တော်ဝင်ကျဲ နန်းတော်ဘက်တွင် အားလုံးက လူအုပ်ကို ကြည့်ပြီး ပြုံးနေကြသည်။
“ဖမ်း…” များစွာသော အသံများကို ကြားကြရသည်။ ပုဂ္ဂိုလ်ကြီးများက လက်ဆန့်တန်းကာ တံဆိပ်ပြားများအား ပစ်ပေးလိုက်ကြသည်။ အားလုံး၏ အရှေ့တွင် မိမိတို့နှင့် သက်ဆိုင်သော တံဆိပ်ပြား တစ်ခုစီ ရောက်ရှိ လာကြသည်။ ရီဖူရှင်း အတွက်လည်း တစ်ခုဖြစ်သည်။ သူ့ရှေ့တွင် တိုက်ခိုက်ရေး ဟူသော စာလုံး ရေးထွင်းထားသော တံဆိပ်ပြားတစ်ခု ရှိနေသည်။ သူတို့က မိမိတို့၏ တံဆိပ်ပြားများတွင် စိတ်ဝိညာဉ် စွမ်းအားများနှင့် ဆက်နွှယ်ပြီး သိမ်းဆည်း လိုက်ကြသည်။ ထိုတံဆိပ်ပြားက တော်ဝင်ကျဲ နန်းတော်၏တပည့်ဖြစ်ကြောင်း အမှတ်အသား မဟုတ်ပါလား…။
“မင်းတို့က ပြင်ပလောကရဲ့ ကိစ္စရပ်တွေကို ဖြေရှင်းဖို့ သုံးလ အချိန်ရမယ်… အခုချက်ချင်း ဝင်ရင်လည်း ရတယ်… နောက်ပိုင်းမှာတော့ မင်းတို့က အကြီးအကဲတွေရဲ့ စကားကိုပဲ လိုက်နာရမယ်…” ကြီးကြပ်သူက ပြောသည်။
“တပည့်သစ် လက်ခံတဲ့ အစီအစဉ် အားလုံး ပြီးဆုံးပြီ… မြေရိုင်းဒေသက မိတ်ဆွေတွေ အားလုံး ပြန်လို့ရပြီ…” ကြီးကြပ်သူက ဆက်ပြောသည်။ ထို့နောက်တွင် တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲများ တပည့်များ အားလုံးက အလျှိုလျှို ထကာ ပြန်ကြသလို အချင်းချင်း စကားစမြည် စတင် ပြောကြတော့သည်။
ဒါ ပြီးသွားပြီ…။ အားလုံးက ထိုသို့ တွေးမိကြသည်။ ဤသို့သော အချိန်အခါ ရောက်ရန် နောက်သုံးနှစ် ထပ်စောင့် ရပေဦးမည်။
အဆောင်တစ်ခုတွင် ပိုင်လွေလီက ထရပ်သည်။ သူက အားလုံးကို ကြည့်သည်။ သူ၏ညီ ပိုင်စီထံကို သွားမည့်အစား သူက တော်ဝင် ရှီနန်းဆောင်မှ အကြီးအကဲများနှင့်အတူ ထွက်သွားသည်။
ပိုင်လွေလီကား ငယ်ရွယ်သည်။ သို့သော် တော်ဝင် ရှီနန်းတော်မှ ပုဂ္ဂိုလ်ကြီးများကသာ သူ၏ အဆင့်အတန်းကို သိကြသည်။
“နောက်ဆုံးတော့ ပြီးသွားပြီ…” ရီဖူရှင်းက နောက်လှည့် ထွက်သွားသော ခွန်ဘုရင်ကို ကြည့်ကာ ပြုံးသည်။ သည်ခရီး၌ သူက များစွာသော သိုင်းပညာ၊ မှော်ပညာ အသိများကို နားလည် ဆင်ခြင်နိုင်ခဲ့ပြီး တိုက်ခိုက်ရေး ရှီနန်းဆောင်ကို ဝင်နိုင်ခဲ့သည်။ သည်ကိစ္စက သူ့အတွက် ပြည့်စုံသည် ပြောရမည်။ ယခုမှစ၍ မြေရိုင်းဒေသတွင် သူ့အတွက် တစ်နေရာရှိပြီဟု ပြော၍ရသည်။ ယခင်လို မျက်စိကန်းနားကန်း ဟန်ဆောင်ကာ အသက်လု ပြေးရမည့်အချိန်များ ရှိတော့မည် မဟုတ်တော့။
သူရိယ နေမင်းကျောင်းနှင့် စန္ဒာငွေ လမင်းကျောင်းတို့က မည်သို့ တွေးတော နေကြမည်ကို သူသိလိုသည်။
လူအများအပြားက ဟိုတစ်စု ဒီတစ်စု စုစည်း ပြောဆိုနေကြသည်။ ဟွာဂျီယူက ရီဖူရှင်း၏ဘေးကို လျှောက်လာ၏။ သူမက ရီဖူရှင်း၏လက်ကို ဆွဲကာ ပြုံးသည်။ သူမက ထို့ကျန်းနန်းဆောင်ကို ရွေးချယ်ခဲ့ရာ ရီဖူရှင်းနှင့် အတူတူ လေ့ကျင့် နိုင်တော့မည်တော့ မဟုတ်ပေ။ သို့တိုင်အောင် သူတို့က တော်ဝင်ကျဲ နန်းတော် တစ်ခုတည်းတွင် မဟုတ်ပါလား။ ယခင်လို သူတို့က နှစ်များစွာ ခွဲခွာနေရတော့မည် မဟုတ်တော့…။
“မင်းငါ့ကို ကတိပေးထားတာကို မမေ့နဲ့…” ရီဖူရှင်းက ပြောသည်။ သူ့စိတ်ထဲကို ထိုကိစ္စ ရှိနေသေးသည်ကို သိလိုက်လျှင် ဟွာဂျီယူက ရီဖူရှင်း၏ ခြေဖမိုးကို တက်နင်းလိုက်သည်။
ယူချင်း၊ ရီဝူချင်း၊ ယိရှောင်ရှီနှင့် ယန်ကျန်းတို့ လျှောက်လာကြသည်။ ရီဝူချင်းက ဓားမိစ္ဆာ လက်အောက်တွင် လေ့ကျင့်ရန် ဓားနန်းဆောင်သို့ ဝင်မည်ဖြစ်သည်။ တခြားလူများက တိုက်ခိုက်ရေး ရှီနန်းဆောင်ကို ဝင်ကြမည်။
သို့သော်လည်း လို့လန်ရွှီနှင့် သိမ်းငှက်နက်တို့က တော်ဝင်ကျဲ နန်းတော်ကို မဝင်နိုင်ခဲ့ကြပေ။ သူတို့က မိမိနှင့်အတူ ဆက်နေနိုင်ဦးမလား သူသိလိုသည်။
ကျူးကော့မင်းယွီက လျှောက်လာကာ ပြုံးသည်… “မင်းတို့ မောင်နှံက အခု အတူတူပျံလို့ရပြီ…”
“စီနီယာအစ်မ…” ဟွာဂျီယူက အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောသည်။
ရီဖူရှင်းကလည်း ခေါ်သည်။ သူ၏မျက်လုံးများက အနည်းငယ် စိတ်လှုပ်ရှား နေသည်။ သူ၏အစ်မနှစ်က သူ့အပေါ် အလွန်ကောင်းသည်။ သူမကရော… အစ်ကိုသုံးနှင့် ဘယ်အချိန်မှ အတူနေနိုင်မှာလဲ…။ သူတို့က မိမိတို့ထက် ပိုမိုအားကောင်းသော ဖိအားများကို ခံစားနေရသည်။
“ငါက ဂျီယူကို မင်းအတွက် နှစ်နှစ်တိတိ ဂရုစိုက်ပေးခဲ့တယ်… အခု မင်းအလှည့်ပဲ…” ကျူးကော့မင်းယွီက ပြုံးသည်။
“ဟုတ်ကဲ့…” ထို့နောက် ရီဖူရှင်းက မေးသည်… “အစ်မနှစ်… ကျွန်တော်က တော်ဝင်ကျဲ နန်းတော်မှာ လေ့ကျင့်ရင် လို့လန်ရွှီနဲ့ သိမ်းငှက်လေးကိုရော ခေါ်သွားလို့ရလား…”
သူကြားသည်ကား ကျွန်းစုတစ်ထောင် တော်ဝင်မြေမှ တပည့်များပင် အဓိက နန်းတော်သို့ ဝင်ရောက်ခွင့် မရှိဟူ၍ ဖြစ်သည်။
“နန်းဆောင်သခင်ရဲ့ တိုက်ရိုက် ရွေးချယ်တာကို ခံရတဲ့လူတွေက ခေါ်နိုင်တယ်… မင်းလည်း ရတယ်…” ကျူးကော့မင်းယွီက ပြောသည်။
“နားလည်ပါပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။
ကျူးကော့မင်းယွီက ပြုံးလျက် ကြည့်သည်။ ထို့နောက် သူမက လက်ဆန့်တန်းကာ ရီဖူရှင်း၏ခေါင်းကို ပုတ်လျက်ပြောသည်… “မင်းတို့ တဖြည်းဖြည်း ကြီးပြင်းလာကို မြင်ရတာ ကောင်းတယ်…” သူမက ပြုံးလျက်ပြောသည်… “မင်းတို့က ငါ့ကို ပြန်ဂရုစိုက်ပေးဖို့ အချိန်တွေ သိပ်မလိုတော့ဘူး… အဲဒီအချိန်ကျရင် ငါလည်း စိတ်အေးရပြီ…”
“သိပ်မကြာတော့ပါဘူး…” ရီဖူရှင်းကလည်း ပြုံးသည်။
“ဂျူနီယာ… နင်က ကြိုးစားလေ့ကျင့်ရမယ်…” ပေ့ထင်ရှင်းအာကလည်း ပြုံးလျက် ပြောသည်။ အစ်မနှစ်က ရီဖူရှင်းအပေါ်တွင် ကြီးမားသော မျှော်လင့်ချက် ထားသည်ကို သူမအပါအဝင် အားလုံးက သိကြသည်။ တစ်နေ့တွင် သူက ကောင်းကင် တစ်ခွင်ပျံသန်းကာ ကော့တေး၏နာမည်ကို အားလုံး၏ရင်ထဲကို ပို့ပေးမည့်သူ ဖြစ်သည်။
“ရှောင်ရှီ… မင်းညီက မင်းကို ကျော်သွားပြီ… ဒီထက်ပိုပြီး ဝလာအောင် စား…” ကျူးကော့မင်းယွီက ယိရှောင်ရှီကို ပြောသည်။
“ကျွန်တော်…” ယိရှောင်ရှီ ပါးစပ် ပိတ်လိုက်သည်။
“ဂျူနီယာကို ဂရုစိုက်ဖို့ မမေ့နဲ့…” ကျူးကော့မင်းယွီက သတိပေးသည်။
“ကျွန်တော် သိပါတယ်… အစ်မနှစ်…” ဖက်တီးက စိတ်ဓာတ်ကျစွာ ပြောသည်။
“ငါသွားပြီ… အားတဲ့အခါ ငါ့ဆီလာလည်ဖို့ မမေ့ကြနဲ့…” ကျူးကော့မင်းယွီက ပြောကာ နောက်လှည့် ထွက်ခွာသွားသည်။ ကျူးကော့ခမ်ယန်ကလည်း ရီဖူရှင်းကို တစ်ချက်ကြည့်ကာ သူ၏ ညီမနောက်ကို လိုက်ပါသွားသည်။ ကျူးကော့ရှင်းနှင့် တခြား ကျူးကော့ မိသားစုဝင်များလည်း လိုက်ပါသွားကြသည်။
“မင်းမှာ ဘာအစီအစဉ်ရှိလဲ…” ကျောင်းအုပ်ချန်းက မေးသည်… “မင်းက အခုချက်ချင်း တော်ဝင်ကျဲ နန်းတော်ကို ဝင်တော့မလား…”
“ကျွန်တော်က ထိုက်ဟန်တောင်က လူဝံကလန်ကို သွားဖို့ ယန်ကျန်းကို ကတိပေးထားတယ်…” ရီဖူရှင်းက ပြောသည်။
