အပိုင်း( ၅၇၀)

တိမ်ဖြူမြို့ ဒုတိယသခင်လေး

လှေကားထစ်ပေါ်တွင် တော်ဝင်ကျဲနန်းတော် အကြီးအကဲက ကျန်ရှိသော လူဆယ်ယောက်ကို ကြည့်ကာ ပြောသည်… “တစ်နေ့နဲ့ တစ်ည တိုက်ခိုက်ပြီးတော့ အခု နားမယ်… ထိပ်ဆုံး ဆယ်ယောက်ရဲ့ တိုက်ပွဲစည်းမျဉ်းတွေ နည်းနည်း အပြောင်းအလဲ ရှိမယ်… ဒါကြောင့် တစ်ရက်တိတိ အနားယူပြီး ငါတို့က မနက်ဖြန်မှ တိုက်ပွဲကို ဆက်မယ်…”

လူအများအပြားက အံ့အားသင့် သွားကြသည်။ ယခင်က နောက်တစ်ဆင့် တက်သော ပြိုင်ပွဲဝင် တစ်ယောက်က ဒဏ်ရာရ၍ ဆက်လက် တိုက်ခိုက်နိုင်စွမ်း မရှိသောအခါမှ အနားပေးသည်။ ယခု ဆယ်ယောက်လုံးက ဒဏ်ရာရခြင်း မရှိရာ အချိန်အနည်းငယ်မျှ နားရုံမျှဖြင့် လုံလောက်ကာ ယှဉ်ပြိုင်မှုကို ရပ်တန့်ရန် မလိုပေ။

“မင်းတို့ လူစုခွဲလို့ရပြီ… မင်းတို့ ဆယ်ယောက်နဲ့ ဘယ်သူ့ကိုမှ စိန်မခေါ်တဲ့လူတွေက ဒီကို လာခဲ့ကြ…” လှေကားထစ်ပေါ်မှ အကြီးအကဲက ပြောသည်။ ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲကို တစ်ချက် ကြည့်ကာ ဟွာဂျီယူဘက်ကို လှည့်လိုက်သည်။ ဟွာဂျီယူက သူ့အား လူအုပ်ထဲမှ လက်ဝှေ့ယမ်း ပြသည်ကို မြင်သည်တွင် ရီဖူရှင်းက သူမ၏ဘေးနားသို့ လျှောက်သွား လိုက်သည်။

“ငါ့စွမ်းဆောင်ရည်က လက်ခံနိုင်စရာ ကောင်းလား…” ရီဖူရှင်းက ဟွာဂျီယူ၏လက်ကို ဆွဲကာ မချိုမချဉ် ကြည့်သည်။

“အင်း…” ဟွာဂျီယူက ပြုံးလျက် ခေါင်းညိတ်သည်။

“ငါ့ကို ကတိပေးထားတာ မမေ့နဲ့နော်…” ရီဖူရှင်းက ထိုကိစ္စကိုသာ စိတ်ထဲ ထည့်ထားဟန်ဖြင့် သတိပေးသည်။

“ငါ နင့်ကို ဘာကတိပေးခဲ့လို့လဲ…” ဟွာဂျီယူက နားမလည်ဟန်ဖြင့် မေးသည်။ သူမက ဘာမှ မမှတ်မိပေ။

“ဒါဆိုလည်း အစ်မနှစ်ဆီကို သွားပြီး အဆုံးအဖြတ် ခံရအောင်…” ရီဖူရှင်းက ပြောသည်။

ဟွာဂျီယူက သူ့အား ဒေါသတကြီး ကြည့်သည်။ ဤသို့သော ကိစ္စကို အစ်မနှစ်အား မည်သည့် မျက်နှာဖြင့် မေးမည်နည်း။

“ယူချင်း… အစ်ကိုခုနစ်…” ရီဖူရှင်းက အော်လိုက်သည်။ ယူချင်းတို့အဖွဲ့ လျှောက်လာ ကြသည်တွင် သူတို့အားလုံးက တော်ဝင်ကျဲ နန်းတော်ဘက်ကို သွားလိုက်ကြသည်။ ထိုနေရာတွင်ကား တခြားထိပ်ဆုံး ဆယ်ယောက်ဝင်များလည်း ရောက်နေကြပြီး ဖြစ်သည်။ ကျူးကော့မင်းယွီက ရီဖူရှင်း လျှောက်လာသည်ကို မြင်သည်တွင် သူမက မေးသည်… “သူက ဘယ်လိုနေလဲ…”

ကျူးကော့ခမ်ယန်က လူငယ်လေးအား ကြည့်ကာ ခေါင်းညိတ်သည်… “တကယ်ပဲ သူက မဆိုးဘူး… ”

ကော့တေး တပည့်များ၏ စွမ်းဆောင်ရည်များက သူ့ကို အံ့အားသင့်စေခဲ့သည်။ ကြည့်ရသည်မှာ ကော့တေး၏ ထူးဆန်းသော ဆရာက သည်ကဲ့သို့ တပည့်အုပ်စုကို သင်ပေးနိုင်ခဲ့သည်မှာ အလွန်အံ့ဖွယ် ကောင်းပေသည်။

ရီဖူရှင်းက ဘေးနားကို လျှောက်လာကာ ကျူးကော့မင်းယွီအား မေးသည်… “အစ်မနှစ်… ဒီမှာ ဘာတွေ ဖြစ်နေတာလဲ…” ဤမတိုင်မီက သူ့အား အချက်ပြမည်ဟု အစ်မနှစ်က ပြောခဲ့သော်လည်း ကြည့်ရသည်မှာ အပြောင်းအလဲ တစ်ခုခု ရှိနေဟန်ရသည်။

“တော်ဝင်ကျဲ နန်းတော်က ဘာပြောမလဲ ကြည့်ရအောင်…ငါတို့ အတူတူသွားကြမယ်…” ကျူးကော့မင်းယွီက ရှေ့ကို လျှောက်လာကာ ရီဖူရှင်း၏ ဆံပင်များကို ဖွလျက်ပြောသည်… “မောင်ငယ်လေးရဲ့ စွမ်းဆောင်ရည်က တကယ်ပဲ ကောင်းတယ်…”

ရီဖူရှင်းက အနည်းငယ် စိတ်ညစ်သွားသည်။ သူ၏ အစ်မနှစ်ကသာ သူ့ခေါင်းကို ဤသို့ဖွသည်။

လူအများအပြားက လှမ်းကြည့်ကြသည်။ ကျူးကော့မင်းယွီနှင့် ရီဖူရှင်းတို့က အလွန် နီးကပ်ဟန်ရသည်။

ကျူးကော့ရှင်းလည်း ထိုနေရာတွင် ရှိပေသည်။ သူက ရီဖူရှင်းနှင့် ဟွာဂျီယူကို အေးစက်စွာ ကြည့်သည်။ ရီဖူရှင်းကလည်း ကျူးကော့ရှင်းကို မြင်သည်တွင် ထိုအကောင်က မပျော်မရွှင် ဖြစ်နေသော ပုံစံကို မြင်သည်။

“ဂျီယူ…” ကျူးကော့ရှင်းက ဟွာဂျီယူကို ကြည့်ကာ တမင် ရည်ရွယ်ချက်ရှိရှိ ခေါ်လိုက်သည်။ အဓိက ရီဖူရှင်းကို ရန်စလိုဟန် ရသည်။

ရီဖူရှင်း မျက်မှောင်ကုတ် လိုက်သည်။ ဟွာဂျီယူကလည်း ထူးဆန်းသလို ကြည့်သည်။ သူမက ကျူးကော့ရှင်းကို ပိုမို၍​ သဘောမကျ ဖြစ်လာသည်။

“မင်းက နောက်ယန်ချူ ဖြစ်လာလိမ့်မယ်…” ရီဖူရှင်း ကျူးကော့ရှင်းကို တိုးညင်းစွာ ပြောသည်။

“ငါ စောင့်နေမယ်…” ကျူးကော့ရှင်းက ခံစားချက် ကင်းမဲ့စွာ ပြောသည်။

နောက်အရပ် တစ်ခုတွင် ပိုင်စီ၏အကြည့်က သူတို့ထံ ရောက်လာသည်။ သူ၏အကြည့်က ဟွာဂျီယူထံတွင် ရပ်တန့်သွားပြီးမှ ကျူးကော့ခမ်ယန်နှင့် ကျူးကော့မင်းယွီကို လေးစားသည့် အမူအရာဖြင့် အရိုအသေ ပေးသည်။ ကျူးကော့ခမ်ယန်က ခေါင်းညိတ်သော်လည်း ကျူးကော့မင်းယွီက ဘာမှ တုံ့ပြန်ခြင်း မရှိပေ။

သည်မတိုင်မီက ပိုင်စီအား ပိုင်လွေလီက သူမနှင့် ဟွာဂျီယူထံကို ခေါ်ပြီး လာတွေ့သည်။ သို့သော် သူမက ငြင်းပယ်ခဲ့သည်။ သူတို့နှစ်ယောက်က သူမနှင့် ရင်းနှီးခြင်းလည်း မရှိပေ။ အဘယ်ကြောင့် သီးသန့် လာတွေ့ရသနည်း။

တိမ်ဖြူမြို့၏ မျိုးဆက်များက ဖျက်ဆီးခြင်း မျက်လုံးကို ပိုင်ဆိုင်ကြကာ အလွန် ကြောက်မက်ဖွယ် ကောင်းသော စိတ်ဝိညာဉ် ပညာရှင်များ ဖြစ်ကြသည်။ သူတို့က လေထဲမှ သဘာဝ စွမ်းအင်များကို တိုက်ရိုက် ထိန်းချုပ်နိုင်ကာ တစ်ဖက်လူ၏ စိတ်ကို တိုက်ခိုက်နိုင်သည်။ တိမ်ဖြူမြို့က မြေရိုင်းဒေသတွင် အားအကောင်းဆုံးသော စိတ်တန်ခိုးရှင်များ ဖြစ်သည်ဟု လူအများအပြားက သတ်မှတ်ကြသည်။

ဟွာဂျီယူကား ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်ဖြစ်ကာ ဖျက်ဆီးခြင်း မျက်လုံးနှင့် ဆင်တူသည်။ တိမ်ဖြူမြို့မှ တန်ခိုးရှင်များက ပုံမှန်အားဖြင့် ဟွာဂျီယူကို စိတ်ဝင်စား ကြပေသည်။ ထို့အပြင် သူမ၏ အလှကလည်း မြေရိုင်းဒေသတွင် ရှားမှ ရှားသော အလှဖြစ်ပေသည်။

သူတို့အုပ်စုက တစ်နေရာကို ရောက်လာသည်။ ထိုနေရာတွင်ကား တော်ဝင်ကျဲ နန်းတော်မှ​အကြီးအကဲများ စုရုံးနေကြ၏။ ထိုအထဲတွင် တိမ်ဖြူမြို့သခင်လေး ပိုင်လွေလီလည်း ရှိနေသည်။ သူက ထိုနေရာတွင်ပင် ရပ်ကာ အကြီးအကဲများနှင့် အေးအေးလူလူ စကားပြောနေသည်။ ရီဖူရှင်းက မနီးမဝေးမှနေ၍ ပိုင်လွေလီကို ကြည့်သည်။ သူကား အမှန်ပင် ထူးခြားသော ကိုယ်ရောင် ကိုယ်ဝါနှင့် ချောမောသော ရုပ်ရည်ရှိကာ ထက်မြက်ဟန် ရသည်။ မှန်သည်… ရီဖူရှင်း၏ အကြည့်က သိပ်ရင်းနှီး ဖော်ရွေဟန်တော့ မရှိပေ။ မည်သို့ဆိုစေ သူကား အစ်ကိုသုံး၏ ပြိုင်ဘက် ဖြစ်သည်။ ပိုင်လွေလီက ရီဖူရှင်း၏ အကြည့်ကို ခံစားမိဟန်တူကာ ပြန်ကြည့်သည်။ ထို့နောက် သူက ရီဖူရှင်းကို ပြုံးလျက် ခေါင်းညိတ်ပြသည်။ သူ၏အပြုံးက လူအများအား ကောင်းမွန်သော ခံစားချက်ကို ပေး၏။

“မင်းယွီ… မင်းမောင်လေးရဲ့ ပါရမီက တော်တော် မြင့်တယ်…” ပိုင်လွေလီက ကျူးကော့မင်းယွီကို ပြုံးလျက် ပြောသည်။

“သူက အဆင်ပြေတယ်… ငါ့မောင်ငယ်လေးရဲ့ ပါရမီနဲ့ဆို သူက မကြာခင် ကောင်းကင်မြေရိုင်း အဆင့် တစ်ဆယ်အတွင်းကို ဝင်လိမ့်မယ်…” ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်။ ပိုင်လွေလီက အတန်ကြာ မှင်တက်နေပြီးမှ ပြုံးလျက် ခေါင်းယမ်းသည်။ သူက ကျူးကော့မင်းယွီကို အမှန်ပြော၍ မနိုင်ပေ။ မည်သို့ဆိုစေ သူကား ကောင်းကင်မြေရိုင်း အဆင့် တစ်ဆယ်နေရာတွင် ရှိပေသည်။

“ဦးလေးထို့ကျန်း… ရီဖူရှင်းနဲ့ဟွာဂျီယူက တကယ်ပဲ ပါရမီမြင့်တယ်… သူတို့က အနာဂတ်မှာ အောင်မြင်မှာ သေချာတယ်… ဘာလို့ သူတို့ကို မခေါ်တာလဲ…” ပိုလွေလီက ရှီတန်ခိုးရှင် ထို့ကျန်းကို ကြည့်ကာ မေးသည်။ ရှီတန်ခိုးရှင် ထို့ကျန်းက ပြုံးလျက် ခေါင်းညိတ်သည်။ သူက ဤမတိုင်မီ ဟွာဂျီယူကို ဖိတ်ခေါ်ခဲ့ သော်လည်း သူမက ရီဖူရှင်း သွားလိုသည့် နေရာကို သွားမည်ဟု ပြောခဲ့သည်။

“မင်းတို့ အားလုံးက တော်ဝင်ကျဲ နန်းတော်ကို ရောက်လာကြတယ်… တကယ်လို့ မင်းတို့ထဲက ငါ့နန်းဆောင်ကို ရွေးချယ်တဲ့လူရှိရင် မနက်ဖြန် မင်းတို့ကို ငါခေါ်မယ်…” ရှီတန်ခိုးရှင် ထို့ကျန်းက ရီဖူရှင်းကို ပြောသည်။

ရီဖူရှင်းက ထူးဆန်းသလို ခံစားရသည်။ အကယ်၍ အကြီးအကဲ တစ်ယောက်က သူ့အား ဖိတ်ခေါ်ပါက သူက အစ်မနှစ်၏အမြင်ကို တောင်းမည် ဖြစ်သည်။ သို့သော်လည်း ပိုင်လွေလီက သူ့အပေါ် ကောင်းမွန်သော သဘောထားကို ပြကာ အကြီးအကဲ တစ်ယောက်အား တောင်းဆိုခဲ့သည်။ အကယ်၍ သူလက်ခံခဲ့ပါက ပိုင်​လွေလီအပေါ် သူက ကျေးဇူးတင် ရပေတော့မည်။ နောင်တွင် အစ်ကိုသုံးကို သူက မည်သို့ မျက်နှာချင်း ဆိုင်ရမည်နည်း။

“ကျွန်တော် သေသေချာချာ စဉ်းစားပါ့မယ်…” ရီဖူရှင်းက အရိုအသေပေးကာ ပြောသည်။ သူ့တွင် တခြားအတွေးများ ရှိသည့်တိုင် တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲ တစ်ယောက်ကို သူက တိုက်ရိုက် ငြင်းပယ်၍ မဖြစ်ပေ။

“ရှီတန်ခိုးရှင် ထို့ကျန်းက မင်းကို ကိုယ်တိုင် ဖိတ်ခေါ်နေတယ်… မင်းက စဉ်းစားချင် သေးလို့လား…” အေးစက်သော အသံတစ်ခု ဘေးနားမှ ကြားရသည်။ ရှီတန်ခိုးရှင် ထို့ကျန်းက ပြုံးလျက်ပင် ထိုလူကို ပြန်ပြောသည်… “နန်ဆန်း… ဒါက အဆင်ပြေတယ်…”

သူ၏မျိုးရိုးနာမည်က နန်ဖြစ်နေကတည်းက ရီဖူရှင်းက သိလိုက်သည်။

“မင်းတို့ အားလုံးက တော်ဝင်လမ်းကို ဖြတ်ပြီး ထိပ်ဆုံး ဆယ်နေရာအထိ ရောက်လာကြတယ်… တကယ်လို့ ငါ့လက်အောက်မှာ လေ့ကျင့်ချင်တဲ့လူရှိရင် ငါ လက်ခံပေးမယ်… ဒါမှမဟုတ်ရင်လည်း ကိုယ်တိုင် လေ့ကျင့်လို့ရတယ်…” ရှီတန်ခိုးရှင် ထို့ကျန်းက လူအုပ်အား ကြည့်ကာ ပြောသည်… “မင်းတို့က ကိုယ့်ဘာသာ ဆုံးဖြတ်လို့ရတယ်…”

“ရှီတန်ခိုးရှင် ထို့ကျန်းက အသိပညာ ကြွယ်ဝပြီးတော့ တန်ခိုးကျင့်ရာမှာ ထူးခြားတဲ့ အတွေးအမြင်တွေ အများကြီး ရှိတယ်လို့ ဆရာက ပြောတယ်… ဒါကြောင့် သူက ကျွန်မကို စီနီယာဆီမှာ လေ့ကျင့်ဖို့ ဆရာက မှာလိုက်ပါတယ်…” အသံတစ်သံ ထွက်လာသည်။ အားလုံးက သူမကို လှမ်းကြည့်ကြသည်။ သူမကား သာမန်ဝတ်စုံကိုသာ ဝတ်ဆင်ထား သော်လည်း လူသား တစ်ယောက်နှင့်ပင် မတူဘဲ လှပလွန်းသည်။

“မင်းရဲ့ ဆရာက ထာဝရ အဘိုးအိုလား…” ရှီတန်ခိုး ရှင်ထို့ကျန်းက မေးသည်။

“ဟုတ်ကဲ့…” ဖီးနစ်က ပြန်ပြောသည်။

“ကောင်းပြီ… မင်းက ငါ့လက်အောက်ကို လာလို့ရတယ်…” ရှီတန်ခိုးရှင် ထို့ကျန်းက ပြုံးလျက် ခေါင်းညိတ်သည်။

“ကျေးဇူးတင်ပါတယ် … စီနီယာ…” ဖီးနစ်က ဦးညွှတ်ကာ ပြောသည်။

“အိမ်တော် ခေါင်းဆောင်က ကျွန်တော့်ဓားပညာကို ပိုမိုထူးချွန်တောင် စီနီယာ ဓားမိစ္ဆာဆီမှာ သင်ယူဖို့ မှာကြားလိုက်ပါတယ်… စီနီယာက ကျွန်တော့်ကို လက်ခံမှာပါလား…” စုချွဲ (ရွယ်ချွဲမှ စုချွဲသို့ ပြောင်းလဲ ဖတ်ရှုပေးပါရန်…) စုချွဲက ဓားမိစ္ဆာကို မေးသည်။

“ကောင်းပြီ…” ဓားမိစ္ဆာက ခေါင်းညိတ်သည်တွင် စုချွဲက သူ့အား ကျေးဇူးတင်သည်။

“မင်းက မှော်နက်သခင်ရဲ့ တပည့်လား…” တစ်ယောက်က ရှောင်ကျွမ်ရီကို မေးသည်။

“ဟုတ်ကဲ့…” ရှောင်ကျွမ်ရီက ခေါင်းညိတ်သည်။

“မင်းက ဘာလို့ တော်ဝင်လမ်းကို လာခဲ့တာလဲ… လူသတ်ပြီး မင်းစွမ်းရည်ကို အားကောင်းအောင် လုပ်မလို့လား…” ထိုအကြီးအကဲက ထပ်မေးသည်။

“တကယ်လို့ စီနီယာက ဒါကို သဘောမကျဘူးဆိုရင် ကျန်တဲ့ ယှဉ်ပြိုင်မှုတွေက ကျုပ် နုတ်ထွက်ပေးလို့ရတယ်…” ရှောင်ကျွမ်ရီက ပြန်ပြောသည်။

“တော်ဝင်ကျဲ နန်းတော်က သူတို့ရဲ့စည်းမျဉ်းကို သွယ်ဖည်ပြီး မလုပ်ဘူး…” ရှီတန်ခိုးရှင် ထို့ကျန်းက ရှောင်ကျွမ်ရီကို ပြောသည်။

“မင်းကရော… မင်းရဲ့ ဆရာက ဘယ်သူလဲ…” တစ်ယောက်က ယူချင်းကို မေးသည်။ လူအများအပြားက ယူချင်းကို ကြည့်ကြသည်။ သည်ကောင်လေးကား အလွန် အားကောင်းသော မိစ္ဆာပညာကို လေ့ကျင့်ပြီး သူ၏မူလဇာတိကို အားလုံးက စိတ်ဝင်စားကြသည်။ သို့သော် ယူချင်းက ဘာမှ​မပြောပေ။ သူ၏အဖေနှင့် ပတ်သက်သည်များကို သူက ထုတ်ပြောမည် မဟုတ်ပေ။ ယခု သူ၏ တန်ခိုးအဆင့်က ပိုမို အားကောင်းလာရာ သူ့အဖေက မည်သို့သော လူမျိုးဖြစ်သည်ကို သူလည်း သိလိုပေသည်။

တော်ဝင်ကျဲ နန်းတော်မှ လူများက ထိုကိစ္စကို ဆက်မမေးကြတော့ပေ။ ပိုင်လွေလီက ဟောင်ကျူဂီကို ကြည့်ကာ ပြုံးလျက်မေးသည်… “အရင်တုန်းက ဟောင်မိသားစုတွေ တော်ဝင်ကျဲ နန်းတော်ကို လာပြီး လေ့ကျင့်လေ့ မရှိကြဘူး… အခု သူတို့က ဘယ်လိုလုပ် စိတ်ဝင်စား ကြရတာလဲ…”

“ကျုပ်တို့ စိတ်မဝင်စားပါဘူး…” ဟောင်ကျူဂီက တည့်တိုးပင် ပြန်ဖြေသည်… “တော်ဝင်ကျဲ နန်းတော်က တပည့်တွေကို ဘယ်လို စံသတ်မှတ်ချက်တွေနဲ့ ရွေးချယ်လဲ ကျုပ်က သိချင်လို့ လာခဲ့တာ…”

“တကယ်လို့ မင်း စိတ်ဝင်စားရင် ကျုပ်က ဆရာကောင်း တစ်ယောက်ဆီကို မိတ်ဆက်ပေးမယ်…” ပိုင်လွေလီက ပြုံးလျက်ပြောသည်။ ဟောင်ကျူဂီက သူ့အား ကြည့်သည်။ ဟောင်မိသားစု၏ အဆင့်အတန်းဖြင့် သူက တော်ဝင်ကျဲ နန်းတော်တွင် ပိုင်လွေလီက မည်သည့်နေရာတွင် ရှိသည်ကို သိသည်။ သူသာ ခေါင်းညိတ်လိုက်ပါက သူက ထိုပုဂ္ဂိုလ်ကြီး၏ လက်အောက်တွင် လေ့ကျင့်ခွင့် ရနိုင်ပေသည်။ သို့သော်လည်း ပိုင်လွေလီ၏ ဖိတ်ခေါ်မှုနှင့်ပင် သူက ဘာမှ မပြောပေ။ ဟောင်မိသားစုက တော်ဝင်ကျဲ နန်းတော်ထက် မနိမ့်ကျဟု သူက ယုံကြည်သည်။

“ကောင်းပြီ… မနက်ဖြန် မင်းတို့ စွမ်းဆောင်ရည်တွေကို တခြား အကြီးအကဲတွေကလည်း လာကြည့်ကြလိမ့်မယ်… ကောင်းကောင်း စွမ်းဆောင်ကြ…” ရှီတန်ခိုးရှင် ထို့ကျန်းက ပြုံးလျက် ပြောကာ ထွက်သွားသည်။ တော်ဝင်ကျဲနန်းတော်မှ အရေးပါသော ပုဂ္ဂိုလ်များက သူ့နောက်မှ လိုက်ပါ သွားကြသည်။

ရီဖူရှင်းက သည်စကားဝိုင်း၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ သို့သော် ကျူးကော့ခမ်ယန်နှင့် ကျူးကော့မင်းယွီတို့က နားလည်ကြသည်။ ကြည့်ရသည်မှာ တော်ဝင်ကျဲနန်းတော်မှ​ အကြီးအကဲများက တစ်ခုခုကို တိုးတိတ်စွာ သဘောတူထားကြပြီး ဖြစ်ဟန်ရသည်။

သူတို့ ထွက်သွားပြီးနောက် ရှောင်ကျွမ်ရီ၊ ယန်ကျန်း၊ ဖီးနစ်နှင့် တခြားလူများ အားလုံးက နောက်လှည့်ကာ အောက်ကို ဆင်းသွားကြသည်။ သို့သော် ပိုင်စီက ကျူးကော့မင်းယွီထံ လျှောက်သွားကာ အရိုအသေပေးလျက် ပြောသည်… “ဒီမတိုင်ခင် အစ်ကိုလွေလီကို အပူကပ်ပြီး လာလည်ခဲ့ပေမဲ့ ကံမကောင်းခဲ့ဘဲ ဒုတိယ သခင်မလေးနဲ့ မိန်းကလေး ဂျီယူကို တွေ့ခွင့်မရခဲ့ဘူး… အခု နှစ်ယောက်လုံးကို တွေ့ရပြီးတဲ့နောက်မှာ အရမ်းကို အံ့အားသင့်ဖွယ် လှတယ်ဆိုတာ တွေ့ရပါတယ်…”

ကျူးကော့မင်းယွီက ပိုင်စီကို ကြည့်ကာ သူ ဘာပြောချင်သည်ကို နားမလည်ပေ။

ပိုင်စီက ဆက်ပြောသည်… “ကျွန်တော့်ရဲ့ အစ်ကိုက မြေရိုင်းဒေသမှာ အကောင်းဆုံး တစ်ယောက်ပါ… အခု ကျွန်တော်က ဒုတိယ သခင်မလေးကို မြင်တော့ နှစ်ယောက်က အရမ်း လိုက်ဖက်မယ်လို့ တွေးမိပါတယ်…”

ကျူးကော့မင်းယွီ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ လူအများအပြားက သူတို့ကို လှမ်းကြည့်ကြသည်။ မြေရိုင်းဒေသ တစ်ခုလုံးက ပိုင်လွေလီနှင့် ကျူးကော့မင်းယွီ အကြောင်းကို သိကြသော်လည်း ပိုင်စီက အဘယ်ကြောင့် ယခုမှ​ လာပြောနေရသနည်း။

“ပိုင်စီ…” ပိုင်လွေလီက သူ့အား လှမ်းအော်သည်။ ပိုင်စီက မကြားသလိုပင် ကျူးကော့မင်းယွီကို ဆက်ပြောသည်။ သူပြောသလိုပင် သူ၏အစ်ကို ပိုင်လွေလီကား ပြိုင်ဘက်ကင်းသည်။ သို့သော်လည်း ကျူးကော့မင်းယွီက တမင်ပင် သူ့ကို ရှောင်ဖယ်နေခြင်းက သူ့အစ်ကိုသည် ကျူးကော့မင်းယွီအား အတင်း လိုက်ကပ်နေသကဲ့သို့ ဖြစ်နေသည်။ မည်သို့ဆိုစေ ပိုင်စီက သဘောမကျပေ။

ကျူးကော့မင်းယွီက ထိုသို့လုပ်ရန် အခွင့်အရေး ရှိပါသလော…။ သူ၏အစ်ကိုက မြေရိုင်းဒေသမှ မည်သည့် မိန်းမလှကိုမဆို ရယူနိုင်စွမ်း ရှိသည်။

“တိမ်ဖြူမြို့ ဒုတိယသခင်လေးက ကိုယ့်ကိစ္စကိုကိုယ် စိတ်ထဲ ထည့်ပါ…” ကျူးကော့မင်းယွီက ပိုင်စီကို အေးစက်စွာ ပြောသည်။

ပိုင်စီက ကျူးကော့မင်းယွီကို ကြည့်ကာ အရိုအသေ ပေးသည်… “တကယ်လို့ ပိုင်စီ ပြောတာက ဒုတိယ သခင်မလေးကို မပျော်မရွှင် ဖြစ်သွားစေတယ် ဆိုရင် တောင်းပန်ပါတယ်… ဒီမတိုင်ခင်က မိန်းကလေး ဂျီယူကို တွေ့ချင်ပေမဲ့ တွေ့ခွင့်မရခဲ့ပါဘူး… အခုမှ သူမကို မြင်ခဲ့ရတယ်… ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်တွေက တကယ်ပဲ အမြင့်ဆုံး အတန်းအစား မှော်ပညာရှင်တွေပါ… သူမက တန်ခိုး အဆင့်နိမ့်လို့ ပြိုင်ပွဲက ထွက်ခဲ့ရပေမဲ့ အချိန် ကြာလာတာနဲ့အမျှ သူမက ပိုပြီး အားကောင်း လာမှာပါပဲ… ဒါကြောင့် ဒုတိယ နန်းတော် သခင်ဆီမှာ လေ့ကျင့်ဖို့အတွက် အစ်ကိုက တစ်ဆင့် မိတ်ဆက် ပေးခိုင်းရင် မကောင်းဘူးလား…”

***


Comment

Leave a Reply

Options

not work with dark mode
Reset