ရေတံခွန်းထက်ရှိဧရာမကျောက်တုံးကြီးပေါ်၌ ယဲ့ချိုးပိုင်ဟာ သူ့ဓားကိုလွှဲယမ်းနေလိုက်သည်မှာ အစာလည်းမစား၊ နားလည်းမနားချေ။ လက်ရှိအချိန်တွင် သူသည် ဧရာမကျောက်တုံးကြီးပေါ်မှာ မြဲမြဲမြံမြံရပ်နေနိုင်ပြီဖြစ်၏။ ထို့ပြင် ထိုကျောက်တုံးပေါ်၌ ဓားရာသုံးဆယ့်သုံးချက်ထွင်းထားလိုက်နိုင်လေပြီ။
အစကမူ ယဲ့ချိုးပိုင်ဟာ သူ့လက်ရှိဓားသိုင်းတာအိုဖြင့်ဆိုလျှင် သူ့ဆရာတောင်းဆိုထားသောပန်းတိုင်ကို မြန်မြန်ဆန်ဆန်ပြီးမြောက်အောင်မြင်နိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။
ထွင်းရမည့်ဓားရာကား တစ်ရာကျော်ပင်။
ထင်မထားသည့်အချက်မှာ ဤဧရာမကျောက်ဆောင်ကြီးဟာ သာမန်ကျောက်တုံးကြီးတစ်တုံးဟုတ်ပုံမရချေ။ ၎င်းမှာ အလွန်တရာမာကျောလှပေသည်။
ပြင်းထန်လှသောအစီအရင်ဖြင့်ဖွဲ့စည်းထားသည့် ဒရဟောစီးဆင်းနေသောရေတံခွန်ကြီးပင်လျှင် ဤကျောက်တုံးအပေါ် လုံးဝသက်ရောက်မှုမရှိပေ။
ဤလပိုင်းအတွင်း၌ ယဲ့ချိုးပိုင်မှာ ဤရေတံခွန်ပေါ်၌ဟန်ချက်ညီညီရပ်နိုင်ဖို့ ဆယ်ရက်လောက်အချိန်ယူလိုက်ရသည်။ ဓားရာသုံးဆယ့်သုံးချက်ပေးဖို့ပင် ရက်နှစ်ဆယ်ခန့်ကြာလေသည်။
ဤအချိန်အတောအတွင်း၌ မုဝမ်အာက သူ(မ)ဖန်တီးထုတ်လုပ်ထားသောဆေးလုံးများကို ပို့ပေးလာသည်။ ထိုဆေးများမှာ ယဲ့ချိုးပိုင်၏ရုပ်ပိုင်းဆိုင်ရာခွန်အားပြန်လည်ပြည့်ဖြိုးရေးကို အရှိန်မြှင့်ပေးနိုင်သည်။
မုကျီချင်းက ဤနေရာတွင် ရံဖန်ရံခါလာနေတတ်ပြီး ယဲ့ချိုးပိုင်ကျင့်ကြံနေသည်ကို ကြည့်နေပေသည်။
ယဲ့ချိုးပိုင်သည် သူ့ရှေ့ရှိဧရာမကျောက်တုံးကြီးကိုကြည့်လိုက်ပြီး လက်ထဲရှိသစ်သားဓားကို ဝှေ့ယမ်းလိုက်၏။
ဓားဆန္ဒများ လိပ်တက်လာချေသည်။
အဆုံးတွင်မူ နောက်ထပ်ဓားရာတစ်ချက် ထွင်းလိုက်နိုင်ပြီဖြစ်၏။
ဤအချိန်အတောအတွင်းမှာ သူ့ဓားချက်ကို ပိုမိုမြန်ဆန်ထက်ရှလာအောင်လုပ်နိုင်မည့်နည်းလမ်းကို စဉ်းစားနေခဲ့သည်။ ထိုနည်းလမ်းမှာ ဤလုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန်အတွက်ပင်။
သို့သော် အချည်းနှီးဖြစ်နေဆဲသာ။
