လျှို့ဝှက်ဘုံကား ပိတ်သွားလေပြီ။ အသက်ရှင်ကျန်ရစ်သူများလည်း သူတို့၏ဂိုဏ်းအသီးသီးသို့ ပြန်သွားကြလေသည်။
လူတချို့က တစ်စုံတစ်ရာရရှိလိုက်သော်လည်း တချို့ကတော့ လက်ဗလာဖြင့်ပြန်သွားရရှာသည်။ သို့သော် ပင်မဂိုဏ်းများကတော့ ထိုကိစ္စကိုဂရုမစိုက်ချေ။
ဤတစ်ခေါက်ပေါ်ပေါက်လာသော ရှေးဟောင်းလျှို့ဝှက်ဘုံ၏အဆင့်မှာ ယခင်က စိတ်တန်ခိုးရှင်ဘုံများထက် သာလွန်ပေသည်။
ဤရှေးဟောင်းလျှို့ဝှက်ဘုံထွက်ပေါ်လာခြင်းမှာ မဟာတိုက်ခိုက်ရေးခေတ်ကြီးကို တရားဝင်စတင်လိုက်လေပြီဟူသောသဘောပင်။
ပထမဆုံးအနေနှင့် လျှို့ဝှက်မျိုးနွယ်စုမှ ပါရမီရှင်တစ်ဦးထွက်ပေါ်လာပြီးနောက် လျှို့ဝှက်ပညာရှင်တစ်ဦး ပေါ်ထွက်လာသည်။ ခပ်လျှိုလျှိုနေတတ်လေ့ရှိသော ဗုဒ္ဓဂိုဏ်းတော်မှာပင်လျှင် ဗုုဒ္ဓသားတော်တစ်ပါးကို ကမ္ဘာကြီးရှေ့ထုတ်ပြလာချေသည်။
အမျိုးမျိုးသောမျိုးနွယ်စုများ၏ပါရမီရှင်များမှာ ဤခေတ်၌ ပေါ်ထွန်းလာပေသည်။
ဤသည်မှာ အကြောင်းပြချက်များထဲကတစ်ခုပင်။
တိုက်နယ်တစ်ခုလုံးကို ထိတ်လန့်စေခဲ့သောဒုတိယအချက်မှာ မြောက်ပိုင်းဒေသရှိနေမဝင်အင်ပါယာမှဖြစ်ဖျားခံလေသည်။
ယဲ့ချိုးပိုင်၏လုပ်ရပ်ကြောင့် အချိန်အတော်ကြာအောင်တိတ်ဆိတ်သွားခဲ့သော နေမဝင်အင်ပါယာမှာ ထိခိုက်ဆုံးရှုံးမှုများစွာခံစားခဲ့ရသည်။
ထိုအချိန်မှာပင် သူတို့ဘက်က မြောက်ပိုင်းဒေသရှိဂိုဏ်းဂဏပေါင်းများစွာအပေါ် လျှပ်တပြက်တိုက်ခိုက်မှုတစ်ခု စတင်လာချေသည်။ သူတို့အား မြောက်ပိုင်းဒေသရှိနံပါတ်တစ်ဂိုဏ်းတစ်ခုဟုသတ်မှတ်ရန်မလိုတော့ပေ။
ပထမဆုံးတိုက်ပွဲတွင် မြောက်ပိုင်းဒေသရှိအဓိကဂိုဏ်းတစ်ခုမှာ လျှပ်စီးအလျင်ဖြင့် အမြစ်ဖြတ်ချေမှုန်းခံခဲ့ရသည်။
ထိုဂိုဏ်းမှာ နယ်မြေလေးခုစလုံးတွင် အထူးထင်ရှားလှသောဧရာမဂိုဏ်းကြီးတစ်ခုဖြစ်သည်။ ထိုဂိုဏ်းမှာ အစီအရင်များကိုအထူးပြုထားသော အန္တိမအစီအရင်ဂိုဏ်းပင်ဖြစ်၏။
သူတို့၏အစီအရင်တည်ဆောက်မှုအခြေခံအုတ်မြစ်မှာ အလယ်ပိုင်းဒေသရှိ ကောင်းကင်ဘုံအစီအရင်မုခ်ဝနှင့်ယှဉ်လျှင် ဒုတိယနေရာတွင်ဗိုလ်စွဲလေသည်။ ထို့ကြောင့် အန္တိမအစီအရင်ဂိုဏ်းတော်ဟာ အားနည်းလှသောဂိုဏ်းတစ်ခုတော့မဟုတ်ချေ။
အာကာသနတ်ဘုရားပညာရှင်တစ်ဦး၏အကူအညီကြောင့်သာမဟုတ်ပါက သူတို့အနေနှင့် ထိုဂိုဏ်း၏အကာအကွယ်အစီအရင်ထဲကို အချိန်တိုအတွင်း ဖောက်ဝင်နိုင်မည်မဟုတ်ချေ။
နေမဝင်အင်ပါယာက အန္တိမအစီအရင်ဂိုဏ်းတော်ကို ဖျက်ဆီးလိုက်ပြီးနောက် နောင်အနာဂတ်တွင် မည်သည့်ပြဿနာမျိုးမှပေါ်မလာစေရန်အတွက် ဂိုဏ်းထဲရှိအထက်ပိုင်းမှတစ်ဆင့် အောက်ခြေပိုင်းအထိ မည်သူတစ်ဦးတစ်ယောက်ကိုမှချန်မထားဘဲ သုတ်သင်ရှင်းလင်းပစ်လိုက်သည်။
ကိစ္စများပြီးစီးသည့်အခါ တပ်ပြန်မဆုတ်သွားဘဲ တောင်ပိုင်းကိုဆက်လက်ချီတက်လေသည်။ အန္တိမအစီအရင်ဂိုဏ်းတော်၏အောက်တွင် အစိမ်းရောင်အမြုတေဂိုဏ်းရှိ၏။ သူတို့ကလည်း မြောက်ပိုင်းဒေသ၏ပင်မဂိုဏ်းတော်များဖြစ်ကြသည်။
လက်ရှိအချိန်၌ အစိမ်းရောင်အမြုတေဂိုဏ်းတစ်ခုလုံး ပွက်လောရိုက်နေလေပြီ။ စစ်ပွဲမီးတောက်များဟာ ဂိုဏ်းတစ်ခုလုံးကိုပျံ့နှံ့သွားချေသည်။
ချင်းယွမ်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်မှာ ထိုမြင်ကွင်းကို နာကျင်နေသောအမူအရာမျိုးဖြင့် ကြည့်နေလေသည်။ ထို့နောက် သူက သူ့ရှေ့ရှိလူငယ်လေးကို ဒေါသတကြီးစိုက်ကြည့်၍ အော်ဟစ်လိုက်၏။
“ဟွမ်းထျန်းမင်”
“ဒီလိုအထိကရုဏ်းမျိုးကိုဖန်တီးတဲ့အတွက် မြောက်ပိုင်းနယ်မြေတစ်ခုလုံးအင်အားပူးပေါင်းပြီး မင်းကိုပြန်ခုခံကြမှာမကြောက်ဘူးလား”
ဟွမ်းထျန်းမင်က ကြမ်းကြုတ်ရက်စက်စွာပြုံးလိုက်သည်။ သူ့ကျောပေါ်တွင် ခေါင်းတလားတစ်ခုကိုထမ်းထားရင်း ပြောလိုက်သည်။
“အဲ့ဒီတော့ရော ဘာဖြစ်လဲ။ ကျုပ်ဒီလိုမတွေးခဲ့ဘူးလို့များ ခင်ဗျားထင်နေတာလား”
ချင်းယွမ်ဂိုဏ်း၏အစိမ်းရောင်အမြုတေဂိုဏ်းခေါင်းဆောင်လည်း မှင်တက်သွားရချေသည်။
အမှန်ပင်။ သူကား ဒေါသကြောင့် စုံလုံးကန်းသွားခဲ့လေပြီ။ ထိုစကား၏နောက်ကွယ်ရှိ သဘောတရားကို သူနားမလည်ခဲ့ပေ။
ထိုကိစ္စကို ရင်ဆိုင်နိုင်သည့်အစီအစဉ်မျိုး သို့မဟုတ် ခွန်အားမျိုးသာမရှိပါလျှင် နေမဝင်အင်ပါယာအနေနှင့် ယခုလိုလုပ်ရပ်မျိုး ဘာကြောင့်များလုပ်ပါ့မလဲ။
သို့သော် အစိမ်းရောင်အမြုတေဂိုဏ်းကတော့ ထိုအရာကိုမဖော်ထုတ်နိုင်ခဲ့ချေ။
နေမဝင်အင်ပါယာက ဘယ်အရာကြောင့်များ ယုံကြည်မှုပြည့်လျှံနေရပါသလဲ။
မည်သည့်အရာကများ ဂိုဏ်းတစ်ဂိုဏ်းအား မြောက်ပိုင်းဒေသတစ်ခုလုံးကို အာခံတိုက်ခိုက်ရဲသည့်ယုံကြည်မှုမျိုးပေးနိုင်လေသလဲ။
နေမဝင်အင်ပါယာသည် မြောက်ပိုင်းဒေသတွင် အင်အားအတောင့်တင်းဆုံးဟူ ဆိုနိုင်သော်ငြား မြောက်ပိုင်းဒေသတစ်ခုလုံးရှိအင်အားစုများ ပူးပေါင်းလိုက်ပါက နေမဝင်အင်ပါယာလည်း ထိုအင်အားစုကိုတွန်းလှန်နိုင်မည်မဟုတ်ပေ။
ချင်းယွမ်ဂိုဏ်း၏အစိမ်းရောင်အမြုတေဂိုဏ်းခေါင်းဆောင်မှာ မျက်နှာပျက်နေချေသည်။
“တခြားဂိုဏ်းကလူတွေနဲ့မဟာမိတ်ဖွဲ့ထားတာများလား”
ဟွမ်းထျန်းမင်က ပြန်မဖြေဘဲ သူ့ခေါင်းကိုသာကုတ်လိုက်သည်။ အမည်းရောင်မြူခိုးတစ်ခုက ချင်းယွမ်ဂိုဏ်း၏အစိမ်းရောင်အမြုတေဂိုဏ်းခေါင်းဆောင်ဆီသို့ တိုးဝင်သွားပေသည်။
အစိမ်းရောင်အမြုတေဂိုဏ်းခေါင်းဆောင်လည်း ထိတ်လန့်သွားပြီး ခုခံကာကွယ်ရန်အတွက် အလောတကြီးလှုပ်ရှားလိုက်ရသည်။
သို့သော် အမည်းရောင်မြူခိုးအုပ်ကြီးနှင့်ရင်ဆိုင်ရသည့်အခါ ချင်းယွမ်ဂိုဏ်းခေါင်းဆောင်ခမျာ ကူကယ်ရာမဲ့သွားရရှာ၏။
အမည်းရောင်မြူခိုးအုပ်ကြီးထဲတွင် အမည်းရောင်မြူခိုးများက လက်တစ်ဖက်အသွင်ပြောင်းသွားလေသည်။ ထိုလက်ကြီးက ချင်းယွမ်ဂိုဏ်းခေါင်းဆောင်၏ဦးခေါင်းကို ဆုပ်ကိုင်လိုက်ချေသည်။
“မင်း…”
သူ စကားတစ်ခွန်းသာပြောလိုက်နိုင်သည်။
ချင်းယွမ်ဂိုဏ်းခေါင်းဆောင်၏ခန္ဓာကိုယ်ဟာ မျက်စိရှေ့မှာတင် အိုမင်းရင့်ရောိလာလေသည်။ အမည်းရောင်မြူခိုးမှ ဖြစ်တည်လာသောလက်ကြီးက အစိမ်းရောင်အမြုတေဂိုဏ်းခေါင်းဆောင်၏နုပျိုမှုချီစွမ်းအင်များကို စုပ်ယူနေခြင်းပင်။
အစိမ်းရောင်အမြုတေဂိုဏ်းခေါင်းဆောင်၏ခန္ဓာကိုယ်က စတင်ညှိုးနွမ်းခြောကပ်လာသည်။ သူ့မျက်နှာမှာ သွေးစုတ်ဖြူရော်လာချေသည်။ ထို့နောက်မှာမူ သူ့ပုံစံဟာ ညှိုးနွမ်းခြောက်ကပ်နေသောသစ်ပင်တစ်ပင်အလား ဖြစ်သွားရှာသည်။
သူ၏နုပျိုမှုချီစွမ်းအင်၊ အသွေးအသားနှင့် ဘဝသက်တမ်းတို့ကို မြူခိုးမှဖြစ်တည်လာသောထိုလက်ကြီးက ကုန်ခမ်းခြောက်သွေ့သွားသည်အထိ စုပ်ယူပစ်လိုက်ဟန်တူ၏။
တစ်ခဏအတွင်းမှာပင် အစိမ်းရောင်အမြုတေဂိုဏ်းခေါင်းဆောင်၌ အပေါ်ယံအရေပြားတစ်ခုသာ ကျန်ရစ်နေခဲ့လေတော့သည်။ ဟွမ်းထျန်းမင် ရပ်တန့်လိုက်ချေသည်။
သူက အစိမ်းရောင်အမြုတေဂိုဏ်းခေါင်းဆောင်၏အလောင်းကို စိတ်ပျက်ရွံရှာဟန်ဖြင့်စိုက်ကြည့်၍ နှာမှုတ်လိုက်သည်။
“ခင်ဗျားကများ ဂိုဏ်ခေါင်းဆောင်ဖြစ်ချင်နေတုန်းပဲပေါ့။ ခင်ဗျားရဲ့အသွေးအသားနဲ့ သွေးစက်တွေထဲမှာ မသန့်စင်မှုတွေအများကြီးရှိတယ်”
“ကျုပ်က အဲ့ဒီအန္တိမအစီအရင်ဂိုဏ်းရဲ့ဂိုဏ်းခေါင်းဆောင်လောက်တောင် မတိုပါဘူး”
“ဒီခေတ်မှာရှိတဲ့လူတေံက တကယ်ကိုအဖြစ်မရှိလိုက်တာ”
ထိုသို့ပြောပြီးနောက် ဟွမ်းထျန်းမင်ဟာ ခေါင်းတခါးကိုသယ်၍ လှည့်ပြန်ပါတော့သည်။
နောင်ထပ်အမွေးတိုက်တစ်တိုုင်ထွန်းစာခန့် အချိန်ကုန်လွန်ပြီးနောက်တွင်မူ အစိမ်းရောင်အမြုတေဂိုဏ်းတစ်ခုလုံး လုံးဝချေမှုန်းခံလိုက်ရသည်။
အလားတူပင် ဂိုဏ်းထဲရှိလူတိုင်းလည်း သုတ်သင်ခံလိုက်ရပြီး မည်သူတစ်ဦးတစ်ယောက်မှမကျန်ပေ။
ထိုသတင်းက မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို ကပ်ဆိုးတစ်ခုနှယ်ပျံ့နှံ့သွားလေ၏။
မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်…
ယွင်ကျင်းနှင့်ဝူဒီရှီတို့မှာ ထိုကိစ္စအကြောင်းကို ခန်းမထဲတွင်ဆွေးနွေးနေကြလေသည်။
ဝူဒီရှီ၏အမူအရာက တည်ငြိမ်နေပေ၏။ သူက ယွင်ကျင်းကိုကြည့်၍ ပြောလိုက်သည်။
“အကြီးအကဲယွင် နေမဝင်အင်ပါယာက အင်တိုက်အားတိုက်ချီတက်လာနေပြီ။ သူတို့တွေ ဒီအတိုင်းတော့ရပ်တန့်လိမ့်မယ်မထင်ဘူး”
နေမဝင်အင်ပါယာက အန္တိမအစီအရင်ဂိုဏ်းတော်နှင့် အစိမ်းရောင်အမြုတေဂိုဏ်းတော်တို့ကိုဖျက်ဆီးပစ်ခဲ့ပြီးနောက် ပင်မအင်အားစုကြီးကို နန်းတော်ဆီသို့တပ်ပြန်မဆုတ်စေခဲ့ဘဲ အင်အားပြန်လည်ဖြည့်တင်းဖို့အတွက် အစိမ်းရောင်အမြုတေဂိုဏ်းမှာပင် တပ်စွဲခဲ့ကြသည်။
ယွင်ကျင်းကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။
“နေမဝင်အင်ပါယာက သိပ်ရည်မှန်းချက်ကြီးတာပဲ။ ကြည့်ရတာ မြောက်ပိုင်းဒေသတစ်ခုလုံးမှာရှိတဲ့အင်အားစုတွေကို သိမ်းပိုက်ချင်နေတဲ့ပုံပဲ”
“အတင့်ရဲလိုက်တာ”
ဝူဒီရှီက စားပွဲကိုလက်ဝါးဖြင့်ရိုက်ချလိုက်ပြီး မတ်တတ်ထရပ်လိုက်ချိန်တွင် သူ့မျက်နှာထက်၌ ဒေါသအရိပ်အယောင်များဖြင့်ပြည့်နှက်နေလေသည်။
“မြောက်ပိုင်းဒေသမှာရှိတဲ့အင်အားစုတွေက အင်အားပူးပေါင်းလိုက်မှာကို သူတကယ်မကြောက်တာများလား”
ယွင်ကျင်းက လက်နှစ်ဖက်ကိုယှက်၍ တည်ငြိမ်စွာစကားဆိုလာလေသည်။
“ဒီရှီ.. ကိစ္စကြီးတွေနဲ့ကြုံလာတဲ့အခါ စိတ်ငြိမ်ငြိမ်ထားရမယ်လေ။ ဒီလိုပုံစံမျိုးနဲ့ ပြဿနာကိုဘယ်လိုဖြေရှင်းမှာလဲ”
“နေမဝင်အင်ပါယာမှာလည်း ဒီလိုလုပ်နိုင်လောက်တဲ့အကြောင်းပြချက်တော့ရှိမှာပဲ”
“အဲ့လိုမှမဟုတ်ရင်တော့ ဒါ ကိုယ့်သေတွင်းကိုယ်တူးတာပဲ”
ဝူဒီရှီက အသက်ပြင်းပြင်းရှူရှိုက်၍ ခုံပေါ်ကိုပြန်ထိုင်လိုက်ရသည်။
“အကြီးအကဲယွင်.. ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ”
ယွင်ကျင်းသည် မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏ ငြိမ်ဝပ်ပိပြားရေးအင်အားစုတစ်ရပ်ဖြစ်ပြီး မြောက်ပိုင်းဒေသ၏နံပါတ်တစ်ဓားသိုင်းကျင့်ကြံသူတစ်ဦးဖြစ်၏။
ဟွမ်းယီထုံနှင့်ယှဉ်လျှင် ဒုတိယနေရာ၌ဗိုလ်စွဲထားပေသည်။ သူသည် နယ်အေုလေးခုအဆင့်သတ်မှတ်ချက်စာရင်းပေါ်တွင် အဆင့်ခြောက်ရထားသူဖြစ်သည်။
ထိုစကားကိုကြားသော် ယွင်ကျင်းလည်း မျက်ဝန်းတို့ကိုမှေးကျဉ်းလိုက်မိသည်။
“မြောက်ပိုင်းဒေသမှာရှိတဲ့အင်အားစုတိုင်းနဲ့ပူးပေါင်းကြမယ်။ နေမဝင်အင်ပါယာမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေတယ်လေ”
“မြောက်ပိုင်းဒေသရဲ့ဂိုဏ်းတွေအကုန်လုံးကြားကူးသန်းသွားလာနိုင်အောင် သင်္ဘောလမ်းကြောင်းတစ်ခုတည်ဆောက်ထားလိုက်။ အဲ့ဒါမှ နေမဝင်အင်ပါယာဘက်ကလှုပ်ရှားလာတဲ့အခါ ခုခံကာကွယ်ဖို့အင်အားစုစည်းနိုင်မှာ”
ဝူဒီရှီက ခေါင်းညိတ်လက်ခံလိုက်သည်။
“ကျွန်တော် အခုပဲလုပ်လိုက်ပါ့မယ်”
ဝူဒီရှီထွက်ခွါတော့မည့်ဆဲဆဲမှာပင်…
“နေဦး”
ယွင်ကျင်းက ဝူဒီရှီကိုတားပြီး စကားထပ်ဖြည့်လိုက်၏။
“သတိမလွတ်စေနဲ့။ တစ်ဖက်လူက စစ်ပွဲစရဲတယ်ဆိုကတည်းက မြောက်ပိုင်းဒေသမှာရှိတဲ့အင်အားစုတွေကိုရင်ဆိုင်ဖို့ အသင့်ပြင်ထားပြီးသားပဲဖြစ်ရမယ်”
“လျှို့ဝှက်တာအိုကျောင်းတော်ထဲက ကျောင်းသားတွေနဲ့အကြီးအကဲတွေကို မြန်မြန်ဆုတ်ခွါခိုင်းလိုက်။ တခြားဂိုဏ်းကလူတွေကိုလည်း လျှို့ဝှက်တာအိုကျောင်းတော်ဘက်ကိုပါလာအောင်စည်းရုံးခဲ့”
ဝူဒီရှီက ခေါင်းညိတ်ပြပြီး ခပ်သုတ်သုတ်ထွက်သွားပေသည်။
ယွင်ကျင်းလည်း သက်ပြင်းတချချဖြင့် ခန်းမထဲကထွက်လာပြီး ကောင်းကင်ကြီးကိုမော့ကြည့်လိုက်၏။
ထိုအချိန်တွင် မိုးတိမ်မည်းများက ကောင်းကင်ကြီးကိုဖုံးလွှမ်းသွားပေသည်။ ကောင်းကင်ကြီးမှာ မည်းမှောင်အုံ့ဆိုင်းလျက်သာ။
ထိုတိမ်တိုက်ကြီးများကို နေရောင်ခြည်တစ်စပင် ထိုးဖောက်မလာနိုင်ပေ။ ထိုအခိုက်မှာပင် မိုးရွာသွန်းလေတော့သည်။
မြောက်ပိုင်းဒေသတစ်ခုလုံး မျက်ရည်မိုးသွန်းဖြိုးနေသည့်အလားပင်တည်း။
ယွင်းကျင်းလည်း လက်ကိုဆန့်ထုတ်ကာ မိုးစက်မိုးပေါက်လေးများကို သူ့ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းခွင့်ပေးထားလိုက်၏။
“နေမဝင်အင်ပါယာ… မင်းတို့မှာ ဘာအားကိုးများရှိနေတာလဲ”
ထိုကိစ္စနှင့်ပတ်သက်ပြီး သူ့ခံစားချက်များမကောင်းပေ။ ဤဖြစ်ရပ်မှာ မရိုးရှင်းလှပုံပေါ်သည်။
မြင်ကွင်းကား တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ဆီသို့ ရောက်လာသည်။
ယဲ့ချိုးပိုင်နှင့်အခြားလူများမှာ စံအိမ်တော်သို့ပြန်ရောက်နေပြီဖြစ်၏။ ယခု သူလည်း ထိုသတင်းကိုကြားသိပြီးဖြစ်လေသည်။
ယဲ့ချိုးပိုင် မျက်မှောင်ကြုတ်လိုက်မိသည်။
နေမဝင်အင်ပါယာက အစကတည်းက ဤမျှအင်အားတောင့်တင်းလေသလား။
“ဆရာ ကျွန်တော် တစ်ခါလောက်သွားကြည့်ချင်တယ်”
လုချန်ရှန်း ဘာမှမပြောနိုင်ခင်မှာပင် ချင်းထျန်းနျန်က ကြားဖြတ်ပြောလိုက်ပေသည်။
“ချိုးပိုင် စိတ်လိုက်မာန်ပါမလုပ်နဲ့”
“အခု နေမဝင်အင်ပါယာမှာ ဘယ်လိုကျောထောက်နောက်ခံမျိုးရှိနေတာလဲဆိုတာ ငါတို့မသိရသေးဘူး”
“လောလောဆယ်တော့ ငါတို့စောင့်ကြည့်ရုံပဲတတ်နိုင်တယ်”
ယဲ့ချိုးပိုင်လည်း ခေါင်းညိတ်သဘောတူလိုက်ရုံသာတတ်နိုင်ပေသည်။ လက်ရှိအနေအထားမျိုးဖြင့် သူဟာ အခြေအနေတစ်ရပ်လုံးကို ပြောင်းလဲပစ်နိုင်စွမ်းမလုံလောက်သေးချေ။
ဤကဲ့သို့သောစစ်ပွဲမျိုးတွင် သူ့အဆင့်တစ်ခုတည်းနှင့် မလုံလောက်ပေ။
လုချန်ရှန်းက ယဲ့ချိုးပိုင်ကိုငဲ့ကြည့်လာပြီး ပြောလိုက်လေသည်။
“အများကြီးတွေးမနေနဲ့။ သိုင်းကျင့်ကြံနေလိုက်…”