ရီဖူရှင်းက ဟောင်ကျူဂီကို ကြည့်သည်။ ဟောင်မိသားစုက နတ်ဘုရားများ၏ မျိုးဆက်များဟု မိမိတို့ကိုယ်ကို ပြောကြသည်တွင် သူတို့က ပုံမှန်အားအဖြင့် အလွန် ထူးခြားသော ကလန် ဖြစ်ရပေမည်။ ဟောင်ကျူဂီ လေ့ကျင့်သော ပညာရပ်များ အားလုံးက အရည်အသွေး အမြင့်ဆုံးများဟု ပြော၍ ရသည်။
ယိရှောင်ရှီနှင့် ယန်ကျန်းတို့ နှစ်ယောက်လုံးက ဟောင်ကျူဂီ၏ လက်အောက်တွင် ကျရှုံးခဲ့ရသည်။
နေနှင့်လ ဖြစ်ပေးလာရာ ရေခဲအသိနှင့် မီးအသိတို့က ဟောင်ကျူဂီထံသို့ ရောက်လာသည်။ အားလှိုင်းနှစ်ခုက ရစ်ပတ်လာသည့်တိုင် ဟောင်ကျူဂီက ရွေ့လျားခြင်း မရှိပေ။ သူက သိုင်းပညာ အသိကို ထုတ်လွှတ်ကာ ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေသည်။ ထူးခြားသော စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို စီးဆင်းနေကာ မီးနှင့်ရေခဲအသိကို ဟန့်တားထားသည်။
သူ့တွင် သက်စောင့်ဝိညာဉ် သုံးခုရှိကာ အလွန် ရှားပါးသော မှော်ထိန်းချုပ်သူ ဖြစ်သည်။ ထို့အပြင် သူက စိတ်ဝိညာဉ် ထိန်းချုပ်မှုတွင် အလွန်အမင်း ပါရမီမြင့်သော်လည်း သူက မှော်ပညာ သာမက သိုင်းပညာကိုလည်း လေ့ကျင့်သည်။ ဟောင်မိသားစု မျိုးရိုးစဉ်ဆက် ဆက်ခံရသော လျှို့ဝှက် ပညာရပ် အများစုကလည်း သိုင်းပညာရပ်များ ဖြစ်ကြသည်။
ဟောင်ကျူဂီ၏ နောက်တွင် အလင်းတစ်ချက်နှင့်အတူ ဟောင်ရတနာလေး ပေါ်လာသည်။ သူက ရီဖူရှင်း၏ တိုက်ခိုက်ပုံဟန်ကို သိနားလည်နေပြီ ဖြစ်သည်။ ရီဖူရှင်းက စွမ်းရည်မျိုးစုံကို သုံးနိုင်ပြီး အမြန်နှုန်းက ရီဖူရှင်း၏ အားသာချက် တစ်ခုဖြစ်သည်။ အကယ်၍ ရီဖူရှင်းက မှော်ပညာနှင့် သူ၏အမြန်နှုန်းကို ပေါင်းစပ် အသုံးချပါက သူ့အား အောက်စည်းကို ရောက်သွားစေနိုင်၏။ ထို့ကြောင့် သူက ရီဖူရှင်း၏ ဟန်ပန်ကို ဖျက်ဆီးရန် လိုသည်။
လေးကိုင်းတွင် မြားတပ်လိုက်သည်နှင့် ရီဖူရှင်းက သူ့အား မမြင်ရသော စိတ်အသိတစ်ခုက လုံးဝ ပိတ်လှောင် ထားသည်ဟု ခံစားလိုက်ရသည်။ ဟောင်ကျူဂီ၏ လက်ထဲမှ လေးတွင် အရောင်တစ်ချက် ဝင်းလက်သွားကာ ထက်ရှသော မြားတစ်စင်း ပေါ်လာသည်။
ဟောင်ကျူဂီက လေးညှို့ကို လွှတ်လိုက်သည်နှင့် လေထဲတွင် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာကာ စူးရှသော အသံနှင့်အတူ ရီဖူရှင်း၏ အရံအတားထံသို့ ရောက်လာသည်။ အရံအတားက ပျက်စီးခြင်း မရှိသော်လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ ထိုအခိုက်တွင်ပင် ဟောင်ကျူဂီက လေးညို့မှ မြားကိုးချောင်းကို တစ်ပြိုင်နက်တည်း လွှတ်လိုက်သည်။
ရီဖူရှင်း၏အနီးတွင် ကြယ်တာရာ မုန်တိုင်းက ပိုမိုသိပ်သည်းစွာ ဖြစ်ပေါ်လာသည်။ မြားများ ရောက်လာသောအခါ မုန်တိုင်းက အပိုင်းအပိုင်းအစစ ဖြစ်သွားရာ ရီဖူရှင်းက အတောင်ပံကို ဖြန့်၍ နောက်ဆုတ်သည်။ မြားများက ရီဖူရှင်းထံသို့ ဆက်လက်တိုးဝင်လာကြရာ ရီဖူရှင်းက လက်ဝါးပုံရိပ်တစ်ခု ထုတ်လွှတ် ဖျက်ဆီးလိုက်ရသည်။ လက်ဝါးပုံရိပ်က ပျက်စီးသွားသလို မြားများကလည်း အားအင် ကုန်ခန်းသွားပြီး သူ့ကို ဒုက္ခပေးနိုင်စွမ်း မရှိတော့ပေ။
ဘယ်လောက် အားကောင်းတဲ့ မြားတွေလဲ… ရီဖူရှင်း တွေးလိုက်သည်။ သူကား ကွင်းထောင့်သို့အထိ နောက်ဆုတ်လိုက်ပြီး ဖြစ်သည်။ အကယ်၍ ဟောင်ကျူဂီ၏ ပြိုင်ဘက်က သာမန်တန်ခိုးရှင် တစ်ယောက် ဆိုပါက ထိုဟောင်လေးနှင့် မြားချက် အောက်တွင် ရှုံးနိမ့်ခဲ့ပြီး ဖြစ်ပေမည်။
သည်တစ်ခေါက်တွင်ကား ဟောင်ကျူဂီက လေးကိုင်းကို ဆွဲလိုက်သည်နှင့် မြားဆယ့်နှစ်ချောင်း တစ်ပြိုင်နက်တည်း ထွက်လာသည်။
ရီဖူရှင်း၏အနီးတွင် ဥက္ကာခဲများ အဆက်မပြတ် ဖြစ်ပေါ်လာနေသည်။ သို့တိုင်အောင် သူက မြားချက်များကို အသည်းအသန် ရှောင်တိမ်းနေရကာ ဥက္ကာခဲများကလည်း အဆက်မပြတ် ကွဲကြေနေရသည်။ ရီဖူရှင်းက နတ်ငှက်လို မြန်ဆန်စွာ လှုပ်ရှားလျက် ဟောင်ကျူဂီထံသို့ တိုးဝင်သွားသည်။
သူက မှော်ပညာတွင် အားကောင်းသော်လည်း အကယ်၍ တိုက်ပွဲက သည်အတိုင်း ဆက်သွားပါက သူ့အခြေအနေ လှမည်မဟုတ်ပေ။ မြားများက တဖြည်းဖြည်း များပြားလာကာ သူ့အတွက် ရှောင်ဖယ်စရာ နယ်ပယ်ကလည်း ကျဉ်းမြောင်း လာသည်။
ရီဖူရှင်းက လက်ဝှေ့ယမ်းသည်တွင် လေထဲတွင် မှော်စာရွက်များ ဖြစ်ပေါ်လာသည်။ အဆုံးမဲ့သော သဘာဝ စွမ်းအင်များက စုစည်းလာကြကာ သူ၏ခန္ဓာကိုယ်မှ တစ်ဆင့် မှော်စာရွက်များထံသို့ စီးဆင်းသွားပြီး မှော်စာလိပ်များ ဖြစ်ပေါ်လာသည်။
