Switch Mode

အခန်း (၁၅၇)

အစီအစဉ်

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွင် ခုခံရေးစည်းသုံးခုရှိသည်။

ပထမဆုံးခုခံရေးစည်းမှာ အဓိကအားဖြင့် မှော်ဝင်သားရဲချိုင့်ဝှမ်းဖြစ်၏။ ထိုနေရာတွင် လူများကိုအုပ်စုခွဲနေရာချထားရန်အတွက် အစီအရင်တစ်ခုတည်ဆောက်ထားသည်။

နေမဝင်အင်ပါယာက စစ်သည်များကို လမ်းကြောင်းသုံးခုခွဲ၍ချီတက်စေသည်ဟူသောအချက်ကြောင့် မှော်ဝင်သားရဲများဖြင့် သူတို့ဝိုင်းရံထားလိုက်ခြင်းဖြစ်၏။

ထိုနေရာမှာ သိမ်းပိုက်ခံလိုက်ရပြီဟုသတင်းရထားလေသည်။

ဒုတိယခုခံရေးစည်းမှာ သဘာဝအတားအဆီးတစ်ခုဖြစ်ပြီး မြောက်ပိုင်းဒေသရှိ မိုးပြာရောင်ကောင်းကင်တောင်တန်းနယ်မြေကို ဖြတ်သန်းလာရသည်။ ချုံခိုတိုက်ခိုက်မည့်အစီအရင်ပေါင်းများစွာကိုလည်း တည်ဆောက်ထားသည်။

ဤနေရာတွင် ဂိုဏ်းဂဏပေါင်းများစွာမှ ပညာရှင်အများအပြားလည်း စခန်းချနေပေသည်။

မိုးပြာရောင်ကောင်းကင်တောင်တန်းနယ်မြေ၏အရှေ့ဘက်တွင် မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော် တည်ရှိလေသည်။ အနောက်ဘက်အခြမ်းကိုမူ နေမဝင်အင်ပါယာက သိမ်းပိုက်ထားပြီးဖြစ်၏။

နေမဝင်အင်ပါယာ၏တပ်ခွဲသုံးခုက ဤနေရာကိုဖောက်ထွက်ကျော်လွှားလိုပါက အနောက်ဘက်ရှိ ကျဉ်းမြောင်းလှသောချိုင့်ဝှမ်းကို ဖြတ်လာရမည်ဖြစ်သည်။

မိုးပြာရောင်ကောင်းကင်တောင်တန်းနယ်မြေ၏အခြားအပိုင်းများတွင် တောင်တန်းများမှာ တိမ်စိုင်များကိုပင်ထိနေချေပြီ။ တောင်တန်းမြင့်လေလေ မှော်ဝင်သားရဲများလည်း ရှိလေလေဖြစ်ပြီး ပိုမိုသန်မာအားကောင်းလေလေပင်။

နေမဝင်အင်ပါယာအနေနှင့် ဤချိုင့်ဝှမ်းကိုဖြတ်သန်းသွားလိုပါက ထိခိုက်နစ်နာမှုကြီးကြီးမားမားကို သေချာပေါက်ခံစားရလိမ့်မည်ဟုဆိုနိုင်ပေသည်။ ထို့ကြောင့် ဤချိူင့်ဝှမ်းကျဉ်းကျဉ်းလေးကို ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းဟု ခေါ်တွင်ကြသည်။

ဤနေရာမှာ ခုခံကာကွယ်ရန်လွယ်ကူပြီး တိုက်ခိုက်ရန်ခက်ခဲသော်ငြား အတင်းအကျပ်ထိုးစစ်ဆင်ခံလိုက်ရသည်နှင့် နေမဝင်အင်ပါယာဘက် မြောက်ပိုင်းဒေသတစ်ခုလုံးနီးပါးကို သိမ်းပိုက်နိုင်တော့မည်ဖြစ်၏။

တတိယခုခံကာကွယ်ရေးစည်းကမူ မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ကြီးအနေနှင့် ကျောင်းတော်ကြီးရှိအစီအရင်၏အကူအညီကိုယူ၍ ခုခံထားရသော နောက်ဆုံးခုခံကာကွယ်ရေးတစ်ခုဖြစ်သည်။

သူတို့ ရှုံးနိမ့်သွားခဲ့ပါက သူတို့အားလုံး မြောက်ပိုင်းဒေသ၏မြောက်ဘက်အစွန်ဆုံးနေရာအထိ တပ်ဆုတ်ဖို့သာရှိတော့သည်။ မြောက်ပိုင်းအစွန်အဖျားမှာ အလွန်အေးလှပေသည်။ သာမန်ကျင့်ကြံသူများအဖို့ ထိုနေရာတွင် လုံးဝအသက်ရှင်မနေနိုင်ချေ။

ဤသည်မှာ ဂိုဏ်းထဲတွင်ကျန်ရစ်ခဲ့သောပါရမီရှင်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် နောက်ဆုံးနည်းလမ်းတစ်ခုဖြစ်သည်။

ထိုအဆင့်အထိ သူတို့ရောက်သွားခဲ့ပါက မြောက်ပိုင်းအစွန်အဖျားတွင်ပုန်းအောင်းပြီး အားသစ်ပြန်လောင်းရုံသာတတ်နိုင်ပေသည်။ ဤသည်မှာ နောက်ဆုံးအဆင့်ကာကွယ်ရေးဖြစ်၏။

လုံးဝမလိုအပ်သရွေ့တော့ မြောက်ပိုင်းရှိဂိုဏ်းတော်များအနေနှင့် မြောက်ပိုင်းအစွန်အဖျားသို့ သွားရောက်မည်မဟုတ်ချေ။

ထိုနေရာတွင် အသက်ရှင်နေထိုင်ဖို့ရာ အလွန်ကြမ်းတမ်းလှသည်သာ။ သိုင်းကျင့်ကြံသူများပင်လျှင် ထိုနေရာ၌ အသက်ရှင်လွတ်မြောက်နိုင်ဖို့ မလွယ်ကူလှပေ။

ထိုအချိန်မှာပင် မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ထဲတွင်…

ဝူဒီရှီက ကောင်းကင်ပေါ်သို့ ရုတ်ခြည်းမော့ကြည့်လိုက်ပြီး စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။

“သူတို့ရောက်လာပြီ”

သူ့စကားဆုံးသည်နှင့် ကောင်းကင်ထက်၌ သင်္ဘောသုံးစင်းဆိုက်ရောက်လာချေသည်။

ထိုသင်္ဘောသုံးစင်းမှာ တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်များထံမှရောက်လာခြင်းပင်။

လူအပေါင်းက သူတို့ကိုကြိုဆိုဖို့ရောက်လာကြသည်။

သင်္ဘောဆင်းသက်လာပြီး အရှေ့ပိုင်းဒေသမှလူများက ဦးစွာထွက်လာလေသည်။ ဂိုဏ်းဂဏအသီးသီးမှလူများဟာ ထိုအဖွဲ့ကိုဦးဆောင်လာသူကို သိကြလေသည်။

ထိုလူမှာ အရှေ့ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏လက်ထောက်ခေါင်းဆောင် ယွီရွှီဖြစ်၏။

သူ့အနောက်ရှိတပည့်ဖြစ်သူမှာ အရှေ့ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏ပါရမီရှင်တပည့် ရှီရှန်းဖြစ်လေသည်။

သူတို့အနောက်ကပ်လျက်၌ အနောက်ပိုင်းဒေသမှလူများ ထွက်လာကြသည်။

ထိုအဖွဲ့ကိုဦးဆောင်လာသူကား ကျန်းဟယ်ပင်။ တောင်ပိုင်းဒေသမှာ နောက်ဆုံးမှထွက်လာပေသည်။ ဤနေရာသို့ ချင်းထျန်းနျန်ကိုယ်တိုင်ရောက်ချလာလေသည်။

သူ့နောက်မှလိုက်ပါလာသူမှာ ယဲ့ချိုးပိုင်၊ ယွင်မင်၊ ရှင်းဟုန်ယီ၊ ကျုံးဝူနှင့်အခြားလူများသာ။

ဝူဒီရှီက ရှေ့ကိုလျှောက်လာလေသည်။ သူဟာ လေးနက်လှသောအမူအရာဖြင့် စကားဆိုလာ၏။

“အချိန်မရှိတော့ဘူး။ ကျေးဇူးပြုပြီး ညီလာခံခန်းမထဲကို မြန်မြန်သွားကြစို့။ ကျုပ်တို့တွေ ဗျူဟာခင်းဖို့ဆွေးနွေးရမယ်”

ဝူဒီရှီ၏လေးနက်လှသောမျက်ဝန်းများကိုကြည့်၍ မည်သူမှစကားမပြောကြတော့ဘဲ ခေါင်းသာညိတ်ပြလိုက်သည်။

ညီလာခံခန်းမထဲတွင် အစီအရင်ကြွေပြားတစ်ချပ်ရှိသည်။ အစီအရင်ကြွေပြားပေါ်တွင် မြောက်ပိုင်းဒေသ၏ ခုခံကာကွယ်ရေးစည်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များနှင့် နေမဝင်အင်ပါယာ၏တပ်ခွဲသုံးခုဖြတ်သန်းသွားရာလမ်းကြောင်းများကိုလည်း ဖော်ပြထားသည်။

တပ်ခွဲသုံးခု၏တည်နေရာနှင့် တိုက်ခိုက်ရေးလမ်းကြောင်းကိုမသိနိုင်သည်မှာ သဘာဝကျပေသည်။

ချင်းထျန်းနျန်က စကားစလာ၏။

“အခြေအနေက ဘယ်လိုရှိလဲ”

ဝူဒီရှီက အသာအယာသက်ပြင်းချလျက် ခေါင်းခါပြလေသည်။

“အခြေအနေက သိပ်ဆိုးတာ”

“နေမဝင်အင်ပါယာရဲ့ခွန်အားက ငါတို့ထင်ထားတာထက်ပိုသာတယ်”

“ပထမဆုံးခုခံကာကွယ်ရေးစည်းက တစ်ရက်အတွင်းပျက်စီးသွားခဲ့တယ်လေ”

“ကျုပ်တို့တွေ မိုးပြာရောင်ကောင်းကင်တောင်တန်းနယ်မြေအထိ တပ်ဆုတ်လာရပြီး နေမဝင်အင်ပါယာကို ကောင်ကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းမှာတားဆီးဖို့ အစီအစဉ်ချထားတယ်”

အရှေ့ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏လက်ထောက်ကျောင်းအုပ်ယွီရွှီက မျက်မှောင်ကြုတ်၍ နာမလည်နိုင်စွာမေးလိုက်မိသည်။

“ကျုပ်တို့လည်း နေမဝင်အင်ပါယာရဲ့ခွန်အားကို ကြားထားဖူးပါတယ်။ သူတို့တွေ အင်အားတောင့်တင်းတယ်ဆိုရင်တောင်မှ မြောက်ပိုင်းမဟာမိတ်တွေကို ဒီလောက်လွယ်လွယ်ကူကူထိုးဖောက်နိုင်ဖို့မလွယ်ပါဘူး ဟုတ်တယ်မလား”

“နေမဝင်အင်ပါယာက သူတို့အင်အားကိုဖုံးကွယ်ထားတာ”

ထိုအချိန်တွင် လူတိုင်း၏နောက်ဘက်မှ အသံတစ်သံထွက်ပေါ်လာပေသည်။ ခန်း၏ဝင်ပေါက်နားမှာ အဘိုးအိုတစ်ယောက် ဖြည်းဖြည်းချင်းလျှောက်လာနေချေသည်။

သူက တည်ငြိမ်အေးဆေးစွာစကားဆိုလာသည်။

“လွန်ခဲ့တဲ့သုံးရက်တုန်းက တပ်ခွဲတစ်ခုကို ငါတားဖို့ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ တစ်ဖက်လူမှာလည်း သက်ဆိုင်ရာကာကွယ်ရေးအစီအမံတွေရှိနေတယ်”

စကားဆိုလာသူကား ယွင်ကျင်းပင်။

မြောက်ပိုင်းဒေသ၏ နံပါတ်တစ်ဓားသိုင်းကျင့်ကြံသုမှာ ဤနေရာရှိလူတိုင်းထက် အသန်မာဆုံးသောဖြစ်တည်မှုပင်။

သို့သော် ယခုမှာမူ ယွင်ကျင်း၏အရှိန်အဝါကား အနည်းငယ်မှေးမှိန်ညှိုးနွမ်းနေလေပြီ။

ယွင်ကျင်းနှင့်ရင်ဆိုင်ရချိန်မှာ ယွီရွှီလည်း လျစ်လျူမရှုဝံ့ပေ။ သူ အလောတကြီးမေးခွန်းထုတ်လိုက်သည်။

“အကြီးအကဲယွင်က လှုပ်ရှားခဲ့သေးတာလား။ အခြေအနေကရော ဘယ်လိုရှိလဲ”

ယွင်ကျင်းကသက်ပြင်းချလျက် ပြောလာလေသည်။

“မင်းတို့မြင်တဲ့အတိုင်း တစ်ဖက်လူရဲ့ခွန်အားတက်ကြွမှုကို မယုတ်လျော့သွားစေရုံတင်မကဘူး။ ငါလည်း အပြင်းအထန်ဒဏ်ရာရခဲ့တယ်လေ”

လူတိုင်း အုန်းအုန်းကျက်ကျက်ဖြစ်သွားရချေသည်။

“သူတို့စစ်တပ်ထဲမှာ ဖုတ်ကောင်တစ်ကောင်လည်းပါတယ်။ ပြီးတော့ အဲ့ဒီဖုတ်ကောင်ရဲ့ခွန်အားကလည်း အာကာသနတ်ဘုရားအလယ်အလတ်အဆင့်ကိုရောက်ပြီးနေပြီ”

“ဖုတ်ကောင်တွေရဲ့ခန္ဓာကိုယ်ကလည်း သိပ်အစွမ်းထက်တာ။ သူ့လက်ကလွတ်ဖို့ ဒီအဘိုးကြီးတောင် ခွန်အားကုန်ထုတ်သုံးခဲ့ရတယ်”

ဖုတ်ကောင်တဲ့လား။

ချင်းထျန်းနျန်၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားပေသည်။

“ဖုတ်ကောင်ဖန်တီးရေးနည်းလမ်းက ပျောက်ကွယ်သွားတာကြာလှပြီမလား”

တာအိုရုပ်သေးရုပ်နယ်ပယ်မှာတော့ မရေမတွက်နိုင်သောဂိုဏ်းခွဲများစွာရှိ၏။

ဖုတ်ကောင်များမှာမူ ကောင်းကင်ဘုံတာအိုပင် သည်းမခံနိုင်သည့် မိစ္ဆာအဆန်ဆုံးရုပ်သေးရုပ်နည်းဗျူဟာဖြစ်သည်။

ထိုအရာမှာ အလွန်ထူးဆန်းလှသဖြင့် ရှေးယခင်ခေတ်များကတည်းက ပညာရှင်များကိုယ်တိုင် ဖျက်ဆီးခဲ့ပြီး မည်သည့်အမွေအနှစ်မှလည်း မချန်ရစ်ထားခဲ့ပေ။

ယခုမူ ဖုတ်ကောင်များမှာ ကမ္ဘာမြေပေါ်သို့ပြန်ရောက်လာလေသည်။ မထိတ်လန့်ဘဲ နေနိုင်မည်တဲ့လား။

ယွင်ကျင်းက တည်ငြိမ်စွာစကားဆိုလာသည်။

“ငါလည်းမသိဘူး။ ဒါပေမဲ့ ဖုတ်ကောင်တစ်ကောင်ထက်ပိုရှိနေမှာကိုတော့ စိတ်ပူမိတယ်။ အဆင့်သတ်မှတ်ချက်စာရင်းပေါ်ကပညာရှင်တွေ ချုံခိုတိုက်ခိုက်တာကိုကာကွယ်ဖို့အတွက် တပ်ခွဲသုံးခုလုံးမှာ ဖုတ်ကောင်တွေစောင့်ကြပ်နေမှာပဲ”

အာကာသနတ်ဘုရားအဆင့်ဖုတ်ကောင်သုံးကောင်တဲ့လား။

အားလုံး တိတ်ဆိတ်သွားကြကုန်၏။

စိတ်ဓာတ်ကျသွားကြသည်ကိုမြင်သောအခါ ဝူဒီရှီက အော်ဟစ်လာလေသည်။

“အခုအချိန်က နှုတ်ဆိတ်နေရမဲ့အချိန်မဟုတ်တော့ဘူး။ အရေးအကြီးဆုံးကိစ္စက နေမဝင်အင်ပါယာကိုတားဆီးဖို့ပဲ”

ယွီရွှီကလည်း မေးလာလေသည်။

“ခေါင်းဆောင်ဝူ.. ခင်ဗျားမှာ အစီအစဉ်တစ်ခုခုရှိလား”

ဝူဒီရှီက အသာအယာခေါင်းညိတ်ပြ၏။

“ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းရှိနေတာကြောင့် မိုးပြာရောင်ကောင်းကင်တောင်တန်းနယ်မြေက ခုခံဖို့လွယ်ပြီး တိုက်ခိုက်ဖို့ခက်တယ်။ ကျုပ်တို့ ဒါကိုအသုံးချပြီး ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းမှာ အစီအရင်တွေထပ်ချဖို့ လူပိုလွှတ်ရမယ်။ ဒီနေရာမှာပဲ ကျုပ်တို့ခုခံထားရလိမ့်မယ်”

“ဒီနေရာကိုစောင့်ရှောက်နိုင်သရွေ့ ရုံးချုပ်ဆီက အကူအညီမလာသေးခင်အထိ အချိန်ဆွဲထားလို့ရတယ်”

တစ်စုံတစ်ယောက်က မေးလာချေသည်။

“လျှို့ဝှက်တာအိုကျောင်းတော်ရဲ့ရုံးချုပ်က ဘာလို့တပ်ကူမလွှတ်သေးတာလဲ”

ဝူဒီရှီက တည်ငြိမ်စွာဆိုလာ၏။

“နေမဝင်အင်ပါယာရဲ့ဘုရင်ဟောင်းကမသေသေးဘူးလေ။ ပြီးတော့ သူက အာကာသနတ်ဘုရားအဆင့်ကိုရောက်ထားပြီးနေပြီ။ သူ့ရဲ့စောင့်ကြည့်မှုအောက်မှာ ပင်မကျောင်းတော်ဘက်က အလျင်စလိုလုပ်လို့မရဘူး”

အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ဦးတဲ့လား။

လူတိုင်း ထိတ်လန့်သွားကြသော်လည်း ချက်ချင်းသဘောပေါက်လိုက်ကြသည်။

အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ဦးမှာ ဤပြည်မကြီး၏အထွတ်အထိပ်အာဏာကိုင်စွဲသူဟုပင် ဆိုနိုင်လေသည်။ အာကာသနတ်ဘုရားအဆင့်ပညာရှင်တစ်ဦးက ဂိုဏ်းတစ်ခုကိုတားဆီးလိုသည်ဆိုပါက အဆင့်တူအချင်းချင်းပင် တားဆီးရန်ခက်လှသည်။

ထိုအကြောင်းကိုတွေးမိသောအခါ ရှိသမျှလူအားလုံးလည်း ခေါင်းညိတ်ပြ၍ ထိုအစီအစဉ်ကိုထောက်ခံရုံသာတတ်နိုင်ကြ၏။

ထိုအချိန်မှာပင် လူငယ်တစ်ယောက်၏အသံ ထွက်ပေါ်လာလေသည်။

“ခုခံရုံပဲခုခံနေတာက လက်တွေ့မဆန်လောက်ဘူးလို့ကျွန်တော်ထင်တယ်”

ဟင်…

အားလုံးမှင်တက်သွားကြပြီး အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။

ထိုလူကား ယဲ့ချိုးပိုင်ပင်။

ချင်းထျန်းနျန်နှင့်ယွင်ကျင်းတို့လည်း လှမ်းကြည့်လိုက်ပြီးနောက် အနည်းငယ်မှင်တက်သွားချေသည်။ ယဲ့ချိုးပိုင်က ရှေ့ကိုလျှောက်လာပြီး ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းရှိရာနေရာကို ညွှန်ပြလိုက်သည်။

“ဒီနေရာက ခုခံဖို့လွယ်ကူပြီး တိုက်ခိုက်ဖို့ခက်တယ်ဆိုရင်တောင်မှ တစ်ဖက်မှာ အာကာသနတ်ဘုရားအဆင့်ဖုတ်ကောင်သုံးကောင်ရှိနေတယ်ဆိုတာကိုတွေးထားရဦးမှာလေ”

“တစ်ဖက်က အတင်းအကျပ်ထိုးဖောက်ဝင်ရောက်လာခဲ့ရင် ခုခံဖို့တောင်ခက်ခဲသွားမှာစိုးမိတယ်’

“ဒီနေရာမှာလူအင်အားကိုစုထားလိုက်တဲ့အတွက် ကြီးမားတဲ့ထိခိုက်ဆုံးရှုံးမှုတွေဖြစ်လာလိမ့်မယ်”

လူတစ်ယောက်က ဒေါသတကြီးအော်ဟစ်လာလေသည်။

“ဒီကောင်လေးက ဘာအကြံတွေလာပေးနေတာလဲ။ ငါတို့က တခြားဘာလုပ်နိုင်မှာမို့လို့လဲ”

ယွင်ကျင်းက ထိုလူ့ကိုတားလိုက်ပြီး ယဲ့ချိုးပိုင်ကိုကြည့်ပြီး လေးလေးနက်နက်ပြောလိုက်ပေသည်။

“မင်း ဘယ်လိုစဉ်းစားထားလဲ”

ယဲ့ချိုးပိုင်၏အကြည့်မှာ ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်း၏အပြင်ဘက်ကို လားရာပြောင်းသွားချေသည်။ ထို့နောက် ညင်သာစွာဆိုလာသည်မှာ..

“ကျွန်တော်တို့လက်ဦးမှုရယူပြီး အပြင်ဘက်နားမှာချုံခိုတိုက်ခိုက်ရမယ်ထင်တယ်”

Comment

Leave a Reply

Options

not work with dark mode
Reset