပြောလိုက်လေသည်။
“ကျွန်တော်သွားလိုက်မယ်”
ဟင်..
“မင်း အဲ့ဒီကိုသွားမလို့လား”
လူအားလုံးက ယဲ့ချိုးပိုင်ကို ထိတ်လန့်တကြားလှည့်ကြည့်လာကြသည်။
ယဲ့ချိုးပိုင်က မြေလွှာကျွံချိုင့်ဝှမ်း၏ညာဘက်အခြမ်းကိုကြည့်၍ ခပ်နိမ့်နိမ့်အသံဖြင့်စကားဆိုလိုက်သည်။
“ကျွန်တော် သူတို့ကိုပြန်သွားခေါ်မယ်။ အဲလိုမှမဟုတ်ရင် စစ်ဆင်ရေးကအဓိပ္ပာယ်ရှိမှာမဟုတ်တော့ဘူး”
ယဲ့ချိုးပိုင်ဆိုလိုချင်သောသဘောကို ချင်းထျန်းနျန်ကနားလည်ပုံပေါ်၏။သို့သော် ခေါင်းကိုခါယမ်း၍ ပြတ်ပြတ်သားသားငြင်းလိုက်၏။
“မရဘူး ငါသဘောမတူဘူး”
အချိန်မတန်သေးဘဲ မသေဆုံးသရွေ့ ယဲ့ချိုးပိုင်မှာ သူ့အရည်အချင်းများကိုထုတ်ဖော်ပြသခွင့်ရနေဦးမည်ဖြစ်၏။ ထို့နောက် နောင်အနာဂတ်တွင် ဤတိုက်နယ်ထဲရှိ အထွတ်အထိပ်ပညာရှင်များအကြား ယဲ့ချိုးပိုင်လိုလူမျိုးတစ်ယောက် သေချာပေါက်ထွန်းပေါက်လာမည်မှာ မလွဲဧကန်ပင်။ ယုံမှားသံသယဖြစ်ဖွယ်မရှိချေ။
ယွီရွှီကလည်း တည်ငြိမ်လေးနက်စွာစကားဆိုလာသည်။
“တစ်ဖက်လူက အစွမ်းထက်လွန်းတယ်။ မင်းသွားတော့ရောဘာထူးမှာလဲ”
ယဲ့ချိုးပိုင်ပင်မဆိုထားနှင့်။ သူကိုယ်တိုင်ပင်လျှင်ယုံကြည်မှုမရှိ။
ယဲ့ချိုးပိုင်ကတော့ အတွေးမတူပေ။
ထိုနေရာမှလွတ်မြောက်နိုင်သူဟူ၍ သူတစ်ယောက်သာရှိသည်။ သူ့တွင် သူ့ဆရာပေးထားသော ဓားမြောင်ငယ်လေးတစ်လက်အပြင် အစိမ်းရောင်တိမ်တိုက်ဓားသွားလည်းရှိသည်။ သူမအောင်မြင်ခဲ့သည့်တိုင် လွတ်မြောက်ဖို့ကတော့ ပြဿနာတစ်ရပ်မဟုတ်ချေ။
ယဲ့ချိုးပိုင်ပြောလိုက်သည်။
“ဘာမှထပ်မပြောပါနဲ့တော့။ မသွားချင်ရင်တောင်သွားရမှာပဲလေ။ ဒီနေရာမှာ သွားဖို့အသင့်တော်ဆုံးလူက ကျွန်တော်ပဲ”
“ခေါင်းဆောင်ချင်းက ဒီနေရာကိုဆက်စောင့်ရှောက်ပေးဖို့လိုတယ်။ ခေါင်းဆောင်ယွီကလည်း ဒဏ်ရာရထားတယ်။ ခင်ဗျားတို့နှစ်ယောက်ကလွဲရင် ကျွန်တော်က အသင့်တော်ဆုံးလူပဲ”
ယဲ့ချိုးပိုင်က ယခုအခါ ရေအလျဉ်ပြည့်လျှံရေးနှောင်းပိုင်းအဆင့်ကိုရောက်နေပြီဖြစ်ပြီး ဓားသိုင်းတာအိုကလည်း ပိုမိုထက်မြက်လာသည်ဖြစ်ရာ ချန်းယွမ်အဆင့်ပညာရှင်တစ်ယောက်ကတိုက်ခိုက်လာမည်ဆိုလျှင်ပင် တစ်ဖက်လူက ဖုတ်ကောင်ကိုမလွှတ်သေးသရွေ့ ယဲ့ချိုးပိုင်ကိုယှဉ်နိုင်မည်မဟုတ်။
ယွီရွှီကား နှုတ်ဆိတ်နေလေသည်။ ချင်းထျန်းနျန်လည်း စိတ်ငြိမ်ငြိမ်ထားလိုက်ပြီး ယဲ့ချိုးပိုင်ကိုကြည့်လိုက်မိ၏။ သူ တည်တည်ငြိမ်ငြိမ်ပြောလာလေသည်။
“မင်း စိတ်ဆုံးဖြတ်ပြီးပြီလား”
“ကျွန်တော်ဆုံးဖြတ်ချက်ချပြီးပါပြီ”
ပြတ်သားမှုအပြည့်ဖြင့်ပြောလိုက်သော ထိုစကားသုံးလုံးမှာ တွေဝေတုံ့ဆိုင်းခြင်းအလျဉ်းမရှိ။
ထိုအခြင်းအရာကိုမြင်သော် ချင်းထျန်းနျန်လည်း သက်ပြင်းသာချလိုက်မိတော့သည်။
“အလုပ်မဖြစ်ဘူးဆိုရင် ချက်ချင်းပြန်လှည့်လာခဲ့နော်”
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။
ကျန်းချောင်မြန်နှင့်ကျန်လူများကတော့ စကားတစ်ခွန်းမှမပြောချေ။ ပြောလည်းမထူးတော့ပြီ။ သူတို့ခွန်အားလောက်နှင့်ဆိုပါက ယဲ့ချိုးပိုင်ကိုဆွဲချသလိုဖြစ်နေပေလိမ့်မည်။
“ကျွန်တော်သွားတော့မယ်”
စကားအဆုံးတွင် ယဲ့ချိုးပိုင်မှာ အဖြူရောင်ဝတ်ရုံကိုဝတ်၍ နေရာမှပျောက်ကွယ်သွားပြီး မြေလွှာကျွံချိုင့်ဝှမ်း၏ညာဘက်ခြမ်းကိုပြေးထွက်သွားချေတော့သည်။
ကျန်းချောင်မြန်က ယဲ့ချိုးပိုင်၏နောက်ကျောကိုကြည့်၍ လက်သီးတင်းတင်းဆုပ်လိုက်မိသည်။ ဤအခိုက်အတန့်လေးမှာ မျှော်လင့်မထားသောအခြေအနေတစ်ရပ်နှင့် ရင်ဆိုင်ရချိန်ဝယ် သူမည်မျှခွန်အားမဲ့လေကြောင်း ခံစားလိုက်ရသည်။ သူ့ခွန်အားက ယဲ့ချိုးပိုင်ကိုဆွဲချမိလိမ့်မည်သာ။ အခြားနည်းလမ်းမရှိပေ။
ငါ ကြိုးစားမှဖြစ်မယ်…
သိပ်မကြာလိုက်ခင်မှာပင် ယဲ့ချိုးပိုင်သည် အရှိန်အဝါများထွက်ပေါ်လာရာနေရာသို့ ရောက်လာခဲ့သည်။ သူမြင်လိုက်ရသည်မှာ…
နေမဝင်အင်ပါယာ၏စစ်တပ်ကြီးက မြေလွှာကျွံချိုင့်ဝှမ်းကို အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်သွားလေပြီ။ ဂိုဏ်းခေါင်းဆောင်နှင့်ကျန်လူများမှာ ထိခိုက်ဒဏ်ရာအကြီးအသေးရထားကြလေသည်။ မူလက ဆယ်ယောက်ရှိသောအဖွဲ့လေးမှာ ယခုမူခြောက်ယောက်သာကျန်တော့သည်။ ခုခံရင်းဖြင့် နောက်ဆုတ်နေရချေသည်။
သို့သော် တစ်ဖက်ရန်သူဘက်ကတော့ ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်သုံးယောက်ဦးဆောင်ထားသည်။ ထိုသုံးဦး၏တိုက်ခိုက်မှုများကြောင့် မိုးပြာရောင်ဂိုဏ်းခေါင်းဆောင်တို့အဖွဲ့ခမျာ လွတ်မြောက်ရန်မစွမ်းသာချေ။
ထိုအခိုက်အတန့်လေးမှာ ဂိုဏ်းခေါင်းဆောင်က ခါးသက်သက်ပြုံးလိုက်မိသည်။ ကြည့်ရသည်မှာ သူတော့ ကျဉ်းထဲကြပ်ထဲကျရောက်နေပုံပင်။