“လျှပ်စီးနတ်ဘုရားရဲ့ ပြစ်ဒဏ်…” ရီဖူရှင်းက လက်ဝှေ့ယမ်းသည်တွင် များစွာသော မှော်စာလိပ်များက ဟောင်ကျူဂီထံသို့ ပျံသန်းသွားသည်။ ထိုအခိုက်တွင်ပင် ကောင်းကင် တစ်ခွင်လုံး၌ ခရမ်းရောင်လျှပ်စီးများ ပြည့်နှက်သွားပြီး ဟောင်ကျူဂီထံသို့ ဆင်းသက် လာကြသည်။
ဟောင်လေးနှင့်မြားက ပျောက်ကွယ် သွားသည်။ ချက်ချင်းပင် ဟောင်ခန္ဓာကိုယ် ဖြစ်ပေါ်လာပြီး ဟောင်ကျူဂီ၏ ခန္ဓာကိုယ်က အလွန်အမင်း အားကောင်းသော စွမ်းအားများနှင့် ရစ်ပတ်သွားသည်။ အလွန်အမင်း အားကောင်းသော သိုင်းပညာ ကံစွမ်းအားက ကောင်းကင်တွင် နတ်ဘုရား ပုံရိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။
သိုင်းပညာဝိညာဉ်… သည်အရာက သိုင်းပညာ၏မှန်ကန်ခြင်း…
ဘယ်လောက် အားကောင်းလိုက်တဲ့ ပညာလဲ… လူအုပ်က ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့် ကြရသည်။ ထိုကောင်းကင်မှ နတ်ဘုရားအလား ပုံရိပ်က လှံရှည်ကို ကိုင်ကာ လျှပ်စီးများအား ထိုးခွင်း ဖျက်ဆီးလိုက်သည်။ လျှပ်စီးတန်းများကား လေထဲတွင်ပင် အပိုင်းပိုင်း ပြတ်တောက် ကြရသည်။
ဟောင်ဓား ဖြစ်ပေါ်လာကာ ဟောင်ကျူဂီက ဓားကို ဆုပ်ကိုင်လျက် ရှေ့ကို တက်လာသည်။ သူက လေထဲကို ကြည့်ကာ ဓားကို ထပ်မံဝှေ့ယမ်းသည်။ ချက်ချင်းပင် ဧရာမဓားက ရီဖူရှင်းထံကို ဖြတ်ဝင်လာသည်။
ဟောင်ကျူဂီ ချဉ်းကပ် လာသည်ကို မြင်သည်တွင် ရီဖူရှင်းက အတောင်ပံများကို ခတ်ကာ တိမ်များထက်သို့ ပျံသန်းသွားသည်။ သူက လက်ဆန့်တန်း လိုက်သည်တွင် ကြယ်တာရာ နှင်တံတစ်လက် ဖြစ်လာသည်။ ထို့နောက်တွင် သူက အောက်ကို နတ်ငှက် တစ်ကောင်အလား ထိုးဆင်းလာသည်။ ကြယ်တာရာ သီးသန့်နယ်ထဲတွင် ကြီးမားသော အားလှိုင်းတစ်ခုက ဟောင်ကျူဂီနှင့် ဓားအားလှိုင်းထံသို့ ဆင်းသက် လာသည်။
ကြောက်မက်ဖွယ် နှင်တံပုံရိပ်က လေထဲ ဖြစ်ပေါ်လာကာ ဟောင်ဓားနှင့် ထိတွေ့ပြီး ဓားက နောက်ကို ပြန်လွင့်စဉ် သွားသည်။ ဟောင်ကျူဂီက ဓားကို လက်နှစ်ဖက်ဖြင့် ဖမ်းကိုင်လိုက်သည့်တိုင် သူကလည်း နောက်ကို ခြေလှမ်း အတော်များများ ဆုတ်သွားရသည်။
ဘယ်လောက် အားကောင်းတဲ့ ရိုက်ချက်လဲ…။ ဟောင်ကျူဂီ၏ အကြည့်က ထက်ရှသွားသည်။ ရီဖူရှင်း၏ ရိုက်ချက်က ယန်ကျန်းသုံးသော နည်းစနစ်နှင့် အတူတူ ဖြစ်သည်ကို သူသိသည်။ ထိုနည်းစနစ်က ယန်ကျန်းနှင့် ပိုမို လိုက်ဖက်သော်လည်း ရီဖူရှင်းသုံးသောအခါ ပိုမို အားကောင်းသည်။ ရီဖူရှင်းက သည်ပညာကို ပိုမိုနက်ရှိုင်းစွာ နားလည် ထားဟန်ရ၏။
ခေါင်းမော့ကာ ကြည့်လျှင် ရီဖူရှင်းက ကောင်းကင်မှ ဆင်းသက် လာပြန်သည်။ သိပ်တွေးတောနေရန် အချိန်မရှိရာ ပိုမိုအားကောင်းသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု ဟောင်ကျူဂီထံမှ ထွက်ပေါ်လာသည်။ သိုင်းပညာအသိမှ ဖြစ်တည်လာသော ပုံရိပ်တစ်ခု ကောင်းကင်တွင် ဖြစ်ပေါ်သည်။ ထိုပုံရိပ်က ဟောင်ဓားကို ကိုင်လျက်ပင် ရီဖူရှင်းထံသို့ ခုန်တက်သွားသည်။
ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဟန်က ဆင်းသက် လာသည်တွင် ပိုမို အားကောင်းသော ပေါက်ကွဲမှု တစ်ခုနှင့်အတူ ဟောင်ဓားက နောက်ကို ပြန်လည် လွင့်စဉ်လာပြီး ရီဖူရှင်းကလည်း နောက်ထပ် ရိုက်ချက် တစ်ခုအတွက် ကောင်းကင်ထက်ကို ပြန်လည် ခုန်တက်သွားသည်။
ကောင်းကင်တွင် ရီဖူရှင်းက သူ၏နှင်တံကို ဆက်လက် ဝှေ့ယမ်းနေသည်။
ထိုမြင်ကွင်းကို ကြည့်ကာ ဟောင်ကျူဂီက မျက်မှောင်ကြုတ်သည်။ သူက ဟောင်လေးနှင့်မြားကို ထုတ်ကာ ပစ်လွှတ်လိုက်သည်တွင် မြားဆယ့်နှစ်ချောင်းက ရီဖူရှင်းထံ ပစ်လွင့်သွားသည်။ ရီဖူရှင်းက နှင်တံကို ဝှေ့ယမ်းရာမှ တတိယရိုက်ချက်ဖြင့် သိမ်းကျုံးရိုက်လိုက် သည်တွင် မြားများ အားလုံး ကြေပျက် သွားရသည်။
ရီဖူရှင်းက သူ၏လေးချက်မြောက် ရိုက်ချက်နှင့်အတူ ဆင်းသက် လာသည်တွင် ဟောင်ကျူဂီက သူ၏ဓားကို မြေပြင်တွင် ထိုးစိုက်လိုက်သည်။ သူ့နောက်တွင် ဟောင်ခန္ဓာကိုယ် ပေါ်လာကာ သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွား၏။ သူ့ခန္ဓာကိုယ်ကို ဖုံးလွမ်းသွားသော ဧရာမနတ်ဘုရား သွင်ပြင်ပုံရိပ်နှင့်အတူ ပတ်ဝန်းကျင်က မရေမတွက်နိုင်သော ကွန်ချာများဖြင့် ရစ်ပတ် ဖုံးအုပ်သွားသည်။ နှင်တံက ဆင်းသက် လာသောအခါ ကွန်ချာများနှင့် ပုံရိပ်ယောင်များ အားလုံး ပေါက်ကွဲပျက်စီး သွားရပြီး ဟောင်ကျူဂီကလည်း နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ သို့သော်လည်း ရီဖူရှင်းက ထိုအခိုက်တွင် အန္တရာယ်၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။ နတ်ဘုရား စွမ်းအားတစ်ခု ဟောင်ကျူဂီ၏ ခန္ဓာကိုယ်တွင် အသက်ဝင်လာဟန် ရသည်။
“ဒီအခြေအနေ ထိအောင် မင်းက တွန်းအား ပေးနိုင်တယ်… ရီဖူရှင်း… မင်းက တကယ်ပဲ အားကောင်းတယ်…” ဟောင်ကျူဂီက ပြောသည်။ သူ၏ခန္ဓာကိုယ်တွင် ရုတ်တရက် အလင်းတန်းများ ထွက်ပေါ်လာကာ သူ့အား လှည့်ပတ်သွားသည်။ ထို့အတူ ထူးဆန်းသော စွမ်းအားများက ဟောင်ခန္ဓာကိုယ်နှင့် ဟောင်ဓားကို စီးဆင်းသွား၏။
ထို့နောက်တွင် ကောင်းကင်၌ ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါး ပုံရိပ် ဖြစ်ပေါ်လာသည်။ ဟောင်ဓားက အရွယ်အစား ကြီးမားသွားကာ ကောင်းကင်မှ နတ်ဘုရား ပုံရိပ်ထံသို့ ပျံသန်း ရောက်ရှိ သွားသည်။
ရီဖူရှင်းကလည်း ပဉ္စမရိုက်ချက်ကို တွန့်ဆုတ်ခြင်း မရှိဘဲ ရိုက်ချလိုက်သည်။ ကောင်းကင်ပင် နှစ်ခြမ်းကွဲ လောက်အောင် အားပြင်းသော ရိုက်ချက်နှင့် နတ်ဘုရားပုံရိပ်တို့ ရင်ဆိုင်မိသည်တွင် ကောင်းကင်နှင့် မြေပြင်က တုန်ခါသွားသည်။ အလွန်ပြင်းထန်သော ပေါက်ကွဲအားကြောင့် ရီဖူရှင်း၏ ခန္ဓာကိုယ်က နောက်ကို လွင့်စဉ်သွားကာ ခန္ဓာကိုယ်ကလည်း တုန်ယင် သွားသည်။
ထိုအခိုက်တွင် ဟောင်ကျူဂီက ကောင်းကင်ထက်မှ နတ်ဘုရားပုံရိပ်နှင့် ပေါင်းစပ်သွားဟန် ရသည်။ ဧရာမပုံရိပ်က ဟောင်ဓားကို ဆုပ်ကိုင်ကာ ရှေ့ကို တက်လာသည်။ လူအများအပြားက ထိုပုံရိပ်ကို မြင်သည်တွင် ဟောင်မိသားစုကား အမှန်ပင် နတ်ဘုရား မျိုးနွယ်များလားဟု ထင်မှတ်ကြသည်။
“မင်း လက်လျှော့လိုက်တော့…” ဟောင်ကျူဂီက လှမ်းလာရင်းဖြင့် ပြောသည်။ နဝမအတန်းအစား နိုဘယ်တစ်ယောက်က သူ့အား ဤအဆင့်အထိ ယှဉ်တိုက်နိုင်ခြင်းကား အမှန်ပင် ဂုဏ်ယူဖွယ် ကောင်းသည်။ သို့သော်လည်း နတ်ဘုရားမျိုးနွယ် ဖြစ်သော သူက ပထမနေရာကို ရယူရမည်။ သူသည်သာ မြေရိုင်းဒေသ၏ အတော်ဆုံးဖြစ်သည်။
“လူတွေက မင်းကို ပိုင်စီနဲ့ နှိုင်းယှဉ်ကြတယ်… ဒါပေမဲ့ သူက မင်းနဲ့တိုက်ခိုက်ဖို့ ထိုက်တန်တဲ့လူ မဟုတ်ဘူး…” ရီဖူရှင်းက ပြန်ပြောသည်။ ကွင်းပြင်ပမှ ပိုင်စီ၏မျက်နှာက နက်မှောင်သွားသည်။ သို့သော်လည်း ပရိသတ်များက ထိုစကားကို လက်ခံကြသည်။
ရီဖူရှင်းက သူတို့ နှစ်ယောက်လုံးနှင့် တိုက်ခိုက်ခဲ့ရာ သူသည်သာ ထိုမှတ်ချက်ကို ပေးရန် အသင့်တော်ဆုံး ဖြစ်သည်။ ထို့အပြင် ဟောင်ကျူဂီ၏ စွမ်းအားက အမှန်ပင် အားကောင်းလွန်း၏။
အကယ်၍သာ ပိုင်စီက ဟောင်ကျူဂီနှင့် တိုက်ခိုက်ပါက သေချာပေါက် ရှုံးနိမ့်မည် ဖြစ်သည်။ သို့သော် ရီဖူရှင်း၏ ဖြစ်တည်မှုက သူတို့အား ဟောင်ကျူဂီ၏ တကယ့်စွမ်းရည်ကို မြင်ခွင့်ရစေသည်။ ရီဖူရှင်းက သည်တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင်ပင် ဂုဏ်ယူဖွယ် ကောင်း၏။
ဟောင်ကျူဂီက လေထဲကို ကြည့်လိုက်သည်။ ထိုအခိုက်တွင် ရီဖူရှင်းက မျက်လုံးကို မှိတ်လိုက်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင် ကိုယ်ဝါတစ်ခု ဖြစ်ပေါ်လာသည်။ ကြယ်တာရာ သီးသန့်နယ်ထဲတွင် မဆုံးနိုင်သော ကြယ်အလင်းများ သူ့ခန္ဓာကိုယ်တွင် စုစည်းသွားပြီး သူ့ရှေ့တွင် ဧရာမနှင်တံ တစ်ချောင်း ဖြစ်ပေါ်လာသည်။
ရီဖူရှင်းက ဆက်လက်၍ တိုက်ခိုက် တော့မည်လော…။
ထိုအခိုက်တွင် မရေမတွက်နိုင်သော ဥက္ကာခဲများက ဟောင်ကျူဂီထံသို့ ပျံသန်း သွားသည်ကို ပရိသတ်များက မြင်ကြရသော်လည်း ဥက္ကခဲများက ဟောင်ကျူဂီ၏ ဓားချက်အောက်တွင် အပိုင်းအပိုင်း ပြတ်တောက် သွားကြရသည်။ ထို့နောက်တွင် ဟောင်ကျူဂီက အမှန်ပင် ကြီးမားသော ဖိအားတစ်ခုကို ခံစားလာရသည်။
ရီဖူရှင်းက စီနီယာ နှင်းလူဝံကြီး၏ ကောင်းကင်ဘုံ ကိုးဆင့် ရိုက်ချက်ကို ပြန်တွေးသည်။ ရိုက်ချက် တစ်ချက်စီက တန်ခိုးအဆင့် တစ်ခုနှင့် ပေါင်းစပ်ရ၏။
ဆဋ္ဌမရိုက်ချက်က ရှီအသိဖြင့် ပေါင်းစပ်ရန် လိုသည်။
ကောင်းကင် အလင်းက သူ၏ခန္ဓာကိုယ်ကို စီးဆင်းသွားကာ ကြယ်တာရာ အားက ထိုအထဲတွင် ပေါင်းစပ် ပါဝင်နေသည်။ မာန်ဖီသံ တစ်ချက်နှင့်အတူ ရီဖူရှင်း၏နောက်တွင် နတ်လူဝံဝိညာဉ်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ ဧရာမလူဝံလက်အစုံက ဧရာမ နှင်တံကြီးကို ဆုပ်ကိုင်သည်။
နတ်လူဝံက မူလရိုက်ချက်ငါးချက် အားလှိုင်းကို စုစည်းရင်းဖြင့်ပင် အောက်ကို ဆင်းသက်လာသည်။ ထိုအခိုက်တွင်ပင် ဆဋ္ဌမရိုက်ချက်က မွေးဖွားလာ၏။
ဟောင်ကျူဂီက ကြီးမားသော အန္တရာယ်ကို ခံစားမိသည်။ သူကလည်း နတ်ဘုရား ပုံရိပ်နှင့်အတူ ဟောင်ဓားကို မြဲမြဲကိုင်ကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိုအခိုက်တွင် ကောင်းကင်၌ အလွန်တရာ စူးရှသော အလင်း ပေါက်ကွဲမှုနှင့်အတူ နားကွဲမတတ် မြည်ဟည်းသံ ဖြစ်ပေါ်လာကာ လောကတစ်ခုလုံး ပျက်စီးသွားသည့်အလား ခံစားလိုက်ကြရသည်။ ပရိသတ်များ၏ ရင်ဘတ်များ တုန်ခါကြသည်။ ပတ်ဝန်းကျင်အနှံ့ကို ပျံ့နှံ့သွားသော အားလှိုင်းများက ကြောက်မက်ဖွယ် ကောင်းလွန်းရကား အကြီးအကဲများက လက်ဝှေ့ယမ်းကာ တားဆီးပေးရသည်။ အလင်း ပေါက်ကွဲမှုကြီးက စူးရှလွန်းရကား ကွင်းထဲမှ မြင်ကွင်းကို သူတို့ သေချာစွာ မတွေ့မြင် ကြရတော့ပေ။
အပျက်အစီး မုန်တိုင်းက ပျက်ပြယ် သွားသောအခါ ရီဖူရှင်းက လေထဲတွင်ပင် ရပ်နေဆဲဖြစ်ပြီး ဟောင်ကျူဂီကား မြေပြင်တွင် ရပ်နေသည်။
လေထုကလည်း အလွန်တရာ ငြိမ်သက် သွားသည်။
ဖူး… ဟောင်ကျူဂီ၏ ပါးစပ်မှ သွေးအန်ထွက်ကာ ဆက်လက်၍ ရပ်နိုင်စွမ်း မရှိတော့ဟန်ဖြင့် ဒူးများ တုန်ယင်နေသည်။ သို့တိုင်အောင် သူကား မားမားရပ်ကာ ပြိုလဲခြင်း မရှိပေ။
“မင်း နိုင်တယ်…” ဟောင်ကျူဂီက အားနည်းစွာ ပြောသည်။ နောက်ဆုံး သူ ခံစားခဲ့ရသော ရိုက်ချက်က ကောင်းကင်တစ်ခုလုံး၏ အားအင်ကို သူ ထမ်းပိုးခဲ့ရသည့်အလား ကြီးမား ပြင်းထန် လွန်းလှသည်။ ထိုစွမ်းအားက အရာခပ်သိမ်းကို ဖျက်ဆီးနိုင်ခဲ့သည်။
“ဒါက ကံကောင်းတာ…” ရီဖူရှင်းက ပြောသည်။ သူကား အမှန်ပင် ကံကောင်းခဲ့ခြင်း ဖြစ်သည်။ သည်တိုက်ပွဲတွင် သူက မည်မျှ အားထည့်ခဲ့ရသည်ကို သူကိုယ်တိုင်သာ သိသည်။ အကယ်၍ ခြောက်ချက်မြောက် ရိုက်ချက်ကိုသာ သူ ထုတ်မသုံးနိုင်ခဲ့ပါက ရှုံးနိမ့်ခဲ့သောသူက ရီဖူရှင်း ဖြစ်ပေလိမ့်မည်။
သူတို့နှစ်ယောက်၏ စကားသံ အနည်းငယ်မှအပ ပရိသတ်ထုကြီး တစ်ခုလုံးကား တိတ်ဆိတ်နေသည်။
တော်ဝင်ကျဲနန်းတော်၏ဝင်ခွင့်ပြိုင်ပွဲတွင် ရီဖူရှင်းက ပထမနေရာကို ရသည်။
***
စာစဉ်(၃၉)ပြီးပါပြီ
ဆက်ပါဦးမည်။
***