အပိုင်း( ၅၇၂)

ကျူးကော့ရှင်းပြုတ်သွားခြင်း

လူဆယ်ယောက်က ကွင်း၏ ထောင့်စွန်း ဆယ်ခုတွင် ရပ်နေကြသည်။ စည်းကမ်းကား ရှင်းသည်။ တစ်စုံတစ်ယောက်က ကွင်းထဲတွင် ရှိမနေသင့်တော့ဟု ထင်မှတ်ပါက ထိုလူအား စိန်ခေါ်နိုင်သည်။ အားအနည်းဆုံးလူက ပြုတ်မည်ဖြစ်သည်။ ကြိုက်နှစ်သက်သူကို မိမိတို့ စိတ်ကြိုက် စိန်ခေါ်နိုင်သည်။

မည်သူက ဦးဆုံး ထွက်ရမည်နည်း။

ဟောင်ကျူဂီက ကွင်းထဲမှ လူများကို တစ်ချက်ကြည့်ပြီး သူ၏နေရာတွင်ပင် ဝင့်ကြွားစွာ ရပ်နေသည်။

စုချွဲက သူ့လက်နှစ်ဖက်ကို နောက်တွင် ချိတ်ကာ တိတ်ဆိတ် နေသည်။

ပိုင်စီကား လာမည့် တိုက်ပွဲများက သူနှင့်မဆိုင်သလိုပင် မျက်လုံးကို မှိတ်ထားသည်။ နောက်ဆုံးအထိ ဘယ်သူကမှ သူ့အား စိန်ခေါ်မည် မဟုတ်သည်မှာ ထင်ရှားသည်။

ကျူးကော့ရှင်း ကလည်း သူ့နေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေသည်။ ထို့ကြောင့် ကွင်းထဲတွင် ရပ်နေသူများက မိမိကိုယ်ကို ယုံကြည်ချက် လွန်စွာ မြင့်မားသူများ ဖြစ်ကာ ဘယ်သူကမှ တခြားလူများထက် နိမ့်ကျသည်ဟု မထင်မှတ်ကြပေ။

ရီဖူရှင်းက သူတို့အား ကြည့်ကာ ပြုံးသည်။ သူက ရှေ့ကို လှမ်းထွက် လိုက်သည်။

ရီဖူရှင်းက မည်သူ့ကို ရွေးမလဲဟူသော မေးခွန်းကို အားလုံးက တွေးတော နေကြသည်။ သူ၏ မျက်လုံးသွားရာကို ပရိသတ်များက လိုက်ပါ ကြည့်ရှုကြသည်။ ရလဒ်အား သူတို့အားလုံးကို အံ့အားသင့် သွားစေခဲ့သည်။ ရီဖူရှင်းက အေးခဲလမ်းမှ ဟောင် သို့မဟုတ် ဆုတ်ယုတ်ခြင်းလမ်းမှ ဖီးနစ်ကို စိန်ခေါ်မည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။ ယခု သူ့မျက်လုံး ရောက်သွားရာကား ကျူးကော့မိသားစုမှ တစ်ဦးတည်း ကျန်ရစ်သော ကျူးကော့ရှင်း ဖြစ်နေသည်။

ကျူးကော့ရှင်းက ရီဖူရှင်းကို ကြည့်သည်။ သူကား ဦးဆုံး စိန်ခေါ်ခံရသူဖြစ်ရာ သူ့အား လူဆယ်ယောက်ထဲတွင် ကွင်းထဲ၌ ကျန်ရှိရန် မထိုက်တန်ဆုံးလူဟု ရီဖူရှင်းက တွေးထင်သည်။

“မင်းက ဘာကို ကြည့်နေတာလဲ … ထွက်လာခဲ့တော့…” ကျူးကော့ရှင်းက သူ၏အကြည့်ကို သဘောမပေါက်သလို တုံဏှိဘာဝေ ရပ်နေရာ သူကလည်း မတတ်သာဘဲ ပါးစပ်ဖြင့် ထုတ်ပြော ရတော့သည်။

ကျူးကော့ရှင်း၏ မျက်လုံးက အေးစက်သွားသည်။ သူက ကွင်းလယ်ကို ဝင်လာကာ ပြန်ပြောသည်… “မင်းက သတ္တိရှိသားပဲ…”

“သတ္တိ…” ရီဖူရှင်းက နားမလည်ပေ။ သူ့တွင် သတ္တိရှိ၍ သူ့အား စိန်ခေါ်သည်ဟု ကျူးကော့ရှင်းက ထင်မှတ်နေသည်လား…။ သူကား ကိုယ့်ကိုယ်ကိုယ် အလွန် ယုံကြည်မှု မြင့်မားနေပေ၏။

“ငါက ဒီကွင်းထဲမှာ ဆက်ရှိဖို့ မတန်ဘူးလို့ မကြာခင်မက မင်းပြောတယ်… ဒါပေမဲ့ ငါက ကံကောင်းတော့ အခုထိ ရှိနေသေးတယ်…” ရီဖူရှင်းက ပြုံးလျက် ဆက်ပြောသည်… “ကျန်တဲ့ ကိုးယောက်ထဲမှာ မင်းက အသုံးမကျဆုံးပဲ… ဒါကြောင့် ငါက ဒီမှာ ရှိသလို မင်းလည်း ဒီကို ရောက်လာရတယ်…”

ကျူးကော့ရှင်း၏ မျက်လုံးများက လျှပ်စီးများ လက်သွားကာ ဒေါသ ထွက်သွားဟန်ကို မြင်ရသည်။ ရီဖူရှင်းက ဟာသတစ်ခု အနေဖြင့် ပြောနေဟန် ရသော်လည်း အမှန်တကယ်အားဖြင့် သူက ကျူးကော့ရှင်းကို စော်ကားနေခြင်း ဖြစ်သည်။ သို့သော်လည်း ကျူးကော့ရှင်းက အမှန်တကယ် အားနည်း ပါသလော။ ကျူးကော့မိသားစု၏ နိုဘယ်များထဲတွင် ကျူးကော့ရှင်းက ပါရမီအမြင့်ဆုံး ဖြစ်သည်။

ခရမ်း​ရောင် လျှပ်စီးများ ကြီးမားသော ကွင်းထဲ၌ တဖျတ်ဖျတ် လက်လာသည်။ ထို့နောက် လျှပ်စီးများ စတင် ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ် မုန်တိုင်းများ ကွင်းထဲကို ရိုက်ခတ်လာသည်။ လျှပ်စီးမုန်တိုင်းက ပြင်းထန်လွန်းရကား ကောင်းကင်ကပင် အရောင် ပြောင်းသွားသည်။ ခရမ်းရောင် လျှပ်စီးတန်းများ ရီဖူရှင်းထံကို ကျဆင်းလာသည်။

“မင်းက ကျူးကော့မိသားစုရဲ့ တကယ့်စွမ်းအားကို တွေ့မြင်ရမယ်…” ကျူးကော့ရှင်းက ပြောသည်။

ဒိန်း… ဒိန်း…  ကျယ်လောင်သော အသံများနှင့်အတူ လျှပ်စီးတန်းများစွာက ကောင်းကင်မှ ကျဆင်းလာသည်။ ကျူးကော့ရှင်း၏ နောက်တွင် လျှပ်စီးသက်သက်ဖြင့် ပြုလုပ်ထားသော သတ္တဝါဆန်း ပုံရိပ်တစ်ခု ဖြစ်ပေါ်လာဟန်ရကာ လျှပ်စီးများကလည်း ကောင်းကင်မှ အဆက်မပြတ် ကျဆင်း လာကြသည်။

ထိုသတ္တဝါဆန်းကား အစစ်အမှန်ခွေဟု ခေါ်တွင်ကာ ကြီးမားသော ခန္ဓာနှင့် အရှိန်အဝါကို ပိုင်ဆိုင်သည်။ ထိုသတ္တဝါဆန်း၏ ရှေ့တွင် စစ်စည်တော်တစ်ခု ဖြစ်ပေါ်လာကာ သတ္တဝါဆန်းက စည်တော်ကို တီးခတ်ပါက လျှပ်စီးများကလည်း ပိုမို အားကောင်းလာသည်ကို မြင်ကြရသည်။

ပုံရိပ်ကား ကြောက်မက်ဖွယ် ကောင်းကာ ကျူးကော့ရှင်း၏ သက်စောင့် ဝိညာဉ်လည်း ဖြစ်သည်။ ခွေကား လျှပ်စီးနတ် သတ္တဝါဆန်း အဖြစ် လူသိများသည်။

လူအများအပြားက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ကြရသည်။ ရီဖူရှင်းက အလွန်အမင်း အားကောင်းသည်ဟု သူတို့ တွေးထင်ကြသော်လည်း ယခု ကျူးကော့ရှင်းအား ရွေးချယ်ခြင်းက မှားသည်ဟု သူတို့အားလုံး ယူဆသည်။

ကျူးကော့ရှင်းကား ကျူးကော့ပင်နှင့် ကျူးကော့လင်တို့ကဲ့သို့ မဟုတ်ပေ။ ကျူးကော့ရှင်းက ထိုလူများက ပိုမို အားကောင်းကာ သက်စောင့် ဝိညာဉ်ကလည်း ပိုအားကောင်းသည်။

“မင်းက အချိန်ယူပြီး အရသာခံကြည့်…” ကျူးကော့ရှင်းက အော်ဟစ်သည်။ ခွေသတ္တဝါဆန်းက စစ်စည်တော်ကို တီးခတ်သည်တွင် ချက်ချင်းပင် မရေမတွက်နိုင်သော လျှပ်စီးများ မိုးပေါ်မှ ဆင်းသက်လာသည်။ ပိုမို၍ ကြောက်စရာ ကောင်းသည်ကား လျှပ်စီး အက်ကွဲသံများက အလွန်အမင်း ကျယ်လောင်ကာ ရီဖူရှင်း၏နားစည်ကို ကွဲအက် စေနိုင်လောက်သည်။ အားကောင်းသော လျှပ်စီးအသိက သူ၏စိတ်ထဲကို လာရောက် တိုက်ခိုက်သည်ဟု ရီဖူရှင်းက ခံစားရသည်။

ဘုန်း… ရီဖူရှင်းက ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ခတ်ကာ နောက်ကို ဆုတ်လိုက်သည်။ သူ၏အနီးမှ ပြုလုပ်ထားသော အရံအတားများ အားလုံး အပိုင်းအပိုင်း အစစ ဖြစ်သွားသည်။ အလင်းတန်းများ သူ၏ခန္ဓာကိုယ်ကို စီးဆင်းသွားကာ အချိန် အနည်းငယ်ကြာ နာကျင်စေ၏။

တစ်ကွက်တည်းဖြင့် ရုပ်နှင့်စိတ် နာမ်နှစ်ခုလုံးကို တိုက်ခိုက်နိုင်သည်။ ကျူးကော့ရှင်း၏ နာမည်က အလကား ကျော်ကြားခြင်းတော့ မဟုတ်ပေ။ သူ၏စွမ်းအားက အနည်းဆုံး ထိပ်ဆုံး သုံးယောက်နေရာ အတွက် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။

ခွေးက မာန်ဖီကာ စစ်စည်တော်ကို တီးခတ်သည်တွင် လျှပ်စီး အက်ကွဲသံများ ကြားရပြန်သည်။ ကောင်းကင်တစ်ခုလုံး ပြိုဆင်းလာသည့်အလား တဝုန်းဝုန်း မြည်ဟည်းသွားကာ ရီဖူရှင်းက သူ၏စိတ်များ အက်ကွဲလာသလိုပင် ခံစားရသည်။ သူက နောက်ကို တစ်ဆုတ်တည်း ဆုတ်နေရသည်။ လျှပ်စီးများကြောင့် သူစီမံထားသော ကြယ်တာရာ အရံအတားများကလည်း အလွယ်တကူ ကျိုးပျက် နေကြသည်။

“ငါမှားတယ်လို့ မမြင်ပါလား… မင်းက ဒီမှာ ကျန်ရှိနေဖို့ အစွမ်းအစ ရှိတယ်ထင်လား…” ကျူးကော့ရှင်းက အေးစက်စွာ ပြောသည်။ သူ၏ ခေါင်းထက်တွင် လျှပ်စီးများ အရူးအမူး ဖြစ်ပေါ်လာကာ ပိုမိုကြောက်မက်ဖွယ် ကောင်းသော လျှပ်စီး စက်ကွင်းများက ရီဖူရှင်းထံ ရောက်ရှိလာသည်။

ကျယ်လောင်သော အသံများနှင့်အတူ ကြောက်မက်ဖွယ် လျှပ်စီးစက်ကွင်းများက ရီဖူရှင်းအပေါ်မှ အဆက်မပြတ် ကျဆင်းလာကာ ရီဖူရှင်း၏အပေါ်မှ ကြယ်တာရာ အရံအတားများကို ဖျက်ဆီးကြသည်။ သူ၏ခံစစ်က အားလုံး၏မျက်လုံး ရှေ့တွင်ပင် ပြိုကွဲကြသည်။ လျှပ်စီးကြောင်းများက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ကျဆင်း လာကြတော့သည်။ လျှပ်စီးများ ရိုက်နှက်မှုကြောင့် ရီဖူရှင်းက တစ်ကိုယ်လုံး ထုံကျင်မှုကို ခံစားရသည်။

“ဘာလဲဟ…” မျက်လုံးများက ရီဖူရှင်းထံကို ရောက်နေကြာ သူက အမှန်တကယ် ထိုစွမ်းအားများကို ခံနိင်ရည်ရှိပါ့မလား အားလုံးက သိလိုနေကြသည်။

ကျူးကော့ရှင်းကား အမှန်ပင် ယန်ချူထက် ကြောက်မက်ဖွယ် ကောင်းပေသည်။

လျှပ်စီးတန်းများက ဆက်လက် ကျဆင်းလာကာ ရီဖူရှင်းကို တဘုန်းဘုန်း ထိမှန်သည်။ ထိုတိုက်ခိုက်မှုများက ရီဖူရှင်းကို ပျက်စီး သွားစေမည်မှာ သေချာသလောက် ရှိသည်။

ဘုန်း… ရီဖူရှင်း၏ ခန္ဓာကိုယ်အား မြင့်မြတ်သော ရောင်စဉ်များ ဖုံးလွှမ်းသွားသည်။ ကြယ်တာရာ အလင်းများက မြင့်မြတ် ရောင်စဉ်များနှင့် ပေါင်းစပ်သွားကာ သူ့အား ကာကွယ်သည်။ သည်တစ်ခေါက် အရံအတားက ထပ်မံ၍ မကျိုးပျက်တော့ပေ။

“မင်းက ဒီလောက်ပဲ တတ်နိုင်တာလား…” အသံတစ်သံကို ကြားရကာ ရီဖူရှင်းက ခေါင်းမော့လျက် တစ်ဖန် ကြည့်ပြန်သည်။ လူအများအပြားက အံ့အားသင့် ကြရသည်။ ထိုမျှ ပြင်းထန်သော တိုက်ခိုက်မှုက ရီဖူရှင်းအား ဘာမှ မဖြစ်စေနိုင်။

လျှပ်စီးကမ္ဘာထဲတွင် ကြယ်တာရာ ကမ္ဘာတစ်ခု ဖြစ်ပေါ်လာသည်။ ကောင်းကင်တွင် နေ၊ လနှင့်ကြယ်တာရာများ အစဉ်တကျ ဖြစ်ပေါ်လာ၏။ နေရောင်၊ လရောင်နှင့် ကြယ်အလင်းစက်များကြောင့် ထိုနေရာက တကယ့်နတ်ဘုံ နတ်နန်းအလား ထင်မှတ်ရသည်။

ကျူးကော့ရှင်း၏ မျက်နှာက ပျက်ယွင်းသွားသည်။ သူက အမှန်ပင် ထိုမျှ ပြင်းထန်သော တိုက်ခိုက်မှုအား အလွယ် ခုခံနိုင်သည်။

နတ်ငှက်ဝိညာဉ် ပေါ်လာကာ ရီဖူရှင်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ ယခင် တိုက်ပွဲများ ကတည်းက ရီဖူရှင်းသည် ဓာတ်စွမ်းအင်မျိုးစုံ သုံးစွဲနိုင်ကြောင်း အားလုံးက သိပြီးဖြစ်သည်။

လျှပ်စီးတန်းများက ကောင်းကင်မှ ဆင်းသက် လာကြသော်လည်း ရုတ်တရက် ရီဖူရှင်းက ရပ်နေရာမှ ပျောက်ကွယ် သွားသည်။ လျှပ်စီးတန်းများက ဘန်းခနဲမြည်ကာ ကျဆင်းသော်လည်း ထိုနေရာတွင် ရီဖူရှင်း မရှိတော့ပေ။ နောက်တစ်နေရာတွင် ရီဖူရှင်းပေါ်လာကာ သူက ကျူးကော့ရှင်းကို ကြည့်သည်။

“ငါ့အလှည့်ပဲ…” သူက ထိုသို့ ပြောလိုက်သည်နှင့် အင်မော်တယ် ခန္ဓာကိုယ်များ ဖြစ်ပေါ်လာသည်။ အလွန်အမင်း ပူပြင်းသော ဓာတ်လုံးတစ်လုံး ကျူးကော့ရှင်း၏ အနီးတွင် ပေါ်လာကာ အရာအားလုံးကို လောင်ကျွမ်းရန် ကြိုးစားသည်။ ဓာတ်လုံး၏ ရည်ရွယ်ချက်ကား ကျူးကော့ရှင်းကို သတ်ရန်ဖြစ်သည်။

ကျူးကော့ရှင်းက သူ၏လက်ကို ဆန့်တန်းသည်။ လျှပ်စီးတန်းများက ကောင်းကင်တွင် ဆက်ကွင်းများအနေဖြင့် ဖြစ်ပေါ်လာကာ မီးဓာတ်လုံးအား ရစ်ပတ်ကြသည်။ သို့သော်လည်း မီးဓာတ်လုံးကား သန့်စင်သော မီးဓာတ် သဘာဝများဖြင့် ဖြစ်ပေါ်နေကာ ဖျက်ဆီး၍ မရပေ။ ထို့ကြောင့် သူက လျှပ်စီး စက်ကွင်းများအား ရီဖူရှင်းထံကို သွားရောက် ရစ်ပတ် တိုက်ခိုက် စေသော်လည်း ကြယ်တာရာ အရံအတားကို မကျော်လွှားနိုင်။

ထိုစဉ်မှာပင် ကောင်းကင်ထက်မှ လရောင်များ ကျဆင်းလာသည်တွင် ကျူးကော့ရှင်းက အလွန်အမင်း အေးစက်မှုကို ခံစားရသည်။ မီးဓာတ်နှင့်ရေဓာတ်က ဆန့်ကျင်ဘက်ဖြစ်ရာ ထိုဒဏ် နှစ်ခုလုံးကို ခံစားရသော ကျူးကော့ရှင်းက အလွန်အမင်း နာကျင်မှုကို ခံစားရသည်။

ကျူးကော့ရှင်းက လျှပ်တစ်ပြက် မီးဓာတ်လုံးနေရာ ယူထားသော ပတ်ဝန်းကျင်မှ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် သူ့ပြေးလမ်းသို့ မရေမတွက်နိုင်သော ဥက္ကာခဲများ ကျဆင်းလာသည်။ ခွေက မာန်ဖီကာ ဥက္ကာခဲများကို ရိုက်နှက်ဖျက်ဆီးသည်။ သို့သော်လည်း ဥက္ကာခဲများက ကျဆင်းလာမြဲ ဖြစ်သည်။

အရှုပ်အထွေးများ ကြားထဲမှ ကြီးမားသော ကြယ်တာရာ နှင်တံကြီးတစ်ချောင်း ကောင်းကင်မှ ကျဆင်းလာသည်။ ကျူးကော့ရှင်းကလည်း မာန်သွင်းကာ ခွေအား စေလွှတ်၍ ခုခံစေသည်။

“ငါ့ရှေ့က ဖယ်စမ်း…” ကျယ်လောင်သော အသံတစ်ခု ကြားရသည်။ ခွေက တုန်ယင်သွားကာ ထိုရိုက်ချက် အောက်တွင် ကျူးကော့ရှင်းကလည်း ဓာတ်လုံးရှိရာ ဘက်ကို ပြန်လည် လွင့်စဉ်သွားသည်။ သူ၏ခန္ဓာကိုယ်အား ရေဓာတ်နှင့် မီးဓာတ်များက မြန်ဆန်စွာပင် ရစ်ပတ်သွားသည်။

ရေဓာတ်နှင့် မီးဓာတ်များက သူ၏ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာကြသည်တွင် အသားအရေများ ပြိုကျလာပြီး အရိုးများ ကွဲအက်လာတော့မည်ဟု ကျူးကော့ရှင်းက ခံစားရကာ ထိတ်လန့် ကြောက်ရွံ့စွာ အော်ဟစ်သည်… “ငါ အရှုံးပေးတယ်…”

***


Comment

Leave a Reply

Options

not work with dark mode
Reset