Switch Mode

အခန်း (၁၅၅)

အုံ့ပုန်း

မြောက်ပိုင်းဒေသတစ်ခုလုံး အထိတ်တလန့်ဖြစ်နေကြလေသည်။ နေမဝင်အင်ပါယာဖြတ်သန်းသွားရာနေရာတိုင်းမှာ သူတို့က ဂိုဏ်းတော်များကို အမြစ်ဖြတ်ချေမှုန်းခဲ့ရုံသာမက လမ်းမှာတွေ့သမျှ သေမျိုးကျင့်ကြံသူများနှင့် လူရမ်းကားကျင့်ကြံသူများကိုပါ အလွတ်မပေးချေ။

လူတိုင်းအား ထိတ်လန့်ပြီး ပဟေဋ္ဌိဖြစ်စေသောအရာမှာ လူရမ်းကားကျင့်ကြံသူများနှင့်သေမျိုးများ၏ကျန်ရစ်ခဲ့သောအလောင်းမှာ အရေခွံကလွဲ၍ ဘာမှမကျန်ရစ်ခဲ့သည့်အကြောင်းပင်။

အသွေးအသားရယ်လို့လည်း မကျန်သလို အရိုးလည်းတစ်စုမှမကျန်ရစ်ခဲ့ပေ။ လူအများကိုထိတ်လန့်စေလိုသည့်အတွက် တစ်စုံတစ်ယောက်က သူတို့အသွေးအသားများခြောက်သွေ့သွားသည်အထိ စုပ်ယူခဲ့သည့်အလားပင်။

သူတို့က မြောက်ပိုင်းဒေသတစ်ခုလုံးကို သိမ်းပိုက်အောင်မြင်လုနီးပါးဖြစ်လာသဖြင့် အခြားနယ်မြေများကို ဦးတည်လိုက်ချေသည်။ စစ်မြေပြင်နောက်တော်ပါး၌မူ ဟွမ်းယီထုံက ထိုသတင်းကိုရလိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်သိုင်းကျင့်ကြံနေသောဟွမ်းယီထုံကို ကြည့်လိုက်လေသည်။

ဤအခိုက်အတန့်လေးမှာ သူ ဟွမ်းထျန်းမင်ကိုမရင်းနှီးတော့သလို ခံစားလိုက်ရ၏။ ဟွမ်းယီထုံ မျက်မှောင်ကြုတ်လျက် စကားဆိုလိုက်ချေသည်။

“ထျန်းမင်…. မင်းရဲ့လုပ်ရပ်က တအားလွန်လွန်းနေပြီ”

ဟွမ်းထျန်းမင်က မျက်လုံးအစုံကိုပိတ်ထားရင်း ခပ်ဖြည်းဖြည်းစကားပြန်လိုက်၏။

“ဘာလို့လဲ”

“ဒီလုပ်ရပ်က နောင်အနာဂတ်ကျရင် မြောက်ပိုင်းဒေသထဲမှာရှိတဲ့ နေမဝင်အင်ပါယာရဲ့ရပ်တည်မှုအတွက် အကျိုးယုတ်စေတယ်”

“ငါတို့ မြောက်ပိုင်းဒေသကိုအုပ်စိုးနိုင်ခဲ့ရင်တောင်မှ လူတွေရဲ့နှလုံးသားကိုတော့ သိမ်းပိုက်နိုင်မှာမဟုတ်တော့ဘူး”

ထိုစကားကိုကြားသော် ဟွမ်းထျန်းမင်က မျက်လုံးဖွင့်လာပြီး နှာမှုတ်လိုက်ချေသည်။

“လူတွေရဲ့နှလုံးသားလား။ အဲ့ဒါက ဘာမို့လို့လဲ”

ဟွမ်းယီထုံတစ်ယောက် မှင်တက်သွားရှာလေသည်။

“ဒီကမ္ဘာကြီးထဲမှာ အားကြီးသူရဲ့စကားတစ်ခွန်းက အာဏာပဲ”

“အားနည်းသူတွေက တခြားလူရဲ့သုတ်သင်သတ်ဖြတ်မှုကို ခံရမှာပဲလေ။ ခွန်အားသန်မာတောင့်တင်းနေသရွေ့တော့ တခြားလူတွေဆီက ထောက်ခံမှုကို မရတော့လည်းဘာဖြစ်သေးလဲ”