ဓားရာတစ်ချက်ထွင်းရာတွင် ခွန်အားကုန်ထုတ်သုံးထားသည့်ဓားချက်ထောင်ပေါင်းများစွာကို လိုအပ်ပေသည်။ တဖြည်းဖြည်းဖြင့် ယဲ့ချိုးပိုင်လည်း စဉ်းစားနေခြင်းကို ရပ်တန့်လိုက်သည်။
လက်ရှိသူ့ပုံစံမှာ အလွန်စိတ်မြန်လက်မြန်ဖြစ်နေကြောင်း သူသဘောပေါက်လိုက်သည်။
သူ့ကျင့်ကြံစဉ်ကို အမှန်တကယ်မြှင့်တင်ချင်စိတ်များနေသောကြောင့် ဓားသိုင်းတာအိုတိုးတက်မှုနှုန်းမှာ နှေးကွေးနေခဲ့ရသည်။ ကျင့်ကြံရေးလုပ်ငန်းစဉ်မှာ အလျင်စလိုပြုမူ၍မရချေ။ ဓားသိုင်းတာအိုက ပို၍ဆိုးသေးသည်။
ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် ယဲ့ချိုးပိုင်လည်း ဧရာမကျောက်တုံးကြီးပေါ်၌ တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူ့စိတ်အစဉ်ကိုငြိမ်သက်အောင်ထားပြီး သူ့အသက်ရှုနှုန်းကိုလည်း ငြိမ်သက်စေလိုက်သည်။
ထိုအချိန်မှာ ဟုန်ရင်က အနားကိုလျှောက်လာပြီး ယဲ့ချိုးပိုင်၏လုပ်ရပ်များကိုမြင်သောအခါ ကူကယ်ရာမဲ့စွာဖြင့်ပြုံးလိုက်ချေသည်။
“ကြည့်ရတာ ဆရာတူအစ်ကိုက ဆရာ့ရဲ့ရည်ရွယ်ချက်ကိုသဘောပေါက်သွားတဲ့ပုံပဲ”
ဘေးနားမှာ တင်ပျဉ်ခွေထိုင်နေသောမုကျီချင်းကလည်း အပြုံးလေးဖြင့်နားထောင်နေ၏။
“စီနီယာလုက ပုံမှန်ဆိုရင်ပျင်းရိနေတတ်ပြီး ရှင့်ရဲ့ကျင့်ကြံအားထုတ်မှုကိုဂရုမစိုက်ဘူးလို့ထင်ရပေမဲ့ တကယ်တမ်းကျတော့ ပြဿနာကိုသဘောပေါက်ပြီး ရှင့်အတွက်ကူညီဖြေရှင်းပေးသားပဲ”
ထိုစကားကိုကြားသော် ဟုန်ရင်ကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။
ပြင်ပလောကဆီမှ နှောင့်ယှက်မှုများကိုခံရသည့်အခါ စိတ်ငြိမ်ငြိမ်ထားနေနိုင်ရန်ခက်ခဲလှသည်။
ထို့ပြင် အစီအရင်ဖြင့်ပြုလုပ်ထားသော ရေစီးသန်လှသောရေတံခွန်နှင့်ရင်ဆိုင်နေရသောကြောင့် ပို၍ပင်ဆိုးသေးသည်။
ရေတံခွန်၏ရိုက်ခတ်မှုအောက်တွင် အတွေးများကိုအာရုံပြောင်းပစ်ရန်မှာ ပို၍ပင်ခက်ခဲလှသည်။
ဖြစ်စဉ်တစ်ခုလုံးမှာ သုံးရက်ခန့်ကြာသွားခဲ့သည်။
ယဲ့ချိုးပိုင် မျက်လုံးကိုဖွင့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်းမတ်တတ်ထရပ်လိုက်ရင်း သစ်သားဓားကိုထုတ်ယူလိုက်သည်။
