Switch Mode

အပိုင်း( ၅၇၈)

နင်းချေခြင်း

ပရိသတ်များ မသိသည်ကား ရီဖူရှင်းက မှော်စာလိပ်ရေးခြင်းကို သိနားလည်သော်လည်း သူက လေထဲ မှော်စာလိပ်ရေးခြင်းကို တစ်ခါမှ မလေ့ကျင့်ဖူးခြင်းပေ။ သည်မတိုင်မီက လွတ်လပ်ခြင်း ကျင့်စဉ်ကြောင့် ပိုင်စီ၏ နည်းစနစ်များကို သူက ရှင်းလင်းစွာ တွေ့မြင်ခဲ့ရရာ သူကလည်း ထိုနည်းကိုသုံး၍ လိုက်လံ လုပ်ဆောင်နိုင်ခဲ့သည်။

လေထဲ မှော်စာလိပ် ရေးခြင်းကား အမှန်တကယ်အားဖြင့် အလွန်အမင်း အားကောင်းသော စိတ်ဝိညာဉ် စွမ်းအား ထိန်းချုပ်ခြင်းနှင့် နက်ရှိုင်းသော သိနားလည်မှုများ ပါဝင်နေသည်။

ရီဖူရှင်း၏အနီးတွင် သဘာဝ စွမ်းအင်များက စုစည်းလာကာ မှော်စာရွက်ထဲကို ဝင်ရောက်သွားကြပြီး အလင်းတန်း တစ်ခုနှင့်အတူ မှော်စာလိပ်တစ်ခု ဖြစ်ပေါ်လာသည်။

နွယ်ပင်များက ပိုင်စီ၏ အရံအတားကို အဆက်မပြတ် တိုက်ခိုက်ကြရာ အရံအတားတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် နွယ်ပင်များက အရံအတားကို ကျော်ဖြတ်ပြီး ပိုင်စီထံကို တိုးဝင် သွားကြသည်။

ပိုင်စီ၏အမူအရာက လေးနက် သွားသည်။ သူက ဖျက်ဆီးခြင်း မျက်လုံးကို အဆုံးစွန်အထိ အသုံးပြုကာ နွယ်ပင်များ၏ လှုပ်ရှားမှုများအား ထိန်းချုပ်သည်။ ထို့နောက် လက်ဝှေ့ယမ်းသည်တွင် မှော်စာလိပ်များ ဖြစ်ပေါ်လာပြီး မီးတောက်များ အဖြစ် ပြောင်းလဲကာ နွယ်ပင်များကို လောင်ကျွမ်းကြသည်။

မီးဓာတ်က သစ်သားဓာတ်ကို နိုင်သည်။ သို့သော် ယခု မီးတောက်များက နွယ်ပင်များကို လုံးဝ လောင်ကျွမ်း ပျက်စီးစေနိုင်ခြင်း မရှိပေ။

“ပျက်စီးစမ်း…” ပိုင်စီက လက်ဝှေ့ယမ်းသည်တွင် မှော်စာလိပ်များက ရွှေရောင် ပင့်ကူအိမ်များ အလား ဖြစ်သွားကာ ရှေ့ကို ပြေးဝင်သွားပြီး အရာအားလုံးကို ဖြတ်တောက် သွားသည်။ နွယ်ပင်များက အဆက်မပြတ် ပြတ်တောက် သွားရသော်လည်း ပင့်ကူအိမ်၏ စွမ်းအားကလည်း မှေးမှိန်သွားသည်။

ထိုအခိုက်တွင် ရီဖူရှင်းက လက်ဝှေ့ယမ်း လိုက်သည်နှင့် များစွာသော မှော်စာလိပ်များက ရွှေရောင်ပင့်ကူအိမ်ထံသို့ ပျံသန်းသွားသည်။ ခရမ်းရောင် လျှပ်စီးများက မြွေများအလား တိုးဝင်လာကြသည်။

လျှပ်စီး နတ်ဘုရား၏ ပြစ်ဒဏ်…

အလွန်အမင်း ပြင်းထန် အားကောင်းသော လျှပ်စီးများက လေထုကို ခွင်းလျက် ပင့်ကူအိမ်ကို ဖြတ်ကျော်ကာ ပိုင်စီထံကို ကွေးကောက်လျက် ဝင်လာကြသည်။ ပိုင်စီ၏ ခန္ဓာကိုယ် အနီးတွင် အရံအတားတစ်ခု ထပ်မံ ဖြစ်ပေါ်လာသည်။ သို့သော် လျှပ်စီးတန်းများက အရံအတားကို ဖြတ်ကျော်ကာ ပိုင်စီနှင့် ထိတွေ့သွားသည်။

ထိုအခိုက်တွင် ပိုင်စီ၏ဆံပင်များက ကြမ်းတမ်းစွာ လှုပ်ယမ်းနေပြီး သူ၏မျက်လုံးများက အလွန်အမင်း နက်မှောင်နေသည်။ ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်ပေါ်ကို ကျဆင်းလာသော လျှပ်စီးများက အမှန်ပင် ပျောက်ကွယ် သွားသည်။

လေထဲတွင် နတ်ငှက် အတောင်ပံနှင့်အတူ ပုံရိပ်တစ်ခုက သူ့ထံကို တစ်ဟုန်ထိုး ပြေးဝင်လာသည်။ ပိုင်စီ၏မျက်လုံးက အရောင်တစ်ချက် လင်းလက် သွားသည်။ ယခု သူက အနီးကပ် တိုက်ခိုက်လိုသည်လား…။

လင်းလက်သော ပုံရိပ်တစ်ခုက နှင်တံနှင့်အတူ သူ့ကို လာရိုက်သည်။ လူအများအပြားက အံ့အားသင့်ရသည်။ ရီဖူရှင်းက အမှန်ပင် ပိုင်စီး၏ အနီးကို ရောက်လာ၏။

ပိုင်စီ၏နောက်တွင် မှော်စာလိပ်ဝိညာဉ် ဖြစ်ပေါ်လာသည်။ အလွန်အမင်း အားကောင်းသော သဘာဝစွမ်းအင်များက မှော်စာလိပ်ကြီး တစ်ခုအနေဖြင့် ဖြစ်ပေါ်လာကာ သင်္ကေတကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်း၏နှင်တံနှင့် ရင်ဆိုင်မိသည်။ ရှေးဟောင်းစာလုံးက ပျက်စီးသွားသလို ရီဖူရှင်းကလည်း နောက်ဆုတ်သွားရ၏။ မှော်စာလိပ် တစ်ခုတည်းကသာ လေထဲ ပေါလောမျောနေသည်။

ထိုအခိုက်တွင် ကွင်းထဲ၌ ပိုင်စီက ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ ရီဖူရှင်းကြောင့် သူက ဤသို့သော အ​ခြေအနေအထိ ရောက်လာမည်ဟု သူမထင်ထားပေ။ သူကား တိမ်ဖြူမြို့၏ ဒုတိယသခင်လေး ဖြစ်သည်။ သူ့မျိုးဆက်တွင် သူနှင့် တန်းတူအဆင့်ရှိသော လူမရှိဟု သူက အမြဲ ယူဆထားသည်။ နောက်တစ်ချိန်တွင် သူက သူ၏အစ်ကိုလိုပင် အားလုံးက လေးစားရသောလူ ဖြစ်လာရမည်။

ယခု တော်ဝင်ကျဲနန်းတော် ဝင်ခွင့်နောက်ဆုံး တိုက်ပွဲတွင် သူက မည်သို့ ရှုံးနိမ့်ရမည်နည်း။ အထူးသဖြင့် သူ့ထက် တန်ခိုး အဆင့်နိမ့်သော ရီဖူရှင်းထံတွင် အရှုံးမခံနိုင်ပေ။

ရီဖူရှင်းက လေထဲ ရပ်နေရာမှ ပိုင်စီကို ကြည့်သည်။ ပိုင်စီ၏ မျက်လုံးထဲမှ လူသတ်လိုသော အငွေ့အသက်ကို သူမြင်နေရသည်။ တိမ်ဖြူမြို့ ဒုတိယသခင်လေးက သူ့အား ပြိုင်ဘက်အဖြစ် တစ်ခါမှ သဘော မထားခဲ့သည်ကို သူသိသည်။ မဟုတ်လျှင် သူက လူပုံအလယ်တွင် ဂျီယူကို မည်သို့ ဆွဲဆောင် သိမ်းသွင်းရန် ကြိုးစားမည်နည်း။

ထို့အပြင် သူက ရီဖူရှင်းအားလည်း တယ်လီပသီနည်းဖြင့် စကားပြောကာ စော်ကားသေးသည်။ သူ့အဆင့်အတန်း ကြောင့်သာ မဟုတ်လျှင် သူက တိုက်ရိုက် ထုတ်ဖော် ပြောကြားမည် သေချာသည်။

ဤသို့ဆိုမှတော့ ရီဖူရှင်းကလည်း သူ့အား တစ်သက်စာ အမှတ်တရ တစ်ခုကို ပေးမှ ရပေမည်။

“ကြယ်ကြွေည…” ရီဖူရှင်းက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ ထိုအခိုက်တွင် ကောင်းကင်က နက်မှောင်သွားပြီး ကြယ်တာရာများ ကောင်းကင်မှ ဆင်းသက် လာကြသည်။ ကြယ်တာရာများက ပတ်ဝန်းကျင် တစ်ခုလုံးကို ပြည့်နှက်သွားကာ ပိုင်စီ၏ ပြေးလမ်းများ အားလုံးကို ပိတ်ဆို့သွားသည်။

ထိုမြင်ကွင်းကို ကြည့်ကာ အားလုံးက အံ့အားသင့် သွားကြသည်။ ရီဖူရှင်းက ဘာလုပ်လိုသနည်း။ ပိုင်စီ၏ ပြေးလမ်းများကို ပိတ်ဆို့ခြင်းက သူ့အားလည်း ထိုနေရာတွင် ပိတ်မိသွားစေသည်။ သူက ပိုင်စီကို အနိုင်ရမည်ဟု ယုံကြည်သည်လား…။

ပိုင်စီက အရှက်ကွဲသလို ခံစားရကာ သူ၏ရှေ့မှ ဧရာမ မှော်စာလိပ်ဝိညာဉ်က ပိုမို လင်းလက်လာသည်။ သူက လက်ဖြင့် သင်္ကေတအချို့ ပြုလုပ်ကာ မှော်စာလိပ်ကို ညွှန်ကြား လိုက်သည်။ ထိုအခိုက်တွင် သဘာဝ စွမ်းအင်များက မှော်စာလိပ်ထဲကို မြန်ဆန်စွာ စီးဆင်းသွားပြီး ခရမ်းရောင် လျှပ်စီးများ ဖြစ်ပေါ်လာသည်။

ထိုအခိုက်တွင်ပင် မရေမတွက်နိုင်သော လျှပ်စီးတန်းများက မှော်စာလိပ်ကို လှည့်ပတ်သွားပြီး နောက်ဆုံးတွင် ကြောက်မက်ဖွယ် ကောင်းသော မှော်အဆောင်တစ်ခု ဖြစ်ပေါ်လာ၏။

ပိုင်စီ၏ ခန္ဓာကိုယ်ကား လျှပ်စီးများထဲတွင် အလွန်အမင်း လင်းလက်ကာ ကြောက်မက်ဖွယ် စွမ်းအားကို ဆုပ်ကိုင်ထားသည်။ သူ၏ပတ်ဝန်းကျင် ကိုယ်တိုင်က လျှပ်စီးသီးသန့်နယ် ဖြစ်သွားသည်။

ရီဖူရှင်းကလည်း မှော်စာလိပ်၏ စွမ်းရည်ကို သိနားလည်သည်။ မှော်စာလိပ်များက အသုံးပြုသူ၏ တကယ့်စွမ်းအားထက် ပိုမိုမြင့်မားသည်။ ထို့အပြင် ပိုင်စီ၏ သက်စောင့်ဝိညာဉ်က မှော်စာလိပ် ဖြစ်၏။

ပိုင်စီက နောက်ဆုံး တိုက်ကွက်ကို ပြင်ဆင်နေသည် ထင်ရ၏။

သူ၏သက်စောင့် ဟော်နန်းထဲတွင် ကမ္ဘာသစ်ပင်က သဘာဝ စွမ်းအင်များ အားလုံးကို ဝါးမျိုနေပြီး ကြယ်တာရာများ အဖြစ် ပြောင်းလဲပေးနေသည်။ ရီဖူရှင်း၏ သက်စောင့်ဟော်နန်းက တကယ့် ကြယ်တာရာ ကမ္ဘာအဖြစ် ပြောင်းလဲသွားကာ ထိုစွမ်းအားများက ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာသည်။ ရီဖူရှင်းထံမှ ကြယ်တာရာ အလင်းများ စတင် ဖြာထွက်လာပြီး သူ၏ခန္ဓာကိုယ်က ကြယ်တစ်စင်းလိုပင် အဆုံးစွန်သော စွမ်းအားတစ်ခု စုစည်း ဖြစ်ပေါ်လာသည်။

ရီဖူရှင်း၏လက်ထဲတွင် ကြယ်တာရာ နှင်တံတစ်လက် ဖြစ်ပေါ်လာကာ သူ၏အတောင်ပံကို ဖြန့်ကြက်လျက် သူက လေထဲ ပျံသန်းသည်။ ကြောက်မက်ဖွယ် အရှိန်အဝါနှင့်အတူ ကြယ်တာရာ သီးသန့်နယ်ထဲတွင် ရီဖူရှင်း၏ အမြန်နှုန်းက အဆမတန် မြန်လာပြီး သူ၏ခန္ဓာကိုယ် လှုပ်ရှားမှုအား သာမန်မျက်လုံးဖြင့် ကြည့်ရန်ပင် မလွယ်တော့ပေ။

ပိုင်စီ၏မှော်မျက်လုံးမှ ခရမ်းရောင် လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး သူ၏စိတ်ဝိညာဉ် စွမ်းအားက ရီဖူရှင်း၏ တည်နေရာကို အသေ ပိတ်ဆို့ထားသည်။

ဟောင်ကျူဂီက ဘေးမှ အေးဆေးစွာ ရပ်ကြည့်နေသည်။ သူက ပိုင်စီနှင့် ရီဖူရှင်းတို့ တိုက်ခိုက်သည်ကို ဝင်ရောက် စွက်ဖက်ရန် စိတ်ကူးမရှိပေ။

“သေစမ်း…” သူ၏အသံနှင့်အတူ လျှပ်စီးတန်းတစ်ခုက လေထဲ ပျံသန်းနေသော ရီဖူရှင်းထံသို့ တိုးဝင်သွားသည်။ လျှပ်စီးတန်းက သူ၏စိတ်ဝိညာဉ် လမ်းညွှန်မှုနှင့်အတူ ရီဖူရှင်းထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။ ထိုလျှပ်စီးတန်းကို လမ်းကြောင်းအဖြစ် သတ်မှတ်ခြင်းဖြင့် နောက်မှ​ လိုက်ပါလာသည်ကား မှော်စာလိပ်အနီးတွင် ရှိနေသော မရေမတွက်နိုင်သော လျှပ်စီးကြောင်းများ ဖြစ်ကြသည်။

သို့သော် ရီဖူရှင်းကလည်း ရှောင်တိမ်းခြင်း မရှိဘဲ ပိုင်စီထံသို့ ပျံသန်းသွားသည်။ သူက ပိုမို၍ မြန်ဆန်လာကာ နောက်ဆုံး အကန့်အသတ်ကိုပင် ကျော်လွန်သွားပြီး နောက်ဆုံး ပိုင်စီ၏ စိတ်စွမ်းအားဖြင့်ပင် တည်နေရာ သတ်မှတ်၍ မရတော့ပေ။

ရီဖူရှင်းက အလွန်အမင်း မြန်ဆန်လွန်းရကား လျှပ်စီးတန်းများက သူ့ထံသို့ တိုက်ရိုက် ရောက်ရှိ သွားသည့်တိုင် ပုံရိပ်ယောင်များကိုသာ ထိမှန်သည်။ အချို့သော လျှပ်စီးတန်းများက သူ့ခန္ဓာကိုယ်ကို ထိမှန်သော်လည်း ကြယ်တာရာ အလင်းများကို ဖြတ်ကျော်နိုင်ခြင်း မရှိပေ။ ရီဖူရှင်းကား ထိုအခိုက်တွင်ပင် နတ်ဘုရား တစ်ပါးလို အရှိန်အဝါ ကြီးစွာဖြင့် ဆင်းသက် လာသည်။

“ဒါ မဖြစ်နိုင်ဘူး…” ပိုင်စီက သူ့ထံ ဆင်းသက်လာသော ပုံရိပ်ကို မြင်ကာ အော်ဟစ်သည်။ သူ၏ခန္ဓာကိုယ်ကို အရံအတားတစ်ခု ချက်ချင်း ဖန်တီးကာ နောက်ဆုတ်ရန် ကြိုးစားသည်။ လျှပ်စီးထက် မြန်သော နှင်တံအား သူ့အပေါ်ကို ကျဆင်းလာပြီး ဖြစ်သည်။

ဘန်း… ပိုင်စီ၏ အရံအတားက လုံးဝ ပျက်စီးသွားပြီး ရိုက်ချက်က ပိုင်စီ၏ ခန္ဓာကိုယ်ကို ကွေးကောက် သွားသလား ထင်မှတ်ရသည်။ မြေပြင်ပေါ်ကို ကျသည်တွင် ပါးစပ်မှ​သွေးများ စီးကျလာစဉ်မှာပင် နောက်ထပ် ဘန်းခနဲမြည်သံနှင့်အတူ သူ့ခန္ဓာကိုယ်ပေါ်သို့ ခြေထောက်အစုံ ကျဆင်းလာသည်။

ဘန်း… ရီဖူရှင်း၏ ခြေထောက်က ပိုင်စီကို နင်းခြေသွားသည်တွင် ပိုင်စီ၏ခန္ဓာကိုယ်က မြေပြင်ပေါ်ကို ပြားကပ်သွားသည်။ ပိုင်စီ၏ပါးစပ်မှ သွေးများ ထပ်မံ၍ စီးကျလာကာ ရီဖူရှင်းကို မုန်းတီးစွာ ကြည့်သည်။ သူ့အား ရီဖူရှင်းက နင်းခြေခဲ့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset