Switch Mode

အခန်း (၁၅၂)

ပုန်းအောင်းနေသောလီယုန်

“ကွန်ဖြူးရှပ်ဧကရာဇ်တောင် ဒီလိုပြောလာတယ်ဆိုတော့ အရှင်မရဲ့ဆရာတူမောင်လေးက ပါရမီရှင်တစ်ယောက်ပဲ”

ဟုန်ရင်နှင့် အင်ပါယာဂုရုကြီးတို့က အမွေအနှစ်အပြိုအပျက်ထဲရှိ နင်းချန်ရှင်းနှင့်ကွန်ဖြူးရှပ်ဧကရာဇ်တို့၏စကားဝိုင်းကို အလင်းရောင်မျက်နှာပြင်ပေါ်မှတစ်ဆင့် ပြတ်သားရှင်းလင်းစွာ မြင်နေရလေသည်။

သူတို့နှစ်ယောက်ဟာ ထိုစကားဝိုင်းကိုလည်း သဘာဝကျကျပင်ကြားလိုက်သေးသည်။ ဟုန်ရင်က တခစ်ခစ်ရယ်မောလိုက်သည်။

“တတိယဆရာတူမောင်လေးကို ဆရာကိုယ်တိုင်ရွေးချယ်ပြီးတပည့်အဖြစ်သတ်မှတ်ထားတာဆိုတော့ နယ်နယ်ရရဘယ်ဟုတ်မလဲ”

အင်ပါယာဂုရုကြီးလည်း ခေါင်းညိတ်လိုက်မိသည်။ ကြည့်ရသည်မှာ အရှင်မ၏ဆရာက သာမန်လူတစ်ယောက်မဟုတ်တန်ရာ။

သူ့တပည့်များ၏ပင်ကိုစွမ်းရည်မှာ ထူးကဲလွန်းလှပေသည်။ ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုမှာ ထူးချွန်ထက်မြက်ပြီး မဟူရာကမူ ပြိုင်ဘက်ကင်းလေသည်။ နင်းချန်ရှင်း၏ကွန်ဖြူးရှပ်တာအိုအဆင့်ကို ကွန်ဖြူးရှပ်ဧကရာဇ်ကပင် အသိအမှတ်ပြုထားချေသည်။ သူတို့ခေတ်အခါတုန်းကဆိုလျှင် ကွန်ဖြူးရှပ်ဧကရာဇ်က ကွန်ဖြူးရှပ်တာအို၏ တစ်ဦးတည်းသောဥသျှောင်ဟုပင် လူသိများကျော်ကြားလေသည်။

ကွန်ဖြူးရှပ်ဧကရာဇ်က နောင်အနာဂတ်တွင် နင်းချန်ရှင်း၏အောင်မြင်မှုမှာ သူ့ကိုပင်ကျော်လွန်သွားမည်ဟုဆိုသွားလေသည်။ အင်ပါယာဂုရုကြီးသာလျှင် ထိုစကား၏နောက်ကွယ်ရှိအဓိပ္ပာယ်ကို နားလည်သည်။

ဟုန်ရင်ကမူ ထိုစကားကို အာမခံချက်တစ်ခုအဖြစ် မှတ်ယူလိုက်သည်။

ထိုအချိန်တွင် နင်းချန်ရှင်း၊ မဟူရာနှင့် မုဝမ်အာတို့မှာ အမွေအနှစ်တစ်ခုစီရသွားပြီဖြစ်၏။ ယဲ့ချိုးပိုင်ကမူ မီးတောက်ဆန္ဒနှင့် လေပြည်ဆန္ဒကိုသိမြင်နားလည်နှင့်ပြီးဖြစ်သည်။ လျန်ဖန်းနှင့်မုရုန်ဇီတို့မှာ တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာဖြင့်ကြည့်လိုက်မိကြသည်။

“ဒီမူမမှန်တဲ့ကောင်က ငါတို့ထက်အရင်နားလည်သွားလိမ့်မယ်ဆိုတာ ငါသိနေတယ်”

မုရုန်ဇီလည်း လျန်ဖန်း၏ခံစားချက်ကိုနားလည်လိုက်သည်။

ထိုကဲ့သို့သောမကောင်းဆိုးဝါးမျိုးကြောင့် လူတိုင်းလောင်းရိပ်မိသလိုခံစားကြရမည်သာ။ လျန်ဖန်း၏စိတ်ပိုင်းဆိုင်ရာမှာ ဆိုးဝါးမနေချေ။

ယဲ့ချိုးပိုင်က ချောက်ကမ်းပါးထက်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ လက်ထဲတွင်လည်း မှော်နက်မိစ္ဆာဓားသွားကို ကိုင်ထားသေးသည်။ ရေခဲဓားဝိညာဉ်ကထုတ်လွှတ်နေသော ရေခဲဆန္ဒနှင့် အဆုံးမဲ့အသက်ဓာတ်စွမ်းအင်တို့က သူ့ခန္ဓာကိုယ်ထဲမှဖြာထွက်နေချေသည်။ ဤသည်မှာ အာဒိကပ္ပဓားသိုင်းကျမ်းပင်။

မီးတောက်ဆန္ဒနှင့် လေပြည်ဆန္ဒတို့မှာ ပြင်းထန်သောမုန်တိုင်းနှင့်မီးလျှံများအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်တစ်ဖက်တစ်ချက်စီ၌ ပေါ်ပေါက်လာသည်။ အဆုံးမှာမူ ဓားသွားဆန္ဒတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ထက်သို့ဆန်တက်သွားလေသည်။

ဆန္ဒဘုံငါးမျိုးပင်တည်း။

ဤသည်မှာ ပြိုင်ဘက်ကင်းဓားသွားအစီအရင်လေးခုကို စုဝေးရာတွင် မရှိမဖြစ်လိုအပ်သောအရာများလည်းဖြစ်၏။

ထိုအချိန်တွင် ကောင်းကင်နှင့်မြေကမ္ဘာကြား၌ ရွှေရောင်သက်တန့်တစ်ခုပေါ်လာသည်။ သက်တန့်ရောင်ခြည်ထဲမှာတော့ သိုးသားရေစာလွှာတစ်ခုပါရှိချေသည်။ ထိုသက်တန့်ဟာ ယဲ့ချိုးပိုင်ရှေ့သို့ ဖြည်းဖြည်းချင်းဆင်းသက်လာသည်။ ယဲ့ချိုးပိုင်ကလည်း လက်နှစ်ဖက်ဖြင့်ယူလိုက်သည်။

သိုးသားရေစာလွှာကိုဖွင့်ကြည့်လိုက်သည့်အချိန်မှာ ထိုစာလွှာပေါ်တွင် စာလုံးလေးလုံးနေရာယူထား၏။

ပြိုင်ဘက်ကင်းဓားသွားအစီအရင်လေးသွယ်…။

ဤသည်မှာ အမွေအနှစ်စာလွှာပင်တည်း။

တစ်ပြိုင်နက်တည်းမှာပင် သိုးသားရေစာလွှာထဲရှိအစီအရင်မှာ ပြင်းထန်လှသောရေစီးကြောင်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ယဲ့ချိုးပိုင်၏အသိဉာဏ်ပင်လယ်ထဲသို့ စီးဝင်သွားချေတော့သည်။

ဤမြင်ကွင်းကြောင့် လျန်ဖန်းနှင့်မုရုန်ဇီတို့ အားကျမနာလိုဖြစ်သွားကြရရှာသည်။

ထိုအရာသည် ဓားသိုင်းပညာရှိ၏အမွေအနှစ်ပင်ဖြစ်လေသည်။ ၎င်းမှာ ယဲ့ချိုးပိုင်၏လက်ထဲ သက်ဆင်းသွားလေပြီ။

လျန်ဖန်းလည်း ခါးသက်သက်ပြုံးလိုက်မိသည်။

“ဒီကောင်က ငါ့အတွက်လမ်းဖယ်ပေးရကောင်းမှန်းတောင်မသိဘူးပဲ”

မုရုန်ဇီကလည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်ပေသည်။

“အမွေအနှစ်တွေက အတော်ဆုံးလူကိုပဲရွေးချယ်ကြတာလေ။ ညီအစ်ကိုယဲ့က ဒီနေရာမှာအတော်ဆုံးဆိုမှတော့ အမွေအနှစ်ကလည်း သူ့ဆီရောက်သွားတာမဆန်းတော့ပါဘူး”

“အမှန်ပဲ”

နှစ်ယောက်သားလည်း ထိုအချက်ကိုလက်ခံလိုက်ခြင်းဖြင့်သာ သူတို့ကိုယ်သူတို့နှစ်သိမ့်လိုက်ရသည်။

အင်ပါယာဂုရုကြီးက ထိုအဖြစ်ကိုမြင်သောအခါ အပြုံးလေးဖြင့်စကားဆိုလာလေသည်။

“ကြည့်ရတာ အနှိုင်းမဲ့ဓားသိုင်းပညာရှိရဲအမွေအနှစ်ကလည်း အရှင်မတို့ဂိုဏ်းကပဲရသွားပြီထင်ပါရဲ့”

“ဒီလိုဆိုမှတော့ စိတ်တန်ခိုးရှင်ဘုံလည်း ပျောက်ကွယ်ဖို့အချိန်တန်ပြီပဲ”

ဟုန်ရင်က အင်ပါယာဂုရုကြီးကိုကြည့်၍ ပြောလိုက်သည်။

“အင်ပါယာဂုရု… ရှင် ကျွန်မနဲ့အတူမလိုက်တော့ဘူးလား”

သို့သော် အင်ပါယာဂုရုက ခေါင်းခါယမ်းလာချေသည်။

“အဲ့ဒီအချိန်တုန်းက ကျွန်တော်မျိုး ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ်ချိတ်ပိတ်ထားခဲ့တာက ပထမအချက်..အမွေအနှစ်အပြိုအပျက်တွေကိုထိန်းသိမ်းစောင့်ရှောက်ဖို့ပါ။ ဒုတိယအချက်က ကျွန်တော်မျိုးရဲ့အရှိန်အဝါကိုချိတ်ပိတ်ထားဖို့အတွက်ပေါ့။ အဲ့ဒါမှ ကောင်းကင်ဘုံလမ်းမပေါ်ကလူတွေ ကျွန်တော်မျိုးကိုရှာမတွေ့မှာ”

“အဲ့ဒါကြောင့် အရှင်မရဲ့ခွန်အားတွေ အပြည့်အဝပြန်မရသေးခင်အထိ ဒီမှာပဲဆက်နေလိုက်ပါ့မယ်”

“နောင်အနာဂတ်မှာ အရှင်မ ကောင်းကင်ဘုံလမ်းမကို ထပ်တိုက်တဲ့အချိန်ကျရင် ကျွန်တော်မျိုး သေချာပေါက်လာရောက်ကူညီပါ့မယ်…”

ထိုစကားကိုကြားသော် ဟုန်ရင်လည်းခေါင်းညိတ်ပြလိုက်၏။

စိတ်တန်ခိုးရှင်ဘုံထဲ၌ ဆယ်ရက်တာကုန်ဆုံးသွားခဲ့ပြီး လူတော်တော်များများလည်း ထွက်ခွာသွားကြလေပြီ။

တချို့က ပျော်ရွှင်နေကြပြီး တချို့ကမူ ဝမ်းနည်းနေကြရသည်။ တချို့က သေဆုံးသွားခဲ့ပြီး တချို့ကတော့ အကျိုးအမြတ်ရလာခဲ့ကြသည်။ တချို့ကတော့ လက်ဗလာဖြင့်ပြန်လာခဲ့ကြရ၏။

ကျန်းချောင်မြန်မှာ ဓားသိုင်းပညာရှိလောင်းတစ်ယောက်၏အမွေအနှစ်ကို ရရှိခဲ့ပြီး တော်တော်များများသိမ်းပိုက်နိုင်ခဲ့သည်။ ရှီရှန်းကတော့ သူ့ခန္ဓာကိုယ်ကိုသန့်စင်ဆေးကြောပေးနိုင်သည့်အမွေအနှစ်မျိုးကို ရလာခဲ့သည်။

ကျန်းဟယ်မှာမူ ရှီရှန်းနှင့်တိုက်ခိုက်ရာတွင် ရှုံးနိမ့်ခဲ့ရရှာသည်။ မျက်စိအဖမ်းစားနိုင်ဆုံးအရာမှာ မကြာသေးခင်က ကောလာဟလထွက်ထားခဲ့သောပါရမီရှင်သုံးယောက်ပင်။ လီမိသားစုမှ လီယုန်၊ မုရုန်မိသားစုက မုရုန်ဇီနှင့် ဗုဒ္ဓဂိုဏ်းတော်က ဗုဒ္ဓသားတော်တစ်ပါးတို့ပင်။

လီယုန်က ပထမဆုံးပေါ်လာခဲ့ပြီး သူ့အရှိန်အဝါမှာ ညှိုးနွမ်းပျက်သုဉ်းနေပြီး အမူအရာကလည်း မှုန်တေတေ။

လူတိုင်း လှမ်းကြည့်လိုက်ပြီးနောက် ထိတ်လန့်သွားကြကုန်သည်။ ကြည့်ရသည်မှာ လီယုန်တစ်ယောက် စိတ်တန်ခိုးရှင်ဘုံထဲမှာ အလွန်ထိခိုက်ခဲ့ပုံပေါ်၏။ လီယုန်ကို ဤအတိုင်းအတာအထိရောက်အောင် မည်သူကများဖိအားပေးခဲ့လေသလဲ။

မဟာပါရမီရှင်သုံးဦးထဲက တစ်ဦးဖြစ်သော မုရုန်ဇီလား။ သာဝကတစ်ပါးလေလား။

အိမ်ထဲမှထွက်လာသူများက လီယုန်ကိုမြင်သောအခါ ရှေ့ကိုလျှောက်လာလိုက်ကြသည်။ ရှေ့ဆုံးကဦးဆောင်လာသည့် အန္တရာယ်ပြုတတ်ဟန်တူသောအဘိုးအိုတစ်ယောက်က အသံခပ်တိုးတိုးဖြင့်ပြောလာလေသည်။

“လီယုန်… ဘာဖြစ်လာတာလဲ”

“မင်း အမွေအနှစ်ကိုမရခဲ့ဘူးလား”

လီမိသားစုထဲရှိလူအားလုံး၏စိတ်ထဲမှာတော့ လီယုန်သည် သူတို့မိသားစုအတွက်မျှော်လင့်ချက်လေးတစ်ခုဟု မှတ်ယူထားကြသည်။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာအတွင်း အသေးစိတ်ဆုံးသောမျိုးရိုးကို ဆက်ခံနိုင်ခဲ့သူလည်းဖြစ်၏။ အိမ်ကထွက်ခွာလာခဲ့ခြင်းမှာ လီယုန်အတွက် အရင်းအမြစ်အမြောက်အများသုံးစွဲခဲ့ရသည်ဟူသော အဓိပ္ပာယ်ပင်။

လီယုန်ကလည်း မုန်းတီးစွာဆိုလာသည်။

“ကျွန်တော် အမွေအနှစ်ကိုမရလိုက်ဘူး။ တခြားလူက ဖြတ်လုသွားတာ”

“ဘယ်သူလဲ”

ရက်စက်ကြမ်းကြုတ်ဟန်တူသောအဘိုးအိုက လူသတ်ချင်နေသောအမူအရာမျိုးကို ထုတ်ဖော်ပြသလာသည်။ လီမိသားစုမှာ အလယ်ပိုင်းနယ်မြေရှိ လျှို့ဝှက်မိသားစုကြီးသုံးခုထဲမှတစ်ခုဖြစ်၏။ သူတို့၏စွမ်းအားမှာ အလယ်ပိုင်းဒေသတွင် အလွန်တောင့်တင်းခိုင်မာလှသည်။

လျှို့ဝှက်တာအိုကျောင်းတော်၊ လျှို့ဝှက်ဓားသွားဂိုဏ်း သို့မဟုတ် အဂ္ဂိရတ်ဂိုဏ်းတော်တို့နှင့်ယှဉ်လျှင်ပင် မနိမ့်ကျပေ။

မည်သူကများ လီမိသားစုလက်ထဲကအရာတစ်ခုကို ကြားဖြတ်လုရဲလေသလဲ။

ထိုအချိန်မှာ လီယုန်က ယဲ့ချိုးပိုင်ကို နာမည်တပ်မပြောလိုက်ချေ။ ထိုအစား သူက ခေါင်းကိုသာခါယမ်းလျက် ပြောလာလေသည်။

“ကျွန်တော်မသိဘူး”

“ဟမ်”

အမူအရာမှုန်မှိုင်းနေလေသောအဘိုးအိုကလည်း မျက်မှောင်ကြုတ်လျက် ပြောလာလေသည်။

“သူ့ပုံစံက ဘယ်လိုရှိလဲ။ သူ့စရိုက်ကရော”

“သူ့မျက်နှာကိုဖုံးထားလို့ ကျွန်တော်သေချာမမြင်လိုက်ရဘူး”

လီယုန် ယခုလိုလုပ်ရခြင်းမှာ သူ့မိသားစုက ယဲ့ချိုးပိုင်ကို ပြဿနာသွားရှာမည့်အရေးကိုမလိုလားသောကြောင့်ပင်။ ယဲ့ချိုးပိုင်၏ခွန်အားနှင့်အရည်အချင်းက သူ့အား ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။

သူဟာ ရေအလျဉ်ပြည့်လျှံရေးအဆင့်မျှသာရှိသေးသော်ငြား ထိုကဲ့သို့အစွမ်းထက်လှသောဓားသိုင်းတာအိုကို အသုံးပြုနိုင်လေသည်။

သာမန်ဓားချက်လေးတစ်ချက်ကပင် သူ့အား ခွန်အားမဲ့သွားသလိုခံစားမိစေရန် လုံလောက်ပေသည်။ သူ့မှာ သူ့ခွန်အားကိုအကုန်ထုတ်သုံး၍ ထွက်ပြေးလွတ်မြောက်ရုံသာ ရုန်းကန်နိုင်ခဲ့သည်။

ထိုအချက်တစ်ချက်တည်းကိုကြည့်ရုံမျှဖြင့် ယဲ့ချိုးပိုင်ကိုရန်မစဝံ့ချေ။ သူတို့ သူ့ကိုရန်စလိုက်မိသည်နှင့် သူ့ကိုသတ်ဖြတ်နိုင်ရန် ရာနှုန်းပြည့်သေချာသည့်အခွင့်အရေးတစ်ခုရှိမှဖြစ်ပေလိမ့်မည်။

ထိုသို့မဟုတ်ပါဘဲ ယဲ့ချိုးပိုင်၏ရန်သူဖြစ်သွားပါလျှင် အနာဂတ်၌ သေချာပေါက်ပြဿနာတက်ပေတော့မည်သာ။ မိသားစုတစ်ခုလုံးလည်း သေကြေပျက်စီးရပေလိမ့်မည်။

ထို့ပြင် ယဲ့ချိုးပိုင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသောပါရမီရှင်တစ်ဦး၏နောက်ကွယ်မှာ အစွမ်းထက်လှသောဆရာသခင်တစ်ဦး သို့မဟုတ် ဂိုဏ်းဂဏတစ်ခုခုရှိမနေလောက်ဘူးလား။

လီယုန်အနေနှင့် ထိုအရာမျိုးကို မစွန့်စားလိုပေ။ ယခုအချိန်မှာမူ သူသေကိုယ်သေမုန်းတီးကြသော ရန်ငြိုးမျိုးမရှိသေးချေ။ သူတို့ ယဲ့ချိုးပိုင်နှင့်မိတ်ဆွေမဖြစ်နိုင်လျှင်ပင် အနည်းဆုံးတော့ ရန်သူလည်းမဟုတ်တော့ချေ။

ကြမ်းကြုတ်ရက်စက်ဟန်ရှိသောအဘိုးအိုက လီယုန်ကို နက်နက်နဲနဲစိုက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

“ဒီလိုဆိုရင် အဲဒါကိုအသာထားဦး။ အားပြန်ဖြည့်ဖို့ ငါနဲ့အတူအိမ်ပြန်လိုက်ခဲ့”

လီယုန်ကလည်း ခေါင်းညိတ်ပြလိုက်ပြီး တခြားလူများနှင့်အတူ တောင်ပိုင်းဒေသမှထွက်ခွာလာခဲ့သည်။ ထို့နောက်မှာတော့ ရွှေရောင်ဗုဒ္ဓရောင်ခြည်ဖြင့် လွှမ်းခြုံထားသည့် ကတုံးပြောင်လူငယ်လေးတစ်ယောက်ကလည်း စိတ်တန်ခိုးရှင်ဘုံထဲမှထွက်ခွာလာသည်။ ကတုံးပြောင်လူငယ်လေး၏မျက်နှာထက်၌ အပြုံးတစ်ပွင့်နေရာယူထားလေသည်။

လူတိုင်း သူ့ကိုလှမ်းကြည့်လိုက်ကြသည်။ သို့သော် ထိုကတုံးပြောင်လူငယ်လေး၏ ကျင့်ကြံမှုအဆင့်ကို သူတို့အတပ်မပြောနိုင်သဖြင့် မထိတ်လန့်ဘဲမနေနိုင်တော့ချေ။ ဤပုဂ္ဂိုလ်မှာ ဗုဒ္ဓဂိုဏ်းတော်၏သာဝကဖြစ်လောက်ပေသည်။ သာဝကလေးက လူတိုင်းကို ညင်သာစွာခေါင်းဆတ်ပြ၍ ထွက်ခွာသွားလေသည်။

တစ်ချက်ကြည့်ရုံမျှဖြင့် သူ စိတ်တန်ခိုးရှင်ဘုံထဲမှ တစ်စုံတစ်ခုရရှိလာကြောင်း သိနိုင်လေသည်။ အခြားလူများအားလုံးလည်း တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြသည်။ ထိုအထဲတွင် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသောပုံရိပ်တစ်ခုက အနက်ရောင်အလင်းတန်းတစ်ခုနှယ် ပြန်ထွက်လာခဲ့သည်။

မည်သူကမျှ သူ့ကိုဂရုမစိုက်ပေ။ အနက်ရောင်အလင်းတန်းကတော့ မြောက်ပိုင်းဒေသကိုဦးတည်သွားချေသည်။

နေ့တစ်ဝက် ကုန်ဆုံးသွားလေပြီ။

အနက်ရောင်အလင်းတန်းက နေမဝင်အင်ပါယာတွင် ဆင်းသက်လိုက်ပြီး အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသောရုပ်သွင်တစ်ခုက နန်းတော်အဝင်ဝ၌ထွက်ပေါ်လာ၏။ ထိုအခြင်းအရာကိုမြင်သောအခါ အစောင့်အကြပ်များကလည်း သတိကြီးကြီးစွဲထားလိုက်ကြသည်။

သူတို့က သူတို့၏လှံတံများကိုစွဲကိုင်၍ အနက်ရောင်ဝတ်စုံဝတ်ထားသောရုပ်သွင်ကို ဝိုင်းရံထားလိုက်ကြသည်။

“မင်း ဘယ်သူလဲ။ နန်းတော်ထဲကိုတောင် ကျုးကျော်လာရဲတယ်ပေါ့လေ”

Comment

Leave a Reply

Options

not work with dark mode
Reset