ထိုအခိုက်တွင် ယဲ့ချိုးပိုင်၏အမြုတေ၊ စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့မှာ အထွတ်အထိပ်အနေအထားသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်၏။
သူ ၎င်းတို့ကို တမင်တကာဖိနှိပ်မထားချေ။
ဓားဆန္ဒတန်းများက သူ့ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာပြီး သစ်သားဓားကို ဖြည်းဖြည်းချင်းရစ်ပတ်ပစ်လိုက်လေသည်။ အပြင်ကိုစိမ့်ထွက်သွားခြင်း လုံးဝမရှိပေ။ ထို့နောက် သူ ဓားကိုလွှဲယမ်းပစ်လိုက်၏။
ပြောင်းလဲမှုကား မရှိ။ ဘာမှလည်းဖြစ်မလာပေ။
သို့သော် ဓားသွားက ကျောက်တုံးကြီးကိုရိုက်ခတ်မိသွားချိန်မှာ ခပ်နက်နက်ဓားရာတစ်ချက် ထွင်းထုပြီးသားဖြစ်သွားလေသည်။
ဤတစ်ခေါက်မှာတော့ ဓားချက်တစ်ချက်သာ ထုတ်သုံးလိုက်ရသော်လည်း ဓားရာတစ်ခုကိုတော့ ထွင်းထုလိုက်နိုင်သည်။
ဓားချက်တစ်ချက်ရိုက်ခတ်အပြီးမှာ ဝိညာဉ်ရေးရာချီစွမ်းအင်များကလည်း ပွင့်ထွက်လာချေသည်။
၎င်းမှာ ဝိညာဉ်ရေးရာချီစွမ်းအင်ဝဲဂယက်ကြီးအဖြစ်ပြောင်းလဲသွားပြီး ယဲ့ချိုးပိုင်ကိုဝိုင်းရံထားလိုက်သည်။
အဆင့်ဖြတ်ကျော်ထိုးဖောက်လိုက်လေခြင်း…။
မူလကတည်းက ယဲ့ချိုးပိုင်၏ဒန်းထျန်ထဲရှိ ဝိညာဉ်ရေးရာချီစွမ်းအင်မှာ အပြီးပြည့်စုံဆုံးအဆင့်သို့ ရောက်ရှိနေပြီးဖြစ်၏။
ဒုတိယမြောက်ဒန်းထျန်ဖြစ်သော ဓားသွားဒန်းထျန်ပင်။
၎င်းမှာ ဝိညာဉ်ရေးရာချီစွမ်းအင်များကို စုစည်းပစ်လိုက်ပြီဖြစ်၏။ အဆင့်ဖြတ်ကျော်ထိုးဖောက်နိုင်ဖို့မှာ အနှေးနှင့်အမြန်သာဖြစ်လေသည်။
သူ့စိတ်အစဉ်ကိုတည်ငြိမ်အောင်ပြုလုပ်နိုင်သည်နှင့် အဆင့်ဖြတ်ကျော်ထိုးဖောက်နိုင်သွားပြီဖြစ်၏။
ဝိညာဉ်ရေးရာချီစွမ်းအင်ဝဲဂယက်ကြီးက ပတ်ပတ်လည်ရှိ သန့်စင်လှသောဝိညာဉ်ရေးရာချီစွမ်းအင်ကို စုပ်ယူပစ်လိုက်သည်။
စံအိမ်တော်ထဲတွင် စိတ်ဝိညာဉ်စုစည်းရေးအစီအရင်တစ်ခုရှိ၏။ ဝိညာဉ်ရေးရာချီစွမ်းအင်က အလွန်တရာသန့်စင်ပြီးသိပ်သည်းလှသည်။
ဝဲဂယက်ကြီးက ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ထဲကို လုံးဝဝင်ရောက်သွားပြီးနောက်မှာ သူ့အရှိန်အဝါများလည်း ပွင့်ထွက်လာလေတော့သည်။
သူသည် ရေအလျဉ်ပြည့်လျှံရေးအထွတ်အထိပ်အဆင့်သို့ ဝင်ရောက်နိုင်လိုက်ပြီဖြစ်၏။
နောက်ထပ်ရက်နှစ်ဆယ်ကုန်လွန်သွားပြီး ယဲ့ချိုးပိုင်ကလည်း ဧရာမကျောက်တုံးကြီးပေါ်၌ ဓားချက်တစ်ရာခန့် ထွင်းထုနိုင်ခဲ့ပြီဖြစ်၏။
ဤလေ့ကျင့်မှုအပြီးမှာ ယဲ့ချိုးပိုင် အဆင့်ဖြတ်ကျော်နိုင်ခဲ့လေသည်။ ဓားသိုင်းတာအိုသိမြင်မှုလည်း သိသိသာသာတိုးတက်လာသည်။
ယခုနေသာ သူ လီယုန်ကို ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားဖြင့် တိုက်ခိုက်ပါက တစ်ဖက်လူအနေနှင့် ကိုယ့်ကိုယ်ကိုယ်ကျင့်စဉ်ဖျက်ပြေးသွားသည့်အတွက် တန်ရာတန်ကြေးပြန်ပေးရလိမ့်မည်ဖြစ်၏။ သူ တစ်ခါတည်းသေဆုံးသွားနိုင်ပေသည်။
ယဲ့ချိုးပိုင် တောင်တန်းများကြားက ထွက်လာပြီး စံအိမ်တော်ကိုပြန်သွားလိုက်သည်။ လုချန်ရှန်းမှာ အသီးအရွက်ဥယျာဉ်ထဲမှာ ရေလောင်းပေါင်းသင်၍ မြေသြဇာကျွေးနေလေသည်။
ယဲ့ချိုးပိုင်ရောက်လာသည်ကိုမြင်လိုက်ရသောအခါ သူ စကားဆိုလိုက်လေသည်။
“ဟင် မင်းပြီးသွားပြီလား”
ယဲ့ချိုးပိုင်ကလည်း လက်အုပ်ချီလိုက်ပြီး တရိုတသေပြန်ဖြေရှာ၏။
“ဆရာ ကျွန်တော်ပြီးမြောက်အောင်လုပ်ခဲ့ပါပြီ”
“အားလုံးက ဆရာသတိပေးတဲ့ကျေးဇူးကြောင့်ပါ။ အဲ့လိုမှမဟုတ်ရင် ကျွန်တော့်အဆင့်တက်နှုန်းက ရပ်နေဦးမှာ”
ထိုစကားကြောင့် လုချန်ရှန်းတစ်ယောက် မှင်တက်သွားရလေသည်။
အမ်.. ငါ ဘယ်တုန်းက မင်းကိုသတိပေးခဲ့လို့လဲဟ.. ငါမပေးခဲ့ဖူးဘူးထင်တာပဲနော် ဟုတ်တယ်မလား…
လုချန်ရှန်း တစ်ခုခုပြောတော့မည့်ဆဲဆဲမှာပင် ချင်းထျန်းနျန်ပေါ်လာခဲ့သည်။
ထိုအခြင်းအရာကိုမြင်သော် လုချန်ရှန်း၏မျက်နှာမှာမည်းခနဲ။
ချင်းထျန်းနျန်ရောက်လာသည့်အချိန်တိုင်း ကောင်းတာတစ်ခုမှဖြစ်မလာချေ။
ထင်ထားသည့်အတိုင်းပင် ချင်းထျန်းနျန်က လုချန်ရှန်းနားကိုလျှောက်သွားပြီး သြရှရှအသံဖြင့် စကားဆိုလာ၏။
“နေမဝင်အင်ပါယာရဲ့တိုက်ခိုက်မှုတွေက ပိုပိုပြီးကြမ်းကြုတ်ရက်စက်လာပြီ။ မြောက်ပိုင်းမှာရှိတံအင်အားစုတွေလည်း ထိန်းထားနိုင်တော့မှာမဟုတ်ဘူး”
“အခုဆိုရင် မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်က အရှေ့၊အနောက်နဲ့တောင်ပိုင်းဒေသတွေအပြင် ပင်မကျောင်းတော်ကိုပါ အကူအညီတောင်းလာပြီ”
ငါ ဘာပြောခဲ့လဲ…
လုချန်ရှန်း ဆွံ့အသွားရချေသည်။
ယဲ့ချိုးပိုင်၏အမူအရာကလည်း ပျက်ယွင်းသွားလေသည်။
“ဆရာ”
ယဲ့ချိုးပိုင်၏စိတ်ပိုင်းဖြတ်ထားသောအကြည့်ကို မြင်လိုက်ရသည့်အခါ လုချန်ရှန်းလည်း ထပ်တားမနေတော့ပေ။ သူ့လက်ကိုဝှေ့ယမ်းလျက်ပြောလိုက်ရသည်။
“မင်းသွားရင်လည်းသွားပေါ့’
ယဲ့ချိုးပိုင် ဝမ်းသာသွားသည်။
ချင်းထျန်းနျန်ကခေါင်းညိတ်လိုက်ချေသည်။
“ဒါဆိုလည်း ငါ ယဲ့ချိုးပိုင်ကို မြောက်ပိုင်းဒေသဆီခေါ်သွားလိုက်မယ်”
ထိုအချိန်၌ ဟုန်ရင်ကဝင်ပြောလာသည်။
“ယွင်မင်ကိုပါခေါ်သွားလိုက်”
ယဲ့ချိုးပိုင် ခေါင်းညိတ်သဘောတူလိုက်သည်။
သူ့လက်ရှိခွန်အားဖြင့်ဆိုလျှင် စစ်ပွဲ၏အခြေအနေကိုပြောင်းလဲပစ်ဖို့ မလုံလောက်ပေ။
ယွင်မင်၏လက်ရှိခွန်အားမှာ တစ်ဝက်ကျော်ခန့်ပြန်လည်သက်သာလာလေပြီသာ။ သူသည် အာကာသနတ်ဘုရားအလယ်အလတ်အဆင့်ကို ရောက်ရှိနေပြီဖြစ်၏။
ယွင်မင်ကလည်း ဟုန်ရင်၏အမိန့်ဆိုလျှင် မနာခံရိုးထုံးစံမရှိချေ။ သူဟာ သူ့လှံတံကိုစွဲကိုင်၍ ယဲ့ချိုးပိုင်၏နံဘေးကို လျှောက်သွားလိုက်သည်။
ထိုအခြင်းအရာကိုမြင်သော် ချင်းထျန်းနျန်ကလည်း အသာအယာခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ။ အခုချက်ချင်းထွက်ခွါကြရအောင်”
ယဲ့ချိုးပိုင်တို့တစ်စု ထွက်ခွါကြတော့မည့်ဆဲဆဲ၌ လုချန်ရှန်းက တားလိုက်လေသည်။
“နေဦး”
ယဲ့ချိုးပိုင် လှည့်ကြည့်လိုက်လေရာ လုချန်ရှန်းက ဓားမြောင်သေးသေးလေးတစ်ချောင်းကို ပစ်ပေးလာသည်။ ယဲ့ချိုးပိုင်လည်း ထိုဓားကိုယူ၍ သိချင်စိတ်ဖြင့်မေးလိုက်မိသည်။
“ဆရာ ဒါက…”
လုချန်ရှန်းလည်း လက်ကိုဝှေ့ယမ်းလျက် စိတ်မရှည်စွာစကားဆိုလာချေသည်။
“ယူထားလိုက်။ အရေးပေါ်အခြေအနေမှာ ဒါက မင်းအသက်ကိုကယ်ပေးနိုင်တယ်”
ယဲ့ချိုးပိုင် မြောက်ပိုင်းဒေသကိုသွားလိမ့်မည်ဖြစ်ကြောင်း လုချန်ရှန်းသိထားပြီးသားပင်။ ထို့ကြောင့် သူဤဓားမြောင်လေးကိုလုပ်ထားခြင်းဖြစ်ပြီး သူ့ကိုပေးလိုက်ခြင်းပင်။
ယဲ့ချိုးပိုင်၏နှလုံးသားလေးခမျာ နွေးထွေးသွားရလေသည်။ သူ ပြုံးထားရင်းပြောလိုက်မိသည်။
“ကျေးဇူးတင်ပါတယ် ဆရာ”
သူ့စကားအဆုံးမှာတော့ ချင်းထျန်းနျန်နှင့်အတူ ထွက်သွားလေတော့သည်။
ဟုန်ရင်က မုကျီချင်းကိုကြည့်၍စကားဆိုလိုက်၏။
“မင်းရော သူတို့နောက်ကိုလိုက်မသွားတော့ဘူးလား”
မုကျီချင်းက ထိုစကားကိုကြားသော် ခေါင်းခါယမ်းလိုက်လေသည် ထွက်ခွါသွားသောယဲ့ချိုးပိုင်၏ပုံရိပ်ကိုကြည့်ရင်း သူ(မ)ပြန်ဖြေလိုက်ချေသည်။
“လက်ရှိအချိန်မှာ ကျွန်မက ကျင့်ကြံစဉ်ပဲပိုင်ဆိုင်ထားသေးတာ။ တိုက်ခိုက်ရေးအတွေ့အကြုံမရှိသေးဘူးလေ။ သူ့နောက်လိုက်သွားရင် ပြဿနာပဲရှာမိမှာစိုးလို့”
ထိုအချိန်မှာ မြောက်ပိုင်းဒေသရှိဂိုဏ်းများနှင့် တော်ဝင်မိသားစုများမှာ သူတို့ဂိုဏ်းဂဏများကို ကံကြမ္မာစေညွှန်ရာအတိုင်းထားလိုက်ပြီး လျှို့ဝှက်တာအိုကျောင်းတော်ဆီသို့ ခိုလှုံလာကြသည်။
နေမဝင်အင်ပါယာဘက်က ပိုမိုကြမ်းကြုတ်ရက်စက်လာသည့်အတွက် စစ်ကြောင်းထိုးခြင်းကိုပိတ်ထားလိုက်သည်။
အဖွဲ့သုံးခုကလည်း သူတို့တပ်သားများကို တစ်ပြိုင်တည်းပို့လာပြီး မြောက်ပိုင်းဒေသရှိဂိုဏ်းဂဏအမျိုးမျိုးကိုဖိနှိပ်လိုက်လေသည်။
ဆုံးရှုံးမှုကြီးမားသည်ဆိုသော်ငြား ဂိုဏ်း၏ရှင်သန်ရပ်တည်ရေးကိုထိန်းသိမ်းရန်အတွက်ဆိုပါက ယခုလိုလုပ်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိ။
မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်…
ညီလာခံခန်းမထဲတွင် ဂိုဏ်းခေါင်းဆောင်များနှင့် မိသားစုခေါင်းဆောင်များမှာ အတူတကွစုဝေးနေကြလေသည်။
ခန်းမကြီးထဲရှိလေထုကား ငြိမ်သက်နေချေသည်။
တစ်စုံတစ်ယောက်က စကားစလာလေသည်။
“ခေါင်းဆောင်ဝူ.. စစ်ကူတွေရောက်မလာသေးဘူးလား”
အခြားတစ်ယောက်ကလည်း ဝင်ပြောလာသည်။
“သူတို့မလာရင်တော့ ကျုပ်တို့တည်ဆောက်ထားတဲ့ ဒုတိယခုခံရေးစည်းကျိုးပျက်သွားတော့မှာကိုစိုးရိမ်မိတယ်”
ဝူဒီရှီခမျာ တိတ်ဆိတ်နေချေသည်။ အကူအညီတောင်းခံရေးအတွက်တော သတင်းပါးလိုက်ပြီးပြီဖြစ်၏။
ယခုအချိန်မှာ စောင့်နေရုံသာတတ်နိုင်ပေသည်။
Good