အပိုင်း( ၅၇၇)

မထင်မှတ်သော စွမ်းရည်

ပိုင်စီက ရီဖူရှင်းကို နှာခေါင်းရှုံ့ ကြည့်သည်။ တိမ်ဖြူမြို့၏ မှော်စာလိပ် ရေးခြင်းကား မြေရိုင်းဒေသတွင် အကောင်းဆုံး ဖြစ်သည်။ ဖျက်ဆီးခြင်း မျက်လုံးနှင့် တခြား ထူးခြားသော သက်စောင့်ဝိညာဉ်တို့က လေထဲ မှော်စာလိပ်ရေးခြင်းအား ဖြစ်နိုင်စေသည်။ အလွန် အားကောင်းသော စိတ်ဝိညာဉ် ပညာရှင်များကသာ လေထဲ မှော်စာလိပ်ရေးနိုင်ပြီး ပိုင်စီက ထိုအထဲမှ တစ်ယောက် ဖြစ်သည်။ ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်ကလည်း ထိုသို့ လုပ်နိုင်စွမ်း ရှိနိုင်သည်။ အကယ်၍ ဟွာဂျီယူကသာ သူ၏ တာအိုလက်တွဲဖော် ဖြစ်လာပါက သူတို့နှစ်ယောက် အတူတူ လေ့ကျင့်နိုင်ပေသည်။

ပိုင်စီက လက်ဝှေ့ယမ်းသည်တွင် မှော်စာလိပ်များ စတင် ဖြစ်ပေါ်လာကာ ရီဖူရှင်းအား လှည့်ပတ် သွားကြသည်။

“လျှပ်စီးနတ်ဘုရား စက်ကွင်း…” ပိုင်စီက တီးတိုး ရေရွတ်သည်တွင် ရီဖူရှင်း၏အနီးမှ မှော်စာလိပ် တစ်ခုက ပေါက်ကွဲသည်။ ချက်ချင်းပင် မှော်စာလိပ်မှ ထောင်ပေါင်း များစွာသော လျှပ်စီးစက်ကွင်းများ ထွက်ပေါ်လာကာ ရီဖူရှင်းထံကို ကျဆင်းလာသည်။ လျှပ်စီးနတ်ဘုရား စက်ကွင်း မှော်စွမ်းအားက မှော်စာလိပ်မှ အသက် ဝင်လာခြင်းဖြစ်ရာ စွမ်းအားက အလွန်အမင်း အားကောင်းပေသည်။

ထိုအခိုက်တွင် ရီဖူရှင်းအား ထောင်ပေါင်း များစွာသော လျှပ်စီး စက်ကွင်းများ ရစ်ပတ်သွားကြသည်။ ရီဖူရှင်း၏ခန္ဓာကိုယ်က လျှပ်စီးစက်ကွင်းများ ရစ်ပတ်သွားကာ ထိုစက်ကွင်းများကို ပိုင်စီက ထိန်းချုပ်သည်။

“ဘယ်လောက် ကြောက်စရာ ကောင်းလဲ…” လူအုပ်ထဲမှ တစ်ယောက်က အံ့အားသင့်စွာ ပြောသည်။ ပိုင်စီကား အမှန်ပင် အားကောင်းသည်။ သူ၏ မှော်ပညာ တစ်ခုကပင် သည်မျှ အားကောင်းနေပြီး ဖြစ်သည်။ အကယ်၍ သူကသာ မှော်စာလိပ်များကို တစ်ပြိုင်နက်တည်း အသက် သွင်းလိုက်ပါက စွမ်းအားက ခန့်မှန်း၍ပင် မရနိုင်။ ထိုပညာအား ပြန်လည် တိုက်ခိုက်နိုင်သော ပညာရှိဟန် မရပေ။ မရေမတွက်နိုင်သော လျှပ်စီးစက်ကွင်းများ ရီဖူရှင်း ခန္ဓာကိုယ်ကို ရစ်ပတ်ထားရာ သူကား မလှုပ်နိုင်တော့သော ပုံပင်။

ပိုင်စီ၏အကြည့်က ရီဖူရှင်းထံကို ရောက်နေသည်။ ယခုအချိန်ကား ရီဖူရှင်းကို မရေမတွက်နိုင်သော လူများရှေ့တွင် အရှက်ခွဲရမည့်အချိန် ဖြစ်သည်။ သို့သော် ရီဖူရှင်း၏ သက်စောင့် နန်းတော်ထဲတွင် ကမ္ဘာသစ်ပင်ကြီးက လှုပ်ရှား သက်ဝင်လာသည်။ ထိုအခိုက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်က ရှေးဟောင်း သစ်ပင်ကြီးအလား ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများက သစ်ပင်အလား ဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် သစ်အိုပင်ကြီး၏ ပုံရိပ်ကိုလည်း မြင်နိုင်သည်။

မရေမတွက်နိုင်သော သဘာဝ စွမ်းအင်များက ကမ္ဘာသစ်ပင်ထံသို့ စတင် စီးဆင်းကြသည်။ ရီဖူရှင်းအား ရစ်ပတ်ထားသော လျှပ်စီး စက်ကွင်းများမှာလည်း သဘာဝ စွမ်းအင်များသို့ ပြောင်းလဲ ဖြစ်ပေါ်ကာ ကမ္ဘာသစ်ပင်၏ စားသုံးခြင်းကို ခံရသည်။

ထိုအခိုက်တွင် ရီဖူရှင်းအား ရစ်ပတ်ထားသော လျှပ်စီးများက ပိုမို လင်းလက်လာသည်။ သူ့အား လျှပ်စီးများက ရစ်ပတ်ထားသောလည်း အမှန်တကယ်အားဖြင့် သူ့ကို ဖျက်ဆီးရန် မတတ်နိုင်ပေ။ သူက ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်ကာ လျှပ်စီး စက်ကွင်းများက ရစ်ပတ်သည်ကို ခံ၏။

“သူ့ခန္ဓာကိုယ်က လျှပ်စီးတွေကို စုပ်ယူနေတယ်…” ပုဂ္ဂိုလ်ကြီးများက ဖြစ်ပျက်နေသည်ကို သတိထားမိကာ အံ့အားသင့် သွားကြသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က ရနိုင်သမျှသော သဘာဝ စွမ်းအင်များကို စုပ်ယူနေသည်။

ကမ္ဘာသစ်ပင်က လောက၏ အသက်အားလုံးကို ထောက်ပံ့နိုင်သည်။ အရာအားလုံး၏ မူလဇာတိ အသက်ဓာတ်ဖြစ်ရာ မှော်ပညာ၏ ဇာစ်မြစ်ဟုလည်း ပြော၍ရသည်။ ယခင်က ကမ္ဘာသစ်ပင်ကြောင့်ပင် ရီဖူရှင်းက သက်စောင့်ဝိညာဉ်များ ဖန်တီးခြင်းဖြင့် ဓာတ်စွမ်းအား မျိုးစုံကို လေ့ကျင့်နိုင်စွမ်း ရလာခဲ့သည်။ ထို့ကြောင့် ကမ္ဘာသစ်ပင်က တခြား ဓာတ်စွမ်းအင်များကို ပြောင်းလဲ နိုင်စွမ်းလည်း ရှိသည်။

ရီဖူရှင်းက သစ်သားဓာတ် နိုဘယ်အသိကို မွေးဖွား ထားနိုင်ပြီးဖြစ်ရာ လက်ရှိ သူ၏နားလည်မှုဖြင့် ကမ္ဘာသစ်ပင် မသေသရွေ့ သူ့အတွက် သဘာဝစွမ်းအင် မရှားပါးပေ။

ထိုအခိုက်တွင် ရီဖူရှင်းက ပိုင်စီကို ကြည့်သည်။ သူ့ထံတွင် မှော်ပညာတစ်ခုနှင့် ထိန်းချုပ်ခံထားရသော ပုံဟန်လည်း မရှိပေ။

“မင်းက ဒီလောက်ပဲ တတ်နိုင်တာလား…” ရီဖူရှင်းက မေးသည်။ ထိုအခိုက်တွင် သူ၏အနီး၌ သူ စုပ်ယူထားသော သဘာဝ စွမ်းအင်များကို ထုတ်လွှတ်လိုက်ကာ ကောင်းကင် အလင်းတစ်ခု ကွင်းထဲကို ဆင်းသက်လာပြီး ရီဖူရှင်းကို ဗဟိုပြု၍ ကြယ်တာရာ သီးသန့်နယ်တစ်ခု ဖြစ်လာသည်။ ကောင်းကင်အလင်းကို အခြေပြု၍ နေ၊လနှင့် ကြယ်တာရာများ ကောင်းကင်တွင် ထွန်းလင်းကြသည်။

ပိုင်စီက ကြယ်တာရာ သီးသန့်နယ်ကို ကြည့်သည်။ သူ၏ မျက်လုံးမှော်ပညာက အမှန်ပင် ရီဖူရှင်း၏ စိတ်ဝိညာဉ်ကို ဖိနှိပ်နိုင်ခြင်း မရှိသလို သူ့မှော်ပညာကလည်း ဘာမှ မလုပ်နိုင်ပေ။ အမှန်တကယ်ပင် သူ့အတွက် အံ့အားသင့်ဖွယ်ရာ ကောင်းလှသည်။

“စိတ်ဝင်စားစရာပဲ…” ပိုင်စီက ပြုံးသည်။ တစ်ဖက်သတ် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရမည်ဟု သူက ထင်မှတ်ခဲ့သော်လည်း ယခု အခြေအနေက ပိုမို၍ စိတ်ဝင်စားဖွယ် ကောင်းလာသည်။ သူက လက်ဝှေ့ယမ်း လိုက်သည်တွင် နောက်ထပ် မှော်စာလိပ်တစ်ခုက ရီဖူရှင်းထံကို ပျံသန်းသွားသည်။

ရီဖူရှင်းက လွတ်လပ်ခြင်း ကျင့်စဉ်ကို သုံးသည်။ ထိုအခိုက်တွင် ပိုင်စီ၏မှော်စွမ်းအင် တွက်ချက် အသုံးချပုံ၊ သဘာဝစွမ်းအင် ပြောင်းလဲမှုများ အားလုံးက သူ၏စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထိုအခိုက်တွင် မှော်စာလိပ်က ပေါက်ကွဲသွားကာ အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများက လေထုကို ခွင်းလျက် ရီဖူရှင်းထံကို ဖြတ်တောက်ရန် ပြေးဝင်လာကြ၏။

ဘန်း… ရီဖူရှင်း၏ အနီးတွင် ဥက္ကာခဲများ ဖြစ်ပေါ်လာသည်။ သို့သော်လည်း အလင်းတန်းများ ရောက်လာသည်နှင့် ဥက္ကာခဲများက တစ်စစီ ကြေပျက်ရကာ တားဆီးနိုင်စွမ်း မရှိပေ။ အလင်းတန်းများက အမှန်ပင် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ကျဆင်းလာသည်။

သူ၏သက်စောင့် ဟော်နန်းထဲတွင် ကမ္ဘာသစ်ပင်က လှုပ်ခတ်သွားပြီး မဆုံးနိုင်သော သဘာဝစွမ်းအင်များ သူ၏ခန္ဓာကိုယ်ကို စီးဆင်းလာသည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ် အပေါ်ယံမှ အင်မော်တယ် ခန္ဓာကိုယ်များ ပညာရပ်ကြောင့် ဖြစ်လာသော ကြယ်တာရာ စွမ်းအင် အရံအတား ဖြစ်လာသည်။ အလင်းတန်းများက အင်မော်တယ် ခန္ဓာကိုယ်များကို ထွင်းဖောက် သွားသော်လည်း နောက်ဆုံးတွင် စွမ်းအားမဲ့သွားကာ ဆက်လက် ဖြတ်ကျော်နိုင်ခြင်း မရှိတော့ဘဲ မှေးမှိန် ပျောက်ကွယ် သွားကြသည်။

သူ ရပ်တန့်ခဲ့သည်။ လူအုပ်ကြီးက အံ့အားသင့်စွာဖြင့် ရီဖူရှင်းကို ကြည့်ကြသည်။

ပိုင်စီက မျက်မှောင်ကြုတ် လိုက်သည်။ သူ၏ အလွန် အားကောင်းသော တိုက်ကွက်တစ်ခုက ရီဖူရှင်းကို ထိခိုက်အောင်ပင် မလုပ်နိုင်ခဲ့ပေ။

“မင်း လုပ်နိုင်တာ ဒါ အကုန်လား…” ရီဖူရှင်း၏အကြည့်က ပိုင်စီထံကို ရောက်လာကာ အေးစက်စွာ ပြောသည်။ သူ၏အသံနှင့်အတူ ကြယ်တာရာများက ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပိုင်စီထံကို ပျံသန်း သွားကြသည်။

ကြယ်တာရာ မှော်ပညာ… ကြယ်တာရာ မြှုပ်နှံခြင်း

“မင်းရဲ့ မျက်လုံးမှော်နယ်မြေထဲမှာ ဘယ်မှော်ပညာကမှ သုံးလို့မရဘူးဆို…” ရီဖူရှင်းက သရော်သည်။

ပိုင်စီက ခေါင်းမော့ကာ သူ့ထံ ပျံသန်းလာသော ဥက္ကာခဲများကို ကြည့်သည်။ ထိုအခိုက်တွင် သူ၏မျက်လုံးများက အလွန်အမင်း ညိုမည်းသွားကာ သူ့နောက်၌ သက်စောင့်ဝိညာဉ် မျက်လုံးအစုံ ပေါ်လာသည်။ သက်စောင့်ဝိညာဉ်နှင့် ပိုင်စီ၏မျက်လုံးတို့က ပေါင်းစပ် သွားသည်တွင် သူ၏အကြည့်က ဥက္ကာခဲများကို ပျက်စီးစေသည်။

“ဒီမတိုင်ခင်က ငါမင်းကို ဘာလို့ စိန်မခေါ်ခဲ့တာလဲ မင်းသိလား…” ရီဖူရှင်းက ပိုင်စီကို ကြည့်ကာ မေးသည်။ တဝီးဝီး မြည်သံများနှင့်အတူ ကောင်းကင် တစ်ခွင်လုံး ရွှေရောင် နွယ်ပင်များနှင့် ပြည့်နှက်သွားသည်။

ပိုင်စီ၏ဖျက်ဆီးခြင်း မျက်လုံးက နွယ်ပင်များ ဖြစ်ပေါ်လာမှုကို တားဆီးရန် ကြိုးစားသော်လည်း အသုံးမဝင်ပေ။ ပိုမိုသော နွယ်ပင်များ ဖြစ်ပေါ်လာနေကာ မကြာမီ နေလုံးကြီးကိုပင် ကွယ်သွားသည်။ နွယ်ပင်များအား ကမ္ဘာသစ်ပင်က အထောက်အပံ့ ပြုထားရာ ပိုင်စီက မည်သို့ တားဆီးမည်နည်း။

“ဒီမတိုင်ခင် မင်းက ဘယ်လောက် ရိုင်းစိုင်း မောက်မာလိုက်လဲ… အခု ရှုံးနိမ့်သွားပြီးတဲ့အခါ မင်းက ဘယ်လောက် နိမ့်ကျတဲ့ အကောင်လဲ ဆိုတာ သိလိမ့်မယ်…” ရီဖူရှင်းက ပြောနေရင်းနှင့်ပင် နွယ်ပင်များက ပိုင်စီထံကို ပြေးဝင် သွားကြသည်။ ပိုင်စီက လက်ဝှေ့ယမ်း လိုက်သည်နှင့် ဧရာ မှော်စာလိပ်များစွာ သူ့ရှေ့တွင် ပေါ်လာသည်။ ချက်ချင်းပင် သူ့ရှေ့၌ ထူးဆန်းသော သင်္ကေတများဖြင့် ပြုလုပ်ထားသော အရံအတား တစ်ခုဖြစ်လာသည်။

ပိုင်စီက ခေါင်းမော့ကာ ရီဖူရှင်းကို ကြည့်သည်။ ဘယ်လောက် ရူးမိုက်တဲ့အကောင်လဲ…။ သူ့အား အရှက်ခွဲလိုနေသည်…။

နွယ်ပင်များက ထက်ရှသော ဓားသွားများအလား အရံအတားကို ထိုးဖောက် ကြသော်လည်း အံ့အားသင့်ဖွယ် ကောင်းအောင် အရံအတားက ပျက်စီးခြင်း မရှိဘဲ အနည်းငယ်သော အက်ရာများသာ ဖြစ်လာသည်။ ပိုင်စီက လက်ဝှေ့ယမ်းလျှင် များစွာသော မှော်စာလိပ်များ ဖြစ်ပေါ်လာသည်။ အရံအတားထဲမှပင် သူက မှော်စာလိပ်များအား ရီဖူရှင်းထံသို့ ပစ်လွင့်လိုက်သည်။

ရီဖူရှင်းက ပိုင်စီကို ကြည့်သည်။ သူတို့ နှစ်ယောက်လုံးကို တစ်ယောက်ကို တစ်ယောက် စူးစူးဝါးဝါး ကြည့်နေကြသည်။ ထိုအခိုက်တွင် ရီဖူရှင်း၏နောက်၌​ အလင်း တဖျတ်ဖျတ်နှင့်အတူ သဘာဝ စွမ်းအင်များမှ ဖန်တီးသော မှော်စာရွက်များ ဖြစ်ပေါ်လာသည်။

စိတ်စွမ်းအား၏ ရုပ်ခန္ဓာ ဖန်ဆင်းခြင်း…။ ပိုင်စီက ရီဖူရှင်း၏ အပြုအမူကို မြင်သည်တွင် သူ ဘာလုပ်လိုသည်ကို ချက်ချင်း နားလည်လိုက်သည်။ သူကလည်း စိတ်ဝိညာဉ် ပညာရှင်ဖြစ်ရာ ထိုအရာများနှင့်သူက အလွန် ရင်းနှီးသည်။

ဖြစ်နိုင်ဖွယ် တစ်စုံတစ်ခုကို တွေးမိသည်တွင် ပိုင်စီ၏မျက်နှာက ပြာနှမ်းသွားသည်။ မဖြစ်နိုင်…။

“လေထဲ မှော်စာလိပ်ရေးတာက ဒီလောက် အံ့ဩဖို့ကောင်းလား…” ရီဖူရှင်းက ဖြည်းညင်းစွာ ပြောသည်။ ထိုအခိုက်တွင် မဆုံးနိုင်သော သဘာဝ စွမ်းအင်များက မှော်စာရွက်ထဲ တိုးဝင်သွားကာ အလင်း တစ်ချက်နှင့်အတူ မှော်စာလိပ် ဖြစ်သွားသည်။

ဒါ… လူအုပ်က ထိုမြင်ကွင်းကို ကြည့်ပြီး ထိတ်လန့် သွားကြသည်။ ရီဖူရှင်းကလည်း မှော်စာလိပ်ရေးနည်း ပညာကို သိသည်လား…။ နိုဘယ်တစ်ယောက် အနေဖြင့် မှော်စာလိပ် ရေးသားခြင်းကို သင်ယူလိုပါက အလွန် လွယ်ကူပေသည်။ သို့သော် လေထဲ မှော်စာလိပ် ရေးခြင်းကား ရူးသွပ်ဖွယ် ခက်ခဲပေသည်။ ထိုသို့ပြုလုပ်ရန် မှော်စာလိပ် ရေးသားခြင်းကို နက်နက်ရှိုင်းရှိုင်း နားလည်ရန်နှင့် သဘာဝ စွမ်းအင်များကို စိတ်ဖြင့် စေခိုင်းနိုင်စွမ်း ရှိရမည်ဖြစ်သည်။

တိမ်ဖြူမြို့ ဒုတိယသခင်လေး၏ သက်စောင့်ဝိညာဉ်က ဖျက်ဆီးခြင်း မှော်မျက်လုံး ဖြစ်သလို သူ၏ တခြား သက်စောင့်ဝိညာဉ်ကလည်း မှော်စာလိပ် ဖြစ်သည်။ ထို့ကြောင့် စိတ်ဝိညာဉ် ပညာရှင် တစ်ယောက်ဖြစ်သော ပိုင်စီက လေထဲ မှော်စာလိပ် ရေးနိုင်စွမ်း ရှိသည်။

ရီဖူရှင်းကရော… ထိုသို့လုပ်ရန် မည်သည့်အချိန်က သင်ယူခဲ့သနည်း။ အဘယ်ကြောင့် ယခင် တိုက်ပွဲများ၌ သည်ပညာကို မသုံးခဲ့သနည်း။

***


Comment

Leave a Reply

Options

not work with dark mode
Reset