“အင်း… ထိုက်ဟန်တောင်က မိုးမြေကောင်းကင်မြို့ကို ပြန်တဲ့လမ်းမှာ ရှိတယ်ဆိုတော့ ငါမင်းကို ခေါ်သွားလို့ရတယ်…” ကျောင်းအုပ်ချန်းက ခေါင်းညိတ်သည်။ ရီဖူရှင်းနှင့် ထိုက်ဟန်တောင်၏ နောက်ကွယ်တွင် ပုံပြင်တစ်ခုခု ရှိနေသည်ကို သူလည်း ရိပ်မိသည်။
“မင်းက မိုးမြေကောင်းကင်မြို့ကို သွားဦးမလား… လောင်မိန်းကလေးက မင်းကို သတိရနေလောက်ပြီ…” ကျောင်းအုပ်ချန်းက ပြုံးသည်။ အမှန်က ရီဖူရှင်း၏ အကြောင်းကို ကြားပြီးနောက် ယန်ထန်းနှင့် ကုန်းခွေတို့၏ ဖြစ်ပျက်ပုံများကို သူက တွေ့နိုင်ရန် မစောင့်နိုင်တော့ပေ။
“သေချာတာပေါ့…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ကျွန်တော်လည်း လင်းအာကို သတိရတယ်…”
“အထင်မလွဲနဲ့… သူမက ငါ့ညီမ…” ရီဖူရှင်းက ဟွာဂျီယူကို ကြည့်ကာ ရှင်းပြသည်။
“အာ… ညီမပေါ့…” ဟွာဂျီယူက ခေါင်းညိတ်ကာ ပြုံးသည်။
“ဒါ ဘယ်လို အမူအရာမျိုးလဲ…” ရီဖူရှင်းက ထိတ်လန့်သွားသည်။
“ဖူရှင်း… ငါ အရှေ့မြေရိုင်း ဒေသကို သွားချင်တယ်…” ရီဝူချင်းက ရုတ်တရက် ပြောသည်။
ရီဖူရှင်း၏မျက်လုံးက အရောင်လက် သွားသည်။ ရီဝူချင်းက အဘယ်ကြောင့် ထိုသို့ပြောသည်ကို သူသိသည်။ လျိုချန်းယွီက ထိုနေရာတွင် ရှိနေသေးသည်။ မိဘနှစ်ပါး ဆုံးပြီးနောက် သူမတွင် အားကိုးစရာ သူမ၏အစ်ကို လျိုဖေးယွန်သာ ကျန်သည်။ ယခု နှစ်နှစ်ကာလကို လွန်ခဲ့ပြီဖြစ်သည်။ ဝူချင်းက သူမအား သတိရမည် သေချာ၏။
“ကောင်းပြီ… ဂျီယူနဲ့ငါလည်း ဆရာနဲ့ ဆရာကတော်၊ အစ်ကိုကြီးတို့ကို သတိရတယ်…” ရီဖူရှင်းက ပြုံးလျက်ပြောသည်… “ကျောင်းအုပ်… ကျုပ်တို့ကို တစ်ခုကူညီပါလား…”
“ငါနားလည်တယ်…” ကျောင်းအုပ်ချန်းက ခေါင်းညိတ်သည်။ ရီဖူရှင်းတို့အုပ်စုက အရှေ့မြေရိုင်းဒေသကို မိမိတို့ဘာသာ ခရီးနှင်ပါက နှေးကွေးနိုင်ပေသည်။ အကယ်၍ ရှီတန်ခိုးရှင် တစ်ယောက်ကသာ သူတို့နှင့် လိုက်သွားပါက မြန်ဆန်စွာ ရောက်မည်။
ရီဖူရှင်းက ပတ်ပတ်လည်မှ မိတ်ဆွေများကို ကြည့်စသည်။ မူကျိချူ၊ ချင်ရန်၊ လီချန်းရီနှင့် စီဝူကျိတို့ အားလုံးက သူ့ကို ကြည့်နေကြသည်။
“ဘာလဲ… ငါတို့က လူစိမ်းတွေ ဖြစ်သွားပြီလား…” ရီဖူရှင်းက မေးသည်… “မင်းတို့ သွားကြတော့မလား…”
“ငါ ကျွန်းကို သွားတော့မယ်…” မူကျိချူက ပြောသည်။
“ကျိချူ… မင်းက အဲဒီအကောင်ကို ဘာပြောနေတာလဲ…” မူချန်းက အော်သည်။ ကျောင်းအုပ်ချန်းက စွေကြည့်သည်။ သည်အဘိုးကြီးက ဟန်ဆောင် နေသေးသည်။
“ငါ သွားတော့မယ်… နောက်ပိုင်း ငါလည်း ပင်မနန်းဆောင်မှာ လေ့ကျင့်မယ်…” မူကျိချူက ပြောကာ ထွက်သွားသည်။
“ငါမင်းကို ယုံတယ်…” ရီဖူရှင်းက ပြုံးသည်။
“ငါတို့လည်း ပြန်တော့မယ်…” ချင်ရင်က ပြောသည်။ သူမကလည်း အရွေးမခံခဲ့ရပေ။
“ချင်ရန်… ချန်းရီကိုလည်း ကျိုးရှင်းတောင်မှာ လေ့ကျင့်ခိုင်းလို့ ရမလား… မင်းက သူမနဲ့အတူ ပြန်လို့ရတယ်…” ရီဖူရှင်းက လျှို့ဝှက်ကာ မေးသည်။
“ရှင်က မတောင်းဆိုရင်လည်း ကျွန်မက ဒီလိုလုပ်ဖို့ စဉ်းစားထားတယ်…” ချင်ရန်က ခေါင်းညိတ်သည်။
“ငါတို့ အတူပြန်မယ်…” ရွယ်ယွန်ပိုကျင်က ပြောသည်။
“ဂရုစိုက်ပါ…” ရီဖူရှင်းက ပြောသည်။
“ဂရုစိုက်ပါ…” အားလုံးက ခေါင်းညိတ်သည်။
“ဆရာရီ… အနာဂတ်မှာ အောင်မြင်ပါစေ…” အာရုဏ်လမ်းမှ လူများကလည်း ရီဖူရှင်းကို လေးစားစွာ နှုတ်ဆက်ကြသည်။
အာရုဏ်လမ်းမှ လူများအားလုံးက ရီဖူရှင်းကို လက်ဝှေ့ယမ်း နှုတ်ဆက်ကြသည်။ အာရုဏ်လမ်းတွင် သူတို့နှင့်အတူ ခရီးနှင်ခဲ့သော လူငယ်လေးက ယခု ပထမနေရာကို ရခဲ့သည်။ သူတို့အားလုံးအတွက် ဂုဏ်ယူစရာ ကိစ္စရပ်ပင်။
အားလုံးက တဖြည်းဖြည်းဖြင့် စတင် ထွက်ခွာကြသည်။ လူတိုင်းက ကွဲပြားခြားနားသို့ အရပ်များသို့ ပျံသန်း သွားကြသည်။
ကျောင်းအုပ်ချန်းက ရီဖူရှင်းတို့အုပ်စုနှင့် ကြယ်မင်ကျောင်း တပည့်များကို ခေါ်လာခဲ့သည်။ သူတို့က ယာဉ်ပျံတစ်စီးကို စီးနင်းလာကြသည်။ သူတို့က ကျုံကျိုးမြို့ကို ဖြတ်သန်း၍ခရီးနှင်ရမည်ဖြစ်သည်။
***
မြေရိုင်းဒေသ၊ ထိုက်ဟန်တောင်။
တောင်ပေါ်ကို နေရာင်က ဖျန်းပက်ထားသည်။ ကြီးမားသော ရွှေလူဝံကြီးတစ်ကောင် တောင်စောင်း၌ ထိုင်နေသည်။ အဝေးကို ကြည့်နေသော သူ၏ဟန်ပင်က ကြီးကျယ် မြင့်မြတ်ဟန် ရနေ၏။
သူနှင့် သိပ်မနီးမဝေးတွင် ချောမော ခန့်ညားသော လူငယ်တစ်ယောက် ထိုင်နေသည်။ သူက ကု့ချင်းတီးခတ်နေခြင်း ဖြစ်သည်။ သံစဉ်က ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ လူဝကြီး၏ ခေါင်းထဲကို ဝင်ရောက်လာသည်။ လူဝံများစွာက အဝေးမှ ကြည့်နေကြသည်။ တောင်တစ်ခုလုံးက ဂီတသံစဉ် အဆုံးအထိ တိတ်ဆိတ်နေ၏။ ရွှေလူဝံကြီးကား တောင်စောင်းပေါ်တွင် အဝေးကို ကြည့်လျက် တိတ်ဆိတ်စွာ ထိုင်နေဆဲဖြစ်သည်။
ရုတ်တရက် လူဝံတစ်ကောင်က မာန်ဖီသည်။ ထိတ်လန့်ဖွယ် အော်သံက တောင်တစ်ခုလုံးကို တုန်ခါသွားစေသည်။ ထို့နောက်တွင် များစွာသော ရွှေလူဝံများ ပြေးလာကြသည်။ သူတို့က မနီးမဝေးမှ ဘုရင်ကြီးကို နားမလည်စွာ ကြည့်ကြသည်။
ထိုစဉ်မှာပင် လူဝံကြီး တစ်ကောင်က မြေပြင်ပေါ်ကို ဒူးထောက် ထိုင်ချကာ အဝေးကို ကြည့်လျက် ကန်တော့သည်။ ထို့နောက်တွင် အားလုံးသော လူဝံကြီးများက စတင်၍ ဒူးထောက် ကန်တော့ကြတော့သည်။
သူတို့၏ ဘုရင်ကလည်း တစ်စုံတစ်ခုကို အရိုအသေ ပေးနေဟန်ရသည်။
ရီဖူရှင်းက ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ လူဝံများ၏ ဝမ်းနည်းကြေကွဲမှုကို သူခံစားရသည်။ သူတို့၏ ခေါင်းဆောင်ကြီးကား အမှန်ပင် လေးစားဖွယ်ရာ ကောင်းသည်။ နှင်းလူဝံကြီးကား လူဝံအင်ပါယာဖြစ်ပြီး လူဝံများ အားလုံးကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ သူ သေဆုံးသွားသည်ကို ကြားသိရသည်တွင် ဤလူဝံဘုရင်ကြီးက အလွန် ဝမ်းနည်းရပေမည်။
“ငါ့နာမည်.. ယွန်ဟောင်… ငါ့နာမည်ကို လူဝံအင်ပါယာ ကိုယ်တိုင်က ရွေးပေးခဲ့တာ… အဲဒီတုန်းက ရွှေလူဝံမျိုးနွယ်ရဲ့ ခေါင်းဆောင်က ငါ့အဖေပဲ…” မဟာရွှေလူဝံကြီးက ထရပ်သည်။ သူက အဝေးကို ငေးမော ကြည့်နေဆဲ ဖြစ်သည်။
“အခု သူတို့အားလုံး ငါ့ကို ထားသွားကြပြီ…” ယွန်ဟောင်၏ အသံက လွန်စွာ ပင်ပန်း နွမ်းနယ်နေဟန် ရသည်။ သူက ရီဖူရှင်းကို မျက်လုံးကြီးများဖြင့် စိုက်ကြည့်ကာ မေးသည်… “ငါ့ကို ပြောပါ… မင်းက ဘယ်သူလဲ…”
“ကျွန်တော်…” ရီဖူရှင်း အနည်းငယ် တွန့်ဆုတ်နေသည်။
“နှင်းလူဝံ အင်ပါယာက သူ့ပညာတွေ ပြင်ပလူကို လက်ဆင့်မကမ်းဘူး…” ယွန်ဟောင်က ရီဖူရှင်းကို မေးသည်… “ငါက အမှန်ကို သိချင်တယ်… မင်းက နှင်းလူဝံ အင်ပါယာနဲ့ နောက်ဆုံးသိခဲ့တဲ့ တစ်ဦးတည်းသောလူပဲ…”
ရီဖူရှင်းက မဟာရွှေလူဝံကြီးကို ကြည့်ကာ ခေါင်းညိတ်သည်… “ဒါဆိုလည်း နောက်ထပ်ပုံ တစ်ပုံကို ပြပေးပါ့မယ်… ”
***