Switch Mode

အခန်း (၁၅၉)

ချုံခိုတိုက်ခိုက်မှုအောင်မြင်သွားခြင်း

လရောင်ကား မည်းမှောင်နေပြီး လေထန်လှချေသည်။

လေပြင်းများတိုက်ခတ်နေပြီး မြေရိုင်းလွင်ပြင်မှာ အလွန်အမင်းပြန့်ပြူးလှသည်။ အပင်လည်းမရှိသလို ပန်းလည်းမပွင့်ချေ။ တစ်ချက်ကြည့်ရုံဖြင့် အရာအားလုံးကို အတိုင်းသားမြင်နေရသည်။

ချိုင့်ဝှမ်းလွင်ပြင်တည်ရှိရာနေရာ၌ ဧရာမကျောက်ဆောင်ကြီးများသာရှိသည်။ လုပ်ကြံရေးအသင်းသုံးသင်းမှာ ထိုကျောက်ဆောင်များနောက်တွင် ပုန်းအောင်းနေချေသည်။

မြေလွှာကျွံချိုင့်ဝှမ်း၏ဘယ်ဘက်တွင် ယဲ့ချိုးပိုင်ဦးဆောင်သောလုပ်ကြံအဖွဲ့ရှိနေလေသည်။ ထိုအခိုက်အတန့်လေးမှာ လူတိုင်း၏မျက်ဝန်းထဲ၌ လေးနက်မှုများပြည့်နှက်နေလေသည်။

မည်သူမှ စကားမပြောရဲကြပေ။ အသံထွက်လိုက်သည်နှင့် တစ်ဖက်ရန်သူ၏ထောက်လှမ်းရေးများက ရှာတွေ့သွားနိုင်ပေသည်။

အသံပို့လွှတ်မှုလုပ်လျှင်လည်း တစ်ဖက်ရန်သူ၏အဆင့်မြင့်ပညာရှင်များက ရှာတွေ့သွားပေလိမ့်မည်။ ထို့ကြောင့် အားလုံးမှာ မျက်လုံးနှင့်ဟန်အမူအရာဖြင့်သာ ဆက်သွယ်ရပေသည်။

ယခုမူ သူလုပ်နိုင်သောအရာမှာ တိုက်ခိုက်ရန်အသင့်ပြင်ရုံသာရှိသည်။ သူဟာ ဧရာမကျောက်ဆောင်ကြီးများနောက်တွင်ပုန်းအောင်းနေပြီး နေမဝင်အင်ပါယာမှလူများ မြေလွှာကျွံချိုင့်ဝှမ်းကိုကျော်ဖြတ်လာမည့်အချိန်ကိုသာ တိတ်တဆိတ်စောင့်နေပေသည်။

ထိုအချိန်မှာ တိမ်တိုက်များက ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းထားပေသည်။ လရောင်လည်း မထိုးဖောက်နိုင်ချေ။ မြေလွှာကျွံချိုင့်ဝှမ်းကား အတိမ်အနက်ခန့်မှန်းမရနိုင်ပေ။

လေအေးများက မြေလွှာကျွံချိုင့်ဝှမ်းထဲမှစိမ့်ထွက်လာလေသည်။ အငြိုးကြီးသောတစ္ဆေတစ်ကောင်က သူ့အသက်ကိုနှုတ်ယူရန်ကြိုးစားနေသည့်အလားပင်။ ၎င်းမှာ နက်ရှိုင်းလှသောအသူတရာချောက်နက်ကြီးအလားပင်။

ထိုအချိန်တွင် မြေလွှာကျွံချိုင့်ဝှမ်း၏တစ်ဖက်ခြမ်း၌ မြေလွှာတုန်ခါသံကြီးတစ်ခုထွက်ပေါ်လာချေသည်။ လူတိုင်းလည်း ကြက်သေသေသွားကြရတော့သည်။

‘စပြီ’

မြေလွှာကျွံချိုင့်ဝှမ်း၏တစ်ဖက်ခြမ်းတွင် အနက်ရောင်စစ်တပ်ကြီးတစ်ခုက သူတို့ဆီသို့ချီတက်လာလေသည်။ သို့သော် ၎င်းမှာ သာမန်စစ်တပ်တစ်ခုမဟုတ်ချေ။

ထိုစစ်တပ်ကြီး၏အထက်၌ အနက်ရောင်မြူခိုးများရစ်သိုင်းနေပေသည်။ အနက်ရောင်မြူခိုးကြီးထဲတွင် တစ္ဆေများပင်လှည့်လည်သွားလာနေပြီး ဟိန်းဟောက်သံများကိုလည်း အချိန်နှင့်အမျှကြားနေရလေသည်။

အရှိန်အဝါကား အလွန်အမင်းကြောက်မက်ဖွယ်ရာပင်။

ထိုကဲ့သို့သောစစ်တပ်ကြီးက မြောက်ပိုင်းမဟာမိတ်ခုခံရေးစည်းကို ဆက်တိုက်ကျော်ဖြတ်လာနိုင်သည်မှာ အံ့သြစရာမရှိပေ။

သို့သော် အားလုံးကိုပဟေဠိဖြစ်စေသောအရာမှာ…

နေမဝင်အင်ပါယာ၏စစ်တပ်ဟာ ဘာကြောင့် ဤမျှမကောင်းဆိုးဝါးဆန်လာပြီး သူတို့၏ခွန်အားကလည်း ဘာကြောင့်သိသိသာသာတိုးတက်လာရလေသလဲ။

သူတို့က အလယ်ပိုင်းနယ်မြေထဲမှာပင် သူတို့က ဂိုဏ်းဂဏကြီးတစ်ခုကိုပိုင်ဆိုင်ထားသေးသည်။

ယဲ့ချိုးပိုင်လည်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

ထပ်ပြီးဖုတ်ကောင်ပဲလား.. ထပ်ပြီး မကောင်းဆိုးဝါးစစ်တပ်ပဲလား..

နေမဝင်အင်ပါယာ၏လက်တလောလုပ်ဆောင်ချက်များကို ပြန်စဉ်းစားကြည့်သော် သူတို့ဖြတ်သန်းသွားရာနေရာတိုင်းမှာ သေမျိုးများနှင့်ခြေသလုံးအိမ်တိုင်များကိုသတ်ဖြတ်ပစ်ခဲ့သည်။ ကျင့်ကြံသူလူရမ်းကားများကမူ အရေခွံ၊ အသားနှင့် အရိုးများသာကျန်ပေတော့သည်။

ဤသည်မှာ နေမဝင်အင်ပါယာက ပြင်ပအကူအညီဝင်ထားခြင်းကြောင့်လေလား။

မည်သည့်ဂိုဏ်းမှာ ဤကဲ့သို့မကောင်းဆိုးဝါးဆန်လှသည့်ကျင့်စဉ်မျိုးရှိလေသလဲ။ ယဲ့ချိုးပိုင်မှာ ထိုအကြောင်းတွေးတောဖို့ အချိန်ပင်မရှိချေ။

တစ်ဖက်ရန်သူမှာ ချိုင့်ဝှမ်းအဝင်ဝ၌ ရောက်ရှိနေလေပြီဖြစ်၏။

ဤအခိုက်အတန့်မှာ ချန်းယွမ်အလယ်အလတ်အဆင့်ရှိပညာရှင်များက လေထုထဲထိုးခွင်းပျံသန်းသွားပြီးနောက် မြေလွှာကျွံချိုင့်ဝှမ်းအထက်နားသို့ရောက်ရှိသွား၏။

ထို့နောက် သူတို့နှစ်ယောက်ဟာ လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်ကြသည်။ မြေလွှာကျွံချိုင့်ဝှမ်း၏အထက်ကောင်းကင်၌ ဝိညာဉ်ရေးရာချီစွမ်းအင်ဖြင့်ပြုလုပ်ထားသောတံတားတစ်စင်း ပေါ်ပေါက်လာပေသည်။ ထိုတံတားမှာ ချိုင့်ဝှမ်း၏အစွန်းနှစ်ဖက်ကို ဆက်သွယ်ပေးထားလေသည်။

“မြန်မြန်ဖြတ်ကြ”

သူ့စကားအဆုံးမှာ မကောင်းဆိုးဝါးစစ်တပ်ကြီးက တစ်ဖန်ချီတက်လာပြီး ဝိညာဉ်ရေးရာချီစွမ်းအင်တံတားပေါ်ကို ခြေချလိုက်ကြသည်။

သူတို့က မဟာချိုင့်ဝှမ်းကြီး၏တစ်ဖက်ခြမ်းကို လျှောက်သွားလိုက်လေသည်။

ဧရာမကျောက်ဆောင်ကြီးများ၏နောက်တွင် ပုန်းအောင်းနေသောယဲ့ချိုးပိုင်က အထက်နားရှိ ချန်းယွမ်အလယ်အလတ်အဆင့်ပညာရှင်နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

သူ တစ်စုံတစ်ခုကိုတွေးမိလိုက်သည်။

ထိုချန်းယွမ်အဆင့်ပညာရှင်များကို ချက်ချင်းသုတ်သင်နိုင်ပါက တံတားကူးနေသောစစ်တပ်ကြီးလည်း မြေလွှာကျွံချိုင့်ဝှမ်းထဲသို့ ကျသွားမည်သာ။

ထို့ပြင် မြေလွှာကျွံချိုင့်ဝှမ်းကြီးမှာ အဆုံးမဲ့နက်ရှိုင်းလေသည်ဖြစ်ရာ ပြုတ်ကျသွားပါက အသက်ရှင်နိုင်ရန်မဖြစ်နိုင်ပေ။

စစ်တပ်ကြီး၏ကိုယ်စီခွန်အားနှင့်ဆိုလျှင် ပျံသန်းဖို့ရာလည်း မလုံလောက်ချေ။

ထိုအကြောင်းကိုတွေးမိပြီး ယဲ့ချိုးပိုင်လည်း ကျန်းချောင်မြန်နှင့်အခြားလူများကို အချက်ပြလိုက်သည်။

သူ လေထဲရှိချန်းယွမ်အဆင့်ပညာရှင်များကို ညွှန်ပြလိုက်ပြီးနောက် လည်လှီးပြသောအမူအရာတစ်ခုလုပ်လိုက်၏။

သူဆိုလိုချင်သောသဘောကို အားလုံးနားလည်သွားကြသည်။

ထို့နောက် ကျန်းချောင်မြန်နှင့်ကျန်လူများက သူတို့၏ဓားကိုဆွဲထုတ်၍ သင်္ကေတတစ်ခုကိုသရုပ်ဖော်လိုက်ချေသည်။

ယဲ့ချိုးပိုင်လည်း မှော်နက်မိစ္ဆာဓားသွားကိုထုတ်ယူလိုက်သည်။

သူ တစ်ချက်တည်းနှင့် ပွဲသိမ်းတိုက်ခိုက်ပစ်ရလိမ့်မည်။ တစ်ပြိုင်တည်းမှာပင် ကျန်လက်တစ်ဖက်ဖြင့် လက်သုံးချောင်းထောင်လိုက်လေသည်။ ထိုအခိုက်အတန့်လေးမှာ လက်တစ်ချောင်းကွေးညွတ်သွား၏။

နေမဝင်အင်ပါယာ၏စစ်တပ်ကြီးကလည်း တံတား၏သုံးပုံတစ်ပုံခန့်ကိုရောက်နေလေပြီ။

ယဲ့ချိုးပိုင်က တစ်ဖက်ရန်သူ၏အနေအထားကို ငေးစိုက်ကြည့်ရင်း နောက်လက်တစ်ချောင်းကွေးလိုက်သည်။ စစ်တပ်ကြီးကား ရှေ့ဆက်ချီတက်နေဆဲပင်။ အနက်ရောင်မြူခိုးများ လိပ်တက်အုံကြွလာပေသည်။ တစ္ဆေများ၏ဟိန်းဟောက်သံမှာလည်း ကြောက်မက်ဖွယ်ကောင်းလှ၏။

စစ်သားအမြောက်အများ တံတအလယ်သို့ရောက်လာသောအခါ ယဲ့ချိုးပိုင်လည်း ရုတ်ချည်းလက်သီးတင်းတင်းဆုပ်လိုက်သည်။ တစ်ပြိုင်တည်းမှာပင် လူအားလုံး ဓားကိုယ်စီကိုင်စွဲလိုက်ကြချေသည်။

ထိုအခိုက်အတန့်လေးမှာ ကောင်းကင်ယံသို့ဆန်တက်လာသော ဓားဆန္ဒလှိုင်းလုံးကြီးမှာ ညာသံပေးလာလေတော့သည်။

ကျန်းချောင်မြန်လည်း သူ၏အားအကောင်းဆုံးတိုက်ကွက်ကို ထုတ်သုံးလာပြီး အပေါ်ရှိချန်းယွမ်အဆင့်ပညာရှင်နှစ်ယောက်ကိုတိုက်ခိုက်လိုက်သည်။

လူတိုင်းလည်း ထိုနည်းလည်းကောင်းပင်။ သူတို့ အချိန်လုံးဝဆွဲမထားရဲပေ။

စစ်မြေပြင်ထက်၌ တစ်ဖက်ရန်သူကအားကောင်းပြီး ကိုယ့်ဘက်ကအားနည်းနေသောချုံခိုတိုက်ခိုက်မှုမျိုးမှာ အချိန်ဆွဲနေစရာလည်းမလိုသလို ခွန်အားလည်းထိမ်ချန်နေစရာမလိုချေ။

ခွန်အားထိမ်ချန်ထားလိုက်ပါက ကြိုးစားအားထုတ်မှုလည်း သဲထဲရေသွန်သာ။ ဆုံးရှုံးမှုအတွက်ပြန်လည်အစားထိုးပေးချေစရာမရှိပေ။ နည်းလမ်းကား တစ်ခုတည်းသာရှိသည်။ ဤသည်မှာ လမ်းဆုံးကြီးပင်။ ဘယ်သူကမှလည်း မသေချင်ကြပါ။

ထို့ကြောင့် သူတို့အားလုံးလည်း ထိုချန်းယွမ်အဆင့်ပညာရှင်နှစ်ယောက်ကိုသုတ်သင်ရန်အတွက် ခွန်အား၂၀၀ရာခိုင်နှုန်းကိုသုံးထားကြသည်။

လေပေါ်ရှိပညာရှင်နှစ်ဦးမှာ လွတ်မြောက်လိုဟန်ဖြင့် ပြန်လည်တုံ့ပြန်လာချေသည်။

သို့သော် သူတို့၏ခန္ဓာကိုယ်များက ဓားဆန္ဒများဖြင့်ရစ်ပတ်ထားခံထားရကြောင်း သိလိုက်ရပေသည်။

ယဲ့ချိုးပိုင် သူ့လက်ကိုဖြန့်ကာ ဓားသွားပိုင်နက်နယ်မြေကိုအသက်သွင်းလိုက်လေသည်။ ထိုလူနှစ်ယောက်လည်း ပိတ်မိသွားတော့သည်။

ချန်းယွမ်အဆင့်ပညာရှင်နှစ်ဦးမှာ လူအားလုံးပေါင်းတိုက်ကြသည့်တိုက်ခိုက်မှုအောက်တွင် အလျင်စလိုဖြစ်နေကြသဖြင့် မလွတ်မြောက်နိုင်ကြတော့ချေ။

မကြာမီ၌ ထိခိုက်ဒဏ်ရာကြီးငယ်အမျိုးမျိုးကို ခံစားရလေတော့သည်။

ထိုအခိုက်အတန့်မှာ ယဲ့ချိုးပိုင်က သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားသွားကိုမြှောက်လိုက်လေ၏။

သူ အော်ဟစ်လိုက်သည်။

“မိစ္ဆာဆင်းသက်လာစေ”

ကောင်းကင်ဘုံမိစ္ဆာဓားသွား၏သတ္တမမြောက်သိုင်းကွက်ပင်တည်း။

စိတ်ဝိညာဉ်လက်နက်တစ်ခုအဖြစ် အဆင့်မြှင့်တင်ထားသောမှော်နက်မိစ္ဆာဓားသွား၏စွမ်းအားအောက်မှာ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား၏စွမ်းပကားမှာ ယခင်ကထက်ပို၍ကြီးမားလာလေသည်။

ကြောက်မက်ဖွယ်မှော်နက်ဓားဆန္ဒများ အုံကြွလာမှုအောက်တွင် မှော်နက်ဓားချက်တစ်ချက်ထွက်ပေါ်လာလေရာ ချန်းယွမ်အဆင့်ပညာရှင်နှစ်ယောက်လည်း ကြက်သေသေသွားရလေသည်။

သူတို့၏စိတ်အစဉ်ကိုလည်း တဒင်္ဂမျှသက်ရောက်သွားချေသည်။

သူတို့၏ဦးနှောက်ပတ်လမ်းများ တဒင်္ဂမျှချွတ်ချော်သွားပုံရပြီး အချိန်မီမတုံ့ပြန်လိုက်နိုင်ချေ။

ရံဖန်ရံခါ၌ သိုင်းကျင့်ကြံသူများအကြား တိုက်ပွဲတစ်ခုကို ဤအခိုက်အတန့်လေးမှာပင် အဆုံးအဖြတ်ပေးနိုင်ပြီး သေရေးရှင်ရေးအခြေအနေကိုလည်း အဆုံးအဖြတ်ပေးနိုင်၏။

ထို့ပြင် မှော်နက်ဓားချက်ဆီမှ အအေးဓာတ်များထွက်ပေါ်လာလေသည်။ ထ်ုအအေးဓာတ်များကြောင့် သူတို့နှစ်ယောက်စလုံးမှာ လှုပ်ရှားမှုများနှေးကွေးသွားသလို ခံစားလိုက်ရလေသည်။

ထို့ပြင် နှစ်ယောက်သားဟာ ဒဏ်ရာရထားပြီးဖြစ်သဖြင့် သွေးများလည်းထွက်နေလေပြီ။ သူတို့ခန္ဓာကိုယ်ထဲရှိဝိညာဉ်ရေးရာချီစွမ်းအင်ကို တဒင်္ဂမျှထိန်းချုပ်နိုင်ဦးမည်မဟုတ်ပေ။

ဤဓားချက်နှင့်ရင်ဆိုင်နေရချိန်မှာ ခုတ်ချလိုက်သောထိုဓားချက်ကို ကူကယ်ရာမဲ့စွာထိုင်ကြည့်နေရုံသာ တတ်နိုင်လေသည်။

လျှပ်တပြက်အတွင်း၌..

ထိုဓားချက်ကြောင့် ချန်းယွမ်အဆင့်ပညာရှင်နှစ်ယောက်လည်း နှစ်ခြမ်းကွဲထွက်သွားပေသည်။ သူတို့၏စိတ်ဝိညာဉ်လည်း ဖျက်ဆီးခံလိုက်ရသည်။

ထိုအချိန်ကျမှသာ စစ်တပ်ကြီးထံမှ တုံ့ပြန်မှုတစ်ခုရလိုက်လေသည်။

“ချုံခိုတိုက်ခိုက်နေပြီ”

ထိုသို့ပြောပြီးနောက် ချန်းယွမ်အဆင့်ပညာရှင်နှစ်ဦးတိုက်ပွဲကျသွားပြီဖြစ်သောကြောင့် ဝိညာဉ်ရေးရာချီစွမ်းအင်တံတားကြီးလည်း ခုခံပေးထားမည့်လူမရှိတော့သည့်အတွက် ပျောက်ကွယ်သွားလေတော့သည်။

စစ်သားအမြောက်အများလည်း မြေလွှာကျွံချိုင့်ဝှမ်းထဲသို့ ကြောက်ဘန့်တကြားအော်ဟစ်ရင်း ပြုတ်ကျသွားပေသည်။

နောက်ဘက်ရှိစစ်တပ်ကြီးကတော့ တံတားပေါ်မတက်ရသေးသဖြင့် လွတ်မြောက်သွားကြလေသည်။

တစ်ပြိုင်တည်းမှာပင် စစ်တပ်၏အနောက်နားဆီမှ ဧရာမအရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး မြေလွှာကျွံချိုင့်ဝှမ်းရှိရာဆီသို့ ပျံ့နှံ့သွားလေ၏။

“အတင့်ရဲလိုက်တာ”

ယဲ့ချိုးပိုင်ဟာ မှော်နက်မိစ္ဆာဓားသွားကို ပြန်သိမ်းလိုက်ပြီဖြစ်ကာ အော်ဟစ်၍ပြောလိုက်ချေသည်။

“နောက်ဆုတ်ကြ”

သူ့စကားအဆုံးမှာ လူတိုင်း နောက်ကိုပြန်လှည့်ပြေးကြလေသည်။ အရှိန်အဝါပိုင်ရှင်က မြေလွှာကျွံချိုင့်ဝှမ်းနားကိုရောက်လာသည့်အခါ ယဲ့ချိုးပိုင်တို့အဖွဲ့က ထွက်ခွါသွားလေပြီ။

ထိုလူများ၏နောက်ကျောကိုမြင်နေရသော်ငြား ဗိုလ်ချုပ်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသောအမျိုးသားမှာ သူတို့နောက်ကိုလိုက်မသွားရဲပေ။ အကြောင်းမှာ သူတို့ပြေးသွားသည့်နေရာက ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းဖြစ်နေသောကြောင့်ပင်။

ထို့ပြင် တစ်ဖက်လူဟာ ဤအချိန်မျိုးမှာ ချုံခိုတိုက်ခိုက်မှုတစ်ခုကိုပင် အကောင်အထည်ဖော်ခဲ့သေးသည်။ ဤအချက်မှာ သူတို့၏နောက်ကွယ်တွင် ထောက်ပံ့ပေးနေသောပညာရှင်များလည်းရှိကြောင်း သက်သေပြနေပေသည်။

သူ တိတ်တဆိတ်ဒေါသထွက်နေရုံသာတတ်နိုင်ပေသည်။

တစ်ချိန်တည်းမှာပင် နေမဝင်အင်ပါယာ၏အပြစ်ပေးမှုကို သူခံရပေတော့မည်။ အိမ်ရှေ့စံမင်းသား၏နည်းလမ်းများကို သူ သတိရလိုက်မိသည်။

ဗိုလ်ချုပ်သံချပ်ကာဝတ်ထားသောအမျိုးသားမှာ စစ်တပ်၏သုံးပုံတစ်ပုံလောက် ကျရှုံးသွားကြောင်းမြင်လိုက်ရချိန်တွင် ဒေါသတကြီးဖြင့် အံတင်းတင်းကြိတ်ထားရုံသာ တတ်နိုင်လေတော့သည်။

သူ စစ်တပ်ကြီးကို အမိန့်ပေးလိုက်ချေသည်။

“ကျန်ခဲ့တဲ့လူအရေအတွက်စစ်ကြစမ်း”

Comment

Leave a Reply

Options

not work with dark mode
Reset