ထင်မှတ် ထားသည့်အတိုင်း ဟောင်ကျူဂီ၊ ပိုင်စီနှင့် စုချွဲတို့က နောက်ဆုံး ခြောက်ယောက်ထဲ ပါဝင်သည်။ သူတို့ကား မူလကတည်းက စွမ်းအားအမြင်ဆုံး သုံးယောက် ဖြစ်ပေသည်။ သူတို့အပြင် ရီဖူရှင်း၊ ယူချင်းနှင့် ဟောင်တို့ကလည်း ကွင်းထဲ၌ ကျန်ပေသေးသည်။ ထို့ကြောင့် နောက်ထပ် ထွက်သွားရမည့်သူက ရီဖူရှင်း၊ ယူချင်းနှင့် ဟောင်တို့ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
နောက်ဆုံး တိုက်ပွဲကား ဟောင်ကျူဂီနှင့် ပိုင်စီတို့ နှစ်ယောက် အတွက် ဖြစ်လာ နိုင်ပေသည်။
မည်သူ တစ်ဦး တစ်ယောက်ကမှ ကွင်းထဲကို ဝင်လာရန် အရိပ်အယောင် မပြသည်တွင် ယူချင်းက ရှေ့ကို ထွက်လာသည်။ သူက နောက်ထပ် လေးယောက်ကို ကြည့်ကာ သူ၏မျက်လုံးက ဟောင်ထံကို ရောက်သွားသည်။
ဟောင်က ယူချင်း၏ အကြည့်ကို နားလည်ကာ ရှေ့ကို ထွက်လာသည်။ သူ၏ ခြေလှမ်းတိုင်းက တစ်ဖက်လူအား အရိုးကွဲမတတ် အေးစိမ့်မှုကို ပေးသည်။ သူ့တွင် ဖိနပ်မပါရာ သူက ကွင်းထဲကို ခြေဗလာဖြင့် လျှောက်လာသည်ဟု ဆိုရမည်။ သူ၏ ခြေလှမ်းများက ပေါ့ပါးကာ သူ၏ ရှည်လျား မည်းနက်သော ဆံပင်များက လေထဲလွင့်နေပြီး ထိုအရာများ အားလုံးက အေးစိမ့်မှုကို ပေးသည်။ ကွင်းထဲကို လေပြည်ကလေးများ သွေးလာပြီး ကောင်းကင်တွင် နှင်းဖွေးများ ကျဆင်းလာသည်။ မကြာခင် တိုက်ပွဲကွင်းပြင်က အေးစက်ကာ ခြောက်သွေ့သော အပျက်အစီး နယ်မြေ ဖြစ်သွားပြီး မြေရိုင်းဒေသ တောင်ပိုင်းနယ်မြေမှ အလွန်အမင်း ပျက်စီးခြင်း၊ အေးစိမ့်ခြင်း၊ ကျော်ချမ်းခြင်း တို့ကို ခံစားရစေသည်။
“ယူချင်း… ဒီတစ်ယောက်ကို သတိထား…” ရီဖူရှင်းက သတိပေးသည်။ ဟောင်က ထူးခြား ထက်မြက်သောသူ တစ်ယောက် ဖြစ်သည်ကို သူက ခံစားသိရှိသည်။
ယူချင်းက မိစ္ဆာ အငွေ့အသက်များ ထုတ်လွှတ်ကာ ရပ်နေသည်။ နက်ရွှေရောင် ချပ်ဝတ်က သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွား၏။ သူ၏အနီးမှ သဘာဝ စွမ်းအင်များက လှုပ်ရှား စီးဆင်းသွားကာ သူ၏ ခန္ဓာကိုယ်တွင် လာရောက် စုစည်းပြီး မိစ္ဆာအရှိန်အဝါကို ပိုမိုအားကောင်း စေသည်။ အပျက်အစီး နှင်းမြေပြင်တွင် နတ်ဆိုးတစ်ပါးက မားမားမတ်မတ်ဖြင့် ဝင့်ကြွားစွာ ရပ်နေသည်ဟန် ရသည်။
ဟောင်၏လက်ထဲတွင် ကြီးမား အေးစက်သော နှစ်ဖက်သွား ဓားတစ်လက် ဖြစ်ပေါ်လာသည်။ ဓားသွားက အေးစိမ့်သော အငွေ့အသက် အရောင်အဝါများ ထနေ၏။ ဟောင်က ဓားကို မြှောက်လိုက်သည်နှင့် ထောင်ပေါင်း များစွာသော ဓားအသိများ ဓားတွင် လာရောက် စုစည်းကြကာ မုန်တိုင်းအလား ယူချင်းထံသို့ တိုးဝင် သွားကြသည်။ သို့သော်လည်း ယူချင်း၏မိစ္ဆာ ချပ်ဝတ်နှင့် ရုပ်ခန္ဓာ တည်ဆောင်ပုံတို့က အကြမ်းပတမ်း ခံနိုင်လွန်းရကား နှစ်ဖက်သွား ဓားအသိ မုန်တိုင်းက ယူချင်းကို မည်သို့မှ ထိခိုက်နိုင်စွမ်း ရှိဟန်မရပေ။
ဟောင်ကလည်း ထိုအချက်ကို သိသည်။ သူက လေထဲကို ခုန်တက်ကာ သူ၏ဓားအား လက်နှစ်ဖက်ဖြင့် ကိုင်၍ တစ်ဖက်လူထံ ဆင်းသက် လာသည်။ အလွန်အမင်း အေးစက်သော ဓားအသိတစ်ခုက ဓားမရောက်မီကပင် ယူချင်းထံ တိုးကပ်လာသည်။ သူ၏သွေးများ စီးဆင်းနေခြင်းမှ ရပ်တန့်သွားသည်ဟု ရီဖူရှင်းက ခံစားရသည်။ သူ၏ခန္ဓာကိုယ်ကို ရိုက်ခတ်လာသော အအေးလှိုင်းက အေးလွန်းရကား သူက နောက်မှ လိုက်ပါလာသော ဓားချက်ကို ခုခံနိုင်စွမ်းပင် မရှိတော့သလို ခံစားရသည်။
ဘုန်း… အေးစက်သော လေက ဘေးကို ပြန့်ကားသွားကာ ယူချင်း၏လက်တွင် မိစ္ဆာပုဆိန်ရှည်ကို မြင်ရသည်။ သူ့ထံ တိုးဝင်လာသော ဓားချက်ကို ယူချင်က ရှေ့ခြေတစ်လှမ်း တိုးလျက် ပုဆိန်ရှည်ဖြင့် ဝှေ့ယမ်းကာကွယ်သည်။ လက်နက်နှစ်ခု ရင်ဆိုင်မိသည်တွင် ဟောင်က ကောင်းကင်ထက်ကို တစ်ဖန် ပြန်တက်သွားသည်။
လေထဲကို ပြန်လည် ရောက်ရှိသွားသော ဟောင်က နောက်ထပ် ဓားချက် တစ်ချက်ကို ထုတ်ကာ ကျဆင်း လာပြန်သည်။ ပိုမို အားကောင်းသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ ယူချင်း၏ ခန္ဓာကိုယ်အား အေးခဲစေ၏။ သူ ဆုပ်ကိုင်ထားသော ဓားကလည်း အရိုးကွဲမတတ် အေးစက်မှုကို ပေးသည်။ သူက နောက်ထပ် ဓားချက်ကို ကိုင်စွဲ၍ ဆင်းသက်လာသည်တွင် ပထမဓားချက်ထက် ပိုမို အားကောင်းသည်ကို ယူချင်းက ခံစားရသည်။
မာန်ဖီသံ တစ်ချက်နှင့်အတူ နတ်ဆိုးမိစ္ဆာ ပုံရိပ်တစ်ခု ယူချင်း၏ ခန္ဓာကိုယ်နောက်တွင် ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာအသိက ဟောင်၏ ခန္ဓာကိုယ်ကို စီးဝင်သွားသည်။ သို့သော်လည်း ထိုမိစ္ဆာအသိက ဟောင်ကို မည်သို့မှ တားဆီးနိုင်စွမ်း ရှိပုံမရပေ။ ရေခဲမုန်တိုင်းအား အတူတူ ဆင့်ခေါ်လာသော ဓားချက်က အတားအဆီး ကင်းစွာဖြင့် ယူချင်းထံကို ဆက်လက် ဆင်းသက်လာသည်။
ယူချင်း၏ ခန္ဓာကိုယ်က သဘာဝ စွမ်းအင်များကို အရူးအမူး စုပ်ယူနေဆဲ ဖြစ်ကာ သူ၏အနီး၌ နက်ရွှေရောင်မုန်တိုင်း တစ်ခုကိုပင် ဖြစ်ပေါ်စေသည်။ မုန်တိုင်းက အလွန်ကြီးမားသော နတ်ဆိုးပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ အရွယ်အစားကလည်း ပိုမိုကြီးမား လာနေသည်။ ယူချင်းက လက်ဝါးဖြင့် ရိုက်လျှင် သူ့နောက်မှ ပုံရိပ်ကလည်း လိုက်ရိုက်သည်။ ထိုကြမ်းတမ်းသော တိုက်ခိုက်မှုကြောင့် လေထုက တုန်ခါသည်။
ဝှီးခနဲ မြည်ကာ ဓားက သူ၏ပစ်မှတ်ထံကို ရောက်လာသည်။ နတ်ဆိုး၏ လက်ဝါးက ဓားချက်ကြောင့် ပွင့်ထွက်သွားသလို ကျစ်လျစ်သော ပုံစံဖြစ်လာလုနီးပါး နတ်ဆိုးပုံရိပ်ကလည်း ပြိုပျက်ရသည်။ တစ်ဖက်တွင် ဓားကလည်း ကျိုးပျက်သွား၏။
ပိုမို အားကောင်းသော မုန်တိုင်းတစ်ခု ယူချင်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်လာသည်။ ဟောင်မူကား မုန်တိုင်းထဲတွင် လမ်းလျှောက် နေသည့်အလား ထင်မှတ်ရ၏။ နောက်ထပ် ဓားတစ်လက် သူ၏လက်တွင် ပေါ်လာကာ ဓားက မူလကထက် ပိုမို အေးစိမ့်ဟန်ရသည်။
ယူချင်းကား သွေးစီးဆင်းမှုများ ရပ်တန့်တော့မည့် ခံစားချက်နှင့်အတူ မူလနေရာတွင်ပင် ရပ်နေသည်။ သူက အဆုံးမဲ့သော ရေခဲမုန်တိုင်းအား ခံစားနေရဟန် ရှိသည်။ သူ စုပ်ယူခဲ့သော သဘာဝ စွမ်းအင်များက သူ၏ခန္ဓာကိုယ်တွင် မိစ္ဆာမီးတောက်များ အဖြစ် ပြောင်းလဲသွားကာ ခန္ဓာကိုယ်မှ အအေးဓာတ်များကို ဖယ်ရှားနေသည်။ ယူချင်း၏အနီးမှ ရေခဲနှင့်နှင်းဖွဲတို့က မြန်ဆန်စွာပင် ပျော်ဆင်းနေသည်။ သူက မုန်တိုင်းထဲမှ သူ့ထံ တိုးဝင်လာသော ဓားအား အချိန်မီ ပြန်လည် ခုခံနိုင်သည်။
မိစ္ဆာ မီးတောက်များက ဆက်လက်၍ လောင်ကျွမ်းခြင်းဖြင့် သူ့အနီးမှ ရေခဲမုန်တိုင်းကို ဖျက်ဆီးနေသည်။ ထိုစဉ်မှာပင် ဓားချက်က ရေခဲမုန်တိုင်းကို ဖြတ်သန်းလျက် သူ့ထံ ရောက်ရှိလာသည်။
ဘုန်း…
နတ်ဆိုးပုံရိပ်က တစ်ဖန် ယူချင်း၏ နောက်တွင် ဖွဲ့စည်း ဖြစ်ပေါ်လာကာ အနက်ရောင် စီးကြောင်းများက လေထုထဲ ကြမ်းတမ်းစွာ လှည့်ပတ်ကြသည်။ ကြောက်မက်ဖွယ် မုန်တိုင်းများ ဖြစ်ပေါ်သည်။ မိစ္ဆာစွမ်းအင်၏ ကောင်းကင် ပြောင်းလဲခြင်း စွမ်းရည်က ထွက်ပေါ် လာကာ ယူချင်းက အစစ်အမှန် နတ်ဆိုးတစ်ပါး ဖြစ်သွားသည်။
ဒုန်း…
ကျယ်လောင်သော မြည်ဟည်းသံ တစ်ချက် ထွက်လာသည်။ ယူချင်းက ရှောင်တိမ်းလိုဟန် မရဘဲ ရှေ့ကို တက်လာသည်။ သူက လက်ဝါးရိုက်ချက် ထုတ်လိုက်သည်တွင် မဆုံးနိုင်သော မိစ္ဆာစွမ်းအင်တို့က အရာခပ်သိမ်းကို ပျက်သုဉ်းစေသည်။
ဘုန်း…
ကြောက်မက်ဖွယ် လေပွေမုန်တိုင်းက ယူချင်းရှေ့တွင် ဖြစ်ပေါ်သွားသည်။ ဓားချက်က ရောက်မလာသလို ဟောင်ကိုလည်း မတွေ့ရပေ။ သူကား အဝေးကို နောက်ဆုတ်သွားပြီး ရေခဲမုန်တိုင်းထဲတွင် ရပ်နေသည်။ ယူချင်း၏လက်ဝါးက သူ၏ရှေ့မှ မုန်တိုင်းကို ပြိုလဲစေကာ ပျက်စီးပျောက်ကွယ်သွားစေသည်။
“သူ့ဓားကို ပြန်သိမ်းသွားတယ်…” ပရိသတ်များက ဟောင်ကို ကြည့်ကြသည်။ အကယ်၍ ဟောင်ကသာ ယူချင်းနှင့်မဟုတ်ဘဲ တခြားလူများနှင့် တိုက်ခိုက်ရပါက သူ၏ဓားကား လုံလောက်သည်ထက် ပိုပေသည်။ သူ၏ ရေခဲစွမ်းအင်က ပြိုင်ဘက်ကို နှေးကွေးစေကာ မြန်ဆန်သော ဓားချက်က ပြိုင်ဘက်အား အဆုံးသတ်ခြင်းကား သူ၏နည်းစနစ် ဖြစ်သည်။ သို့သော် ယူချင်းအား တိုက်ခိုက်သော ဓားချက်အား သူက ပြန်လည် ရုပ်သိမ်းခဲ့သည်။
ကွင်းထဲတွင် ရေခဲမုန်တိုင်းက ပြင်းထန်စွာ တိုက်ခတ်နေဆဲ ဖြစ်သည်။ ဟောင်က ယူချင်းကို ကြည့်ကာ ကွင်းထဲမှ ထွက်သွားသည်… “ငါက မင်းနဲ့ တိုက်ဖို့အတွက် ငါ့အသက်ကို အလောင်းအစား မလုပ်နိုင်ဘူး…” အကယ်၍ ဟောင်ကသာ သူ၏ဓားကို ဆက်လက် ထိုးသွင်းခဲ့ပါက နှစ်ယောက်လုံးက ပြင်းထန်သော ဒဏ်ရာကို ရရှိမည်ဖြစ်ကာ သေမည် ရှင်မည်ကိုပင် မပြောနိုင်ပေ။ ဟောင်ကား တောင်ပိုင်း နယ်မြေ၏ ရူးမိုက်သည့်သူ တစ်ယောက်ဟု လူသိများသော်လည်း ယခု သူ့ထက် ရူးမိုက်သူကို တွေ့မြင်နေရသည်။
ဟောင်က ကွင်းထဲမှ ထွက်သွားသည်။ သူက တော်ဝင်ကျဲ နန်းတော်ကို သူ၏ စွမ်းရည်များအား ပိုမိုတိုးတက်စေရန် လာရောက်ခြင်း ဖြစ်သည်။ သူက လုံလုံလောက်လောက် ကြိုးစားထားပြီး ဖြစ်သည်။ အနိုင်အရှုံးက သူ့အတွက် သိပ်အရေးမပါပေ။ သူက တိုက်ပွဲများစွာကို ရှုံးနိမ့်ခဲ့ဖူးသည်။ သူအနိုင်ယူနိုင်သည့် တိုက်ပွဲများတွင်လည်း တစ်ဖက်လူက နောက်ထပ် ပုံပြင်ပြောနိုင်စွမ်း မရှိတော့ပေ။ သူက သေခြင်းနှင့် ရှင်ခြင်းကို အလွန်တရာ အလေးထားပေသည်။ သူငယ်စဉ်က သူ့အား နှင်းတောထဲတွင် စွန့်ပစ်ခံခဲ့ရကာ သေလုနီးပါး ဖြစ်ခဲ့သည်။ သူက ရူးမိုက်သော်လည်း အသက်ကိုမူ တခြားလူများထက် တန်ဖိုးထားသည်။
ယူချင်းက ကွင်းလယ်မှ ထွက်သွားခြင်း မရှိပေ။ သူက နောက်ထပ် သုံးယောက်ကို ကြည့်သည်။ ရီဖူရှင်းကို လျစ်လျူရှုလိုက်ပါက ပိုင်စီ၊ ဟောင်ကျူဂီနှင့် စုချွဲတို့သာ ကျန်မည်။
“ဒီကောင်လေး…” လူအများအပြားက ယူချင်းကို ကြည့်ကြသည်။
ကွင်းလယ်ကို လူတစ်ယောက် ဝင်လာသည်။ သူ၏အမူအရာက တည်ငြိမ်နေသော သူ၏မျက်လုံးများထဲ၌ အနည်းငယ်သော မောက်မာမှု အငွေ့အသက်များကို မြင်ရ၏။ သို့သော် သူက ကွင်းထဲကို ဝင်လိုက်သည်နှင့် ယူချင်းက မှေးမှိန်သွားသလို ထင်မှတ်ရသည်။
ထင်းရွယ်အိမ်တော်မှ စုချွဲဖြစ်သည်။
ယူချင်းက ရီဖူရှင်းကို စိန်ခေါ်မည် မဟုတ်သည်မှာ သေချာသည်။ ဟောင်ကျူဂီနှင့် ပိုင်စီတို့က သူတို့ကိုယ်တိုင် တိုက်ခိုက်ရန် အချိန်အခါ မဟုတ်သေးဟု ယူဆထားကြရာ ယူချင်းက စိန်ခေါ်မှ ရတော့မည် ဖြစ်သည်။ ယူချင်းကား အလွန် အားကောင်းသည့်တိုင် စုချွဲရှေ့တွင် မည်သည့် အခွင့်အရေးမှ မရှိပေ။ စုချွဲကိုယ်တိုင်ကလည်း ထိုအချက်ကို လုံးဝ သံသယမဝင်ပေ။
“သားရဲသတ္တဝါ တစ်ကောင်က လူသားပုံစံနဲ့ တွေ့မြင်ရတာ ဒါပထမဆုံးပဲ… သားရဲ ဘုရင်တွေတောင်မှ မင်းလို အားကောင်းမှာ မဟုတ်ဘူး… ဒါပေမဲ့ ငါ့စွမ်းရည်တွေက မင်းကို ပြန်ထောက်နိုင်တယ်… ဒါကြောင့် မင်းက ကိုယ့်ဘာသာပဲ ကွင်းထဲက ထွက်သွားဖို့ ပြောချင်တယ်… အဆင့်ငါးက မင်းအတွက် လုံလောက်တယ်…”
စုချွဲက မောက်မာသော စကားကို ပြောဆိုသည်ဟု မည်သူကမှ မတွေးပေ။ ယူချင်း၏ စွမ်းရည်ကို အားလုံးက အသိအမှတ်ပြုပြီး ဖြစ်သည်။ သို့သော် စုချွဲကား ယူချင်း၏ စွမ်းရည်ကို ပြန်ထောက်နိုင်စွမ်း ရှိသောသူဖြစ်ရာ ယူချင်း စိန်မခေါ်သင့်ဆုံးသော လူကလည်း စုချွဲဖြစ်သည်။
သဘာဝအားဖြင့် စွမ်းရည်တစ်ခုကို အထူးပြု လေ့ကျင့်သူတိုင်းတွင် ပျော့ကွက် ရှိကြသည်သာ…။ ဥပမာအားဖြင့် ရီဖူရှင်းက စွမ်းရည်များစွာကို ပိုင်ဆိုင်ထားကာ သူက ပြိုင်ဘက်တိုင်း၏ပျော့ကွက်များကို ပြန်ထောက်နိုင်သူဖြစ်သည်။
ယူချင်းက ဘာမှ မပြောပေ။ သူ၏ခန္ဓာကိုယ်တွင် စုစည်းနေသော စွမ်းအားများက အကောင်းဆုံး တုံ့ပြန်မှုဖြစ်သည်။ စုချွဲက ပြုံးလိုက်သည်။ သူက တိုက်ခိုက်ရန် မလိုအပ်ဟု ယူဆသော်လည်း တစ်ဖက်လူက သူ့စကားကို နားဝင်ဟန် မရပေ။
ဓားအသိများ သူ့ခန္ဓာကိုယ်ကို စီးဆင်းသွားသည်။ သူ၏ခန္ဓာကိုယ်က မြန်ဆန်စွာ လှုပ်ရှားသွားကာ အလင်းတန်းတစ်ခု အသွင်ဖြင့် ယူချင်း၏ရှေ့ကို ရောက်လာသည်။
ဘုန်း… ယူချင်းက မြေပြင်ကို ဆောင့်နင်းက လက်ဝါးရိုက်ချက် ထုတ်လိုက်သည်။ သူ၏တိုက်ခိုက်မှုက စုချွဲ၏ခန္ဓာကိုယ်အား ပြိုပျက် သွားစေသော်လည်း ထိုအရာက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်ကို တွေ့လိုက်ရသည်။ သတ်ဖြတ်လိုသော အသိတစ်ခုက ယူချင်း၏ဘေးမှ ဖျတ်ခနဲ လင်းလက်သွားကာ လေထဲတွင် လှပသော မျဉ်းကွေးတစ်ခု ဖြစ်သွားသည်။ ဓားချက်က ယူချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာကာ သူ၏ခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်က အပိုင်းပိုင်းအစစ ဖြစ်သွားသည်။ သူတို့ နှစ်ယောက်လုံးက ကျောချင်းပေးရက် အနေအထား ဖြစ်သွားသည်။
“တိုက်ခိုက်နေတယ်လို မင်း ခံစားနေရတုန်းလား…” စုချွဲက မေးသည်။
ရီဖူရှင်း မျက်မှောင်ကြုတ် လိုက်သည်။ စုချွဲ၏ အလွန်အမင်း မြန်ဆန်မှု၊ သတ်ဖြတ်ခြင်း ဓားချက်တို့က ယူချင်း၏ ပျော့ကွက်ကို ထောက်နိုင်သည်။ ယူချင်း၏ တိုက်ခိုက်ရေး စွမ်းအားက အလွန်အမင်း အားကောင်းသော်လည်း သူက စုချွဲကို လုံးဝ ဖမ်းမမိနိုင်ပေ။
ပိုမို ကြမ်းတမ်း ပြင်းထန်သော မိစ္ဆာစွမ်းအင်များ ထွက်ပေါ်လာကာ လောက သဘာဝ စွမ်းအင်များက မိစ္ဆာစွမ်းအင်များ အဖြစ် ပြောင်းလဲ ဖြစ်ပေါ်လာနေသည်။ နတ်ဆိုးပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ သူ၏ရုပ်ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ ထိုအခိုက်တွင်ပင် ယူချင်းက နတ်ဆိုးတစ်ပါး ဖြစ်သွားသည်။
“မင်းက ဘယ်တော့မှ မသိတတ်ဘူး…” စုချွဲက ပြောကာ သူ၏ခန္ဓာကိုယ်က အလင်းတန်းအဖြစ် ပြောင်းလဲ သွားပြန်သည်။ ယူချင်းက ရှောင်တိမ်းလိုဟန် မရပေ။ သူက နောက်လှည့်ကာ တစ်ဖက်လူ၏ ဓားကို စောင့်နေသည်။
“ဒီရူးနေတဲ့ ခွေးကောင်…” ပရိသတ်များက မှင်တက်နေကြသည်။ စုချွဲကား လှုပ်ရှားမှု မြန်ဆန်လွန်းကာ ဖျက်ဆီးခြင်း ဓားဟု နာမည်ကြီးသည်။
“မင်းက သေချင်နေတဲ့ပုံပဲ…” စုချွဲ၏မျက်နှာက အေးစက်သွားသည်။ သူက ဓားအား ရှေ့ဆက်တိုးလျက် ယူချင်း၏ ချပ်ဝတ်အား ဖောက်ထွင်းလျက် နှလုံးကို ခြွေရန် ထိုးသွင်းလိုက်သည်။
ယူချင်းက လက်ဆန့်တန်းကာ ဓားအား ဖမ်းဆွဲလိုက်သည်။ ဓားက သူ၏လက်ဖဝါးကို သွေးခြင်းခြင်း နီစေသော်လည်း စုချွဲကလည်း အန္တရာယ်ကို တစ်မုဟုတ်ချင်း ခံစားလိုက်ရသည်။ ဧရာမ လက်ဝါးပုံရိပ်က စုချွဲ၏ခေါင်းထံသို့ တိုက်ရိုက် ရောက်ရှိလာသည်။ စုချွဲက မြန်ဆန်စွာပင် နောက်ဆုတ်သည်တွင် သူ့အနီး၌ တဝုန်းဝုန်း မြည်သံများ ကြားလိုက်ရသည်။ ကောင်းကင်မှ နတ်ဆိုး ပုဆိန်ရှည်များ တစ်လက်ပြီး တစ်လက် ကျဆင်းလာကာ သူ၏ပြေးလမ်းများကို ဖြတ်တောက် ကြသည်။ စုချွဲက မာန်သွင်းလျက် သူ၏ဓားကို မြန်ဆန်စွာ ဝှေ့ယမ်းသည်။ လေထဲတွင် ပုဆိန်ရှည်များ အားလုံး အပိုင်းအပိုင်းအစစ ဖြစ်ရသည်။ စုချွဲက ဓားတစ်လက် ဖြစ်သွားသည့်အလား ပြေးထွက် သွားသည်။
ဘုန်း… သူ မသိလိုက်မီတွင်ပင် နောက်ထပ် လက်ဝါးတစ်ခု ရောက်လာကာ သူ၏နောက်ကျောအား ပြင်းထန်စွာ ထိရိုက်သည်။ အန္တရာယ်၏ အငွေ့အသက်ကို ခံစားမိသည်တွင် စုချွဲက ရှိရှိသမျှသော စွမ်းအင်များအား နောက်ကျောကို ပို့ပြီး ကာကွယ်သည်။ သို့တိုင်အောင် ကလီစာများ ဗြောင်းဆန်သွားသလို ခံစားရကာ စုချွဲ အဝေးကို လွင့်စဉ်သွား၏။
တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ပုဆိန်ရှည်များ သူရှိနေရာသို့ ပျံသန်းရောက်ရှိ လာကြသည်။ သူက လဲလျောင်းနေရာမှ လူးလဲထကာ ပြန်ဆန်စွာပင် နောက်ဆုတ်သည်။
“ဒီ အရူးကောင်…” စုချွဲက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားကာ နောက်တစ်နေရာတွင် ပေါ်လာသည်။ သူက ဟန်ချက်ကို ထိန်းကာ ယူချင်းအား ဒေါသတကြီး ကြည့်သည်။ ယူချင်း၏လက်မှ သွေးများ စီးကျနေဆဲ ဖြစ်သည်။ သို့သော် သူ၏ မျက်လုံးများထဲတွင် အနည်းငယ်သော စိတ်ပျက်မှုများအား တွေ့ဆုံရသည်။ သူ မအောင်မြင်ခဲ့ပေ။ ဤသို့သော အခွင့်အရေးမျိုးက နောက်တစ်ကြိမ် မရတော့ပေ။
“ဓား…” စုချွဲက ဒေါသတကြီး အော်လိုက်သည်။ ပြင်းထန် အားကောင်းသော လူသတ် မုန်တိုင်းဓားက သူ့အနီးကို ရစ်ပတ်လာကာ အဆုံးအစမဲ့သော ဓားပုံရိပ်များ ဖြစ်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် တစ်လက်တည်းသော ဓားဖြစ်သွားသည်။
ထိုအခိုက်တွင် စုချွဲ၏ခန္ဓာကိုယ်က သူရပ်နေရာမှ ပျောက်ကွယ် သွားသည်။ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ခြင်း မုန်တိုင်းက ယူချင်း၏ခန္ဓာကိုယ်ကို ရစ်ပတ်လာသည်။ ထိုအထဲတွင် မရေမတွက်နိုင်သော ဓားများကို တွေ့မြင်နိုင်သည်။ တစ်ဖက်ကလည်း ယူချင်းက ပြင်းထန်စွာ ပြန်လည် တိုက်ခိုက်သည်။ သို့သော်လည်း စုချွဲက ယူချင်း၏ တိုက်ခိုက်မှုများကို တည့်တိုး ရင်ဆိုင်ခြင်း မရှိပေ။ ဓားအရောင်အဝါက ယူချင်းကို ရစ်ပတ်သွားကာ သူ့အား ဗဟိုပြုလျက် မရေမတွက်နိုင်သော ဓားများက ပတ်ပတ်လည်မှ ဝိုင်းဝန်း တိုက်ခိုက်ကြသည်။ ထိုဓားများထဲတွင် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော ဓားတစ်လက်လည်း ပါဝင်နေပေသည်။
“ယူချင်း… တော်ပြီ…” ရီဖူရှင်းက အော်လိုက်သည်… “သူ အရှုံးပေးတယ်…”
စုချွဲ၏ပုံရိပ်က လေထဲ တစ်နေရာတွင် ပေါ်လာသည်။ မဆုံးနိုင်သော သတ်ဖြတ်ခြင်း မုန်တိုင်းက ပျောက်ကွယ်သွားကာ ယူချင်းကို တစ်ဖန် မြင်ကြရသည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်ကား ပျက်စီးနေသည့်တိုင် သူ၏မျက်လုံးများက အေးစိမ့်သော အငွေ့အသက်များ ထွက်နေဆဲဖြစ်သည်။ သူက ရီဖူရှင်းကို မလိုလားစွာ ကြည့်သည်။
“ပြန်လာတော့…” ရီဖူရှင်းက ပြောသည်။ ထိုအခါမှ ယူချင်းက ခေါင်းညိတ်ကာ ထွက်သွားသည်။
စုချွဲက ယူချင်း၏ နောက်ကျောကို ကြည့်သည်။ အကယ်၍ သူ၏ စွမ်းရည်များကသာ ယူချင်း၏ပျော့ကွက်ကို မထောက်နိုင်ခဲ့ပါက ဘယ်သူက အနိုင်ရမည်ကို ပြောရန် ခက်ပေသည်။ သူက အနားယူရန် အရေးတကြီး လိုနေရာ သူ၏နေရာကို ပြန်သွားကာ ထိုင်လိုက်သည်။
ယူချင်းမူကား သူ့အတွက် ဘာမှ ဖြစ်ပျက်ခဲ့ခြင်း မရှိသလိုပင် ပြန်သွားသည်။ ရီဖူရှင်း၏ အနီးကို ရောက်လျှင် သူက ပြောသည်… “အခု မင်းပဲ ကျန်တော့တယ်…” ယူချင်းက ရီဖူရှင်း အတွက် လမ်းရှင်းပေးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
“ဒါ အရေးမကြီးဘူး… အနားယူတော့…” ရီဖူရှင်းက ပြောသည်။
“ကောင်းပြီ…” ယူချင်းက ခေါင်းညိတ်သည်။ လူအများအပြားက ယူချင်းကို ကြည့်ကြသည်။ ယူချင်းက ရှုံးနိမ့်ခဲ့သည် မှန်သော်လည်း သူ့ကို အားနည်းသည်ဟု မည်သူမှ မပြောနိုင်ပေ။ အကယ်၍ စုချွဲ၏စွမ်းရည်များက ယူချင်း၏ပျော့ကွက်ကို မထောက်နိုင်ခဲ့ပါက ရှုံးနိမ့်သွားရမည့်လူက စုချွဲ ဖြစ်နိုင်ပေသည်။ ထို့အပြင် ယူချင်းကား နဝမအတန်းအစား နိုဘယ်မျှသာ ရှိသေးသည်။
နောက်ဆုံး ကွင်းထဲတွင် လေးယောက်သာ ကျန်တော့သည်။ သူတို့မှာ ဟောင်ကျူဂီ၊ ပိုင်စီ၊ စုချွဲနှင့် ရီဖူရှင်းတို့ ဖြစ်ကြသည်။ ပထမ သုံးယောက်ကား အလွန်အမင်း အားကောင်းရာ ဤအဆင့်အထိ ရောက်လာသည်မှာ သိပ်မထူးဆန်းပေ။ သို့သော် ရီဖူရှင်းက မထင်မှတ်ထားစွာ သည်အဆင့်အထိ ရောက်လာသည်။
***