အပိုင်း( ၅၇၁)

ထိပ်ဆုံးဆယ်ယောက်၏တိုက်ပွဲ

ပိုင်စီ၏စကားက အားလုံးကို အံ့အားသင့်စေသည်။ ထိုစကားလုံးများ၏ နောက်ကွယ်တွင် အဓိပ္ပာယ်များစွာ ပါဝင်နေသည်။ ကျူးကော့ရှင်းပင်လျှင် ပိုင်စီကို ကြည့်ကာ ပြုံးသည်။ ပိုင်စီကဲ့သို့သော လူပင်လျှင် ဟွာဂျီယူကို စိတ်ဝင်စား၏။

တော်ဝင်ရှီ နန်းဆောင်တွင် အဆောင် သခင်နှစ်ပါး ရှိပေသည်။ တစ်ဦးသော အဆောင်သခင်ကား တော်ဝင်ကျဲ နန်းတော်၏ သခင်ကိုယ်တိုင် ဖြစ်ကာ နန်းတော်၏ အရေးကိစ္စများကို ဝင်မပါတော့ဘဲ ဒုတိယ နန်းတော်သခင်နှင့် လွှဲအပ်ထားပေသည်။ တော်ဝင် ရှီနန်းဆောင်က တော်ဝင်ကျဲ နန်းတော်၌ အမြင့်ဆုံးသော အာဏာကို ရယူထားသည်။

ကောင်းကင်မြေရိုင်း အဆင့်တွင် နံပါတ်တစ်နှင့် နံပါတ်သုံးနေရာတွင် ရှိသူများက ဦးဆောင်ထားသော တော်ဝင်ရှီ နန်းဆောင်ကား တော်ဝင်ကျဲ နန်းတော်၏ မဏ္ဍိုင်ဟုပြော၍ ရသည်။ နန်းတော်သခင် နှစ်ယောက်ကား တော်ဝင်ကျဲ နန်းတော်ကိုသာ မဟုတ်ဘဲ မြေရိုင်းဒေသ တစ်ခုလုံးတွင်ပင် အမြင့်ဆုံး အခွင့်အာဏာကို ပိုင်ဆိုင်ထားကြသည်။ သူတို့ကြောင့်ပင် တော်ဝင်ကျဲ နန်းတော်က မြေရိုင်းဒေသ တစ်ခုလုံး၏ ကောင်းကင်ဘုံဟု သမုတ်ခံရသည်။

ပိုင်လွေလီကား တော်ဝင် ရှီနန်းဆောင်၏ တပည့်ဖြစ်ကာ တော်ဝင်ကျဲ နန်းတော်၌ အလွန်မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်သည်။ ပိုင်စီကလည်း ဒုတိယ နန်းတော်သခင် လက်အောက်တွင် လေ့ကျင့်ခွင့်ရမည်မှာ သေချာနေသည်။ ထို့ကြောင့် ပိုင်စီက ထိုစကားကို ပြောခြင်းဖြင့် ဟွာဂျီယူကို တိုက်တွန်းခြင်းမှာ ဒုတိယ နန်းဆောင်သခင်ကိုသာ ရည်ညွှန်းခြင်း ဖြစ်သည်။ အကယ်၍သာ ဟွာဂျီယူက ဒုတိယ နန်းဆောင်သခင် လက်အောက်ကို ရောက်သွားပါက သူနှင့်အတူတူ လေ့ကျင့်ခွင့်ရမည် ဖြစ်ပြီး သူ့အတွက် ဟွာဂျီယူကို ရရှိရန်လည်း သိပ်မခက်ခဲတော့ပေ။

ရီဖူရှင်းကလည်း ထိုအကြံအစည်များကို ရိပ်မိကာ ပိုင်စီကို အေးစက်စွာ ကြည့်သည်။

“ဒီအဆင့်အထိ ကိုယ့်အားကိုယ်ကိုးပြီး ရောက်လာမှတော့ တခြားလူတွေက မိတ်ဆက်ပေးဖို့ မလိုပါဘူး… မင်းရဲ့ စေတနာကို ကျေးဇူးတင်ပေမဲ့ ဒါက မလိုဘူး…” ကျူးကော့မင်းယွီက အေးစက်စက် ပြောသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့က ချစ်သူများ ဖြစ်ကြသည်ကို အားလုံးက သိကြသော်လည်း ပိုင်စီက ထိုစကားများကို ပြောရဲသည်။

တိမ်ဖြူမြို့ သခင်လေး၏ အပြုအမူ အပြောအဆိုများက အလွန် ရဲတင်းလှသည်ဟု လူအများအပြားက တွေးတောကြသည်။ ပြိုင်ဘက်ကင်း ပါရမီနှင့် ထက်မြက်သော စွမ်းရည်များကို ပိုင်ဆိုင်သည့်တိုင် ပိုင်လွေလီကား ကောင်းမွန်သော အပြောအဆို အပြုအမူများရှိပြီး ပိုင်စီမူကား ဆန့်ကျင်ဘက် ဖြစ်ပေသည်။

“ကျုပ်တို့က မိန်းကလေးဟွာကို မေးတာ မကောင်းဘူးလား…” ပိုင်စီက ကျူးကော့မင်းယွီ၏ သဘောထားကို သိပ်ဂရုစိုက်ဟန် မရပေ။ ကျူးကော့မိသားစုကို ကြောက်ရွံ့သူများစွာ ရှိသော်လည်း တိမ်ဖြူမြို့က ထိုအထဲတွင် မပါဝင်ပေ။ သူ၏အဖေကား ကောင်းကင်မြေရိုင်း အဆင့်တွင် နံပါတ်လေး နေရာတွင် ရှိသူဖြစ်သည်။

ပိုင်စီက ဟွာဂျီယူဘက်ကို လှည့်ကာ မေးသည်… “မိန်းကလေးဟွာ… ကျုပ်ရဲ့ သက်စောင့်ဝိညာဉ် ဖျက်ဆီးခြင်း မျက်လုံးက ကောင်းကင်စိတ်ဝိညာဉ် ပညာရှင်တွေရဲ့ စွမ်းအားနဲ့ ဆင်တူတယ်… တကယ်လို့ ကျုပ်တို့ကသာ အတူတူ လေ့ကျင့်ရမယ်ဆိုရင် နှစ်ယောက်လုံးက ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်မှာပဲ… ပြီးတော့ ဒုတိယ နန်းတော်သခင်က ကောင်းကင်မြေရိုင်း အဆင့်မှာ နံပါတ်သုံး ချိတ်ထားတယ်… သူ့လက်အောက်မှာ လေ့ကျင့်ခွင့်ရတာက ရှားပါးတဲ့ အခွင့်အရေး တစ်ခုပဲ…”

လူအများအပြားက ဟွာဂျီယူကို ကြည့်ကြသည်။ အတူတူ လေ့ကျင့်မည်ဟူသော စကားက ယဉ်ကျေးဟန် ရသော်လည်း ထိုစကား ဤအဓိပ္ပာယ်ကို အားလုံးက နားလည်သည်။

အကယ်၍ ဟွာဂျီယူက ချစ်သူမရှိပါက ပိုင်စီ၏ ကမ်းလှမ်းမှုကို လိုလိုလားလား ခေါင်းညိတ်မည်မှာ သေချာပေသည်။ သို့သော် ရီဖူရှင်း ရှိနေရက်ဖြင့် ပိုင်စီက ထိုသို့ ရဲရဲတင်းတင်း ဖိတ်ခေါ်ခြင်းကား အလွန်ရိုင်းစိုင်းရာ ကျပေသည်။

ယူချင်းက လက်သီးကို ဆုပ်ကာ ရှေ့ကို တက်သွားမည် လုပ်သည်။

“ယူချင်း…” ရီဖူရှင်းက ခေါ်လိုက်လျှင် ယူချင်း၏ ခြေလှမ်းက ရပ်သွားသည်။ သို့သော် သူ၏မျက်လုံးများက ပိုင်စီကို စူးစူးဝါးဝါး ကြည့်နေဆဲ ဖြစ်သည်။

ပိုင်စီက ယူချင်းကို တစ်ချက်ကြည့်ကာ ပြုံးသည်။ ထို့နောက် ဟွာဂျီယူကို ကြည့်သည်။ ဟွာဂျီယူက ရီဖူရှင်း၏ လက်ကို ကိုင်ကာ ပိုင်စီအား ပြုံးလျက်ပြောသည်… “ဒုတိယနန်းတော် သခင်ရဲ့ လက်အောက်မှာ လေ့ကျင့်ခွင့်ရတာ တကယ်ပဲ ရှားပါးတဲ့ အခွင့်အရေးပဲ… ဒါပေမဲ့ ဒီလို အရုပ်ဆိုးတဲ့လူနဲ့ ဘယ်လိုလုပ် ကျွန်မက လေ့ကျင့်ချင်ပါ့မလဲ…” သူက ထိုသို့ပြောကာ ရီဖူရှင်းနှင့်အတူ လှည့်ထွက် သွားသည်။

ရီဖူရှင်းက နောက်လှည့်ကာ ပိုင်စီကို ပြုံးလျက် ပြောသည်… “မနက်ဖြန် တွေ့မယ်…”

ပိုင်စီ အံ့အားသင့် သွားသည်။ အရုပ်ဆိုးသည်တဲ့လား…။

သူတို့နှစ်ယောက် ထွက်သွားသည်ကို ကြည့်ကာ ပိုင်စီက ရယ်ရွှင်ဖွယ် အမူအရာ ဖြစ်သွားသည်။

တန်ခိုးရှင် လောကတွင် အတွဲများအား တာအို လက်တွဲဖော်များဟု ခေါ်ဝေါ်သတ်မှတ်ကြသည်။ ထိုစကားလုံးက တန်ခိုးကျင့်ရာတွင် အတူလက်တွဲ၍ ကျင့်ကြံကာ လိုက်လျော ညီထွေသော စွမ်းရည်များကို ပိုင်ဆိုင်သော ချစ်သူစုံတွဲနှင့် လင်မယားများကို ခေါ်ဝေါ်ကြသည်။ ထိုအရာများနှင့် နှိုင်းယှဉ်ပါက အချစ်သည် ဘာမှ အရေးမကြီး။ သို့သော်လည်း မိန်းမများကား ခံစားချက်များကို ဦးစားပေးသူများ ဖြစ်ရာ ထိုစကားလုံး၏ အဓိပ္ပာက်ကို အမှန်တကယ် နားမလည်ခြင်း မရှိဟု ပိုင်စီက ယုံကြည်သည်။

သို့သော် သူက သိပ်ဂရုမစိုက်ပေ။ သူက သင့်တော်သော တာအို လက်တွဲဖော်ကို တွေ့ရှိပြီ ဖြစ်သောကြောင့် သူ့စိတ်ဝင်စားမှုကို ဖော်ပြရုံမျှသာ ဖြစ်သည်။ အကယ်၍ ဟွာဂျီယူက ထိုမျှ နားလည်မှု မရှိပါက နောက်ထပ် ခေါင်းထဲ ထပ်ထည့်ရန် မလိုဟု ယူဆထားသည်။ မိန်းမများကား အလွန်ပေါသည်။ ကောင်းကင်တွင် တည်ရှိသော နတ်မိမယ်များ ဖြစ်စေ မြေပြင်မှ မင်းသမီးများဖြစ်စေ သူ့တွင် လုံလောက်သော စွမ်းအားရှိပါက အလွယ်တကူ ရယူနိုင်သည်ဟု သူ ခံယူထားသည်။

ထို့အပြင် မနက်ဖြန် တွေ့မည်ဟု သူ့ကို ပြောခဲ့သေးသည်။ ယန်ချူအား အနိုင်ယူပြီးနောက် သူက မိမိကိုယ်ကို ဘဝင်မြင့်သွားဟန် ရ၏။ ယန်ချူကား သူ၏မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။

