အပိုင်း(၅၈၁)

အဆုံး၌

တော်ဝင်ကျဲနန်းတော်က သုံးနှစ်တစ်ကြိမ် တပည့်များ လက်ခံ၏။ မြေရိုင်းဒေသတွင် သည်ကိစ္စက အလွန်လူသိများကာ တော်ဝင်လမ်း ကိုးလမ်းမှ မရေမတွက်နိုင်သော ပါရမီရှင်များ လာရောက်ကြသည်။ သူတို့ကား သူတို့၏ ဇာတိဒေသများတွင် အလွန် နာမည်ကျော်သူများ ဖြစ်ကြကာ ယခု ဤနေရာ၌ လာရောက် စုစည်းကြ၏။

လူစစ်ထုတ်ခြင်းများ အပြီး၌ နောက်ဆုံး ကျန်ရစ်သော ထိပ်သီး ပါရမီရှင်များက အဆင့်ဆင့် ယှဉ်ပြိုင် တိုက်ခိုက်ကြရသည်။

နောက်ဆုံး၌ အာရုဏ်လမ်းမှ ရီဖူရှင်းက နံပါတ်တစ် နေရာကို ရရှိခဲ့သည်။

ယခုအချိန်အထိ ရီဖူရှင်း၏ နောက်ကြောင်း ရာဇဝင်ကို မည်သူမှ ရှင်းရှင်းလင်းလင်း သိမထားကြပေ။ သူက​ အရှေ့မြေရိုင်း ဒေသမှဟု အချို့က ပြောကြသည်။ သူက မြေရိုင်းဒေသ တစ်ခုလုံးမှ နာမည်ကျော် ပါရမီရှင်များ အားလုံးကို အနိုင်ယူခဲ့၏။ သူက ပိုင်စီကို အရှက်ခွဲခဲ့ကာ ဟောင်ကျူဂီကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့သည်။ ယခုအချိန်မှစ၍ မြေရိုင်းဒေသမှ လူများအားလုံးက ရီဖူရှင်း၏နာမည်ကို သိကြတော့မည် ဖြစ်သည်။

ဟွာဂျီယူ၏ လှပသော မျက်လုံးများက ကွင်းထဲမှ လူငယ်လေးထဲကို ရောက်နေသည်။ သူမက အသက် ဆယ့်ငါးနှစ်အရွယ် အချိန်ကို ပြန်တွေးမိသည်။ ရာသီကုန် စစ်ဆေးခြင်း စာမေးမွဲ၌ ထိုလူငယ်က ပထမရကာ စတင် ထွန်းတောက် လာခဲ့သည်။ ထိုစဉ်က သူကား ငယ်ရွယ်ကာ မရင့်ကျက်သော လူငယ်လေး ဖြစ်သည်။ သူကား လောကကြီး အကြောင်းကို မသိနားမလည်သော၊ အနာဂတ်နှင့်ပတ်သက်၍​ စိတ်ကူးယဉ်တတ်သော ဆယ်ကျော်သက် တစ်ယောက် ဖြစ်သည်။

ယခု သူတို့ကား အရွယ် ရောက်လာပြီဖြစ်ကာ များစွာသော အခက်အခဲများကို ကျော်ဖြတ်ပြီးကြပြီ။ မပြောင်းလဲသော တစ်ခုတည်းသော အရာကား ထိုလူငယ်လေးက ဘယ်နေရာကို ရောက်ပါစေ အထွန်းတောက်ဆုံး ကြယ်တစ်ပွင့် ဖြစ်နေခြင်းပင်။

ပိုင်စီ၊ ယန်ချူ၊ ပိုင်ရီ၊ ချူရှမ်း၊ နန်ဟို၊ နန်ဖန်းနှင့် တခြားလူများ အားလုံး၏ စိတ်ထဲတွင် ရှုပ်ထွေးနေကြသည်။ ရီဖူရှင်က အမြင့်ဆုံးသော နေရာကို ရောက်လာမည်ဟု ဘယ်သူက တွေးထင် မိမည်နည်း။

ကုယွန်ချီ၏ အပြုံးက လမင်းကဲ့သို့ ဝင်းပနေသည်။ ဤခရီး၌ သူမက သိပ်တိုးတက်ခြင်း မရှိသည့်တိုင် သူမအတွက် လွန်စွာ ကျေနပ်ဖွယ် ကောင်း၏။ သည်အမှတ်တရများက သူမအတွက် မေ့နိုင်ဖွယ်ရာ မရှိတော့ပေ။ စိတ်မကောင်းစရာကား နောင်တွင် ရီဖူရှင်း၏ ကု့ချင်းသံစဉ်များကို နောက်ထပ် နားထောင်ခွင့် ရှိတော့မည် မဟုတ်တော့။ သူက နတ်ဗိမာန် အိမ်တော်ကို ပြန်လာတော့မည် မဟုတ်တော့ပေ။

“မင်း မြင်လား… အဘိုးကြီး…” ကျောင်းအုပ်ချန်းက မူချန်းကို မေးသည်… “ငါမင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ…”

မူချန်းက မငြင်းပေ။ မထင်မှတ်ထားစွာပင် သူက ပြန်မေးသည်… “သူ့ကိုမင်းက တကယ်ပဲ တော်ဝင်ကျဲ နန်းတော်ကို ပေးလိုက်တာလား…”

“ငှက်ကလေးက အတောင်စုံတဲ့အခါ ကောင်းကင်ကို ပျံတက်မှာပဲလေ… မင်းက ငါ့ကို နားမလည်တာလား…” ကျောင်းအုပ်ချန်းက ပြောသည်… “ဘယ်လိုပြောပြော သူက ငါရွေးခဲ့တဲ့လူပဲလေ… သူက ကြယ်မင်းကျောင်းရဲ့ သားတော်…” ကျောင်းအုပ်ချန်း၏ အသံက ပြတ်တောင်း ပြတ်တောင်း…။

သစ်ပင်တစ်ပင်က တောအုပ်ကိုကျော်လျှင် လေကြမ်းက ဖျက်ဆီးမည်။ အလွန်အမင်း ထက်မြက်ခြင်းက မဆုံးနိုင်သော အခက်အခဲများကို ကျော်ဖြတ်ရန် ကံကြမ္မာများကို ဆောင်ယူလာသည်။ ထို့ကြောင့်ပင် သူရိယနေမင်း ကျောင်းက ရီဖူရှင်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြေရိုင်းဒေသတွင် တော်ဝင်ကျဲ နန်းတော်ကား ရီဖူရှင်းအတွက် အကောင်းဆုံး နေရာဖြစ်သည်။ ဤနေရာတွင် မြေရိုင်းဒေသ၏ အကောင်းဆုံး ပါရမီရှင်များ ရှိနေ၏။ ထို့ကြောင့် ရီဖူရှင်းက ထိုလူများနှင့် ယှဉ်ပြိုင်ကာ ထိပ်ဆုံးသို့ တက်လှမ်း နိုင်လိမ့်မည်။

ယခင်သုံးနှစ် သို့မဟုတ် ခြောက်နှစ်ခန့် အကြာက တော်ဝင်ကျဲ နန်းတော်ကို ဝင်ရောက်ခဲ့သူများက ရီဖူရှင်းအတွက် တွန်းအားများ ဖြစ်လာလိမ့်မည်။ တပည့်များအကြား ပြိုင်ဆိုင်မှုက အလွန်အမင်း ပြင်းထန်သည်ဟု ကောလာဟလများက ဆို၏။

ယခုကား ပုဂ္ဂိုလ်ကြီးများက သူတို့၏တပည့်များကို ရွေးချယ်ရမည့် အချိန်အခါဖြစ်၏။ မရေမတွက်နိုင်သော လူများက တော်ဝင်ကျဲ နန်းတော်ဘက်ကို ကြည့်နေကြသည်။ ထိပ်ဆုံး ဆယ်ယောက်အား မည်သူတို့က တပည့်အဖြစ် ရွေးချယ် ကြမည်နည်း။

“ဖီးနစ်၊ ကျူးကော့ရှင်း၊ ဟွာဂျီယူ… မင်းတို့ စိတ်ဝင်စားရင် ငါ့လက်အောက်မှာ လေ့ကျင့်လို့ရတယ်…” ရှီတန်ခိုးရှင် ထို့ကျန်းက ဖိတ်ခေါ်သည်။ သည်မတိုင်မီက ရှီတန်ခိုးရှင် ထို့ကျန်း လက်အောက်တွင် ဖီးနစ်က လေ့ကျင့်သည်ဟု သူမကိုယ်တိုင် တောင်းဆိုခဲ့၏။ ရှီတန်ခိုးရှင် ထို့ကျန်းကား ပညာဗဟုသုတ ကြွယ်ဝကာ ထို့ကျန်းနန်းဆောင်၏ သခင်ဖြစ်သည်။ လူအများအပြားက သူ့လက်အောက်ကို သွားလိုကြ၏။

“စုချွဲ… မင်းဆန္ဒရှိရင် ငါ့လက်အောက်မှာ လေ့ကျင့်လို့ရတယ်…” ဓားမိစ္ဆာက စုချွဲအား ဖိတ်ခေါ်သည်။ စုချွဲကလည်း သူ့လက်အောက်တွင် လေ့ကျင့်လိုသည်ဟု တောင်းဆိုဖူး၏။

“စုချွဲ… မင်းက ထျန်းရှင်း နန်းဆောင်ကို ဝင်လို့ရတယ်…” နောက်တစ်ယောက်က ဖိတ်ခေါ်သည်။ သူကား ရှီတန်ခိုးရှင် ထျန်ရှင်းဖြစ်ပြီး ထျန်းရှင်း နန်းဆောင်၏ သခင်ဖြစ်သည်။ ထျန်ရှင်း နန်းဆောင်ကား တော်ဝင်ကျဲ နန်းတော်၏ ပင်မနန်းဆောင် ခြောက်ခုထဲတွင် ပါဝင်ကာ တော်ဝင်ကျဲ နန်းတော်၏ စည်းကမ်း ထိန်းသိမ်းရေးပိုင်း ကိုလည်း တာဝန်ယူ ထားပေသည်။

“ပိုင်စီ… ကျူးကော့ရှင်း… ဟွာဂျီယူ… မင်းတို့ ဆန္ဒရှိရင် တော်ဝင် ရှီနန်းဆောင်မှာ လေ့ကျင့်လို့ရတယ်…” တော်ဝင် ရှီနန်းဆောင်မှ အကြီးအကဲ တစ်ယောက်က ဖိတ်ခေါ်သည်။ ဒုတိယ နန်းဆောင်သခင်၏ တိုက်ရိုက် ဖိတ်ခေါ်ခြင်း မဟုတ်သော်လည်း သူက နန်းဆောင်ကို ကိုယ်စားပြုနိုင်သည်။

တော်ဝင် ရှီနန်းဆောင်က ပိုင်စီ၊ ကျူးကော့ရှင်းနှင့် ဟွာဂျီယူတို့ကို ဖိတ်ခေါ်သော်လည်း ပထမရခဲ့သော ရီဖူရှင်းကို ဖိတ်ခေါ်ခြင်း မရှိပေ။

တော်ဝင်ရှီ နန်းဆောင်ကား တော်ဝင်ကျဲ နန်းတော်၏ အကောင်းဆုံး နန်းဆောင်ဖြစ်သည်။ ဟောင်ကျူဂီက တော်ဝင်ကျဲ နန်းတော်ကို မဝင်ဟု ပြောထားရာ သူ့အား မည်သူကမှ ဖိတ်ခေါ်ခြင်း မရှိပေ။ ရှောင်ကျွမ်ရီက မှော်နက်သခင်၏ တပည့်ဖြစ်ရာ မည်သူကမှ ဖိတ်ခေါ်ရန် မလိုလားပေ။

သို့သော် ရီဖူရှင်းက အဘယ်ကြောင့်နည်း။ ယူချင်းနှင့် ယန်ကျန်းတို့ကိုလည်း မည်သူကမှ မဖိတ်ခေါ်ကြ။

လူအများအပြားက နားမလည်ကြ။ အချို့က တီးတိုး ဝေဖန်နေကြပြီ ဖြစ်သည်။

ရီဖူရှင်းနှင့် ပိုင်စီတို့၏ တိုက်ပွဲကြောင့်များလား…။ ထိုတိုက်ပွဲက ပြောသည်မှာ ရီဖူရှင်းနှင့် ပိုင်စီတို့က ဘယ်သောအခါမှ အတူတကွ မရှိနိုင်။ ထို့ကြောင့် တော်ဝင် ရှီနန်းဆောင်က ပိုင်စီကို ရွေးကာ ရီဖူရှင်းကို ဖိတ်ခေါ်ခြင်း မပြုတော့သည် များလား။

သူတို့က ကျူးကော့ရှင်းနှင့် ဟွာဂျီယူကို ဖိတ်ခေါ်သည်က ရီဖူရှင်းကြောင့်နှင့် မသက်ဆိုင်သည်ကို အားလုံးက သိသည်။ ကျူးကော့မိသားစု၏ ခေါင်းဆောင် ကျူးကော့ချန်းဖန်ကား တော်ဝင် ရှီနန်းဆောင်၏ တပည့်ဖြစ်ကာ ဟွာဂျီယူနှင့် ကျူးကော့ရှင်းတို့က ကျူးကော့မိသားစုမှ ဖြစ်သည်။

တခြား နန်းဆောင်များပင် အံ့အားသင့်ကြရ၏။ သူတို့က ရီဖူရှင်းကို သေချာပေါက် အလိုရှိကြသည်။ သို့သော် မဖိတ်ခေါ်ခြင်းက ပထမရသူကား အမြဲတမ်း တော်ဝင် ရှီနန်းဆောင်ကို သွားသောကြောင့် ဖြစ်သည်။

သို့သော် တော်ဝင် ရှီနန်းဆောင်က သူ့အား အလိုရှိဟန်မတူ။

ထူးဆန်းသော အခြေအနေကို ရီဖူရှင်းကလည်း ရိပ်မိသည်။ တော်ဝင် ရှီနန်းဆောင်က ပိုင်စီနှင့် ကျူးကော့ရှင်းကို ဖိတ်ခေါ်သည်။ ထိုနှစ်ယောက်လုံးက သူနှင့်တည့်သည် မဟုတ်ပေ။ သူတစ်ယောက်တည်းသာ မဟုတ် ဟောင်ကျူဂီ၊ ရှောင်ကျွမ်ရီ၊ ယူချင်းနှင့် ယန်ကျန်းတို့ကလည်း ဖိတ်ခေါ်ခြင်း မခံရပေ။

“နောက်ထပ် လူတွေ ကျန်သေးတယ်လေ… ခင်ဗျားတို့က ဘာလို့ ဒီလောက် ရက်ရော နေရတာလဲ…” တော်ဝင် ရှီနန်းဆောင်မှ တစ်ယောက်က ပြောသည်။ တခြားလူများက ထိုအခါမှ သူတို့လည်း​ ဖိတ်ခေါ်၍ ရသည်ကို သိလိုက်သည်။

သိသာစွာပင် တော်ဝင်ရှီ နန်းဆောင်က ရီဖူရှင်းတို့ အုပ်စုကို မရွေးချယ်ပေ။ သူတို့က ပိုင်စီနှင့် ကျူးကော့ရှင်းတို့ကို ရွေးထားရာ ရီဖူရှင်းကို ခေါ်တော့မည် မဟုတ်ပေ။

“မင်းတို့ဆန္ဒရှိရင် ထို့ကျန်း နန်းဆောင်မှာ လေ့ကျင့်လို့ရတယ်…” ရှီတန်ခိုးရှင် ထို့ကျန်းက ပြုံးလျက် ပြောသည်။ သူကလည်း သေချာပေါက် ရက်ရောမည် မဟုတ်ပေ။ သူ၏နန်းဆောင်ကလည်း သေချာပေါက် ရီဖူရှင်းကို လိုချင်ပေသည်။

“ထျန်းရှင်း နန်းဆောင်ကလည်း ဒီအတိုင်းပဲ…” အကြီးအကဲ တစ်ယောက်က ပြောသည်။ သူကလည်း အခွင့်အရေးကို လက်လွတ်မခံပေ။

“တိုက်ခိုက်ရေး ရှီနန်းဆောင်က သူတို့ကို အလိုရှိတယ်…” ရှီတန်ခိုးရှင် ခွန်ဘုရင်က ပြောသည်။ အားလုံးက အံ့အားသင့် သွားကြသည်။ တော်ဝင် ရှီနန်းဆောင်အပြင် တိုက်ခိုက်ရေး ရှီနန်းဆောင်တွင်လည်း ကောင်းကင်မြေရိုင်း အဆင့်ဝင် နှစ်ယောက်ရှိသည်။

“ရှီတန်ခိုးရှင် ခွန်ဘုရင်က လက်ရင်းတပည့် ရွေးချင်လို့လား…” ရှီတန်ခိုးရှင် ထို့ကျန်းက ပြုံးလျက် မေးသည်။

“ကျုပ် မဟုတ်ဘူး…” ခွန်ဘုရင်က ပြောသည်… “ရီဖူရှင်း… ယူချင်း… မင်းတို့က ခေါင်းဆောင်ရဲ့ လက်အောက်မှာ လေ့ကျင့်ရမယ်… ယန်ကျန်းနဲ့ ယိရှောင်ရှီကလည်း တိုက်ခိုက်ရေး ရှီနန်းဆောင်မှာ လေ့ကျင့်နိုင်တယ်…”

“ရှီတန်ခိုးရှင် ထောင်ကျန်းက တပည့် လက်ခံနေတာလား…” ထို့ကျန်း၏မျက်လုံးက အရောင်လက် သွားသည်။ ထောင်ကျန်းကား တံခါးပိတ် လေ့ကျင့်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ယခု သူ၏စွမ်းအားက မည်သည့်အဆင့် ရောက်နေပြီကို ဘယ်သူမှ​ မသိကြပေ။ ထို့အတူ တပည့် လက်မခံ သည်မှာလည်း လွန်စွာ ကြာပြီဖြစ်သည်။ သူက ရီဖူရှင်းနှင့် ယူချင်းကို လွန်စွာ သဘောကျဟန်ရ၏။

“ဟုတ်တယ်…” ခွန်ဘုရင်က ပြောသည်။

မရေမတွက်နိုင်သော လူများက တော်ဝင်ကျဲ နန်းတော်ဘက်ကို စိတ်လှုပ်ရှားစွာ ကြည့်ကြ၏။ ရီဖူရှင်းနှင့် ယူချင်းတို့က အမှန်ပင် ရှီတန်ခိုးရှင် ထောင်ကျန်းနှင့် သင့်တော်သည်။ သူတို့၏ ရုန့်ရင်းကြမ်းတမ်းသော တိုက်ခိုက်ဟန်များက တိုက်ခိုက်ရေး ရှီနန်းဆောင်နှင့် လိုက်ဖက်ညီသလို ရှီတန်ခိုးရှင် ထောင်ကျန်းကလည်း မြေရိုင်းဒေသတွင် အတော်ဆုံး သိုင်းပညာရှင် ဖြစ်၏။ သူကား ကောင်းကင်မြေရိုင်း အဆင့်တွင် နံပတ်ခုနစ် ချိတ်သည်။

ဟောင်ကျူဂီက အပေါ်ကို လှမ်းကြည့်ကာ သူ၏အဖေ ပြောသည်ကို မှတ်မိသည်။ ရှီတန်ခိုးရှင် ထောင်ကျန်းကား သူ၏အဖေ ရင်မဆိုင်လိုသော တစ်ဦးတည်းသော ပြိုင်ဘက်ဖြစ်သည်။ သူကား သေသည့်အထိ တိုက်ခိုက်တတ်သော လူမျိုးဖြစ်၏။

သူ၏အဖေကား ကောင်းကင်မြေရိုင်း အဆင့်တွင် နံပါတ်ငါး အဆင့်တွင်ရှိသည်။ ရှီတန်ခိုးရှင် ထောင်ကျန်းက မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို ခန့်မှန်း၍ ရသည်။

ထိုစဉ်မှာပင် ရီဖူရှင်းအား တယ်လီပသီနည်းဖြင့် ကျူးကော့မင်းယွီက ပြောသည်… “တိုက်ခိုက်ရေး ရှီနန်းဆောင်ကို ရွေးလိုက်…”

တော်ဝင်ကျဲ နန်းတော်တွင် အားအကောင်းဆုံး သုံးယောက်မှာ တော်ဝင်ရှီ နန်းဆောင်သခင် နှစ်ယောက်နှင့် ရှီတန်ခိုးရှင် ထောင်ကျန်းတို့ ဖြစ်သည်။

ရီဖူရှင်းကလည်း ဤဆုံးဖြတ်ချက်က သူ့အတွက် အကောင်းဆုံး ဖြစ်သည်ကို သိသည်။

ခွန်ဘုရင်ကို ကြည့်ကာ သူက ပြောသည်… “စီနီယာ… ကျွန်တော်တို့မှာ ဆရာရှိပါတယ်…”

“ပြဿနာမရှိဘူး…” နက်ရှိုင်းသော အသံတစ်ခု အဝေးမှ ​ပျံ့လွင့်လာသည်… “ငါ့ပညာကို ဆက်ခံ… မင်းတို့ရဲ့ဆရာကို ရင်ထဲသိမ်းထား…”

“ဒါက ရှီတန်ခိုးရှင် ထောင်ကျန်းပဲ…” အားလုံး၏ အမူအရာများက လေးနက် သွားကြသည်။ သူကား ကောင်ကင်မြေရိုင်း ထိပ်သီး ဆယ်ယောက်ဝင် ဖြစ်သည်။

“စီနီယာ… ကျွန်မလည်း တိုက်ခိုက်ရေး ရှီနန်းဆောင်မှာ လေ့ကျင့်လို့ မရဘူးလား…” ကြည်လင် သာယာသော အသံတစ်ခုကို ကြားကြရသည်။ အားလုံးက လှမ်းကြည့်သည်တွင် လှပသော မိန်းကလေး တစ်ယောက် ဖြစ်နေသည်။ သူမကား ဟွာဂျီယူဖြစ်၏။

“တိုက်ခိုက်ရေး ရှီနန်းဆောင်က မင်းနဲ့ မသင့်တော်ဘူး… မင်းရဲ့ ပါရမီကို အလဟဿ မဖြစ်စေနဲ့…” ရှီတန်ခိုးရှင် ထောင်ကျန်းက ပြောသည်။

“ဂျီယူ… စီနီယာ ပြောတာ ဟုတ်တယ်…” ရီဖူရှင်းကလည်း တိုက်တွန်းသည်။

ဟွာဂျီယူက ရီဖူရှင်းကို မလိုလားစွာ ကြည့်သည်။

“ကောင်းပြီ… ရွေးကြရအောင်…” အကြီးအကဲ တစ်ယောက်က ပြောသည်။

“ကျွန်မက ထို့ကျန်း နန်းဆောင်ကို ဝင်လိုပါတယ်…” ဖီးနစ်က ရှီတန်ခိုးရှင် ထို့ကျန်းကို ဦးညွှတ် အရိုအသေပေးသည်။

“ကျွန်တော်က ထျန်းရှင်း နန်းဆောင်ကို ဝင်လိုပါတယ်…” ဟောင်က ရွေးသည်။

“ကျွန်တော်က ဓားနန်းဆောင်ကို ဝင်လိုပါတယ်…” စုချွဲကလည်း ဓားမိစ္ဆာကို ရွေးသည်။

“ကျွန်တော်က တော်ဝင် ရှီနန်းဆောင်ကို ဝင်လိုပါတယ်…” ပိုင်စီနှင့် ကျူးကော့ရှင်းတို့က ပြောကြသည်။

“ကျွန်မက ထို့ကျန်း နန်းဆောင်ကို ဝင်လိုပါတယ်…” ဟွာဂျီယူက ပြောသည်။ လူအများအပြားက အံ့အားသင့်ကြရသည်။ တော်ဝင် ရှီနန်းဆောင်ကလည်း သူမကို ဖိတ်ခေါ်သည်။ သို့သော် သူမက ထို့ကျန်း နန်းဆောင်ကိုသာ ရွေးချယ်ခဲ့၏။

ပိုင်စီနှင့် ကျူးကော့ရှင်းက သူမကို လှမ်းကြည့်သော အချိန်တွင် ရှီတန်ခိုးရှင် ထို့ကျန်းက ပြုံးသည်။

ရီဖူရှင်းက ယန်ကျန်းနှင့် ယိရှောင်ရှီကို ကြည့်သည်။ သူတို့က တယ်လီပသီနည်းဖြင့် စကားပြောပြီးမှ ရီဖူရှင်းက ပြောသည်… “ကျုပ်တို့က တိုက်ခိုက်ရေး ရှီနန်းဆောင်ကို ဝင်လိုပါတယ်…”

အားလုံးက သူတို့ လေ့ကျင့်လိုသော နေရာကို ရွေးချယ်ခဲ့ကြသည်။ ယခုနှစ် တော်ဝင် ကျဲနန်းတော်၏ တပည့်သစ်လက်ခံခြင်းက ပြီးဆုံးခြင်းကို ရောက်ပြီဖြစ်သည်။

ကျွန်းစုတစ်ထောင် တော်ဝင်မြေက ရာပေါင်းများစွာသော တပည့်များကို လက်ခံခဲ့ကြသည်။ ထို့အပြင် ပင်ပကျွန်းစုများကလည်း လူတစ်ရာထက် နည်းသော အရေအတွက်ကို လက်ခံခဲ့ကြသည်။ ပင်မနန်းဆောင်ကို ဝင်ရောက်သူများကား လက်ချိုး ရေတွက်၍ ရသည်။

ရီဖူရှင်းတို့အုပ်စုက အသိသာဆုံးဖြစ်သည်။ အားလုံး၏ မျက်လုံးအောက်တွင် သူတို့က ကောင်းကင်မြေရိုင်း အဆင့်မှ သတ္တမနေရာတွင် ရှိသော ရှီတန်ခိုးရှင် ထောင်ကျန်း၏တပည့်များ ဖြစ်သွားကြသည်။

နန်ဖန်း၊ ပိုင်ရီ၊ ယန်ချူအပြင် တခြားရီဖူရှင်းနှင့် ပြဿနာ ဖြစ်ခဲ့သူများ အားလုံးက မျက်နှာ သိပ်မကောင်းကြပေ။ ယခု ရီဖူရှင်း၏ အဆင့်အတန်းက သူတို့ထက် မြင့်မားသွားပြီ ဖြစ်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset