Switch Mode

အခန်း (၁၅၈)

မှောင်မည်းပြီးလေထန်သောည

ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းအပြင်ဘက်မှာ ချုံခိုတိုက်ခိုက်မည်တဲ့လား။ ယဲ့ချိုးပိုင်၏စကားများမှာ ထိတ်လန့်ဖွယ်ရာပင်။ အားလုံးလည်း အနည်းငယ်မှင်တက်နေချေသည်။

ထိုလူများထဲတွင် မိုးပြာရောင်ကောင်းကင်တောင်တန်းနယ်မြေထဲတွင်တည်ရှိသော မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်က မျက်မှောင်ကြုတ်လျက် စကားဆိုလာလေသည်။

“ကောင်လေး မင်းဘာပြောနေတယ်ဆိုတာရောသိရဲ့လား”

“ချုံခိုတိုက်ခိုက်မဲ့အစား ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းကိုကာကွယ်ရမှာမဟုတ်ဘူးလား”

“တစ်ဖက်ရန်သူရဲ့အင်အားက ငါတို့ထက်ပိုသာတယ်ဆိုတာသိလား”

“ပြီးတော့လည်း အာကာသနတ်ဘုရားအဆင့်ဖုတ်ကောင်သုံးကောင်လည်းရှိသေးတယ်”

ထိုစကားကိုကြားသော် အားလုံးခေါင်းညိတ်လိုက်ကြလေသည်။

သူတို့အားလုံး ဝူဒီရှီ၏အစီအစဉ်ကိုထောက်ခံကြသည်မှာ သိသာလှ၏။ ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းကိုကာကွယ်ပြီး ပင်မကျောင်းတော်ထံမှအကူအညီကိုစောင့်ဆိုင်းနေသည်မှာ ပိုလုံခြုံပေသည်။

ဝူဒီရှီက ဘာမှဝင်မပြောဘဲ ယဲ့ချိုးပိုင်ကိုသာ တိတ်တဆိတ်စိုက်ကြည့်နေ၏။

ယွင်ကျင်းကစကားဆိုလာသည်။

“မင်းအမြင်ကိုပြောပါဦး”

ထိုစီနီယာ၏တပည့်တစ်ဖြစ်လဲ ယဲ့ချိုးပိုင်ဟာ နယ်နယ်ရရမဟုတ်လှပေ။ ထို့ပြင် ဓားသိုင်းကျင့်ကြံသူတစ်ယောက်အဖြစ် သူ့မှာ ဓားသိုင်းစိတ်နှလုံးနက်နဲသိမ်မွေ့မှုမျိုးရှိသည်။

ယဲ့ချိုးပိုင်အနေနှင့် ကိစ္စများကိုရှုမြင်ဆင်ခြင်ရာ၌ သူမတူသောရှုထောင့်နှင့် လျှို့ဝှက်အန္တရာယ်များကိုမြင်နိုင်ပေသည်။

ယဲ့ချိုးပိုင်က ယွင်ကျင်းကိုလှမ်းကြည့်ပြီး ခေါင်းဆတ်ပြ၏။

“တစ်ဖက်ရန်သူက အာကာသနတ်ဘုရားအလယ်အလတ်အဆင့်ဖုတ်ကောင်သုံးကောင်ဖြစ်နေတဲ့အတွက် ခွန်အားအရာမှာ ကျွန်တော်တို့ထက်သာတာအမှန်ပါပဲ”

“ဒီနေရာမှာပဲ အရိုးကျေကျေအရေခမ်းခမ်းခုခံနေမယ်ဆိုရင် ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုတွေဖြစ်လာပါလိမ့်မယ်။ တကယ်တမ်းဖြစ်လာရင် အားသစ်ပြန်လောင်းနေတဲ့အချိန်မှာ ဖုတ်ကောင်တွေကိုလွတ်ထွက်လာမှာကို ဘယ်သူမှမတားနိုင်ဘူးလေ။ ကျွန်တော်တို့လည်း အလျင်စလိုတွေဖြစ်ကုန်လိမ့်မယ်”

ထိုစကားကိုကြားသော် လူတိုင်း အတွေးနက်သွားရချေသည်။ ယဲ့ချိုးပိုင်၏စကားများက ဆီလျော်လှပေသည်။

မြောက်ပိုင်းမဟာမိတ်များထဲတွင် ဖုတ်ကောင်တစ်ကောင်ကို အချိန်တခဏမျှအချိန်ဆွဲပြီးကိုင်တွယ်ပေးထားနိုင်သူမှာ ယွင်ကျင်းတစ်ယောက်တည်းသာဖြစ်၏။

ထို့ပြင် ယွင်ကျင်းမှာ အပြင်းအထန်ဒဏ်ရာရထားပြီးဖြစ်လေရာ အချိန်အတိုင်းအတာတစ်ခုအထိ မတိုက်ခိုက်နိုင်သေးချေ။

အထွတ်အထိပ်အဆင့်ပညာရှင်များအကြားရှိ တိုက်ခိုက်ရေးခွန်အားကွာခြားမှုကြောင့် မြောက်ပိုင်းမဟာမိတ်များဘက်က အရေးနိမ့်နေရချေသည်။ နေမဝင်အင်ပါယာဘက်က အဆက်မပြတ်တိုက်ခိုက်ပြီး ခုခံရေးစည်းကိုဖြတ်ကျော်လာခြင်းတို့မှာလည်း ရှက်ရွံ့ဖွယ်ရာပင်။

ယဲ့ချိုးပိုင်က အစီအရင်မျက်နှာပြင်ကို လက်ညှိုးညွှန်လိုက်လေသည်။ ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်း၏အပြင်ဘက်မှာ မြေလွှာကျွံချိုင့်ဝှမ်းကြီးတစ်ခုရှိသည်။

ထိုမြေလွှာကျွဲချိုင့်ဝှမ်းမှာ သဘာဝအလျောက်တည်ရှိနေခြင်းမဟုတ်ဘဲ သူငယ်ချင်းကောင်းများဖြစ်ခဲ့ဖူးသော ပြိုင်ဘက်ကင်းပညာရှင်နှစ်ယောက်က ဤနေရာမှာ လမ်းခွဲနှုတ်ဆက်ခဲ့ကြသည်။

ထိုအချိန်မှာ ဤနေရာကြီးလည်း အက်ကွဲပြီး မြေလွှာကျွံချိုင့်ဝှမ်းတစ်ခု ဖြစ်ပေါ်လာသည်။

“တစ်ဖက်ရန်သူကလည်း ဒီကောင်းကင်ဘုံတောင်တန်းနယ်မြေက ခုခံဖို့လွယ်ကူပြီး တိုက်ခိုက်ဖို့ခက်ခဲမှန်းသိထားမှာပဲ။ ကျွန်တော်တို့ဘက်က ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းမှာ အသေအကြေခုခံလိမ့်မယ်လို့ သေချာပေါက်တွေးထားကြမှာပဲ”

“အဲ့လိုအချိန်မျိုးမှာ ကျွန်တော်တို့ကလက်ဦးမှုရယူပြီး မြေလွှာကျွံချိုင့်ဝှမ်းထဲမှာ ချုံခိုတိုက်ခိုက်သင့်တယ်”

“တစ်ဖက်ရန်သူက အသင့်အနေအထားမှာရှိနေမှာမဟုတ်ဘူး။ ကျွန်တော်တို့ မြေလွှာကျွံချိုင့်ဝှမ်းကိုဖြတ်သွားလိုက်ရင် တိုက်ခိုက်ဖို့အချိန်တော့ရမှာပဲ”

ထိုအချိန်မှာ ဝူဒီရှီကမေးခွန်းထုတ်လာလေသည်။

“ဒါဆို နေမဝင်အင်ပါယာကလူတွေက သူတို့ကိုပါဖမ်းဆီးသုတ်သင်လိုက်ရင်ရောဘယ်လိုလုပ်မလဲ”

ယဲ့ချိုးပိုင်ကလည်း ပြန်ရှင်းပြလေသည်။

“အဲ့ဒါကြောင့် ကျွန်တော်တို့တွေ အရှိန်မြန်တဲ့လုပ်ကြံသတ်ဖြတ်ရေးအသင်းတစ်ခုဖွဲ့စည်းသင့်တယ်”

“တစ်ပြိုင်တည်းမှာ နောက်တန်းကနေထောက်ပံ့ပေးမဲ့လူလည်းရှိထားရမယ်”

“တိုက်ခိုက်မှုတစ်ခုလုပ်ပြီးတာနဲ့ နောက်ပြန်ဆုတ်။ လောဘကြီးလို့မရဘူး”

ယဲ့ချိုးပိုင်ကား သူ့စကားကိုအဆုံးသတ်လိုက်လေသည်။ လူတိုင်းလည်း နှုတ်ဆိတ်သွားကြ၏။

ယွင်ကျင်းက ထိုစကားများကိုကြားသော် တောက်တောက်ပပပြုုံးလိုက်ပြီး ပြောလာလေသည်။

“အသေအကြေခုခံနေမှာထက်စာရင် တိုက်ခိုက်ဖို့လက်ဦးမှုယူလို့ရတာပဲ”

“ကောင်းတယ် ကောင်းတယ်.. ချိုးပိုင်ရဲ့အစီအစဉ်ကမဆိုးဘူး”

“ပထမဆုံးအနေနဲ့ နေမဝင်အင်ပါယာရဲ့ခွန်အားကိုလျော့နည်းသွားစေပြီး တစ်ဖက်ရန်သူကိုစိုးရိမ်ကြောင့်ကြသွားအောင်လုပ်နိုင်လိမ့်မယ်”

“ဒုတိယအချက်က ငါတို့သာအောင်မြင်ခဲ့ရင် စိတ်ဓာတ်ခွန်အားလည်းတက်ကြွသွားမှာ”

လူတိုင်းက ဤအစီအစဉ်၏ဖြစ်နိုင်ခြေကိုတွေးတောနေကြသည်။ ထိုအကြောင်းတွေးတောဆင်ခြင်ပြီးနောက် ဖြစ်နိုင်ခြေရှိကြောင်းခံစားလိုက်ရသည်။

ဝူဒီရှီကလည်း ခေါင်းညိတ်ပြလေသည်။

“ဒီီအစီအစဉ်ကမဆိုးဘူး။ ငါလည်းထောက်ခံတယ်”

ယွီရွှီက ယဲ့ချိုးပိုင်ကိုကြည့်၍ပြုံးလိုက်လေသည်။

“လူငယ်မျိုးဆက်တွေက ငါတို့ထက်သာလွန်သွားတော့မှာပဲ။ ရှီရှန်းက ပြန်ရောက်ကတည်းက မင်းအကြောင်းပဲ တစ်ချိန်လုံးချီးကျူးနေတာမထူးဆန်းတော့ပါဘူး”

ချင်းထျန်းနျန်ကလည်း ယဲ့ချိုးပိုင်ကိုပြုံးပြုံးကြီးကြည့်နေပြီး သူ့မျက်ဝန်းထဲတွင် ဂုဏ်ယူပီတိဖြစ်နေလေဟန်အရိပ်အယောင်များဖြင့် ပြည့်နှက်နေချေသည်။

ယဲ့ချိုးပိုင်မှာ လုချန်ရှန်း၏တပည့်ဖြစ်သည်။ သို့သော် သူကလည်း တောင်ပိုင်းဒေသ၏ လျှို့ဝှက်တာအိုကျောင်းတော်ကဖြစ်နေပေသည်။

ထို့နောက် လူတိုင်းလည်း လုပ်ကြံရေးအသင်းဖွဲ့စည်းရန်အတွက် စီစဉ်နေရာချထားမှုများ ပြုလုပ်ရလေတော့သည်။ လိုအပ်ချက်ကား နှစ်ခုရှိ၏။ ပထမအချက်ကား လျင်မြန်ရမည်။ ဒုတိယအချက်ကား လှုပ်ရှားမှုများမှ မြန်ဆန်တိကျပြီး ကြမ်းတမ်းရမည်။

ထိုလိုအပ်ချက်များနှင့်ကိုက်ညိီသူမှာ လေပြည်ဆန္ဒကိုပိုင်ဆိုင်ထားရမည်ဖြစ်၏။

ဓားသိုင်းကျင့်ကြံသူများမှာ ထိုအချက်နှင့် အလွန်အမင်းသဟဇာတဖြစ်ပေသည်။ ကျန်းချောင်မြန်နှင့်ယဲ့ချိုးပိုင်တို့ကတော့ သံသယဖြစ်ဖွယ်မရှိရွေးချယ်ခံလိုက်ရသည်။

သူတို့ကို လုပ်ကြံသတ်ဖြတ်ရေးအသင်းသုံးသင်းခွဲလိုက်လေသည်။ ထိုသုံးသင်းက နေမဝင်အင်ပါယာ၏စစ်တပ်သုံးခုကို ချုံခိုတိုက်ခိုက်ကြရမည်သာ။

ပထမအသင်းမှာ ယဲ့ချိုးပိုင်နှင့်ကျန်းချောင်မြန်တို့ဦးဆောင်သောဓားသိုင်းကျင့်ကြံသူများဖြစ်၏။ ဒုတိယအသင်းကို မိုးပြာရောင်ကောင်းကင်မဟာအကြီးအကဲများ ဦးဆောင်ကြသည်။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းတော်၏အဓိကကျင့်ကြံရေးနည်းဗျူဟာမှာ လေပြည်ဆန္ဒပင်ဖြစ်သည်။ မိုးပြာရောင်ကောင်းကင်ဂိုဏ်းတော်၏မဟာအကြီးအကဲမှာ ချန်းယွမ်ကနဦးအဆင့်ဖြစ်၏။

တတိယအဖွဲ့ကိုမူ အရှေ့ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏ တွဲဖက်ခေါင်းဆောင်ယွီရွှီကဦးဆောင်လေသည်။ ယွီရွှီ၏အင်အားကလည်းမသေးလှပေ။ သူဟာ နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းပေါ်တွင် အဆင့်၂၈နေရာ၌ချိတ်ထားပြီး သူ့ခွန်အားက ချန်းယွမ်အလယ်အလတ်အဆင့်ရှိ၏။

သူတို့ကိုထောက်ပံ့ကူညီပေးမည့်လူမှာ ချင်းထျန်းနျန်ပင်။

ဝူဒီရှီနှင့် မြောက်ပိုင်းမဟာမိတ်ထဲရှိအခြားပညာရှင်များကို မလွှတ်ရသည့်အကြောင်းအရင်းမှာ ဝူဒီရှီတို့ကဲ့သို့ပညာရှင်များကို တစ်ဖက်ရန်သူ၏အရှိန်အဝါမှတစ်ဆင့် သေချာပေါက်ဖမ်းမိသွားလိမ့်မည်သာဖြစ်၏။

သူတို့ မိုးပြာရောင်တောင်တန်းနယ်မြေထဲမှ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်ဖက်က အာရုံခံမိသွားမည်သာ။ စစ်ဆင်ရေးသည်ကား ယနေ့ညစတင်မည်ဖြစ်၏။

အချိန်ကား အဖိုးတန်လှပေသည်။

မည်သူမှ ဘာမှထပ်မပြောကြတော့ပေ။ လုပ်ကြံရေးအသင်းသုံးသင်းလည်း အသင့်ပြင်နေကြလေသည်။ တချို့က ချိတ်ပိတ်အစီအရင်ကိုပြင်ဆင်နေပြီး တချို့က အဖိုးတန်လက်နက်ကိုပြင်ထားလေသည်။ စိတ်ငြိမ်ငြိမ်ထားနေကြသောလူများလည်း ရှိ၏။

သူတို့ဟာ သူတို့၏အမြုတေ၊ ချီစွမ်းအင်နှင့်စိတ်ဝိညာဉ်ကို အထွတ်အထိပ်ရောက်အောင်ကြိုးစားနေကြသည်။ ဤနည်းဖြင့် ခွန်အားကို အချိန်တိုအတွင်း မြှင့်တင်နိုင်မည်သာ။

ကျင့်ကြံရေးလောကထဲတွင် နှစ်အနည်းငယ်ပင်ဖြစ်စေ ရာစုနှစ်အနည်းငယ်ဖြစ်စေ နှစ်တစ်ရာပင်ဖြစ်စေ အားလုံးက မျက်စိတစိမှိတ်အတွင်းကုန်ဆုံးသွားတတ်ပေသည်။ ထို့ပြင် ယခုကား နေ့တစ်ဝက်စာမျှသာရှိခြင်းပင်။

မကြာခင်မှာ ဆည်းဆာအချိန်ကား ကျရောက်လာပေသည်။ ကောင်းကင်ကြီးလည်း မှောင်မည်းလာလေ၏။ သော်တာလမင်းကြီးကလည်း တိမ်စိုင်တိမ်မည်းများအကြား တိုးလျှိုးပုန်းကွယ်နေလေတော့သည်။ဤသည်မှာ ချုံခိုတိုက်ခိုက်ရန်အသင့်တော်ဆုံးအခြေအနေဟုပင် ဆိုနိုင်သည်။

မိုးပြာရောင်ကောင်းကင်တောင်တန်းနယ်မြေမှာ နိဗ္ဗာန်ဘုံအလားပင်။ တောင်စွယ်များမှာ တိမ်တိုက်များအကြား တိုးဝင်နေချေသည်။ ထိုတောင်ထွတ်နားတွင် မရေမတွက်နိုင်သောခွန်အားကြီးမှော်ဝင်သားရဲများရှိ၏။

ချန်းယွမ်အဆင့်ပညာရှင်တစ်ယောက်ပင်လျှင် မိုးပြာရောင်ကောင်းကင်တောင်တနးနယ်မြေကို ထိခိုက်ဒဏ်ရာလုံးဝမရပါဘဲ ဖြတ်ကျော်နိုင်လိမ့်မည်ဟူသော ယုံကြည်မှုမျိုးမရှိချေ။

လုံခြုံဘေးကင်းသည့်တစ်ခုတည်းသောလမ်းကြောင်းမှာ ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းပင်ဖြစ်၏။

ထိုချိုင့်ဝှမ်းမှာ မိုးပြာရောင်တောင်တန်းများကို နှစ်ခြမ်းခွဲထားသည်။ နှစ်ဖက်စလုံးရှိတောင်နံရံများမှာ မှန်သားပြင်အလားချောမွတ်နေပေသည်။

သူလည်း သက်ပြင်းမချဘဲမနေနိုင်ပေ။ သဘာဝတရား၏လက်ရာမှာ အံ့မခန်းပင်။

ထိုအချိန်တွင် လုပ်ကြံရေးအသင်းသုံးသင်းက ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းသို့ ရောက်လာလေသည်။ ထောက်ပံ့ရေူအသင်းခေါင်းဆောင်အနေနှင့် ချင်းထျန်းနျန်က ယဲ့ချိုးပိုင်နှင့်ကျန်လူများကိုပြောလိုက်၏။

“တစ်ချက်တည်းနဲ့သတ်ပစ်။ နောက်မှာကျန်မနေခဲ့နဲ့။ နားလည်ကြလား”

လူတိုင်းက တည်တည်ငြိမ်ငြိမ်ခေါင်းညိတ်ပြလေသည်။ ဤသည်မှာ စစ်ပွဲပင်။ ကလေးကစားစရာမဟုတ်ချေ။ လူတိုင်း၏နှလုံးသားမှာ တင်းကျပ်နေချေသည်။ သူတို့ လုံးဝစိတ်အေးလက်အေးမနေရဲပေ။

“ကောင်းပြီ သွားကြစို့”

ချင်းထျန်းနျန်ကိုအမိန့်ကိုနာခံရင်း လူတိုင်းဟာ အစီအရင်အကာအကွယ်၏အောက်မှာ ပိုမိုပုန်းအောင်းနိုင်စွမ်းကောင်းစေသည့် အနက်ရောင်ဝတ်ရုံများကိုဝတ်ဆင်ပြီး ချိုင့်ဝှမ်းထဲမှ အလျင်အမြန်ထွက်သွားကြလေတော့သည်။

ချိုင့်ဝှမ်း၏အပြင်ဘက်တွင် အဆုံးမရှိသောမြေရိုင်းလွင်ပြင်များရှိသည်။ မြေရိုင်းလွင်ပြင်များ၏အလယ်ဗဟိုတွင် ထျန်းချင်းတောင်တန်းနယ်မြေတစ်ခူလုံးကို ကူးလူးဖြတ်သန်းထားသည့်ဧရာမမြေလွှာကျွံချိုင့်ဝှမ်းတစ်ခုရှိလေသည်။

ဤမြေလွှာကျွံချိုင့်ဝှမ်းမှာ ချုံခိုတိုက်ခိုက်ရမည့်နေရာဖြစ်သည်။ ယဲ့ချိုးပိုင်တို့အဖွဲ့က မြေလွှာကျွံချိုင့်ဝှမ်း၏ဘယ်တောင်ပံအရပ်၌ ရှိနေပေသည်။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းတော်မှာ ညာဘက်၌တည်ရှိလေသည်။ အရှေ့ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏ခေါင်းဆောင်ယွီရွှီဦးဆောင်သော အသန်မာဆုံးအသင်းက အလယ်နားတွင်နေရာယူထားပေသည်။

သို့မှသာ နှစ်ဖက်စလုံးကို အချိန်မီကူညီပေးနိုင်မည်ဖြစ်သောကြောင့်လည်းပါသည်။ သို့သော် နောက်ကျကျန်ရစ်နေခဲ့၍မဖြစ်ပေ။

အားလုံး တစ်ပြိုင်နက်တည်းချက်ချင်းထွက်ခွါကြရမည်သာ။

အကြောင်းမှာ သူတို့ကူညီဖို့အပြေးသွားလိုက်သည့်အချိန်တွင် တစ်ဖက်ရန်သူဘက်ရှိအကြီးအကဲများက သူတို့ကိုတားဆီးလာကြလိမ့်မည်။ ထိုသို့ဆိုလျှင် နစ်နာဆုံးရှုံးမှုက ပိုမိုကြီးမားလိမ့်မည်သာ။

ယဲ့ချိုးပိုင်တို့အဖွဲ့က မြေလွှာကျွံချိုင့်ဝှမ်း၏ဘေးတွင် ပုန်းအောင်းနေကြလေသည်။

မည်သူမှ စကားမပြောကြပေ။ လေပြင်းတိုက်ခတ်သံတို့သာ ညံစီနေချေသည်။

ညကား မှောင်မည်းပြီးလေထန်လှသည်။ ဤသည်မှာ ချေမှုန်းသုတ်သင်ရေးညချမ်းပေတည်း။

Comment

Leave a Reply

Options

not work with dark mode
Reset