Switch Mode

အပိုင်း(၅၇၆)

လေထဲတွင်မှော်စာလိပ်ရေးခြင်း

တော်ဝင်ကျဲ နန်းတော်ဘက်တွင် ပုဂ္ဂိုလ်ကြီးများပင် အံ့အားသင့် ကြရသည်။ ရီဖူရှင်းက ဤအဆင့်အထိ ရောက်လာမည်ဟု သူတို့ လုံးဝ မထင်ထားကြပေ။

မြေရိုင်းဒေသမှ မရေမတွက်နိုင်သော ပါရမီရှင်များ တော်ဝင်လမ်းကို ရောက်လာခဲ့ကြသည်။ အကောင်းဆုံးထဲများတွင်မှ တန်ခိုး အဆင့်မြင့်သူများက အသာစီးရသည်မှာ သဘာဝဖြစ်သည်။ သို့သော် ယခု ကျန်ရစ်သော သုံးယောက်က စိတ်ဝင်စားဖွယ် ကောင်းသော တန်ခိုးအဆင့်ကို ပိုင်ဆိုင်ကြသည်။

ဟောင်ကျူဂီက သတ္တမအတန်းအစား နိုဘယ်ဖြစ်ကာ ပိုင်စီက အဋ္ဌမအတန်းအစား နိုဘယ်ဖြစ်သည်။ ရီဖူရှင်းက နဝမ အတန်းအစား နိုဘယ်ဖြစ်သည်။

တစ်ယောက်စီက ကွဲပြားခြားနားသော တန်ခိုးအဆင့်ကို ပိုင်ဆိုင်ကြသည်။ ရီဖူရှင်းက အနိမ့်ဆုံး ဖြစ်သော်လည်း သူက ပိုင်စီ၊ ဟောင်ကျူဂီတို့နှင့် တန်းတူ ရပ်နေနိုင်အောင် တစ်ပွဲပြီးတစ်ပွဲ အနိုင်ယူလာခဲ့သည်။ သည်အဖြစ်က သေချာပေါက် အံ့အားသင့်ဖွယ် ကောင်းသည်။ ပုဂ္ဂိုလ်ကြီးများက ရီဖူရှင်းအား တပည့်အဖြစ် လက်ခံရန် စဉ်းစားနေကြပြီး ဖြစ်သည်။ ရီဖူရှင်း၏ပါရမီဖြင့် နောင်တွင် သူက သေချာပေါက် ကောင်းကင်မြေရိုင်း အဆင့်ထဲကို ဝင်မည်ဖြစ်သည်။

အကြီးအကဲနန်က မျက်နှာ သိပ်မကောင်းပေ။ ရီဖူရှင်းက ယခုအဆင့်အထိ ရောက်လာခြင်းက သူ့အား တော်ဝင်ကျဲ နန်းတော်သို့ ဝင်ရောက်ခြင်းကို မည်သူမှ တားဆီးနိုင်မည် မဟုတ်တော့သည်ကို သူသိလိုက်သည်။ ရီဖူရှင်းက လိုလားပါက မည်သည့် နန်းဆောင်သခင်မဆို သူ့အား လက်ခံကြမည် ဖြစ်သည်။ ထိုသို့ဖြစ်သွားပါက နန်ဟောင်အတွက် လက်စားချေ သတ်ဖြတ်ရန် အလွန်အမင်း ခက်ခဲသွားမည် ဖြစ်သည်။

ရီဖူရှင်းနှင့် ယူချင်းတို့က တော်ဝင်လမ်းကို ဖြတ်ကျော်ရန် အရည်အချင်း ရှိသည်။ သို့သော် နန်ဟောင်က သူတို့ကို သွားရောက် ရန်စခဲ့သည်။ အကျိုးဆက်က ခန့်မှန်းနေစရာပင် မလိုတော့ပေ။

ထိုအခိုက်တွင် ရီဖူရှင်းက သူ၏နေရာကို လျှောက်သွားကာ တိတ်ဆိတ်စွာ ရပ်လိုက်သည်။ ဆက်လက်၍​ စိန်ခေါ်မည့်အစား သူက ပိုင်စီဘက်ကို ကြည့်သည်။ မည်သူကမှ ရှေ့ကို ထွက်လာခြင်း မရှိကြပေ။ သုံးယောက်ထဲမှ တစ်ယောက်ကမှ ရှေ့ကို ထွက်မလာကြပေ။ ပိုင်စီက ရုတ်တရက် ပြုံးလိုက်သည်။ ရီဖူရှင်းက သူ့အား အတုခိုး နေသည်လား…။ သို့သော် သူ့တွင် ထိုသို့လုပ်ရန် အရည်အချင်း ရှိသလော။

ခေါင်းမော့ကာ သူက တော်ဝင် လှေကားထစ်ထက်မှ အကြီးအကဲကို လှမ်းပြောသည်… “စီနီယာ… အခု သုံးယောက်ပဲ ကျန်တော့တယ် ဆိုတော့ ကျုပ်တို့က တစ်ပြိုင်နက်တည်း တိုက်ခိုက်တာ မကောင်းဘူးလား…”

သူ၏စကားကို ကြားသည်တွင် အားလုံးက အံ့အားသင့်သွားကာ သူ့ကို ကြည့်ကြသည်။ သူက မိမိ၏စွမ်းရည်ကို မည်မျှပင် ယုံကြည်သနည်း။ အကယ်၍ သူတို့သုံးယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်ပါက အားအကောင်းဆုံးလူက ကျန်နှစ်ယောက်နှင့် ရင်ဆိုင်ရပေမည်။ ပိုင်စီ၏ မောက်မာ ဝင့်ကြွားမှုဖြင့် သူက အားအကောင်းဆုံးဟု ယူဆမည်မှာ သေချာသည်။ ထို့ကြောင့် သူက ရီဖူရှင်းနှင့် ဟောင်ကျူဂီကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရမည်မှာ သေချာသည်။

ပိုင်စီက ထိုမျှ ယုံကြည်မှု ရှိသလော…။ လှေကားထစ်ပေါ်မှ အကြီးအကဲက ဟောင်ကျူဂီနှင့် ရီဖူရှင်းကို မေးသည်… “မင်းတို့ ဘယ်လိုထင်လဲ…”

“ကျုပ် ငြင်းစရာမရှိဘူး…” ဟောင်ကျူဂီက တည်ငြိမ်စွာ ပြောသည်။ ပိုင်စီက ထိုသို့လုပ်လိုလျှင် သူကလည်း လိုက်လျောရပေမည်။

“မင်းကရော…” အကြီးအကဲက ရီဖူရှင်းကို မေးသည်။

ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်… “သေချာတာပေါ့…”

သူတို့ သုံးယောက်လုံးက သဘောတူကြသည်။

“ဒါဆိုလည်း ကွင်းလယ်ကို အတူတူ တက်လာခဲ့ကြ.. နောက်ဆုံးအဆင့်မှာ ဘာစည်းကမ်းမှ မရှိဘူး… မင်းတို့ စိတ်ကြိုက်တိုက်ကြ…” အကြီးအကဲက တည်ငြိမ်စွာ ပြောသည်။

ပိုင်စီ၊ ဟောင်ကျူဂီနှင့် ရီဖူရှင်းတို့ အားလုံးက ပြိုင်တူ ရှေ့တက်လာကြသည်။ မရေမတွက်နိုင်သော လူများက သူတို့သုံးယောက်ကို ကြည့်နေကြသည်။

နောက်ဆုံး အဆင့်ကား တစ်ယောက်ချင်း တိုက်ခိုက်ခြင်း မဟုတ်ဘဲ သုံးယောက် တစ်ပြိုင်နက်တည်း တိုက်ခိုက်ခြင်း ဖြစ်သည်။ နောက်ဆုံး ဘယ်သူက အနိုင်ရမည်နည်။

ဘယ်သူက ဦးဆုံး ရှုံးနိမ့် သွားမည်နည်း။

ကွင်းထဲကို မမြင်ရသော ဖိအားများ ဖြစ်ပေါ်လာနေသည်။

မူကျိချူ၏လှပသော မျက်လုံးများက ချောမောသော ကောင်လေးကို ကြည့်နေသည်။ သူက ပိုင်စီနှင့် ဟောင်ကျူဂီကို အနိုင်ရနိုင်မည်လော…။

ချင်ရန်၊ စီဝူကျိနှင့် ကျိုးရှင်းတောင်မှ လူများ အားလုံးကလည်း စိုးရိမ်စွာ ကြည့်နေကြသည်။

ကုယွန်ချီ၊ လောင်မူနှင့် တခြား လူများကလည်း မျှော်လင့်ချက်ကြီးစွာ ကြည့်နေကြသည်။ သူက တစ်ချိန်က မိုးမြေကောင်းကင်မြို့အား လွှမ်းမိုးနိုင်ခဲ့သည်။ ယခု တော်ဝင်ကျဲ နန်းတော်တွင်လည်း အံ့ဩသင့် ထူးဆန်းဖွယ်ရာများကို လုပ်ဆောင်နိုင်မည်လော။

တိတ်ဆိတ်နေသော ကွင်းထဲတွင် ပိုင်စီက ရီဖူရှင်းကို တစ်ချက်ကြည့်ကာ ရယ်မောလိုက်သည်။

“မင်းကငါ့ကို အတုခိုးပြီး ဟန်ကြီးပန်ကြီးလုပ်လို့ ရမယ် ထင်နေတာလား…” ပိုင်စီက သရော်သည်… “မာနဆိုတာ ခိုင်မာတဲ့ စွမ်းရည်ရှိဖို့လိုတယ်… မင်းလို ကျီးကန်းက ဘယ်လိုလုပ် သိမှာလဲ…”

“မင်းက ထိပ်ဆုံး ဆယ်ယောက် စာရင်းမှာ တစ်ပွဲမှ မတိုက်ခိုက်ရသေးဘူး… ငါက ဒီနေရာမှာ ရပ်နေတာက ဘယ်လိုလုပ် မင်းကို အတုခိုးတာ ဖြစ်ရတာလဲ…” ရီဖူရှင်းက ပိုင်စီကို မေးသည်။

“ဘာလို့လဲ ဆိုတော့ တချို့လူတွေက တိုက်ခိုက်ဖို့ မလိုဘူး… သူတို့က ဒီအတိုင်း ရပ်နေရုံနဲ့ တခြားလူတွေက ရှောင်ဖယ်သွားရတယ်… ငါက မင်းနဲ့ ဘယ်လိုလုပ် တူပါ့မလဲ…” ပိုင်စီက ရီဖူရှင်းကို မေးသည်… “မင်း နားလည်လား…”

ရီဖူရှင်း၏ မျက်လုံးများ အရောင်လက် သွားသည်။ ထို့နောက် သူက ခေါင်းညိတ်သည်… “မင်း မှန်တယ်…”

ပိုင်စီ၏စကားများက အမှန်ပင် မှန်ကန်ပေသည်။

“ဒါပေမဲ့ မင်း နားမလည်တာ ရှိသေးတယ်…” ရီဖူရှင်းက ဆက်ပြောသည်။

“တကယ်လား…” ပိုင်စီက ပြုံးသည်။

“မင်း မကြာခင် သိလိမ့်မယ်…” ရီဖူရှင်းက ပြောသည်။

ပိုင်စီက ရယ်မောလိုက်သည်… “ငါ စိတ်ဝင်စားနေပြီ… ငါတို့ ဘယ်လောက် ကွာခြားလဲဆိုတာ မင်း နားလည်လိမ့်မယ်…”

သူက ထိုသို့ ပြောပြီးသည်နှင့် သူ၏မျက်လုံးများက မီးခိုးရောင်သို့ ပြောင်းသွားသည်။ ကြောက်မက်ဖွယ် စိတ်စွမ်းအားများ သူ့မျက်လုံးမှ ထွက်ပေါ်လာကြ၏။ ထိုနေရာတစ်ခုလုံးက မီးခိုးရောင် စိတ်ဝိညာဉ် အားလှိုင်းများဖြင့် ပြည့်နှက် သွားသည်။ ထိုအရာများက ရီဖူရှင်း၏ စိတ်ထဲကို စိမ့်ဝင်လာကြသည်။

ထိုအခိုက်တွင် ပိုင်စီက သူ၏ရှေ့တွင် လာရပ်သည်ဟု ရီဖူရှင်းက ခံစားရသည်။ သူ၏စိတ်ထဲတွင် ပိုင်စီ၏တည်ရှိမှုက အလွန်တရာ ကြီးမားလှ၏။ ပိုင်စီက လက်ဆန့်တန်းသည်တွင် ဖိအားများက ရီဖူရှင်းထံကို ကျဆင်းလာသည်။

ဖျက်ဆီးခြင်းမျက်လုံး…

မရေမတွက်နိုင်သော မျက်လုံးများက ကွင်းထဲကို ကြည့်နေကြသည်။ ကွင်းထဲမှ ပြောင်းလဲမှုများကို ခံစားမိသည်တွင် ပိုင်စီက စတင် တိုက်ခိုက်ပြီးဟု သူတို့ သိလိုက်ကြသည်။ ရီဖူရှင်းက ပိုင်စီ၏ ဖျက်ဆီးခြင်း မျက်လုံးကို မည်သို့ ခုခံမည်နည်း။

သို့သော်လည်း ရီဖူရှင်း၏စိတ်ထဲတွင် ကြယ်တာရာ ကမ္ဘာတစ်ခု ဖြစ်ပေါ်လာသည်။ နေ၊လနှင့် ကြယ်တာရာများက ကောင်းကင်တွင် ဖြစ်ပေါ်လာကြ၏။ ကြီးမားသော လက်ဝါးကြီးက ဆင်းသက် လာသော်လည်း မမြင်ရသော စိတ်စွမ်းအားများက တားဆီးထားသည်။

ပိုင်စီက စိတ်စွမ်းအားဖြင့် ရီဖူရှင်းကို တိုက်ရိုက် တိုက်ခိုက်နိုင်ရာ လွန်စွာ အားကောင်းသည်ဟု ဆိုနိုင်သော်လည်း ရီဖူရှင်းကလည်း သူ၏စိတ်ကို ကောင်းကောင်း ကာကွယ်ထားသည်။

“မင်းရဲ့ခံစစ်က တကယ်ပဲ အားကောင်းတယ်… ဒါက မထင်မှတ်ထားတဲ့ အချက်ပဲ… ဒါပေမဲ့ မင်းက ငါ့ပိုင်နက်ထဲမှာ ရှိနေသရွေ့ ဘယ်လိုလုပ် ပြန်တိုက်ခိုက် နိုင်ပါ့မလဲ…” ပိုင်စီက အေးစက်စွာ ပြောသည်။ မယုံကြည်နိုင် လောက်အောင် ကြီးမားသော ဖိအားက ရီဖူရှင်းထံကို ဆင်းသက် လာပြန်သည်။ ထို့နောက် ကောင်းကင်တွင် ဧရာမ လက်ဝါးပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ရီဖူရှင်းကို လာရောက် ဆုပ်ကိုင်သည်။

လောက၏ သဘာဝစွမ်းအင်များ လှုပ်ခတ်ကြသည်။ ရီဖူရှင်းက မှော်စွမ်းအင်ဖြင့် တိုက်ခိုက် လိုသော်လည်း သဘာဝ စွမ်းအင်များက ထိန်းချုပ်ခံနေရဟန် ရသည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်မှ စွမ်းအင်များကိုသာ အသုံးပြုနိုင်တော့သည်။ ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအင်များကို သုံးစွဲခွင့်မရခြင်းက မှော်ဆရာ တစ်ယောက်၏ စွမ်းရည်ကို များစွာ ယုတ်လျော့စေသည်။

“ငါ့ရဲ့ မျက်လုံးနယ်ပယ်ထဲမှာ မှော်ပညာကို သုံးချင်တယ်… မင်းက အိပ်မက် မက်နေတာပဲ…” ပိုင်စီက သရော်သည်။ သူ နောက်ဆုံး အဆင့်ကို ရောက်လာခဲ့သော်လည်း တကယ့်ထိပ်ဆုံး ဆယ်ယောက်ထဲတွင် တစ်ပွဲမှ မတိုက်ခိုက်ရသေးရာ သူ၏တကယ့်စွမ်းရည်များ ကိုလည်း ပြိုင်ဘက်များက သိပ်နားလည်ခြင်း မရှိပေ။ သူ၏ စွမ်းအားကုန်ကို ထုတ်သုံးရန် မည်သူကမှ တွန်းအား မပေးနိုင်ပေ။

ထို့ကြောင့် ယခုထိ ပိုင်စီက မည်မျှ အားကောင်းသည်ကို တစ်ယောက်မှ မသိ နားမလည်ကြပေ။

နတ်ငှက်ဝိညာဉ်အား ထုတ်လွှတ်ကာ ရီဖူရှင်က မြန်ဆန်စွာပင် လက်သီးဖြင့် လှမ်းထိုးသည်။ ဧရာမ လက်ဝါးကြီးက ပြိုပျက် သွားသော်လည်း ရီဖူရှင်းကလည်း နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်သွားသည်။ ရီဖူရှင်းက ကောင်းကင်ကို ကြည့်သည်။ ပိုင်စီ၏ ထိန်းချုပ်မှုအောက်ကို ရောက်နေသာ သည်ပတ်ဝန်းကျင်က အလွန်အမင်း ဖိအားများသည်ကို သူခံစားရသည်။

မရေမတွက်နိုင်သော လူများက စိတ်ဝင်စားစွာ ကြည့်နေကြသည်။ ရီဖူရှင်းက သူ၏ ထိတ်လန့်ဖွယ် တိုက်ခိုက်ရေး စွမ်းရည်ကို ပြသခဲ့သော်လည်း ပိုင်စီထံတွင် ရှုံးနိမ့်ရမည် ထင်ရ၏။

တိမ်ဖြူမြို့ ဒုတိယသခင်လေးကား အမှန်ပင် အားကောင်းလှသည်။

ဟောင်ကျူဂီက ဘေးတွင် ရပ်နေသည်။ သူက တိုက်ခိုက်ရန် အမြန်မလိုပေ။ ပိုင်စီနှင့် ရီဖူရှင်းတို့ တိုက်ခိုက်နေသည်ကို သူက သည်အတိုင်း ကြည့်နေသည်။ သန့်စင်သော မှော်ပညာရှင်က ပိုင်စီထံတွင် ဆိုးဝါးစွာ ရှုံးနိမ့်မည် ဖြစ်သည်။

ဝှီး… ရွှေရောင် အတောင်ပံများကို ဖြန့်ကာ ရီဖူရှင်းက လေကိုခွင်းလျက် ပိုင်စီထံသို့ ပျံသန်းသွားသည်။ သူက မှော်ပညာကို မသုံးလျှင်ပင် သူ၏ခန္ဓာကိုယ်က အလွန် သန်မာပေသည်။

“အနီးကပ် တိုက်ခိုက်ချင်တာလား…” ပိုင်စီက သရော်ဟန်ဖြင့် ပြောသည်။ သူက လက်ဝှေ့ယမ်း လိုက်သည်တွင် သဘာဝ စွမ်းအင်များ စုစည်းလာကာ မဆုံးနိုင်သော လျှပ်စီးများ စက်ကွင်းများ ရီဖူရှင်းထံသို့ တိုးဝင်သွားသည်။

နတ်ငှက်က ကောင်းကင်တွင် လှပသော မျဉ်းကွေးပုံစံ ဖြစ်ပေါ်သွားသည်။ သူက နတ်ငှက်အလား ပျံသန်းသွားသည်။ သူက လျှပ်စီး စက်ကွင်းများကို ဖြတ်ကျော်လျက် ပိုင်စီထံသို့ ပျံသန်းသွားသည်။

ပိုင်စီက နှာခေါင်းရှုံ့သည်။ သူ့ရှေ့တွင် အလင်းတစ်ခု ဖြစ်ပေးလာကာ ဧရာမ ရွှေရောင်ပုံရိပ်တစ်ခု ဖြစ်သွားသည်။ သတ္တုစွမ်းအင်များ အားလုံး သူ့ရှေ့တွင် လာရောက် စုစည်းကြသည်။ ရွှေရောင်ပုံရိပ်က လင်းလက် တောက်ပစွာဖြင့် လေထုကို ဖြတ်တောက် သွားသည်။

ဘုန်း…

ရီဖူရှင်း၏လက်ဝါးက ရွှေရောင်ပုံရိပ်ထံသို့ ကျဆင်းလာသည်။ ပုံရိပ်က အက်ကွဲ သွားသော်လည်း ပျက်စီးသွားခြင်း မရှိပေ။ ထိုအရာက ဆက်လက်၍ တောက်ပစွာ လင်းလက်နေသည်။ သဘာဝစွမ်းအင်များ ကျဆင်းလာကာ အက်ကွဲကြောင်းများကို ပြန်လည်ပြုပြင်သည်။

တိမ်ဖြူမြို့ ဒုတိယ သခင်လေးကား ဖျက်ဆီးခြင်း မျက်လုံးသာ ရှိသည် မဟုတ်ပေ။

ပိုင်လွေလီကား မြေရိုင်းဒေသ၏ အားအကောင်းဆုံးသော ပါရမီရှင်အဖြစ် လူသိများသည်။ သူကား ကောင်းကင်မြေရိုင်း အဆင့်၏ နံပါတ်တစ်ဆယ် နေရာတွင် ရှိကာ စွမ်းရည်များစွာကို ပိုင်ဆိုင်သည်။ သူ့ထံမှ ပိုင်စီက များစွာ သင်ယူခဲ့ရပေမည်။

ရီဖူရှင်းက ရွှေရောင်နှင်တံ တစ်ချောင်းကို ဖန်းဆင်းလိုက်သည်။ သူ၏နတ်ငှက်အလား ခန္ဓာကိုယ်က ကောင်းကင်မှ တစ်ဆင့်ပျံသန်းကာ ကြောက်မက်ဖွယ် စွမ်းအင်များကို စုဆောင်းပြန်သည်။ တစ်ဖန် သူက အလင်းတန်းအလား နှင်တံနှင့်အတူ ဆင်းသက်လာသည်တွင် ရွှေရောင် အရံအတားက ပြိုပျက် သွားရသည်။

ရီဖူရှင်း၏ရှေ့တွင် မဆုံးနိုင်သော သဘာဝ စွမ်းအင်များက ပိုင်စီ၏အနီးကို ကျဆင်းလာသည်။ ပိုင်စီ၏ရှေ့ကို လောက စည်းမျဉ်းအချို့ ကျဆင်းလာသည်နှင့် တူကာ ရှည်လျားသော ပုံရိပ်က မှော်စာရွက်နှင့် ဆင်တူသည်။ ထိုအရာက လောကသဘာဝ စွမ်းအင်များကို စုစည်းပြီး တဖြည်းဖြည်းဖြင့် ထူးခြားသော ပုံရိပ်တစ်ခု ဖြစ်လာသည်။ ထိုအရာမှ ထိတ်လန့်ဖွယ် စွမ်းအားများ ထွက်ပေါ်နေသည်။

“လေထဲ မှော်စာလိပ်ရေးခြင်း…” ရီဖူရှင်း အံ့အားသင့် သွားသည်။ သူက ဤနည်းလမ်းကို ယခင်က အသုံးပြုဖူးသော်လည်း ပိုင်စီကဲ့သို့ လေထဲတွင် များစွာသော သင်္ကေတများကို ရေးထွင်းနိုင်စွမ်း မရှိသလို တိုက်ပွဲတွင်လည်း တိုက်ရိုက် သုံးနိုင်ခြင်း မရှိပေ။ ဤသို့ပြုလုပ်ရန် ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအင်များကို လုံးဝ ထိန်းချုပ်နိုင်ရန် လိုသည်။

“ငါက မင်းရဲ့ ကောင်မလေးကို ဘာလို့ လိုချင်တာလဲ မင်းသိပြီလား…” ပိုင်စီက တယ်လီပသီနည်းဖြင့် လှမ်းပြောသည်။ ကောင်းကင်စိတ်ဝိညာဉ် ပညာရှင်က သူ၏ တန်ခိုးကျင့်စဉ်များတွင် များစွာ အကူအညီ ပေးနိုင်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset