နေနှင့်လစွမ်းအင်များ ပျောက်ကွယ် သွားသည်။ ကျူးကော့ရှင်းက ရီဖူရှင်းကို ကြည့်သည်။ သူ၏မျက်လုံးများက ကြီးစွာသော အရှက်ရမှုကို မြင်နေရသည်။
သူက တိုက်ပွဲကို ရှုံးနိမ့်ခဲ့သည်။
ရီဖူရှင်းက လေထဲမှပင် ကျူးကော့ရှင်းကို ငုံ့ကြည့်သည်… “မင်း အရှုံးပေးတယ်လား…” သူ၏မျက်နှာတွင် လှောင်ပြုံးတစ်ခုကို တွေ့ရသည်… “ငါထင်တာ မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်း ယုံကြည်ပြီးတော့ နဝမအတန်းအစား နိုဘယ်တစ်ယောက်ကို ဘယ်တော့မှ အရှုံးပေးမယ်လို့ မထင်ထားတာ…”
ကျူးကော့ရှင်းက လက်သီးကို တင်းတင်း ဆုပ်ကိုင်သည်။ သူက အလွန်အမင်း ရှက်ရွံ့ကာ ဒေါသ ထွက်ရသော်လည်း သူကား ရှုံးနိမ့်သူ ဖြစ်သည်။ မရေမတွက်နိုင်သော မျက်လုံးများက သူ့အား စိုက်ကြည့်နေရာ သူ့ဘဝတွင် ဤမျှ အရှက်တကွဲ အဖြစ်မျိုးနှင့် တစ်ခါမှ မကြုံဖူးပေ။
ရီဖူရှင်းကား သူ့ကို လူအများရှေ့တွင် အရှက်ခွဲသည်။
ရီဖူရှင်းက နောက်လှည့်ကာ သူ၏နေရာကို ပြန်သွားပြီးမှ ကျူးကော့ရှင်းကို ပြောသည်… “မင်းရဲ့နာမည်ကို ကျူးကော့ပုရှင်းလို့ ပြောင်းလိုက်တာ ပိုကောင်းတယ်… ဒါက မင်းနဲ့ သင့်တော်တယ်…” (ကျူးကော့ရှင်းဟူသော နာမည်တွင် ရှင်းဟူသော စာလုံးက စွမ်းသောလူဟု ဆိုလိုရာ ပုရှင်းက မစွမ်းသောလူဟု ဆိုလိုသည်။ ထို့ကြောင့် ရီဖူရှင်းက ကျူးကော့ပုရှင်းဟု နာမည်ပြောင် ပေးသည်တွင် သူက ကျူးကော့ မစွမ်းသောလူဟု ဆိုလိုခြင်း ဖြစ်သည်)
ကျူးကော့ရှင်း၏ မျက်နှာက နီရဲသွားသည်။ ရီဖူရှင်း ယခုပေးခဲ့သော နာမည်အား လူများစွာက အမှန်ရကြမည်ဖြစ်ကာ နောင်တွင် သူ့အား ဤနာမည်ဖြင့်ပင် လှောင်ပြောင် ရယ်မော ကြပေရော့မည်။
လူအများအပြားက ကျူးကော့ရှင်းကို ကြည့်ကြသလို ရီဖူရှင်းကိုလည်း ကြည့်ကြသည်။ ယခုထိ ရီဖူရှင်းအား တားဆီးနိုင်သော လူမရှိသေးပေ။
ရီဖူရှင်းက ပြိုင်ဘက် အားကောင်း သည်နှင့်အမျှ သူကလည်း အားကောင်း လာသည်မှာ အမှန်ပင်ဖြစ်သည်။ သူတိုက်ခိုက်သော တိုက်ပွဲတိုင်းတွင် သူက စွမ်းအား အပြည့်အဝ ထုတ်ဖော်ဟန် မရရာ သူ၏တကယ့် စွမ်းရည်ကိုလည်း တိုင်းတာရန် အလွန် ခက်ခဲပေသည်။
“ကျူးကော့ရှင်း… ဘေးမှာ စောင့်နေ…” ကြီးကြပ်သူက ပြောသည်။ မည်သည့် အကြီးအကဲကမှ ကျူးကော့ရှင်းကို မဖိတ်ခေါ်ကြပေ။ ကြည့်ရသည်မှာ လူရွေးချယ် ရာတွင်လည်း စည်းကမ်းများ ပြောင်းလဲထားဟန် ရသည်။
ပိုင်စီက ရီဖူရှင်းကို ကြည့်သည်။ ကြည့်ရသည်မှာ သည်အကောင်ကလည်း ပေါ့သေးသေးတော့ မဟုတ်ပေ။ သို့သော် သူက သိပ်ဂရုမစိုက်ပေ။ လက်ရှိ ကျန်ရစ်သူများထဲတွင် သူ့အား ခြိမ်းခြောက်နိုင်သူ မရှိဟု သူယုံကြည်သည်။
နောက်တစ်ယောက်က ကွင်းလယ်ကို လျှောက်လာသည်။ သူမကား လှပသော မိန်းကလေး တစ်ယောက် ဖြစ်သည်။
ဖီးနစ်က ရှောင်ကျွမ်ရီကို ကြည့်ကာ ပြောသည်… “ကျွန်မ ရှင့်ကို စိန်ခေါ်တယ်…”
ဖီးနစ်က အသက်ဓာတ်ကို လေ့ကျင့်သည်။ ရှောင်ကျွမ်ရီက သေဆုံးခြင်း စွမ်းအားကို လေ့ကျင့်ရာ သူတို့နှစ်ယောက်က ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သည်။ ထို့အတူ သူတို့၏ ဆရာများဖြစ်သော မှော်နက်သခင်နှင့် ထာဝရ အဘိုးအိုတို့ကလည်း မဟာရန်သူများ ဖြစ်ကြသည်ကို တော်ဝင်ကျဲနန်းတော်မှ အကြီးအကဲများက သိကြသည်။ ယခု သူတို့၏ ဆက်ခံသူများက တော်ဝင်ကျဲနန်းတော် လူရွေးချယ်ခြင်း ပြိုင်ပွဲ၌ တွေ့ဆုံနေကြပြီ ဖြစ်သည်။
ရှောင်ကျွမ်ရီက ကွင်းထဲကို ဝင်လာကာ ဖီးနစ်အား ကြည့်သည်။ ထို့နောက် သူက ပလွေကို ထုတ်ကာ ဖြည်းညင်းစွာ မှုတ်သည်။ သူ၏အနီတွင်း အနက်ရောင် အငွေ့တန်းတစ်ခု ဖြစ်ပေါ်လာကာ ဖီးနစ်ထံသို့ တိုးဝင်သွားသည်။ တစ်ဖက်တွင် ဖီးနစ်၏ ခန္ဓာကိုယ်၌ အစိမ်းရောင်များ ရစ်သိုင်းလာသည်။ အစိမ်းရောင် အသက်ဓာတ်ကား မည်သည့် မကောင်းဆိုးဝါး စွမ်းအားကိုမဆို တွန်းလှန်နိုင်စွမ်း ရှိပေသည်။
ပလွေသံစဉ်က စိတ်ဝိညာဉ် တိုက်ခိုက်မှုကို အခြေခံသော်လည်း ဖီးနစ်၏ စိတ်စွမ်းအားက ယခင်ကဲ့သို့ပင် တည်ငြိမ်နေသည်။ သူမ၏စိတ်ထဲတွင် ထာဝရဖီးနစ်က မီးလျှံများ ရစ်သိုင်းလျက် ကာကွယ်ပေးနေသည်။
“အရမ်းလှတာပဲ…” အားလုံး၏အကြည့်က ဖီးနစ်ထံကို ရောက်နေသည်။ သူမက ထိုအခိုက်တွင် မြင့်မြတ်သော ရောင်စဉ်စိမ်းများ ဖြာထွက်နေကာ နတ်မိမယ် တစ်ပါးလို လှပနေသည်။
ရှောင်ကျွမ်ရီ၏ စွမ်းရည်က သေဆုံးခြင်းဖြစ်ကာ များစွာသော သဘာဝများကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။ သို့သော် ဖီးနစ်၏ အသက်ဓာတ်က သေဆုံးခြင်း စွမ်းအားကို ပြန်လည် တုံ့ပြန် တိုက်ခိုက်နိုင်သည်။
ထိုအခိုက်တွင် ကွင်းပြင်က အလွန် ပူပြင်းလာသည်။ မီးလျှံများက ဟိုမှသည် ထွက်ပေါ်လာကြကာ ရှောင်ကျွမ်ရီထံသို့ ရစ်ပတ်လာကြပြီး သူ့အား လောင်ကျွမ်းရန် ကြိုးစားကြသည်။
မီးခိုးရောင် အငွေ့အသက်များက မီးလျှံများကို ရစ်ပတ်ကာ ဖျက်ဆီးရန် ကြိုးစားကြသော်လည်း မီးလျှံများက အနက်ရောင် အငွေ့အသက်များကို ဖြတ်သန်းကာ ရှောင်ကျွမ်ရီထံသို့ ဆက်လက် စီးဆင်းလာကြသည်။
“မငြှိမ်းသတ်နိုင်သော မီးလျှံများ…”
“ဖီးနစ်ရဲ့ သက်စောင့်ဝိညာဉ်က ထာဝရဖီးနစ်ငှက်ပဲ… ဒါက ထာဝရ အဘိုးအိုဆီက ဆက်ခံရရှိတာ ဖြစ်ရမယ်… သူမရဲ့ မီးလျှံတွေကလည်း မသေဆုံးနိုင်တဲ့ မီးလျှံတွေပဲ… ဒီလိုမီးဓာတ် သဘာဝက ထူးခြား ဆန်းကြယ်တယ်…”
လူအများအပြားက အံ့အားသင့် ကြရသည်။ မီးတောက်များက ရှောင်ကျွမ်ရီ၏ ခြေထောက်ကို စတင် လောင်ကျွမ်းနေပြီ ဖြစ်သည်။
သို့သော်လည်း ရှောင်ကျွမ်ရီက သူ၏ပလွေကို တိတ်ဆိတ်စွာ တီးမှုတ်နေဆဲဖြစ်ကာ သူ့နောက်တွင် သေမင်းပုံရိပ်တစ်ခု ဖြစ်ပေါ်လာပြီး သူ၏ကြီးမားသော ပါးစပ်ကြီးကို ဟကာ မီးလျှံများကို အာခံတွင်းသို့ တစ်စတစ်စ စုတ်ယူသွားသည်။ ထို့နောက် ထိုပုံရိပ်မည်းကြီးကပင် ဖီးနစ်ထံသို့ တိုးဝင် သွား၏။
ဖီးနစ်၏ နောက်တွင်လည်း မီးလျှံများ ဖုံးလွှမ်းနေသော ဖီးနစ် မီးငှက်တစ်ကောင် ဖြစ်ပေါ်လာသည်။ အတောင်ပံများကို လှပစွာခတ်လျက် ဖီးနစ်ငှက်က အမည်းရောင် ပုံရိပ်ထံသို့ ပျံသန်းသွားသည်။
သက်စောင့်ဝိညာဉ်နှစ်ခု ပြင်းထန်စွာ ရင်ဆိုင်မိသည်တွင် အမည်းရောင်ပုံရိပ်က ဧရာမ ပါးစပ်ကြီးအား ဟကာ ဖီးနစ်ငှက်ကို ဝါးမျိုသည်။
လူအများအပြားက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် သွားကြသည်။ ရှောင်ကျွမ်ရီ၏ စွမ်းရည်များက ထိုမျှပင် အားကောင်းသလော။
ထိုအခိုက်တွင် အနက်ရောင် အငွေ့အသက်များက ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းနေပြီးဖြစ်ကာ ရှိရှိသမျှအား ဝါးမျိုနေပြီး ဖြစ်သည်။ ဧရာမ ကြီးမားသော ထာဝရမီးငှက်ကား ဝါးမျိုခံရကာ ကြီးမားသော သေမင်းပုံရိပ်ကြီးက ဖီးနစ်ထံသို့ ဆက်လက် တိုးဝင်လာသည်။
“ဒါ…” လူအများအပြားက ထိတ်လန့်ကြရသည်။ ရှောင်ကျွမ်ရီက ဖီးနစ်ကို အမှန်ပင် ဝါးမျိုတော့မည်လော…။
ထိုအခိုက်တွင် ဖီးနစ်အနီးကို ချဉ်းကပ်လာသော သေမင်းပုံရိပ်က တဖြည်းဖြည်း ယိုယွင်းလာကာ အတွင်းမှ မီးလျှံများ စိမ့်ထွက်လာသည်ကို မြင်ရသည်။ သေမင်းပုံရိပ်က မာန်ဖီကာ ရုန်းကန်သည်။ ထိုအခိုက်တွင်ပင် သူ၏ကြီးမားသော အာခံတွင်းမှ ဖီးနစ်မီးငှက် ပြန်လည် ထွက်လာသည်ကို မြင်ကြရပြီး မီးလျှံများက အနက်ရောင် အငွေ့အသက်များကို ပြန်လည် ပယ်ဖျက်သွားသည်။
အနက်ရောင် အငွေ့အသက်များက လုံးဝ ပျက်ပြယ်သွားပြီး ရှောင်ကျွမ်ရီက နောက်ကို ဆုတ်သွားရသည်။ သူ၏ပါးစပ်တွင်း သွေးများ စီးကျနေသည်။
ဖီးနစ်၏မျက်နှာမှာလည်း ပြာနှမ်းနေကာ အခြေအနေဟန်ပုံ မရပေ။
သူတို့ နှစ်ယောက်လုံးက ဒဏ်ရာပြင်းစွာ ရနေပြီးဖြစ်သည်။
“ကျုပ် အရှုံးပေးတယ်…” ရှောင်ကျွမ်ရီ၏အမူအရာက ယခင်ကဲ့သို့ တည်ငြိမ်နေသည်။
“ကျွန်မကလည်း နောက်ထပ် တိုက်ပွဲတွေက နုတ်ထွက်တယ်…” ဖီးနစ်က ပြောသည်။ သူတို့ နှစ်ယောက်လုံးက ကွင်းထဲမှ ထွက်ခွာ သွားကြသည်။
သည်ပွဲတွင်ကား အမှန်တကယ်အားဖြင့် ဘယ်သူကမှ အနိုင်ရဟန် မရှိပေ။ ဤသို့ဖြင့် ကွင်းထဲတွင် လူခုနစ်ယောက်မျှသာ ကျန်တော့သည်။
နောက်တစ်လှည့်တွင် ယန်ကျန်း ဝင်သွားသည်။ သူက ဟောင်ကျူဂီကို ကြည့်သည်။ ယန်ကျန်းက ဟောင်ကျူဂီကို စိန်ခေါ်သည်။ ယန်ကျန်းက တော်ဝင်ကျဲနန်းတော်ကို လာရောက်ခြင်းမှာ နာမည် ကျော်ကြားလို၍ မဟုတ်ဘဲ လူသားပါရမီရှင်တို့နှင့် ယှဉ်ပြိုင်လိုရင်းသာ ဖြစ်သည်။ ထို့ကြောင့် သူက အားအကောင်းဆုံးထဲမှ တစ်ယောက်ဟု ယူဆရသော ဟောင်ကျူဂီကို စိန်ခေါ်သည်။
ဟောင်ကျူဂီကရှေ့ကို တက်လာသည်။ သူ၏အမူအရာကလည်း တည်ငြိမ်နေသည်။ အလွန်ကြီးထွား သန်မာသော ယန်ကျန်းလို လူဝံကြီးနှင့် ရင်ဆိုင်ရသည့်တိုင် သူ့မျက်နှာတွင် အနည်းငယ်မျှသော ဖိအားကိုမှ မမြင်ရပေ။
ယန်ကျန်းက ရှေ့ကို တက်သွားသည်တွင် မြေကြီးက တုန်ခါသွားည်။ ရွှေရောင် ခန္ဓာကိုယ်က မဆုံးနိုင်သော စွမ်းအားများကို သယ်ဆောင် လာဟန်ရသည်။ သူက လက်ဆန့်တန်း သည်တွင် ကြီးမားသော လက်ဝါးပုံရိပ်က ဟောင်ကျူဂီထံကို လွင့်ပျံသွားသည်။
ဟောင်ကျူဂီက ရောက်လာသော တိုက်ခိုက်မှုကို ရှောင်ဖယ်ခြင်း မရှိပေ။ သူက လေထဲကို ခုန်တက်ကာ လက်ဝါးဖြင့် ပြန်ရိုက်သည်။ လင်းလက်သော လက်ဝါးပုံရိပ်က ယန်ကျင်း၏ လက်ဝါးနှင့်တွေ့ကာ လေထဲတွင်ပင် ကြေပျက်သွားရသည်။
ဟောင်ကျူဂီက ယန်ကျန်းနှင့် ဆက်လက် တိုက်ခိုက်သည်တွင် ကောင်းကင်နှင့် မြေပြင်က ပြိုကျတော့မည့်အလား ထင်မှတ်ရသည်။ ဟောင်ကျူဂီ၏ ခန္ဓာကိုယ်မှ စွမ်းအင်များက ပိုမိုအားကောင်း လာသလို ယန်ကျန်းကလည်း ပိုမိုအားကောင်းသော ကောင်းကင် ဖြတ်သန်းခြင်း ရှစ်ဆယ့်တစ်ချက်ဖြင့် တိုက်ခိုက်သည်။ ဟောင်ကျူဂီ၏ စွမ်းအားများက အလွန် အဆင့်အတန်း မြင့်မားကာ ယန်ကျန်းအား အမှန်ပင် ဖိနှိပ်နိုင်သည်။
“သူက တကယ်ပဲ အားကောင်းတယ်…” ရီဖူရှင်းက တွေးမိသည်။ ဟောင်ကျူဂီက ပိုင်စီကဲ့သို့ အလွန်မြင့်မားသော အဆင့်တစ်ခုကို ရမည်ဟု လူအများက ခန့်မှန်းသည်မှာ မထူးဆန်းတော့ပေ။
ပိုင်စီ၏အဖေနှင့် ဟောင်ကျူဂီ၏ အဖေတို့က ကောင်းကင်မြေရိုင်း အဆင့်တွင် အဆင့်လေးနှင့် ငါးနေရာကို ယူထားကြရာ မိသားစုနှစ်ခုက အလွန်အမင်း အားကောင်းသည်ဟု ဆိုနိုင်သည်။
သူ၏ တိုက်ခိုက်မှုများက မအောင်မြင်လေလေ ယန်ကျန်းက ပိုမိုပြင်းထန်စွာ တိုက်ခိုက်လေလေ ဖြစ်သည်။ နောက်ဆုံးတွင် သူက ကောင်းကင်ဘုံ ကိုးဆင့်ရိုက်ချက်ကို သုံး၍ တိုက်ခိုက်သည်တွင် ကောင်းကင်နှင့်မြေကြီးက ပြိုဆင်းတော့မည့်အလား ဖျက်ဆီးအားက ကြီးမားလှသည်။ သို့သော်လည်း ယန်ကျန်းက ထိုပညာရပ်အပေါ်တွင် နားလည်မှု၌ ရီဖူရှင်းလောက် မနက်ရှိုင်းရာ အားပြည့်အင်ပြည့် သုံးစွဲနိုင်ခြင်း မရှိပေ။
သို့တိုင်အောင် ရိုက်ချက်ကား ကြောက်မက်ဖွယ် ကောင်းလွန်းရကား ဟောင်ကျူဂီက သူ၏ သက်စောင့်ဝိညာဉ်ကို ထုတ်ကာ ပြင်းထန်စွာ တိုက်ခိုက်ရသည်။ ယန်ကျန်း အားကောင်းလေလေ ဟောင်ကျူဂီကလည်း အားကောင်းလေလေ ဖြစ်သည်။ နောက်ဆုံး ယန်ကျန်းက နောက်ဆုံး အားပြည့်အင်ပြည့် ထုတ်လိုက်သော ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်က ဟောင်ကျူဂီကို အနိုင်ရရန် မတတ်နိုင်ခဲ့ရကား အားအင်ကုန်ခန်းကာ အရှုံးပေးလိုက် ရတော့သည်။ လူအများအပြားက ကောင်းကင်တွင် ဝင့်ကြွားစွာ ရပ်နေသော လူငယ်ကို ကြည့်ကာ အကယ်၍ သူနှင့် ပိုင်စီတို့ တိုက်ခိုက်ပါက မည်သူက အနိုင်ရမည်ကို သိလိုကြသည်။
နောက်ဆုံးတွင် လူခြောက်ယောက်မျှသာ ကျန်ရစ်တော့ပြီ ဖြစ်သည်။
***