နောက်ဆုံး သူ တိုက်ခိုက်ခဲ့စဉ်က စီမင်ရန်ကား သူ၏အကြည့် တစ်ချက်ကိုပင် ခံနိုင်ရည်ရှိခဲ့သည် မဟုတ်ပေ။

“တိမ်ဖြူမြို့က ဒုတိယ သခင်လေးတဲ့လား…” ကျူးကော့မင်းယွီက ပြုံးကာ ထွက်သွားသည်။ ပိုင်လွေလီက သူ၏ညီကို အော်သည်… “ပိုင်စီ…မင်း တော်တော် လွန်တယ်…”

ပိုင်စီက နောက်လှည့်ကာ သူ၏အစ်ကိုရှိရာသို့ အနည်းငယ် ခေါင်းငုံ့လျက် လျှောက်သွားသည်။ သူက တခြားလူများရှေ့တွင် မောက်မာ ဝင့်ကြွားနိုင်သော်လည်း သူ၏အစ်ကို ရှေ့တွင်ကား ရိုကျိုးပေသည်။

***

ကျူးကော့မင်းယွီက ရီဖူရှင်းတို့ အုပ်စုနှင့်အတူ ပြန်လာသည်။

“အစ်မနှစ်…” ရီဖူရှင်းက ခေါ်သည်။

“တော်ဝင်ကျဲ နန်းတော်မှာ ဘာတွေ ဖြစ်နေလဲ မင်းသိပ်မသိဘူး… မြေရိုင်းဒေသ တစ်ခုလုံးကို အုပ်ချုပ်တဲ့ နန်းတော်သခင်က ပျောက်နေတာ နှစ်တွေ အများကြီး ကြာပြီ… အခု ကိစ္စအရပ်ရပ်ကို ဒုတိယ နန်းတော်သခင်က စီမံတယ်… ဒုတိယ နန်းတော်သခင်က ပိုင်လွေလီရဲ့ ဆရာပဲ… မင်းက ဒီအဆင့်အထိ ရောက်လာလိမ့်မယ်လို့ ငါမထင်ထားဘူး… ဒါက မင်းရဲ့ အစ်မနှစ်ကို တော်တော် အံ့အားသင့်စေတယ်…”

ကျူးကော့မင်းယွီက ပြုံးလျက် ဆက်ပြောသည်… “ဒါပေမဲ့ မင်းအပေါ် သူတို့ မျှော်လင့်ထားတာ ကလည်း အရင်လို မဟုတ်တော့ဘူး… မင်းအတွက် အခြေအနေ မကောင်းရင် တော်ဝင်ကျဲ နန်းတော်ကို မဝင်နဲ့တော့…”

“မဝင်ရဘူးလား…” ရီဖူရှင်းက နားမလည်ဟန်ဖြင့် မေးသည်။

“မင်းက ပိုင်စီနဲ့ အဆင်မပြေမှတော့ တော်ဝင်ကျဲ နန်းတော်ကို ဝင်တာက ကောင်းတဲ့ကိစ္စ မဟုတ်တော့ဘူး… နန်းတော်မှာ ပိုင်လွေလီရဲ့ အဆင့်အတန်းကို မင်းသိသင့်တယ်… ဒါပေမဲ့ အဖေပြေတာက နန်းတော်က အကြီးအကဲတွေက ပိုင်လွေလီကို တော်ဝင်ကျဲ နန်းတော်ရဲ့ ဆက်ခံသူအဖြစ် သတ်မှတ်ဖို့တောင် လုပ်နေကြတယ်တဲ့…” ကျူးကော့မင်းယွီက ရှင်းပြသည်။

ရီဖူရှင်း၏ မျက်လုံးထဲတွင် အံ့အားသင့်ဟန်များ အထင်းသား တွေ့ရသည်။

“ဒါပေမဲ့ ငါ့မောင်ငယ်လေးရဲ့ ပါရမီနဲ့ဆို တော်ဝင်ကျဲ နန်းတော်မှာ မလေ့ကျင့်ရင်လည်း ပြဿနာ မရှိလောက်ဘူး… ဟုတ်တယ်မလား…” ကျူးကော့မင်းယွီက ပြုံးလျက် မေးသည်။

“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက တော်ဝင်ကျဲ နန်းတော်တွင် မလေ့ကျင့်ရလျှင်ပင် သိပ်အရှုံးမရှိဟု တွေးထင်သည်။ တော်ဝင်လမ်းတွင် သူတို့က များစွာ တိုးတက်ခဲ့ပေသည်။

“မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ စောင့်ကြည့် ကြတာပေါ့…” ကျူးကော့မင်းယွီက ထပ်ပြောသည်။

“အစ်မနှစ်ပဲ ဆုံးဖြတ်ပါ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။ သူ၏အစ်မနှစ်က သူ့အတွက် အကောင်းဆုံး တွေးပေးသည်ကို ရီဖူရှင်း ယုံကြည်သည်။ အစ်မနှစ်က သူ့အတွက် စီမံသည်မှာ ပိုမို၍ ကောင်းမွန်ပေသည်။

လူအများအပြားက ကျူးကော့မင်းယွီတို့ အုပ်စုကို လှမ်းကြည့်ကြသည်။ ရီဖူရှင်းနှင့် ပိုင်စီတို့က အနည်းငယ် ကတောက်ကဆ ဖြစ်ခဲ့သည့် သတင်းကလည်း လူအများအပြား အကြား ပျံ့နှံ့သွားသည်။

တိမ်ဖြူမြို့ ဒုတိယသခင်လေးက ဟွာဂျီယူကို စိတ်ဝင်စားလာခြင်းက သည်ကိစ္စကို စိတ်ဝင်စားစရာ ဖြစ်လာစေသည်။ နောက်တစ်နေ့ တိုက်ပွဲက အလွန် ကြည့်ကောင်း ပေရော့မည်။

ရီဖူရှင်းက ယန်ချူကို အနိုင်ယူခဲ့သလို တိမ်ဖြူမြို့ ဒုတိယ သခင်လေးက သည်တစ်ခေါက် ဝင်ခွင့်တွင် အားအကောင်းဆုံး ဖြစ်နိုင်ပေသည်။ ယန်ချူက ပိုင်စီနှင့်ယှဉ်လျှင် ဘာမှ မဟုတ်ပေ။ တစ်ဖက်တွင်လည်း ရီဖူရှင်းက အားအကောင်းဆုံး စိန်ခေါ်မှုနှင့် မတွေ့သေးပေ။

လူအများအပြားက ထိပ်ဆုံး ဆယ်ယောက်၏ စွမ်းရည်နှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်။ ပိုင်စီက အတော်ဆုံးဟု ပြောကြသလို ဟောင်ကျူဂီက အတော်ဆုံးဟုလည်း ပြောကြသည်။ သို့သော်လည်း ဟောင်ကျူဂီ၊ ပိုင်စီနှင့် စုချွဲတို့က အတော်ဆုံးများ ဖြစ်သည်မှာ ထင်ရှားသည်။ ကျန်ခုနစ်ယောက်ကို မူကား သူတို့၏ စွမ်းရည်များကို တိုင်းတာရန် ခက်ခဲပေသည်။ သို့သော်လည်း ကျူးကော့ရှင်း၊ ယူချင်း၊ ရှောင်ကျွမ်ရီနှင့် ရီဖူရှင်းတို့ကလည်း အားနည်းဟန် မရပေ။

ရလဒ်အား နောက်တစ်နေ့တွင် သိရတော့မည် ဖြစ်သည်။

တစ်ရက်ကား မြန်ဆန်စွာပင် ကုန်ဆုံးသွားသည်။ မနက်ပိုင်း ကတည်းက တော်ဝင် လှေကားထစ်ပေါ်တွင် အကြီးအကဲများ စုရုံးနေကြသည်ကို မြင်နိုင်သည်။ ထိပ်ဆုံး ဆယ်ယောက်ကလည်း ကွင်းထဲကို တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြသည်။ ယနေ့တွင် ထူးထူးခြားခြား ယခင်နေ့များမှ မရောက်လာသော အကြီးအကဲ အချို့လည်း ရောက်လာသည်။

“ဒါဆို ရှီတန်ခိုးရှင် ခွန်ဘုရင်လည်း ရောက်လာတာကိုး…” ရှီတန်ခိုးရှင် ထို့ကျန်းက တစ်ကိုယ်လုံး ရွှေရောင်များ ဝင်းလက်နေသော ကြီးထွား သန်မာသော လူကြီးတစ်ယောက်ကို နှုတ်ဆက်သည်။ သူသည်လည်း ကောင်းကင်မြေရိုင်း အဆင့်တွင်ရှိကာ တိုက်ခိုက်ရေး ရှီနန်းဆောင်၏ ဒုတိယ အားအကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

တိုက်ခိုက်ရေး ရှီနန်းဆောင်ကား တော်ဝင်ကျဲ နန်းတော်တွင် အကောင်းဆုံး တိုက်ခိုက်ရေး သမားများ စုစည်းရာ နေရာဖြစ်ပြီး တစ်ယောက်စီတိုင်းက အလွန်အမင်း အားကောင်းသော တိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင်ကြသည်။

တိုက်ခိုက်ရေး ရှီနန်းဆောင်၏ အဆင့်အတန်းက တော်ဝင်ရှီ နန်းဆောင်ထက် အနည်းငယ်သာ နိမ့်ကာ တခြား နန်းဆောင်များထက် မြင့်ပေသည်။ နန်းဆောင် အရှင်ကား မြေရိုင်းဒေသတွင် အကောင်းဆုံး သိုင်းပညာရှင်အဖြစ် လူသိများကာ သူ၏တိုက်ခိုက်ရေး စွမ်းရည်က ပြိုင်ဘက်ကင်းပြီး  ကောင်းကင် မြေရိုင်း အဆင့်တွင် သူ့ထက် ပိုမိုမြင့်မားသော နေရာများမှ လူများပင် သူနှင့် တိုက်ခိုက်ရန် စိုးရွံ့ရသူဖြစ်သည်။

“အရှင် ထို့ကျန်းတောင်မှ စိတ်ဝင်စားလို့ လာကြည့်မှတော့ ကျုပ်ကလည်း စိတ်ဝင်စားတာပေါ့…” ရှီတန်ခိုးရှင် ခွန်ဘုရင်က ပြောသည်။ ရှီတန်ခိုးရှင် ထို့ကျန်းကား ထို့ကျန်းနန်းဆောင်၏ အရှင်ဖြစ်သည်။

ရှီတန်ခိုးရှင် ထို့ကျန်းက ပြုံးကာ ကွင်းဘက်ကို ပြန်ကြည့်သည်။

ပြိုင်ပွဲကြီးကြပ်သော အကြီးအကဲက ကြေညာသည်… “ဒီနေ့ တိုက်ပွဲက နှစ်ယောက်တစ်တွဲ မဟုတ်ဘူး… မင်းတို့က ကြိုက်တဲ့လူကို စိန်ခေါ် တိုက်ခိုက်လို့ရတယ်… ရှုံးတဲ့လူက ကွင်းထဲက ထွက်ရမယ်… ဘယ်သူမှ စိန်မခေါ်ဘဲ နောက်ဆုံး ကျန်ရင်လည်း သူက နောက်ဆုံးမှ တိုက်ခိုက်ရမယ်… ”

အားလုံးက အံ့အားသင့် သွားကြသည်။ စည်းမျဉ်းကား တည့်တိုးဆန်ကာ အားနည်းသူများ အတွက် အခွင့်အရေး မရှိတော့ပေ။

ထိပ်ဆုံး ဆယ်ယောက်၏တိုက်ပွဲကား စတင်ပြီ ဖြစ်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset