တိုက်ပွဲကွင်းပြင်က ရုတ်တရက် တိတ်ဆိတ် သွားသည်။ နောက်ဆုံး ကျန်ရစ်သူ လေးယောက်ကား ထောင့်လေးထောင့်တွင် ရပ်နေကြသည်။ စုချွဲကား အနားယူနေစဉ် ဟောင်ကျူဂီနှင့် ပိုင်စီတို့က အမြန်လိုသည့်ဟန် မတွေ့ရပေ။ အားလုံးက တစ်စုံတစ်ယောက် ဦးဆုံး လှုပ်ရှားမည်ကို စောင့်ဆိုင်းနေဟန် ရသည်။
ဟောင်ကျူဂီကား တိုက်ခိုက်ထားပြီး ဖြစ်ရာ အမြန်မလိုပေ။ သို့သော် ပိုင်စီကား ယခုထိ တစ်ပွဲမှ မတိုက်ခိုက်သေးဘဲ ရပ်နေသည်။ သူက ဤနည်းဖြင့် နောက်ဆုံးအထိ သွားရန် စိတ်ကူး ထားသည်လား။ သူ၏ မျက်လုံးများက အလွန်အမင်း မောက်မာသော အငွေ့အသက်များဖြင့် ပြည့်နေသည်။
ကွင်းတစ်ခုလုံးက တိတ်ဆိတ် နေသည်။
“သူက ဘာကို စောင့်နေတာလဲ…” လူအများအပြားက ရီဖူရှင်းကို ကြည့်ကြသည်။ သူတို့က ပိုင်စီနှင့် ဟောင်ကျူဂီကို မကြည့်ကြပေ။ ဦးဆုံး စိန်ခေါ်သူက ရီဖူရှင်းသာ ဖြစ်သင့်သည်။
ရီဖူရှင်းက ဘာကို စောင့်နေသည်ကိုလည်း ဘယ်သူကမှ မသိပေ။
“သူက ဘာစဉ်းစား နေတာလဲ…” တော်ဝင်ကျဲ နန်းတော် လှေကားထစ်ပေါ်မှ ကျူးကော့ခမ်ယန်က ဘေးမှ သူ့ညီမကို မေးသည်။
“အစ်ကိုက ဘယ်သူ့ကို ပြောတာလဲ…” ကျူးကော့မင်းယွီကလည်း ပြန်မေးသည်။
“ရီဖူရှင်း…” ကျူးကော့ခမ်ယန်က ပြန်ဖြေသည်။
“ပိုင်စီနဲ့ ဟောင်ကျူဂီတို့ မဟုတ်ဘဲ ဘာလို့ ရီဖူရှင်းလဲ…” ကျူးကော့မင်းယွီက ပြန်မေးသည်။
ကျူးကော့ခမ်ယန်ကား အတန်ကြာ မှင်တက်နေသည်။ သူက ကျူးကော့မင်းယွီ ပြောသည်ကို နားလည်သည်။ ရီဖူရှင်းကသာ အားအနည်းဆုံးဖြစ်ရာ သူက ဦးဆုံး စိန်ခေါ်သင့်သည်ဟု အားလုံးက ယူဆနေကြသည်။ အဘယ်ကြောင့် ရီဖူရှင်းက အားအနည်းဆုံးဟု အားလုံးက ယူဆနေကြသနည်း။
ကျူးကော့မင်းယွီက ကွင်းထဲကို ကြည့်ကာ ပြုံးလျက်ပြောသည်… “တခြားလူတွေက ဟန်ဆောင်ပိုင်ခွင့် ရှိတယ်… ညီမရဲ့ မောင်ငယ်လေးက ဟန်ဆောင်ခွင့် မရှိဘူးလို့ အစ်ကိုက ပြောတာလား…”
“…” ကျူးကော့ခမ်ယန်က ပါးစပ်ပိတ်လိုက်သည်။ အကယ်၍ ရီဖူရှင်းကသာ ကျူးကော့မင်းယွီ ပြောသော စကားကို ကြားပါက သူ၏အစ်နှစ်ကသာ သူ့အပေါ် နားလည်သည်ဟု ပြောမည်မှာ သေချာသည်။
အချိန်အတန်ကြာလျှင် လူအများအပြားက စိတ်မရှည် ဖြစ်လာသည်။ သူတို့က ဘာလုပ် နေကြသနည်း။ ဟိတ်ဟန် ထုတ်ခြင်းတွင် ပြိုင်ဆိုင် နေကြသည်လား။
ထိုအခိုက်တွင် မျက်လုံးမှိတ်ကာ အနားယူနေသော စုချွဲက မျက်လုံးကို ဖွင့်လိုက်သည်။ သူက အခြေအနေကို နားလည်လိုက်ကာ ပြုံးလိုက်သည်… “ပျင်းစရာ ကောင်းလိုက်တာ…”
စျချွဲက ကွင်းထဲကို ဝင်လာကာ ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းကလည်း နားလည်ကာ ကွင်းထဲကို ဝင်လာသည်။
ရီဖူရှင်းက စုချွဲကို ကြည့်ကာ ပြောသည်… “နောက်ဆုံး တိုက်ပွဲမှာ မင်းက ထွက်ခဲ့ရသင့်တယ်…”
ယူချင်းကသာ စုချွဲထက် အားကောင်းသည်ဟု ရီဖူရှင်း ယုံကြည်သည်။ အကယ်၍ သေခြင်းရှင်ခြင်း တိုက်ပွဲအဆင့်ကို ရောက်သွားပါက ယူချင်းအား စုချွဲက အနိုင်ယူနိုင်မည် မဟုတ်ဟု သူယုံသည်။ သို့သော် ရီဖူရှင်းက မလိုအပ်ဘဲ ယူချင်းအား ထိုမျှ မစွန့်စားစေလိုပေ။
“ငါနိုင်ပြီး သူရှုံးတယ်… ဒါက မှန်ကန်တဲ့အချက်ပဲ… မင်းက နားမလည်တာလား…” စုချွဲက ပျင်းရိစွာ ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်သည်… “မင်းမှန်တယ်.. ဒါပေမဲ့ မင်း နားမလည်တာက မင်း စိန်မခေါ်သင့်တဲ့ လူကလည်း ငါပဲ…”
“ဆိုလိုတာက မင်းက ငါ့အားနည်းချက်ကို သိတယ်ပေါ့…” စုချွဲက ပြုံးသည်။
“မင်း သိလိမ့်မယ်…” ရီဖူရှင်းက ဖြေသည်။
“စိတ်ဝင်စားစရာပဲ…” ထိုသို့ ပြောပြီးသည်နှင့် သူက ရှေ့ကို တစ်လှမ်း တက်လိုက်သည်။ ထိုအခိုက်တွင်ပင် ကွင်းတစ်ခုလုံးကို မဆုံးနိုင်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။ အဆုံးမဲ့သော သတ်ဖြတ်ခြင်းဓားက သူ့အနီးတွင် စုစည်း လာနေသည်။ ကြောက်မက်ဖွယ် မုန်တိုင်း တစ်ခုနှင့်အတူ သတ်ဖြတ်ခြင်း ဓားတစ်လက်က မုန်တိုင်းထဲ ပျောက်ကွယ် သွားသည်။
“သွား…” စုချွဲက လက်ဆန့်တန်း လိုက်သည်တွင် ကြောက်မက်ဖွယ် မုန်တိုင်းက ဓား၏ လှုပ်ရှားမှုနှင့်အတူ လေထုကို ခွင်းလျက် ရီဖူရှင်းထံကို တိုးဝင်သွားသည်။ ရီဖူရှင်း၏အနီးတွင် အင်မောတယ် ခန္ဓာကိုယ်များ အရံအတားက လင်းလက်စွာ ဖြစ်ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီးများက ကြယ်တာရာကမ္ဘာ ဖြစ်သွားသည်။ ရှီအသိ၏ ထောက်ပံ့မှုနှင့်အတူ အင်မော်တယ် ခန္ဓာကိုယ်များက အစစ်အမှန်များဟု ထင်မှတ်ရသည်။
ရီဖူရှင်းက အင်မော်တယ် ခန္ဓာကိုယ်များ ဝန်းရံလျက်ကပင် အလွန်အမင်း လင်းလက်သော နတ်ငှက်တစ်ကောင် ဖြစ်သွားသည်။
“ဝှစ်…” ဓားချက်က ရီဖူရှင်းထံကို ရောက်လာကာ သူ၏ကြယ်တာရာ အရံအတားကို ဖျက်ဆီးလျက် တိုးဝင်လာသည်။ မဆုံးနိုင်သော ဓားစွမ်းအင်များက ကြယ်တာရာ ကမ္ဘာကို ဖြတ်သန်းသွား၏။ ဥက္ကာခဲများက ပေါက်ကွဲပြိုလဲ ကြသော်လည်း ဓားချက်ကို ဘာကမှ တားဆီးနိုင်ဟန် မတူ။
အေးစက်သော အငွေ့အသက်၏ နောက်တွင် ကြယ်တာရာများကို ထပ်မတွေ့ရတော့ပေ။ ဓားအလင်းက ရီဖူရှင်းထံကို တန်းတန်းမတ်မတ် တိုးဝင်သွားသည်။ လျှပ်စီးတစ်ချက် ရီဖူရှင်း၏ ခြေထောက်၌ လင်းလက်သွားကာ နတ်ငှက် အတောင်ပံအား ခတ်လျက် ရီဖူရှင်းက ရပ်နေရာမှ ပျောက်သွားသည်။ ဓားချက်ကလည်း လွဲသွားသည်။
စုချွဲက ရီဖူရှင်း ပေါ်လာသော နေရာသို့ တစ်ဖန်ကြည့်သည်။ ကြယ်တာရာ သီးသန့်နယ်ကား ရီဖူရှင်း၏ ကြယ်တာရာ အသိအပေါ် အခြေခံ၍ ဖြစ်လာခြင်း ဖြစ်ရာ သူ၏တိုက်ရိုက် ဓားချက်များက မြန်ဆန်သော ရီဖူရှင်း၏ လှုပ်ရှားမှုများကို ဖမ်းမိရန် အလွန်အမင်း ခက်ခဲပေသည်။ အရေးကြီးသည်ကား သူက ရီဖူရှင်း၏အနီးကို ကပ်နိုင်ကာ သူ၏ သတ်ဖြတ်ခြင်း ဓားကို ထုတ်သုံးနိုင်ရန် ဖြစ်သည်။
စုချွဲ၏လက်တွင် ဓားတစ်လက် ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုက ဓားအား ရစ်ပတ် ဖြစ်ပေါ်လာ၏။
စုချွဲက သူရပ်နေရာမှာ ရုပ်တရက် ပျောက်ကွယ် သွားသည်။ ရီဖူရှင်း၏အနီးတွင် ပုံရိပ်ယောင် လှုပ်ရှားမှုများ ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ် ဓားမုန်တိုင်းက ရီဖူရှင်းထံကို တိုးဝင်လာသည်။ ရီဖူရှင်းက လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်း လိုက်သည်။ ထိုအခိုက်တွင် ပတ်ဝန်းကျင်ရှိ စွမ်းအင် လှုပ်ရှားမှုတိုင်းက သူ၏အာရုံထဲကို ရောက်ရှိလာသည်။ ကြယ်တာရာ သီးသန့်နယ်တွင် လရောင်က ဖြန်းပက်သည်တွင် အေးစက်မှုက သဘာဝ စွမ်းအင် လှုပ်ရှားမှုများကို နှေးကွေး သွားစေသည်။ ရီဖူရှင်း၏ အနီးတွင် လှည့်ပတ်နေသော ဥက္ကာခဲများကို မြူများ ရစ်ပတ်သွားသည်။ ထိုနေရာ တစ်ခုလုံးက သူ၏စိတ်အသိ ထိန်းချုပ်မှု အောက်ကို ရောက်သွားကာ သတ်ဖြတ်ခြင်း ဓားက သူ့အနီးကို ကပ်လာခြင်းမှာ ကာကွယ်ထားသည်။
သူ့အနီးကို ထူးဆန်းသော အရပ်သဏ္ဌာန်များ လှည့်ပတ်သွားသည်။ ဓားတစ်လက်က ကြယ်တာရာ သီးသန့်နယ်အား ဖြတ်တောက်လျက် ရီဖူရှင်းထံကို တိုးဝင်လာသည်။ စုချွဲအတွက်မူ ထိုအရံအတားများက ဘာမှ မဟုတ်ပေ။
ရီဖူရှင်းက လက်ဆန့်တန်း လိုက်သည်တွင် ကြယ်တာရာ နှင်တံတစ်လက် ဖြစ်ပေါ်လာသည်။ သူက နှင်တံကို ဝှေ့ယမ်းသည်တွင် ဥက္ကာခဲများက လိုက်ပါ ကခုန်ကြသည်။ ကြီးမားသော စွမ်းအားက တစ်မုဟုတ်ချင်း ဖြစ်ပေါ်လာကာ နှင်တံနှင့်အတူ လိုက်ပါ စီးဆင်းကြသည်။
“သူ ဘာလုပ်နေတာလဲ…” လူအများအပြားက ရီဖူရှင်းကို ကြည့်ကြသည်။ စုချွဲကား သူ့အနီးကို ရောက်နေပြီးဖြစ်ကာ အချိန်မရွေး သေကွင်း သေကွက်ကို တိုက်ခိုက်နိုင်သည်။ ကြောက်မက်ဖွယ် ဓားအသိတစ်ခုက ထောင်ပေါင်း များစွာသော သတ်ဖြတ်ခြင်း စွမ်းအားနှင့်အတူ ရီဖူရှင်း၏ စိတ်ထဲကို ဝင်ရောက်လာကာ အရာခပ်သိမ်းကို ဖျက်ဆီးရန် ကြိုးစားသည်။ ထိုအခိုက်တွင် ရီဖူရှင်းက အလွန်အမင်း အားကောင်းသော အန္တရာယ်ကို ခံစားရသည်။ စုချွဲက သူ့အား တိုက်ခိုက်တော့မည်ကို သိသည်။ မဆုံးနိုင်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ သူ့အား ကျောချမ်းစေသည်။ သို့တိုင်အောင် ရီဖူရှင်းက ဘာမှ မဖြစ်သလိုပင် နှင်တံကို ဝှေ့ယမ်းသည်။ သူ၏စိတ်ထဲတွင် ပတ်ဝန်းကျင်မှ ပုံရိပ်ယောင်များက သူ၏အားနည်းချက်ကို ချောင်းမြောင်း နေသည်ကို မြင်ရသည်။
ဝှစ်…
အလွန်ပါးလွှာသော အသံနှင့်အတူ ဓားတစ်ချက်က တားဆီးမှုများ အားလုံးကို လျစ်လျူရှုလျက် တိုးဝင်လာသည်။ ဓားချက်က ရီဖူရှင်း၏လည်ပင်းကို တိုက်ရိုက် ဦးတည်နေသည်။
အတောင်ပံများ လှုပ်ရှားမှုနှင့်အတူ ရီဖူရှင်း၏ ခြေထောက်၌ လျှပ်စီးလက် သွားသည်။ လေထဲတွင် မျဉ်းကွေးပုံစံ အလင်းတစ်ချက်နှင့်အတူ ရီဖူရှင်းက ပျောက်ကွယ် သွားသည်။ စုချွဲ၏ဓားချက်က မှော်စွမ်းအင်များ အားလုံးကို လျစ်လျူရှုနိုင်သည်။ သို့သော် ကောင်းကင်ဘုံကိုးဆင့် တိုက်ကွက်က မှော်စွမ်းအင်ကို အခြေမပြုပေ။ ကောင်းကင်တွင် ဧရာမကြီးမားသော နှင်တံပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ စုချွဲ၏ဓားလာရာ အရပ်သို့ ဦးတည်သွားသည်။
စုချွဲက နှင်တံကျဆင်း လာသည်ကို သိသည်။ သူက ဘေးကို လုပ်နေကျအတိုင်း ဘေးကို ရှောင်ဖယ်ရန် ကြိုးစားသည်။ သို့သော် အလွန်အမင်း အေးစက်သော မြူများက သူ့အနီးကို ရစ်ပတ်လာကာ တစ်ပြိုင်နက်တည်းတွင် ကြီးမားသော မြေဆွဲအားက သူ့အား ဖိအားပေးလာသည်။ ရွှေရောင်နွယ်ပင်များက ဘေးပတ်ပတ်လည်မှ ရောက်ရှိလာပြီး သူ့အား ရစ်ပတ်ရန် ကြိုးစားကြသည်။ စုချွဲက မတတ်သာဘဲ ထိုရိုက်ချက်ကို တည့်တည့်မတ်မတ် ရင်ဆိုင်ရန် ဖြစ်လာသည်။ သူ၏ဓားကား မှော်စွမ်းအင်ကို ပယ်ဖျက်နိုင်ကာ တိတ်ဆိတ်ပြီး အန္တရာယ်များသည်။ သို့သော်လည်း ယန်ချူ၏ နတ်ဓားကိုးလက် ကဲ့သို့သော စွမ်းအားအခြေပြု ဓားချက်နှင့် ယှဉ်ပါက တိုက်ရိုက် ရင်ဆိုင်ရာတွင် သူ၏ဓားစွမ်းအားက ဘာမှ မဟုတ်ပေ။ သို့သော်လည်း စုချွဲကား အလွန်အမင်း ဆုံးဖြတ်ချက် ပြတ်သားသူ ဖြစ်သည်။ သူ့တွင် ပြေးပေါက်က မရှိသည်ကို နားလည်သည်။ ထို့ကြောင့် သူက ရှိရှိသမျှသော ဓားစွမ်းအားများကို ဓားတွင်စုစည်းကာ ရောက်ရှိလာကော ကြယ်တာရာ နှင်တံအား တိုက်ရိုက် ခုခံသည်။
ဧရာမနှင်တံက ဓားမုန်တိုင်းကို ကျော်ဖြတ်ကာ အရာခပ်သိမ်းကို ဖျက်ဆီးမည့်ဟန်ဖြင့် ကျဆင်းလာသည်။ ဘန်းခနဲ မြည်သံနှင့်အတူ စုချွဲကား အဝေးကို လွင့်စဉ်သွားကာ ပါးစပ်မှ သွေးများ တဝေါ့ဝေါ့ ထိုးအန်သည်။ သို့သော် နောက်မှ လိုက်ပါလာသည်ကား ပိုမိုအားကောင်းသော နှင်တံပုံရိပ်ကြီး တစ်ခုပင်…။ ထိုအခိုက်တွင် ကောင်းကင်ကပါ ပြိုဆင်းလာသည်ဟု ထင်မှတ်ရပြီး စုချွဲ၏မျက်နှာက ပြာနှမ်းသွားကာ အော်ဟစ်သည်… “ကျုပ် အရှုံးပေးတယ်…”
နှင်တံက ရပ်တန့်သွားသည်။ ပတ်ဝန်းကျင်ရှိ မှော်စွမ်းအင်များ အားလုံး ပျက်ပြယ်သွားပြီး ကောင်းကင်က ကြည်လင်သွား၏။ စုချွဲက မြေပြင်ပေါ်သို့ ဒူးတစ်ဖက် ထောက်ကျကာ ခေါင်းမော့၍ ရီဖူရှင်းကို ကြည့်သည်။
သည်မတိုင်မီက ရီဖူရှင်းပြောသော စကားကို စုချွဲက နားလည်လိုက်ပြီ ဖြစ်သည်။ သူ စိန်မခေါ်သင့်သော သူကား ရီဖူရှင်း ဖြစ်သည်။ စုချွဲက မြန်သည်။ သို့သော် ရီဖူရှင်းက ပိုမိုမြန်ဆန်ကာ စုချွဲ၏တည်နေရာကို ထောက်လှမ်းနိုင်စွမ်း ရှိဟန်ရသည်။ စုချွဲ၏ နားလည်ရန် ခက်ခဲသော လှုပ်ရှားဟန်များက တခြားလူများအတွက် အန္တရာယ် များသော်လည်း ရီဖူရှင်း အတွက်ကား သာမန်မျှသာ…။ စုချွဲ၏လှုပ်ရှားမှုတိုင်းကို ရီဖူရှင်းက ကြိုတင် သိရှိနေကာ ပြန်လည် တိုက်ခိုက်နိုင်သည်။
“စုချွဲ ရှုံးနိမ့်သွားတယ်…” မရေမတွက်နိုင်သော လူများက ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ တိုက်ပွဲကား မြန်ဆန်လွန်းကာ ရီဖူရှင်းက သိပ်အားထုတ်ခဲ့ရပုံ မပေါ်ပေ။
မျက်လုံးများက ရီဖူရှင်းထံကို ရောက်လာကြသည်။ သည်တိုက်ပွဲ အပြီးတွင် သူက ထိပ်ဆုံး သုံးနေရာသို့ ရောက်သွားသည်။ ယခု ရီဖူရှင်းအပြင် နောက်ထပ် နှစ်ယောက်မျှသာ ကျန်ရစ်တော့ကာ ထိုနှစ်ယောက်မှာလည်း ကွင်းထဲ၌ အားအကောင်းဆုံး လူနှစ်ယောက် ဖြစ်နိုင်ပေသည်။
***