ပိုင်စီ ရှုံးနိမ့်သွားသည်။
တိမ်ဖြူမြို့၏ ဒုတိယ သခင်လေးကား ထူးခြား ထက်မြက်သော ပါရမီ၊ သက်စောင့် ဝိညာဉ်နှစ်ခု၊ ဖျက်ဆီးခြင်း မှော်မျက်လုံးနှင့် လေထဲ မှော်စာလိပ်ရေးခြင်း စသော ထူးခြားသော ဝိသေသများကို ပိုင်ဆိုင်သူဖြစ်၏။ သူက သိုင်းပညာတွင် အနည်းငယ် အားနည်းသည် ဆိုသော်လည်း သူ့အနီးကို ဘယ်သူကမှ ကပ်နိုင်မည် မဟုတ်ဟု ယုံကြည်ထား၏။ သူက ဓာတ်စွမ်းအား မျိုးစုံကို သုံးလျက် မှော်စာလိပ် ရေးသောအခါ အဘယ်မျှ ကြောက်မက်ဖွယ် ကောင်းသနည်း။ သူ၏ဖျက်ဆီးခြင်း မျက်လုံး၏ အစွမ်းများကလည်း အံ့မခန်း…။
သူ၏ပြိုင်ဘက်က ဟောင်ကျူဂီ ဖြစ်လိမ့်မည်ဟု လူတိုင်းက တွေးထင်ခဲ့ကြ၏။ သို့သော် ရီဖူရှင်းက ပိုင်စီကို နင်းခြေသည်ကို မြင်ရသည့် အခိုက်အတန့်၌ ထိုနေရာ တစ်ခုလုံးက ပကတိ တိတ်ဆိတ် ငြိမ်သက် သွားသည်။ တော်ဝင်ကျဲနန်းတော်မှ ပုဂ္ဂိုလ်ကြီးများပင် ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်ကြသည်။
အဆုံးစွန်သော အရှက်ရမှု၊ ဒေါသပေါက်ကွဲမှု၊ မုန်းတီးမှုတို့ကြောင့် ပိုင်စီ၏ မျက်လုံးတို့ကား နီရဲသော အခိုးအငွေ့တို့ ထောင်းထောင်း ထသည်။ သူကား တိမ်ဖြူမြို့၏ ဒုတိယ သခင်လေးဖြစ်၏။ မွေးကတည်းက လူတစ်ကာ ပါးစပ်ဖျားတွင် ချီးကျူး အမွမ်းတင်ခြင်း ခံရသူဖြစ်သည်။ ရီဖူရှင်းတွေး သကဲ့သို့ပင် သူကား ရီဖူရှင်းကို ပြိုင်ဘက်ဟုပင် သတ်မှတ်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့်လည်း သူက ဟွာဂျီယူကို လူပုံအလယ်တွင် ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။ မြေရိုင်းဒေသတွင် သူဂရုစိုက်သူ သိပ်မရှိလှပေ။
“ထိပ်ဆုံး ဆယ်ယောက် တိုက်ပွဲမှာ မင်းက တစ်ပွဲမှ မနိုင်ခဲ့ဘူး… အခု မင်းက ဘာလို့ ထိပ်ဆုံး သုံးယောက်ထဲကို ဝင်ခဲ့လဲ သိပြီလား…” ရီဖူရှင်းက ပိုင်စီကို သနားငဲ့ညှာခြင်း ကင်းစွာ ကြည့်သည်… “ဒါကို ငါက မင်းကို ပေးခဲ့လို့ပဲ… မဟုတ်ရင် မင်းက အခုအဆင့်အထိ ရောက်လာမယ် ထင်လို့လား…”
ပိုင်စီ၏သွေးကြောများက ဒေါသများကြောင့် ဖောင်းပွလာကာ ကြောက်မက်ဖွယ်ပုံစံ ဖြစ်လာ၏။ ထိပ်ဆုံး သုံးနေရာသို့ သူဝင်ရောက်ခြင်းက ရီဖူရှင်း၏ ပေးအပ်မှုကြောင့်တဲ့လား…။
ထိုစကားက သူ့အား အဆုံးစွန်သော အရှက်ရမှုကို ပေး၏။
သို့သော်လည်း ထိုစကားက အမှန်တရား ဖြစ်သည်ကို အားလုံးက လက်ခံကြရသည်။ အဘယ်ကြောင့်ဆိုသော် ရီဖူရှင်းက ပိုင်စီကို အနိုင်ရခဲ့သည်။ အကယ်၍ ရီဖူရှင်းကသာ ပိုင်စီကို စောစီးစွာ စိန်ခေါ်ခဲ့ပါက ပိုင်စီကား မူလကတည်းက ပြုတ်သွားပြီး ဖြစ်မည်။
“ရိုင်းစိုင်းတယ်… မောက်မာတယ်… တစ်ကိုယ်ကောင်း ဆန်တယ်… အခုဒါတွေကို မင်းပျော်ပျော်ကြီး ခံစားကြည့်…” ရီဖူရှင်းက ပိုင်စီကို ရက်စက်စွာ ပြောသည်။ ပိုင်စီ၏ အမှတ်သညာထဲတွင် ဤတိုက်ပွဲကို တစ်သက် မမေ့နိုင်အောင် သူလိုလားသည်။ ယနေ့က သူ၏အိပ်မက်ဆိုး ဖြစ်ရမည်။ သူက ပိုင်စီအား တမင်ပင် ထိပ်ဆုံး သုံးနေရာသို့ တက်လှမ်းစေခဲ့၏။ သူ၏မောက်မာ ရိုင်းစိုင်းမှုတို့ကြောင့် တစ်ဖက်လူကို လေးစားမှုဟူသော အရာကို ပိုင်စီအား သိစေမည်။
ရီဖူရှင်းက ပိုင်စီကို တယ်လီပသီနည်းဖြင့် စကားပြောသည်… “အခုကစပြီး မင်းကို လူတွေက မြင်တာနဲ့ တိမ်ဖြူမြို့ သခင်လေးက ငါ့ခြေထောက် အောက်မှာ ပြားပြားကပ် သွားတာကိုပဲ မြင်ယောင် ကြလိမ့်မယ်… ဒီနေ့ အရှက်ကွဲတာကို မင်းက ဘယ်တော့မှ ပယ်ဖျက်လို့ ရမှာ မဟုတ်တော့ဘူး…”
“မင်းရဲ့ ပါးစပ်ကို ဟပြီး အရှုံးခံစမ်း…” ရီဖူရှင်းက ခြေထောက် တစ်ဖက်ဖြင့် ပိုင်စီကို တက်နင်းကာ ရက်စက်စွာ ပြောသည်။ ပိုင်စီက အရှုံးပေးခြင်းဖြင့် သူ့ဘဝအတွက် တစ်သက်စာ အမှတ်တရ ဖြစ်စေမည်။
“မင်းက အနိုင်ရပြီးပြီပဲ… တော်လောက်ပြီ…” ထိုအခိုက်တွင် တော်ဝင်ကျဲနန်းတော်မှ အကြီးအကဲ တစ်ယောက်က ပြောသည်။
“ဒါကို အဆုံးသတ်ရအောင်…” ပိုင်လွေလီကလည်း ပြောသည်။ ပိုင်စီက ဟွာဂျီယူအပေါ် ပြောခဲ့သော စကားများကြောင့် ရီဖူရှင်းက တမင် လက်စားချေနေသည်ကို ပိုင်လွေလီက နားလည်သည်။ သည်တိုက်ပွဲက ပိုင်စီအတွက် မမေ့နိုင်သော အမှတ်တရ ဖြစ်ပေတော့မည်။ သူ့ညီ၏ဘဝက အလွန်အမင်း ချောမွေ့ခဲ့သည်ကို သူဝန်ခံရသည်။ သူက တစ်ခါမှ အရှုံးဟူသည်ကို မခံစားဖူးရာ သူ့ဘဝတွင် မောက်မာခြင်း ဝင့်ကြွားခြင်းများနှင့်အတူ ရိုင်းစိုင်းခြင်းများကပါ ကပ်ငြိလာခဲ့သည်။ ယနေ့အရှုံးက သူ့အတွက် သင်ခန်းစာတစ်ခု ဖြစ်ပေလိမ့်မည်။
“စည်းကမ်းအရတော့ သူက အရှုံးခံတယ် မပြောမချင်း ပြီးပြီလို့ ပြောလို့ မရဘူး…” ရီဖူရှင်းက ပိုင်စီကို ဆက်နင်းထားသည်။ ထိုအဖြစ်က လူအများအား အံ့အားသင့်စေသည်။ ရီဖူရှင်းက ပိုင်စီကို အဘယ်ကြောင့် ထိုမျှ အငြိုးအတေး ကြီးနေသည်ကို သူတို့ နားမလည်ပေ။ ပိုင်စီက တယ်လီပသီနည်းဖြင့် ရီဖူရှင်းကို စော်ကားခဲ့သည်များကို သူတို့ မသိကြပေ။ ဖြစ်နိုင်လျှင်ကား ရီဖူရှင်းက ပိုင်စီကို သတ်ဖြတ်လိုသည်။ သို့သော် လက်ရှိ ပိုင်စီ၏ နောက်ခံ အင်အားကြောင့် ရီဖူရှင်းက ထိုမျှလောက်အထိ လုပ်၍ မရပေ။
“သေစမ်း…” ဒေါသတကြီး အော်သံနှင့်အတူ ပိုင်စီက မှော်စာလိပ်တစ်ခု ထုတ်ယူကာ ရီဖူရှင်းထံသို့ ပစ်ပေါက်လိုက်သည်။ ထိုအခိုက်တွင်ပင် ဧရာမကြီးမားသော အားအင်တစ်ခု မွေးဖွားလာ၏။ ရီဖူရှင်းကလည်း မြန်ဆန်စွာပင် နောက်ကို ဆုတ်သွားသည်။ သို့သော်လည်း ကောင်းကင်တွင် ဧရာမလျှပ်စီး နတ်ဘုရားတစ်ပါး ပေါ်လာပြီး တူဖြင့် ထုနှက်သည်။ ဧရာမတူကြီးက ရီဖူရှင်းကို တိုက်ရိုက် ဦးတည်ကာ ထိုနေရာ တစ်ခုလုံးကို ကြီးမားသော အင်အားဖြင့် ထုနှက်လိုက်သည်။
ရီဖူရှင်းအား ကြယ်တာရာ အရံအတားက ကာကွယ်ထားသည့်တိုင် တူကြီးက အရာအားလုံးကို ဖျက်ဆီးလျက် ရီဖူရှင်းထံကို ရောက်လာသည်။ ရီဖူရှင်း၏ လက်ထဲတွင် ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံ ပေါ်လာကာ သူ့အား ကာကွယ်သည်။ သို့တိုင်အောင် နှင်တံက နောက်ကို ပြန်လွင့်ကာ ရီဖူရှင်းအား ထိရိုက်သည်။ လျှပ်စီး အရှိန်အဝါက သူ့အား ဖြတ်ရိုက်သွားကာ သူ၏ ခန္ဓာကိုယ်ကလည်း နောက်ကို လွင့်စဉ်သွားပြီး ပါးစပ်မှ သွေးများ စီးကျလာသည်။
လူအုပ်က ထိတ်လန့် သွားသည်။ ပိုင်စီက အမှန်တကယ်ပင် ပြင်ပ စွမ်းအားကို သုံးခဲ့သည်။
တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင်များ အားလုံး အံ့အားသင့် သွားကြသည်။ အကြီးအကဲ တစ်ယောက်က ပြောသည်… “ပိုင်စီ… မင်းက ရှုံးနိမ့်ပြီးနေပြီ… နောက်ဆုတ်စမ်း…”
ပိုင်စီက မြေပြင်မှ ထရပ်သည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါက အားနည်းနေသည်။ သူကကောင်းကင်မှ ပုံသဏ္ဌာန်အား သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ကြည့်သည်။
ဝှီး…
ကောင်းကင်မှ ပုံရိပ်တစ်ခု ကျဆင်းလာသည်။ ပိုင်စီ၏လက်ထဲတွင် မှော်စာလိပ်များ ဖြစ်ပေါ်လာကာ သူက ရီဖူရှင်းထံသို့ ပစ်လွှတ်လိုက်သည်။ ထိုအခိုက်တွင်ပင် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းက ရေစီးအလား ဖြစ်ပေါ်လာပြီး အရာခပ်သိမ်းကို တိုက်စားသွားသည်။ တစ်ချိန်တည်းမှာပင် ပိုင်စီအား ရွှေရောင်ကွန်ရက်များက ကာကွယ်သွားသည်။
ထိုအချိန်မှာပင် ရီဖူရှင်းကလည်း နှင်တံအား ဝှေ့ယမ်းလျက် ကောင်းကင်မှ ဆင်းသက်လာသည်။
ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံက ထိုဖျက်ဆီးခြင်း လှိုင်းလုံးများကို ကျော်ဖြတ်ကာ ပိုင်စီ၏ အရံအတားကို တိုက်ရိုက် ထိမှန် ပျက်စီးစေသည်။ ပိုင်စီ၏ ခန္ဓာကိုယ်ကလည်း လွင့်စဉ်သွားကာ မြေပြင်ပေါ်ကို ကျ၏။
လူအများအပြားက သူတို့နှစ်ယောက်ကို ကြည့်ကာ ဆွံ့အရသည်။ သူတို့နှစ်ယောက်က ရူးသွပ်သွားပြီလား…။
ပိုင်စီက စည်းကမ်းများကို လိုက်နာခြင်း မရှိသလို ရီဖူရှင်းကလည်း သူ၏ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို သုံးနေသည်။
“ရီဖူရှင်း… သူက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေပြီ… မင်း တော်သင့်ပြီ…” ပိုင်လွေလီက ပြောသည်။ သူက ပိုင်စီကား စိတ်ဆိုးသော အမူအရာဖြင့် ကြည့်သည်။ သူ၏ညီကား ထိုမျှလောက်သော အရှုံးကိုပင် လက်ခံနိုင်စွမ်း မရှိပေ။
“သူက အရှုံးမပေးသေးဘူး…” ရီဖူရှင်းက ပြောရင်းဖြင့် နှင်တံကို ဝှေ့ယမ်းကာ ရှေ့ကို တစ်ဟုန်ထိုး ပြေးသွားသည်။
သူတို့ နှစ်ယောက်ကား အမှန်ပင် ရူးသွပ်နေကြပြီဟု အားလုံးက တွေးတောကြသည်။
“တော်လောက်ပြီ…” တည်ငြိမ်သော အသံတစ်ခုနှင့်အတူ လေထုက တုန်ခါသွားသည်။ တားဆီးနိုင်စွမ်း မရှိသော စိတ်စွမ်းအား တစ်ခုက ရီဖူရှင်းအား ထုံထိုင်းသွားစေကာ ထိုနေရာတွင်ပင် သူ့အား ရပ်တန့်စေသည်။ ရီဖူရှင်းက ပိုင်လွေလီအား လှမ်းကြည့်သည်။
“ဒါ ဒီမှာ အဆုံးသတ်ပြီ…” ပိုင်လွေလီက ပြောသည်။ ပိုင်စီက မှားနေသော်လည်း မည်သို့ဖြစ်စေ သူ၏ညီကို သူ ကာကွယ်ရန် လိုသည်။
“နောက်ဆုတ်စမ်း…” ပိုင်လွေလီက ပိုင်စီကို ကြည့်ကာ ကြိမ်းမောင်းသည်။ မရေမတွက်နိုင်သော လူများက ပိုင်လွေလီကို ကြည့်ကြသည်။ သူကား အမှန်ပင် ဒေါသထွက်နေဟန် ရသည်။ ပိုင်စီကလည်း သူ၏အစ်ကို ဒေါသထွက်နေသည်ကို သိလိုက်ဟန်ရကာ ကွင်းထဲမှ ခေါင်းငုံ့လျက် ထွက်သွားသည်။ ထို့နောက်တွင် ပိုင်လွေလီက တော်ဝင်ကျဲနန်းတော် အကြီးအကဲများ ဘက်ကို ကြည့်ကာ ပြောသည်… “လွေလီက မတတ်သာဘဲ ဝင်စွက်ဖက်ခဲ့ရပါတယ်… စီနီယားများက ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်…”
“ပြဿနာမရှိဘူး…” တော်ဝင်ကျဲနန်းတော်မှ အကြီးအကဲများက ပြောသည်။
“အစ်ကို တစ်ယောက်ရှိတာ ဘယ်လောက် ကောင်းလဲ… ပြဿနာဖြစ်ရင် မားမားမတ်မတ် ကာကွယ်ပေးနိုင်တယ်…” သာယာသော အသံတစ်သံကို ကြားကြရသည်။ အားလုံးက လှမ်းကြည့်သည်တွင် လှမ်းပြောလိုက်သူက ကျူးကော့မင်းယွီ ဖြစ်နေသည်။
“မင်းယွီ… ပိုင်စီရဲ့ အပြုအမူက တကယ်ပဲ မှားယွင်းနေတယ်… ပြန်တဲ့အခါ သူ့ကို အပြစ်ပေးပါ့မယ်…” ပိုင်လွေလီက ကျူးကော့မင်းယွီကို ပြောသည်။
“ဒါက ရှင်တို့ မိသားစုကိစ္စပဲ… ကျွန်မနဲ့ မဆိုင်ဘူး… ဒါပေမဲ့ ဒုတိယ သခင်လေးက ဘယ်လို လူသားပီပီသသ ပြုမူရမယ်ဆိုတာ သင်ယူဖို့ သင့်ပြီလို့ ယူဆတယ်…” ကျူးကော့မင်းယွီက ထူးမခြားနားစွာ ပြောသည်။ ပိုင်စီ၏မျက်နှာက အရုပ်ဆိုးသွားသည်။ သူမ၏စကားက သူ၏ဒဏ်ရာအား ဆားသိပ်သလို ခံစားရစေသည်။
“ကောင်းပြီ… နောက်ဆုံး တိုက်ပွဲကို ဆက်ရအောင်…” ပြိုင်ပွဲကြီးကြပ်သူက ပြောသည်။
ရီဖူရှင်းက ပိုင်စီကို တစ်ချက် လှမ်းကြည့်ကာ ဘာမှ မပြောတော့ပေ။ သူက တော်ဝင်ကျဲ နန်းတော်ကိုလည်း မေးခွန်း မထုတ်ပေ။ သူကား မည်သို့ဆိုစေ ချင်းကျူမြို့မှ အတွေ့အကြုံ နုနယ်ကာ ခံစားချက်ကို မထိန်းချုပ်နိုင်သော လူငယ်လေး တစ်ယောက် မဟုတ်တော့ပေ။ မလိုလားအပ်သော စကားများ တိုက်ခိုက်မှုများကို သူ မလုပ်တော့ပေ။
ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံအား ကြည့်ကာ သူက ဟောင်ကျူဂီကို ကြည့်သည်။
ယခုကား နောက်ဆုံး တိုက်ပွဲကို ရောက်လာပြီ ဖြစ်သည်။ ရီဖူရှင်းနှင့် ဟောင်ကျူဂီက မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။
တော်ဝင်ကျဲ နန်းတော်၏ နောက်ဆုံးတိုက်ပွဲက ယခု စတင်ပြီဖြစ်သည်။
ဤသို့သော မြင်ကွင်းကို မည်သူကမှ မထင်မှတ် ထားခဲ့ကြပေ။ မူကျိချူ၊ လီချန်းရီနှင့် ကျောင်းအုပ်ချန်းတို့ပင် ရီဖူရှင်းက ဤအဆင့်အထိ ရောက်လာမည် မထင်ထားကြ။
တစ်ကွင်းလုံးက တိတ်ဆိတ် နေကြသည်။ သူတို့နှစ်ယောက်က လေထဲတွင် ရပ်နေသည်တွင် ကြယ်အလင်းများ ရီဖူရှင်းထံမှ ဖြာထွက်လာသည်။ တစ်ဖက်တွင် ဟောင်ကျူဂီအား ရွှေရောင်အလင်းများ ဖြာထွက် လာသည်။
“သားတော် တစ်ယောက် အနေနဲ့ မင်းက မျိုးဆက် တစ်ခုလုံးကို လွှမ်းမိုးနိုင်ရမယ်…” လူအုပ်ထဲတွင် ကျောင်းအုပ်ချန်းက ထိုစကားများကို ရေရွတ်ပြီး ပြုံးသည်။ ဤသို့သော ပါရီရှင် တစ်ယောက်အား သူကိုယ်တိုင် ရွေးချယ်ခဲ့သည်ကို သူ မယုံကြည်နိုင်သေးပေ။ သူ့ဘေးမှ ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်က ယခင်လို လှောင်ပြောင်သော စကားများ မပြောဆိုတော့ပေ။
ကြယ်မင်းကျောင်း တပည့်များ အားလုံးက ရီဖူရှင်းကို လေးစား အားကျစွာဖြင့် ကြည့်နေကြသည်။ ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်တွင်ပင် သူ၏ပြိုင်ဘက်ကင်း ပါရမီကို ပြသနိုင်သည်။
လီချန်းရီ၏ မျက်နှာတွင် မျက်ရည်များကို မြင်ရသည်။ သူမက မြို့ရိုးဖြူမြို့မှ လာရောက်ကာ တော်ဝင်ကျဲ နန်းတော်သို့အထိ ရောက်လာမည်ဟု မထင်ထားခဲ့ပေ။ သူမက မြေရိုင်းဒေသမှ ပါရမီရှင်များကို မြင်တွေ့လိုရင်းသာ ရှိသည်။
ယခု သူမ မြင်လိုသော မြင်ကွင်းကို တွေ့မြင်နေရသည်။ ထို့အပြင် ယခု လူအားလုံးက လေးစား အားကျရသော နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲကို ယှဉ်ပြိုင်တော့မည့် လူငယ်က သူမနှင့်အတူ မြို့ရိုးဖြူမြို့တွင် ကတည်းက အတူတူ ခရီးနှင်လာသူ ဖြစ်သည်။
သူကား ထိုနေရာတွင် ရပ်နေသည်။
***