“လူတိုင်း ဒူးထောက်အရှုံးပေးကြရတာပဲမဟုတ်ဘူးလား”

ဟွမ်းယီထုံ၏အမူအရာမှာ သုန်မှုန်သွားချေသည်။ သူကိုယ်တိုင်ပင်လျှင် ဟွမ်းထျန်းမင်ကို သည့်ထက်ပိုပြီးအသိအမှတ်မပြုနိုင်တော့ပေ။သို့သော် လက်ရှိမှာ ဟွမ်းထျန်းမင်အနေနှင့် ဘာမှထပ်မပြောနိုင်ချေ။ သူ သက်ပြင်းချလျက်သာ စကားပြန်လိုက်ရသည်။

“ထျန်းမင်.. မင်းဆက်တစ်ခုတည်ထောင်တာက ခွန်အားတစ်ခုတည်းနဲ့မလုံလောက်ဘူး။ လူတွေရဲ့နှလုံးသားကိုသိမ်းပိုက်နိုင်ဦးမှ..။ မင်း ဒါကိုနားလည်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”

ဟွမ်းထျန်းမင်ကား တုံ့ပြန်မှုမရှိပေ။

သို့သော် သူ ဟွမ်းယီထုံ၏စကားများကိုတော့ လှောင်ပြောင်သရော်လိုက်ချေသည်။ နေမဝင်အင်ပါယာပျက်စီးသွားမည့်အရေးကို သူလုံးဝဂရုမစိုက်သည်ကိုတော့ ပြောနေစရာပင်မလိုချေ။

ထိုသို့ဆိုလျှင်ပင် သူ့မှာ ခွန်အားရှိနေသရွေ့တော့ ခြေကုပ်မယူထားနိုင်စရာ ဘာရှိမှာလဲ။

စံအိမ်တော်တွင်မူ လူတိုင်း သိုင်းကျင့်ကြံနေကြပြန်သည်။

မုဝမ်အာက စိတ်တန်ခိုးရှင်ဘုံထဲမှ ပြန်လာခဲ့ပြီးနောက် ဆေးဝါးများအကြောင်းကို ပို၍ဝီရိယရှိရှိလေ့လာလေတော့သည်။ သူ(မ)တွင် ထူးဆန်းလှစွာသောအကြံဉာဏ်ပေါင်းများစွာရှိပြီး အသုံးဝင်သောဆေးပေါင်းများစွာလည်း ဖော်စပ်နိုင်ခဲ့သည်။

နင်းချန်ရှင်းကတော့ သူ့ကိုယ်သူအခန်းထဲမှာပိတ်လှောင်ထားပြီး သူ့ကိုယ်ပိုင်တာအိုအကြောင်း တွေးတောနေချေသည်။ အနာဂတ်မှာ သူဘာလုပ်သင့်လေသလဲ။

တစ်ဖက်တွင်မူ မဟူရာက မြောက်ပိုင်းဒေသကိုချီတက်သွားလေသည်။ စိတ်တန်ခိုးရှင်ဘုံထဲက ထွက်လာခဲ့ပြီးနောက်တွင် မဟူရာက ထာဝရမိစ္ဆာကိုယ်ထည်၏ပထမအဆင့်ကို ကျင့်ကြံပြီးမြောက်သွားခဲ့၏။

ဒုတိယအဆင့်ကား အလွန်အမင်းအေးစက်လှသောနေရာမျိုးကို လိုအပ်ပေသည်။ သို့သော် တောင်ပိုင်းဒေသတွင် အလွန်အမင်းအေးလှသောနေရာမျိုးမရှိချေ။ ရေခဲဓားဝိညာဉ်ပင်ဖြစ်စေကာမူ သာမန်ရေခဲဆန္ဒဘုံတစ်ခုက အလွန်အမင်းအေးလှသည်ဟုမဆိုနိုင်ချေ။

ဟုန်ရင်၏လမ်းညွှန်မှုအရ မြောက်ပိုင်းဒေသ၏မြောက်ဘက်အစွန်ဆုံးအရပ်တွင် ထိုကဲ့သို့သောနေရာမျိုးရှိကြောင်းသိလိုက်ရသည်။

မဟူရာလည်း သူ့ခန္ဓာကိုယ်ကိုသန့်စင်ဆေးကြောရန်အတွက် မြောက်ပိုင်ဒေသ၏အအေးဆုံးနေရာဆီသို့ ထွက်ခွာလာခဲ့ပြီး ထာဝရမိစ္ဆာကိုယ်ထည်ကို ကျင့်ကြံအားထုတ်လေတော့သည်။

ဟုန်ရင်ကလည်း သူ(မ)၏ခွန်အားကို မြန်နိုင််သမျှမြန်မြန်ပြန်ရအောင် တစ်နေ့လုံးကြိုးစားကျင့်ကြံနေချေသည်။

ယဲ့ချိုးပိုင်လည်း သိုင်းကျင့်ကြံနေသည်သာ။

သို့သော် မုကျီချင်းကတော့ ယဲ့ချိုးပိုင်တစ်ယောက် မတည်မငြိမ်ဖြစ်နေကြောင်း အတပ်ပြောနိုင်လေသည်။ သူဟာ သိုင်းကျင့်ကြံနေရင်းဖြင့် မြောက်ပိုင်းဒေသရှိရာဘက်ကို မကြာခဏမျှော်ကြည့်နေတတ်သည်။

လက်ရှိအချိန်မှာလည်း ယဲ့ချိုးပိုင်က သူ့ကျင့်ကြံမှုကိုအပြီးသတ်ပြီးနောက် မြောက်ပိုင်းဒေသရှိရာဘက်ကို လှမ်းကြည့်နေပြန်လေသည်။ သူ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှည်ကြီးချနေမိသည်။

မုကျီချင်းလည်း ရှေ့ကိုလျှောက်လာလိုက်ပြီး ယဲ့ချိုးပိုင်ဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူ(မ) ညင်သာစွာစကားဆိုလာလေ၏။

“ဘာဖြစ်တာလဲ။ မြောက်ပိုင်းဒေသအကြောင်း ထပ်စဉ်းစားနေပြန်ပြီလား”

ယဲ့ချိုးပိုင်လည်း ခါးသက်သက်ပြုံးလျက် ခေါင်းညိတ်ပြလိုက်ရသည်။

နေမဝင်အင်ပါယာမှာ သူ့နှလုံးသားထဲက ကြိုးထုံးတစ်ခုဖြစ်နေခဲ့ခြင်းပင်။ ၎င်းမှာ သူ၏ပထမဆုံးပစ်မှတ်လည်း ဖြစ်နေပြန်သည်။

သူ့လက်ထဲတွင် ဓားတစ်လက်ကိုကိုင်စွဲ၍ ပြောခဲ့ဖူးသည်။ နောင်အနာဂတ်တွင် သူ ဓားကိုင်စွဲ၍ နေမဝင်အင်ပါယာကို ပြားပြားဝပ်သွားအောင်ချေမှုန်းပစ်မည်ဟုပင်။

ယခုတော့ နေမဝင်အင်ပါယာက မြောက်ပိုင်းဒေသကိုပေါင်းစည်းရန်အတွက် စစ်ပွဲတစ်ခုကို အစပျိုးလာခဲ့သည်။ သူတို့ဟာ လူသားများ၏ဘဝကို ခက်ခဲကြမ်းတမ်းစေခဲ့သည်။ ဤသည်မှာ ကောင်းသောလုပ်ရပ်မျိုးမဟုတ်ပေ။

သို့သော် သူ မတရားမှုနှင့်ရင်ဆိုင်ကြုံကြိုက်ခဲ့ပါက ထိုအရာကိုကူညီဖြေရှင်းသင့်သည်သာ။

မုကျီချင်းက ယဲ့ချိုးပိုင်၏အတွေးများကို ရိပ်စားမိဟန်တူပြီး သူ့အားနှစ်သိမ့်ပေးလေတော့သည်။

“ခေါင်းဆောင်ချင်းနဲ့ စီနီယာလုတို့ပြောတာ အမှန်ပဲလို့ ကျွန်မထင်တယ်။ ရှင် အခုလုပ်ရမှာက ရှင့်ခွန်အားကိုတိုးတက်အောင်ကြိုးစားဖို့ပဲ”

“လက်ရှိမှာ ရှင်က စစ်ပွဲရဲ့ရလဒ်ကို ပြောင်းလဲပေးနိုင်စွမ်းမရှိသေးဘူး”

သူ(မ)၏ရုပ်ပိုင်းဆိုင်ရာပြဿနာကို ဖြေရှင်းပြီးကတည်းက မုကျီချင်း၏အဆင့်မှာ လျင်လျင်မြန်မြန်တိုးတက်လာခဲ့သည်။ ယဲ့ချိုးပိုင်က ခါးသက်သက်ပြုံးလိုက်လေသည်။

“ငါ ဒါကိုဘယ်လိုလုပ်မဖော်ထုတ်နိုင်ရတာလဲ။ ဒါပေမဲ့ ငါ စိတ်ငြိမ်အောင်လည်းမထားနိုင်သလို ဖြေရှင်းစရာနည်းလမ်းလည်း ရှာမတွေ့ဘူး”

ထိုကိစ္စအတွက်တော့ မုကျီချင်းလည်း ယဲ့ချိုးပိုင်၏နှလုံးသားထဲရှိအထုံးကို ကူမဖြေပေးနိုင်ချေ။

နံဘေးတွင်ရှိနေသောလုချန်ရှန်းက ယဲ့ချိုးပိုင်ကိုကြည့်၍ပြောလိုက်သည်။

“ကဲ အဲ့ဒီအကြောင်းထပ်တွေးမနေနဲ့တော့။ ငါနဲ့လိုက်ခဲ့”

ဤသို့ဖြင့် လုချန်ရှန်း မတ်တတ်ထရပ်လိုက်ပြီး စံအိမ်တော်၏အနောက်ဘက်သို့ လျှောက်သွားလေသည်။ ယဲ့ချိုးပိုင်ကတော့ အံ့သြမှင်တက်သွားပြီးနောက် နောက်ကလိုက်သွားလိုက်၏။

စံအိမ်တော်၏နောက်ဘက်တွင် မြင့်မားလှသောတောင်တန်းတစ်လုံးရှိသည်။

လုချန်ရှန်း တောင်တန်း၏အတွင်းနက်နက်ထဲသို့ဝင်သွားလိုက်ပြီးနောက် ရေတံခွန်တစ်ခုဆီသို့ ရောက်လာခဲ့သည်။

ရေတံခွန်အရွယ်အစားက သိပ်မကြီးသော်ငြား ရေစီးကတော့သန်လှသည်။ ရေကန်ထဲကို ဥက္ကာပျံအလားစီးဆင်းလာသည်မှာ ဗွမ်းခနဲရေများဖိတ်စဉ်သည်အထိပင်။

ထိုရေတံခွန်ကြီးက လိုက်ကာသဏ္ဌာန်ရေစီးကြောင်းကို ဖြစ်ပေါ်နေစေပြီး ထိုလိုက်ကာသဏ္ဌာန်ရေစီးကြောင်းထဲတွင်မူ ဧရာမကျောက်တုံးတစ်တုံးရှိလေသည်။

ထိုကျောက်တုံးပေါ်တွင် မရေမတွက်နိုင်သောဓားရာများ၊ လှံတံပေါက်များနှင့် လက်သီးရာများကို ထွင်းထုထားချေသည်။

သို့သော် ထိုကျောက်တုံးကြီးကတော့ ရေကန်အလယ်၌ မြဲမြဲမြံမြံရပ်တည်နေဆဲပင်။ ၎င်းမှာ မားမားမတ်မတ်ရပ်တည်နေဆဲသာ။ ရေတံခွန်၏ပြင်းထန်လှသောရေစီးကြောင်းအောက်မှာပင် ထိုကျောက်တုံးကြီးမှာ ယိုယွင်းပျက်စီးနေသောလက္ခဏာလုံးဝမရှိချေ။

လုချန်ရှန်းက ရေကန်ဘေးကိုလျှောက်လာပြီး လေရေတိုက်စားခံထားရသောကျောက်တုံးကြီးကို ညွှန်ပြလိုက်သည်။

“အရင်က လူအိုကြီးက အဲ့ဒီကျောက်တုံးနဲ့ တပည့်တွေကိုကျင့်ကြံအားထုတ်ခိုင်းခဲ့တာ”

လူအိုကြီးတဲ့လား။

ယဲ့ချိုးပိုင်မှာ တုံ့ပြန်မှုတစ်ခုခုမပေးနိုင်ခင်မှာ ခဏမျှမှင်တက်သွားမိသည်။ ထိုလူမ စံအိမ်တော်၏ပိုင်ရှင်ဟောင်းပင်ဖြစ်၏။

“အဲ့ဒီကျောက်တုံးနဲ့ မင်း ဓားသိုင်းလေ့ကျင့်လို့ရတယ်။ တကယ်လို့ အဲ့ဒီကျောက်တုံးပေါ်မှာ မင်း ဓားရာအချက်တစ်ရာထွင်းနိုင်တယ်ဆိုရင် မြောက်ပိုင်းဒေသကိုသွားခွင့်ပေးမယ်”

ယဲ့ချိုးပိုင် ခေါင်းညိတ်လိုက်သည်။ ထိုကျောက်တုံးကြီးပေါ်သို့ သူ လွှားခုန်လိုက်သည်။ သို့သော် ထိုကျောက်တုံးပေါ်၌ သူရပ်လိုက်ရုံသာရှိသေး ပြင်းထန်လှသောရေတံခွန်စီးကြောင်းကြီးက သူ့အား တိုက်ချလေတော့သည်။

ထိုရေစီးကြောင်းမှာ ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ပေါ်သို့ ပြိုကျလာသည်။

ယဲ့ချိုးပိုင်လည်း အမူအရာပြောင်းသွားရလေသည်။ ရေစီးကြောင်းအဟုန်မှာ ငါးထောင်ကီလိုဂရမ်ခန့်လေးလှသည်။ ထိုရေစီးကြောင်းအောက်သာ ပိသွားမည်ဆိုပါက သူ့ခန္ဓာကိုယ်လည်း ပြင်းထန်လှသောနာကျင်မှုကို ခံစားရပေလိမ့်မည်။

ထို့ပြင် သာမန်လူတစ်ယောက်ပင် ထိုကျောက်တုံးပေါ်မှာ မြဲမြဲမြံမြံမရပ်နိုင်ချေ။

“အိုး ဟုတ်သား။ မင်း သစ်သားဓားကိုပဲသုံးလို့ရမယ်”

လုချန်ရှန်း၏စကားကိုကြားသောအခါ ယဲ့ချိုးပိုင် အံတင်းတင်းကြိတ်၍ သစ်သားဓားကိုထုတ်လိုက်သည်။ သူ ဓားကိုလွှဲယမ်းလိုက်ချင်သော်လည်း ဓားကိုလွှဲယမ်းလိုက်သည့်အခါ ရေစီးသန်လှသောထိုရေတံခွန်ကြောင့် မြဲမြဲမြံမြံရပ်တည်နိုင်စွမ်းမရှိတော့ချေ။

သူ ရေကန်ထဲသို့ပြုတ်ကျသွားလေတော့သည်။

ယဲ့ချိုးပိုင်၏အမူအရာမှာ တည်ငြိမ်နေသည်။ သူ ရေထဲကပြန်ထွက်လာပြီး ကျောက်တုံးကြီးပေါ်မှာ ထပ်ရပ်လိုက်ပြန်၏။

သို့သော် အခြေအနေကား တစ်ပုံစံတည်းသာ။ သူ မတ်တတ်ပင်ကောင်းကောင်းမရပ်နိုင်ပေ။

ထိုအခြင်းအရာကိုမြင်သော် လုချန်ရှန်းလည်း စိတ်သက်သာရာရဟန်သက်ပြင်းချလိုက်၏။

ဤရေတံခွန်မှာ သာမန်ထက်ထူးကဲလေသည်။ ထိုရေတံခွန်ထဲတွင် အလေးချိန်အစီအရင်တစ်ခုထွင်းထုထားသည်။

ထို့ပြင် သူအဆင့်မြှင့်လိုက်ပြီးသည့်နောက်မှာ ဤအလေးချိန်အစီအရင်၏ခွန်အားက ယခင်ကထက် ပိုအားကောင်းသွားချေသည်။

ဤနည်းလမ်းဖြင့် ယဲ့ချိုးပိုင်ကို စံအိမ်တော်ထဲမှာဆက်နေနိုင်အောင် ကြံဆောင်ရပေလိမ့်မည်။

အပြင်ထွက်ပြီး ငါ့ကိုပြဿနာလာမပေးနဲ့..

မြောက်ပိုင်းဒေသ၌ဖြစ်ပျက်နေသောအရာများမှာ သူနှင့်မဆိုင်ပေ။

ယဲ့ချိုးပိုင်သာ မြောက်ပိုင်းဒေသကိုသွားမည်ဆိုပါက သေချာပေါက်ပြဿနာတက်ပေလိမ့်မည်။ ထိုအချိန်ကျလျှင် လုချန်ရှန်းက သူ့နောက်လိုက်ပြီး အရှုပ်ထုပ်များကို ရှင်းပေးရတော့မည်ဖြစ်၏။

သူ့ကျင့်ကြံရေးကိုတားဆီးဖို့ရန်မှာ မလွယ်ကူလှပေ။ အရင်ဆုံး ဤနေရာတွင် သူ့အား သိုင်းကျင့်ကြံအားထုတ်ခိုင်းထားရမည်။

လုချန်ရှန်း ထိုသို့တွေးလိုက်မိသည်။

ရေကန်ထဲကို ထပ်ခါတလဲလဲပြုတ်ကျနေသောယဲ့ချိုးပိုင်ကို သူကြည့်ပြီး ကျေနပ်အားရမှုဖြင့်ခေါင်းတညိတ်ညိတ်လုပ်လိုက်မိသည်။ ထို့နောက် သူတစ်ဖက်ကိုလှည့်ကာ ပြန်သွားလေတော့သည်။

ယဲ့ချိုးပိုင်ကို ဒီနေရာမှာ ခဏလောက်သိုင်းကျင့်ကြံခိုင်းတာဖို့တော့လုံလောက်တယ်မလား…

တစ်လကား လျင်လျင်မြန်မြန်ကုန်ဆုံးသွားလေသည်။

မြောက်ပိုင်းဒေသထဲရှိတိုက်ပွဲကလည်း ပြင်းထန်နေဆဲပင်။ သို့သော် ဂိုဏ်းဂဏအများအပြားက အင်အားပူးပေါင်းလိုက်ကြသောကြောင့် ဂိုဏ်းပျက်စီးခြင်းကဲ့သို့သောဖြစ်ရပ်များ လျော့နည်းသွား၏။

နေမဝင်အင်ပါယာဘက်ကလည်း သက်ဆိုင်ရာအစီအစဉ်တစ်ခုဆွဲလိုက်လေသည်။ သူတို့က တပ်ဖွဲ့ကိုသုံးခုခွဲပြီး ဟွမ်းယီထုံ၏လက်အောက်ရှိ ပညာရှင်သုံးဦးကို ဦးဆောင်စေခဲ့သည်။

သူတို့က မြောက်ပိုင်းဒေသရှိဂိုဏ်းတော်များကို ဝိုင်းရံပြီး ပြောက်ကျားတိုက်ခိုက်တော့သည်။

မြောက်ပိုင်းဒေသရှိပညာရှင်များ လျှပ်တပြက်တိုက်ခိုက်မှုဆင်နွှဲလာမည့်အရေးကို ကာကွယ်ရန်အတွက် ထိုပညာရှင်များ၏အနားတွင် ခေါင်းတလားသုံးခုလည်းရှိနေချေသည်။

ဟွမ်းယီထုံကတော့ နန်းတော်ကိုတာဝန်ယူထားပြီး ဟွမ်းထျန်းမင်ကတော့ နောက်ကွယ်မှကြိုးကိုင်ခြယ်လှယ်နေပေသည်။

မြောက်ပိုင်းဒေသရှိ ဂိုဏ်းဂဏအသီးသီးအနေနှင့်လည်း ချက်ချင်းကြီး တန်ပြန်အစီအစဉ်တစ်ခု မရေးဆွဲနိုင်ခဲ့ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset