Switch Mode

အခန်း ( ၇ )

တစ်ကမ္ဘာလုံးမှ တူးဖော်ရေးသမားများ

ဝမ်ပေါင်လဲ့၏ လိမ်ညာဖြေဆိုခဲ့သည့် သတင်းများ ပျံ့နှံ့သွားသည့်အခါ ယခင်က အုတ်အော်သောင်းနင်း ဖြစ်ခဲ့သည်နှင့်အညီ လူအားလုံး ထိတ်လန့်တုန်လှုပ်သွားကြရသည်။ ဝမ်ပေါင်လဲ့အကြောင်း သတင်းစကားများ ပြန်ပေါ်လာပြီး ကျောင်းသားသစ်များအကြားတွင် ရေပန်းအစားဆုံး အကြောင်းအရာ ဖြစ်လာသည်။ စီနီယာ ကျောင်းသားများ၏ သတင်းများပင် ဝမ်ပေါင်လဲ့အကြောင်းနှင့် ယှဉ်လျှင် မှေးမှိန်သွားရသည်။

ဝမ်ပေါင်လဲ့ကို ပြစ်ဒဏ်ချမှတ်ရန် ဝိညာဉ်ကွန်ရက်ပေါ် တိုက်ရိုက်တင်ကာ ဒေါသတကြီး တောင်းဆိုကြသူ အများအပြားပင် ရှိခဲ့သည်။

ဝမ်ပေါင်လဲ့မှာ သူ ထင်ထားသည့်အတိုင်း သူ အကြောက်ဆုံးအရာများ ဖြစ်လာသည်ကို တွေ့ရသောအခါ သက်ပြင်းကိုသာ ချလိုက်သည်။ သူက နတ်ဝိဇ္ဇာဂူထဲတွင် စိတ်ပျက်လက်ပျက် ထိုင်ကာ ဝမ်းနည်းကြေကွဲစွာ လှည့်ပတ်ကြည့်နေမိသည်။

ဝမ်ပေါင်လဲ့က ကြိတ်မှိတ်၍ သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ “ ကောင်းကင်ဘုံက လူတစ်ယောက်ကို မဟာရုံးတော်တစ်ဆောင် ပေးအပ်မည်ဆိုလျှင် သူ့စိတ်ကို ဒုက္ခများဖြင့် လေ့ကျင့်ပေးကာ အရိုးအသားများကို ပင်ပန်းအောင် ဖိနှိပ်သည် “ ဟု ဆိုရိုးရှိသည်။
” ကောင်းကင်ဘုံက ငါ့ကို စမ်းသပ်နေတာလား ”

သူသည် အလွန် ကြီးမားသော ဒုက္ခအခက်အခဲတစ်ခုကို ရင်ဆိုင်နေရသည်ဟု ထင်မိသည်။ ခြေလှမ်းလေး တစ်ချက်မှားလျှင်ပင် သူ ဘဝပျက်သွားနိုင်သည်။ တဒင်္ဂကြာ တုန်လှုပ်နေပြီးနောက် သူက အဖြေတစ်ခု ရှာတွေ့ရန် ခေါင်းတစ်ခုလုံး ချာချာလည်အောင် စဉ်းစားအကြံထုတ်နေတော့သည်။

ရက်အနည်းငယ် ကြာပြီးနောက် ကောင်းကင်တာအိုကျောင်း၏ အဆင့်နိမ့်ကျွန်းရှိ ဌာနအသီးသီးက ကျောင်းသားသစ်များအတွက် ပထမဆုံး သင်ခန်းစာများကို စတင်လိုက်သည်။ ထိုနေ့တွင် ဝမ်ပေါင်လဲ့သည် အိတ်သေးသေးလေးကို လွယ်ကာ နတ်ဝိဇ္ဇာဂူထဲမှ တည်ကြည်လေးနက်သော အမူအရာဖြင့် ထွက်လာသည်။

” ရေးကြီးခွင်ကျယ်လုပ်နေစရာ မလိုပါဘူး။ ဘာမဟုတ်တဲ့ ကိစ္စလေးကို၊ ဘာကြောက်နေစရာ ရှိလဲ”
ဝမ်ပေါင်လဲ့က ဓါးနေမင်းကြီးကို မော့ကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ မျက်လုံးများမှာ စိတ်ပိုင်းဖြတ်ထားသည့်ဟန်ရှိသည်။ အထူးဝင်ခွင့်ရ ကျောင်းသားဝတ်ရုံကို ဝတ်ဆင်ကာ ဓမ္မလက်နက်ဌာန၏ ပင်မခန်းမ သုံးခန်းထဲမှ တစ်ခန်း ဖြစ်သည့် ဝိညာဉ်ကျောက်တုံးခန်းမဆီသို့ ဦးတည် လျှောက်လှမ်းလာခဲ့သည်။

ကျောင်းသားများသည် ခန်းမဆီသို့ အုပ်စုလိုက် သွားနေကြသည်။ သူတို့အားလုံး အတန်းတက်ရမည်ကို စိတ်ဝင်တစား စောင့်မျှော်လျက်ရှိသည်။ သူတို့သည် စကားတပြောပြောနှင့် ခပ်သွက်သွက် လျှောက်လာကြသည်။ သို့သော် သူတို့သည် အနီရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ဝမ်ပေါင်လဲ့ကို တွေ့သောအခါ အံ့အားသင့်သွားကြသည်။ သူတို့သည် ချက်ချင်းပင် မှတ်မိသွားကာ အမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့ တီးတိုးပြောနေကြသော ခေါင်းစဉ်များမှာလည်း လျင်မြန်စွာပင် ဝမ်ပေါင်လဲ့အကြောင်း ဖြစ်သွားကြသည်။

” အဲဒါ ဝမ်ပေါင်လဲ့လေ”

” သူ တကယ်ကြီး ပေါ်လာတာပဲ ”

” ပြောကြည့် … သူ တာအိုကျောင်းတော်မှာ ဘယ်လောက်ကြာကြာနေနိုင်မယ် ထင်လဲ၊ ဆရာတစ်ယောက်က တခြားသူတွေကိုလည်း သတိပေးတဲ့အနေနဲ့ သူ့ကို ကျောင်းထုတ်ပစ်ဖို့ တောင်းဆိုတယ်လို့ ငါ ကြားတယ် ”

ကျောင်းသားအားလုံးက တီးတိုးပြောဆိုနေကြသော်လည်း ဝမ်ပေါင်လဲ့က လမ်းတစ်လျှောက်တွင် ကျောင်းသား အများအပြားကို တွေ့ခဲ့ရသည်။ တချို့စကားများက သူ့နားထဲထိ ရောက်လာကြသည်။ အခြားလူများဆိုပါက စိုးရိမ်ပူပန်စိတ်ကို ကောင်းစွာ ဖုံးကွယ်မထားနိုင်သည်မှာ သေချာသည်။ သို့သော် ငယ်စဉ်ကတည်းက အဆင်မြင့်အရာရှိများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိများကို လေ့လာထားသည့် လူထူးဆန်း ဝမ်ပေါင်လဲ့အတွက် မျက်နှာပြောင်တိုက်သည်မှာ အကျင့်တစ်ခုပင် ဖြစ်နေလေပြီ။ သူသည် ခန်းမဆောင်သို့ တည်ငြိမ်စွာတန်းတန်းမတ်မတ် လျှောက်လာသည်။

ခန်းမတည်ရှိသည့် ကျောက်စင်မြင့်က နေရာ ကျယ်ကျယ်ယူထားပြီး လူတစ်သောင်း ဝင်ဆံ့သည်။ ရိုးရိုးရှင်းရှင်းဆောက်လုပ်ထားသော်လည်း ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက်နေသည်။ ကျောက်တိုင်ကြီးရှစ်တိုင်က
ဧရာမ ဇာမဏီပျံ စာသင်ဆောင်အမိုးကို ထောက်ထားသည်။

အဝင်ဝမှာ ဆူညံနေသည်။ စာသင်စင်မြင့်မှတစ်ပါး များစွာသော စားပွဲနှင့် ကုလားထိုင်များသည် လှေကားထစ်သဖွယ် ဆင့်ကာ တည်ရှိသည်။ ထိုခုံများတွင် လူများ ပြည့်နေပြီး ခန်းမထဲရှိ အာရုံအဖမ်းစားနိုင်ဆုံးသော အရာမှာ စာသင်စင်မြင့် ညာဘက်ရှိ ဧရာမကျောက်နံရံကြီး ဖြစ်သည်။

ကျောက်နံရံမှာ အပြာရောင် ဖြစ်ပြီး ၎င်းပေါ်တွင် နာမည်ပေါင်း ရာဂဏန်းခန့် ရှိသည်။ နာမည်တစ်ခုချင်းစီ၏ ဘေးတွင် ဂဏန်းများ ရေးထိုးထားသည်။ ပထမနေရာ၏ ဘေးတွင် နံပါတ် ( ၉၀ ) ကိုရေးထားပြီး တစ်ရာမြောက်နေရာတွင် ( ၈၂ ) ရေးထိုးထားသည်။ ထိုဂဏန်းများ၏ နောက်တွင် ဂဏန်းအသေးများ အတန်းလိုက် ရှိနေသည်။

ခန်းမ ဝင်ပေါက်ဘေး အပြင်ဘက်တွင် ကြီးမားသော ကျောက်တုံးကြီးတစ်တုံး ရှိနေသည်။ ၎င်းပေါ်တွင် ဓမ္မလက်နက်ဌာန၏ ဆောင်ပုဒ်ကို ရေးထားသည်။

” ဓမ္မအဆောင်တွေ၊ ရတနာတွေနဲ့ အနန္တတာအိုကို ဖီဆန်မယ်။ အဖြေမထွက်ရင် နတ်ဘုရားလက်နက်နဲ့ ချေမှုန်းမယ် ”

ဝမ်ပေါင်လဲ့က ထိုကျောက်တုံးအနီးသို့ ရောက်လာလျှင် ထင်ရှားသော ကျောင်းသားသစ်များနှင့် စီနီယာ ကျောင်းသားများ ရှိနေသည့်တိုင် ကျောက်တုံးပေါ်မှ ဆောင်ပုဒ်ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

စာကြောင်းများမှာ အားမာန်အပြည့်ရှိလှသည်။ ဓမ္မတာအိုသည်သာ အနန္တတာအို ( တာအိုအလုံးစုံ ) ကို ဖိနှိပ်ချုပ်ကိုင်ထားနိုင်သည့်အလားပင်။ ဝမ်ပေါင်လဲ့သည် အတွေးထဲတွင် နစ်မြောနေသည့်တိုင် ထိုစကားလုံးများကို မြင်သောခဏဝယ် မှင်သက်မိကာ ရပ်တန့်လိုက်မိသည်။

ဝမ်ပေါင်လဲ့သည် ယခင်က ဓမ္မလက်နက်ဌာနတွင် စိတ်ဝင်စားသည်ဆိုရုံမျှသာ ရှိခဲ့သော်လည်း ထိုစာကြောင်းကို ဖတ်ပြီးသည့် အချိန်တွင် ဓမ္မလက်နက်ဌာနကို ပို၍ သဘောကျသွားသည်။

” ငါ့ကို ထုတ်ဖို့ ကြိုးစားတယ်ပေါ့၊ ဟာသပဲ၊ ငါ ဝမ်ပေါင်လဲ့က အဆင့်မြင့်အရာရှိတွေရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို လေ့လာခဲ့တာ ဆယ်နှစ်ရှိပြီ။ ငါ ဘယ်လိုမုန်တိုင်းမျိုး မကြုံဖူးတာရှိလဲ”
ဝမ်ပေါင်လဲ့က စိတ်ကို စုစည်းကာ ခန်းမထဲသို့ ခြေလှမ်းချကာ တည့်တည့်မတ်မတ် ဆက်ဝင်လာခဲ့သည်။

သူ၏ မြင်သာထင်ရှားလှသော ဝတ်ရုံနီကြီးသည် ခန်းမထဲတွင် ပေါ်လာသည်နှင့် တမုဟုတ်ချင်းပင် သူ့ဘေးမှ ကျောင်းသားများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။ ပထမဆုံးအနေဖြင့် ဝမ်ပေါင်လဲ့၏ နာမည်ကို အော်လိုက်သည့် စူးရှသော အသံပိုင်ရှင်မှာ မည်သူဖြစ်မှန်း မသိရပေ။

ထိုအော်သံထွက်လာပြီးနောက် မရေတွက်နိုင်လောက်အောင် များပြားသည့် မျက်လုံးများက ဝမ်ပေါင်လဲ့ထံ ချက်ချင်း ကျရောက်လာကြသည်။ လူတစ်သောင်းကျော်တို့၏ အကြည့်များက လူတစ်ယောက်တည်းအပေါ်တွင် ကျရောက်နေသည်။ ထိုသို့သော ဖိအားမျိုးက တစ်စုံတစ်ယောက်ကို ချည့်နဲ့ ပျော့ခွေသွားစေနိုင်သည်။ အထူးသဖြင့် လူအုပ်ကြီးဆီမှ လှောင်ပြောင်အော်ဟစ်သံများ ထွက်လာသောအခါတွင် ဖြစ်ပေသည်။

” ဝမ်ပေါင်လဲ့၊ မင်းက အတန်းလာရတာကို ရှက်ရောရှက်လား ”

” ဘာ အထူးဝင်ခွင့်ရ ကျောင်းသားလဲ၊ ကလိမ်ကကျစ်ကျပြီး ရလာတာများ၊ အဲဒီလိုလူက အပြစ်ပေးမခံရဘူးဆိုရင် ဘယ်လိုလုပ်ပြီး တရားမျှတမှုရှိမှာလဲ ”

” ဝမ်ပေါင်လဲ့၊ မင်းကို ဒီကနေ မကြိုဆိုဘူးကွ”

အခြားအကြောင်းအရာများဆိုပါက ထိုမျှအထိ တစ်ယောက်မှ တည့်တိုးပြောမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့ ကျောင်းသားသစ်များ အကြားတွင် အငြှိုးအတေးကြီးကြီး မရှိထားသည် မဟုတ်လော။ သို့သော် ခန်းမကျယ်ကြီးထဲ လူများစွာ ရှိနေသည်ဖြစ်၍ အခြေအနေက စိတ်ခံစားချက်များကို အလွယ်တကူ ထကြွစေနိုင်သည်။ ချက်ချင်းပင် သူ့ကို အပြစ်ပေးရန် တောင်းဆိုသံများ ကျွက်ကျွက်ညံသွားသည်။

လျှိုတောက်ပင်းသည်လည်း လူအုပ်ထဲတွင် ရှိနေသည်။ သူသည် စိတ်နှစ်ခွဖြစ်ကာ ဝမ်ပေါင်လဲ့ကို ကြည့်ရင်း ကျိတ်ကာ သက်ပြင်းချလိုက်သည်။ သူသည် စိတ်ထဲတွင် ထူးဆန်းသည့် ခံစားချက်လည်း ရှိနေသည်။ ဝမ်ပေါင်လဲ့က လိမ်လည်ဖြေဆိုခဲ့သည်ကို သိသည့်တိုင် သူ၏စိတ်ထဲမှ သွေးသံရဲရဲ မြင်ကွင်းကို ဖယ်ထုတ်မရသေးပေ။

” ငါသာဆိုရင် လှည့်ထွက်သွားမှာပဲ ”
လျှိုတောက်ပင်းက အခြေအနေကို သုံးသပ်ကာ ခေါင်းယမ်းလိုက်သည်။ ဝမ်ပေါင်လဲ့သည် အဝင်ဝတွင် ရပ်နေဆဲပင်။ ရုတ်တရက် သူက ခပ်တည်တည်နှင့် သူ့အိတ်ထဲမှ အော်လံအား ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသောအခါ လျှိုတောက်ပင်း၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ ဝမ်ပေါင်လဲ့သည် အော်လံကို ပါးစပ်နားသို့ တေ့ပြီး မျက်လုံးများ ပြူးကာ ရုတ်ချည်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
” အားလုံး ပါးစပ်ပိတ်ကြ ”

သူက အော်ဟစ်လိုက်သည့်အပြင် အော်လံ၏ အထူးအသံချဲ့စွမ်းအားကြောင့် မိုးကြိုးကဲ့သို့ ဟိန်းသံကြီး ထွက်ပေါ်လာသည်။ ခန်းမတစ်ခွင် ဟိန်းထွက်သွားကာ လူပေါင်းတစ်သောင်း၏ အသံများကို ဖုံးလွှမ်းသွားသည်။

ဝမ်ပေါင်လဲ့နှင့် နီးကပ်ကာ အကျယ်ဆုံး လှောင်ပြောင်ခဲ့သူများမှာ အော်သံကြီးကြောင့် ခလုတ်တိုက်မတတ် ဖြစ်သွားသည်။ ကျောင်းသားအားလုံး နားများ အူသွားသည်ကို ခံစားလိုက်ရပြီး တခဏချင်းပင် ငြိမ်ကျသွားလေသည်။ တချို့မှာ မှင်သက်ကာ မိန်းမောနေဆဲ ဖြစ်သည်။ သူတို့သည် ကျောင်းသားတစ်ယောက်၏ အိတ်ထဲတွင် ပြတ်သားရှင်းလင်းစွာ အသံချဲ့ပေးနိုင်သော အော်လံတစ်ခု ရှိနေလိမ့်မည်ဟု ယောင်၍ပင် မတွေးမိခဲ့ကြပေ။

လူများသည် ဤနေရာသို့ စာသင်ရန် လာရောက်ကြခြင်း ဖြစ်သည်။ ကျောင်းသို့ အော်လံတစ်ခု ယူလာသည်မှာ ထူးဆန်းကာ ပဟေဠိဆန်နေသည်။

ဤသည်မှာ အမှန်တကယ် မယုံနိုင်စရာ ကောင်းလှသည်။ အပြောင်းအလဲ မြန်သော အဖြစ်အပျက်များ၊ အထူးသဖြင့် နားစည်ကွဲလောက်သည့် အော်လံ၏ အသံက ကျောင်းသားအားလုံးကို ဆွံ့အကာ ကြက်သေသေသွားစေသည်။ လျှိုတောက်ပင်းသည်ပင် ဆွံ့အကာ မလှုပ်မယှက် ဖြစ်သွားရသည်။ သူသည် ဝမ်ပေါင်လဲ့၏ လက်ထဲမှ ရယ်ချင်စရာ အော်လံကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

ဝမ်ပေါင်လဲ့သည် သူ့ရှေ့မှ မြင်ကွင်းကို စိတ်ကျေနပ်စွာ ကြည့်ပြီးနောက် သူ့အိတ်ထဲသို့ အော်လံကို တည်ငြိမ်စွာ ပြန်ထည့်လိုက်သည်။ ၎င်းသည်လည်း သူ ကိုယ်နှင့်မကွာ ဆောင်ထားသော ရတနာများထဲမှ တစ်ခု ဖြစ်သည်။ အဆင့်မြင့်အရာရှိများ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများအရ စကားပြော ပြိုင်ပွဲတစ်ခုတွင် အစွမ်းထက် အော်လံရှိခြင်းမှာ အလွန်တရာ အသုံးဝင်ကြောင်း သူ သေချာသိထားသည်။

ဝမ်ပေါင်လဲ့က ကျောင်းသားအားလုံး အံ့အားသင့်နေသည်ကို တွေ့ပြီးနောက် ခေါင်းကို မော့၍ ရင်ကို ကော့ကာ ရှေ့ဆက်လျှောက်သွားသည်။ သူသည် တွေဝေနေဟန် ရှိသော လျှိုတောက်ပင်းကို သတိထားမိလိုက်သည်။ ဝမ်ပေါင်လဲ့၏ အိတ်သေးသေးလေးကို ကြည့်ပြီးနောက် လျှိုတောက်ပင်းက သူ့ကို လက်လှမ်းပြလိုက်သည်။

” ဒီလျှိုတောက်ပင်းက အတော်စိတ်ဝင်စားစရာကောင်းတဲ့ ငနဲပဲ ”
ဝမ်ပေါင်လဲ့သည် မျက်လုံးများ လက်ခနဲ ဖြစ်သွားကာ အပြေးအလွှား နေရာယူလိုက်သည်။

ထိုအချိန်တွင် ကျောင်းသားအုပ်ကြီး သတိပြန်ဝင်လာကြသည်။ ကျောင်းသားအများစုမှာ ဒေါပွကာ ပြန်လည် တုံ့ပြန်ချင်သော်လည်း ထိုအချိန်မှာပင် ခေါင်းလောင်းသံ မြည်လာသည်။ ပိန်ပိန်ပါးပါး၊ ဆံပင်ဖြူဖြူနှင့် အနက်ရောင်တာအို ဝတ်ရုံကို ဝတ်ထားသော ဆရာတစ်ယောက် ဖြည်းဖြည်းချင်း လျှောက်ဝင်လာသည်။

သူသည် အေးစက်စက် အမူအရာရှိပြီး ခပ်ဝေးဝေးမှ ရှောင်သင့်သည့် လူစားမျိုး ဖြစ်သည်။ သူ့ထံမှ ဖိအားများ ပျံ့လွင့်နေသည်ဖြစ်၍ ခန်းမထဲမှ ကျောင်းသားများ၏ နှလုံးသားကို လှုပ်ခတ်သွားစေသည်။ သူတို့သည် ပါးစပ်များပိတ်ကာ စာသင်စင်မြင့်ပေါ်သို့ တက်သွားသော အနက်ရောင်ဝတ်ရုံနှင့်ဆရာကို တိတ်တဆိတ် ကြည့်နေလိုက်ကြသည်။

ဝမ်ပေါင်လဲ့ကလည်း အမြန်လှမ်းကြည့်လိုက်သည်။

အနက်ရောင်ဝတ်ရုံနှင့်ဆရာက လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်သည်။

” ဓမ္မလက်နက်ဌာနမှာ ခန်းမသုံးခန်းရှိတယ်။ ဝိညာဉ်ကျောက်တုံးခန်းမ၊ ကမ္ပည်းစာခန်းမ၊ ဝိညာဉ်နတ္ထိခန်းမတွေဖြစ်တယ်။ ငါက ဝိညာဉ်ကျောက်တုံးခန်းမရဲ့ ဆရာ ငါးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကျိုးယွမ်ဟိုင်ပဲ ”

” ငါ့ဘေးက ကျောက်နံရံကြီးက ဝိညာဉ်ကျောက်တုံး ကျွမ်းကျင်မှုနဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့ အဆင့်တွေပဲ။ တစ်နေ့ မင်းတို့ရဲ့ နာမည်တွေ ဒီပေါ်မှာ ရောက်လာဖို့ ငါ မျှော်လင့်တယ် ”

” ကဲ၊ အတန်းစမယ်။ ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးတွေ သန့်စင်တာကို မလေ့လာခင် မင်းတို့အားလုံးကို စည်းမျဉ်းတစ်ခု နားလည်စေချင်တယ်။ ငါတို့ ဝိညာဉ်ကျောက်တုံးတွေ သန့်စင်ချင်တဲ့အခါ ဘာလို့ ရှိသမျှ လူအားလုံးကို ချီမွေးမြူနည်းပညာရပ်ကို ကျင့်ကြံခိုင်းရတာလဲ ”
ဆရာက ပြောနေရင်း လက်သီးကို ဆုပ်လိုက်သည်။ လက်သီးဆုပ်ခန့်ရှိသည့် နို့နှစ်ရောင် ကျောက်တုံးလေးတစ်တုံးလေထဲမှ ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းက ကျောင်းသားများ၏ နှလုံးသားကို နောက်တစ်ကြိမ် လှုပ်ရှားသွားစေပြန်သည်။ လျှိုတောက်ပင်းသည် ဗဟုသုတစုံလင်လှသူဖြစ်ရာ ဝမ်ပေါင်လဲ့ဘေးတွင် ထိုင်နေရာမှ အာမေဋိတ်ပြုလိုက်သည်။ ထို့နောက် သူက ရေရွတ်လိုက်သည်။
” ဆရာကျိုးမှာ သိုလှောင်ဓမ္မအဆောင်တစ်ခု ရှိတယ်ဟ ”

ဝမ်ပေါင်လဲ့သည်လည်း အလားတူပင် မျက်လုံးပြူးကာ တအံ့တဩ ဖြစ်သွားသည်။ သူသည် သိုလှောင်ဓမ္မအဆောင်များ အကြောင်း ကြားဖူးသော်လည်း ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ၎င်းတို့ကို ကမ္ဘာပေါ်ရှိ မည်သူကမျှ မရောင်းကြပေ။ မကြာခဏပင် လေလံပွဲကြီးများ၌ ရောင်းထွက်သွားသည်ကို သတင်းများတွင် ကြားရလေ့ရှိသည်။ ယင်းအပြင် နောက်ဆုံးဈေးမှာ သူ၏ခန့်မှန်းချက်ထက် များစွာ သာလွန်နေသည်။

ကျောင်းသားများသည် ထိုနို့နှစ်ရောင် ကျောက်တုံးနှင့် အစိမ်းသက်သက် မဟုတ်ကြပေ။ ၎င်းမှာ ဝိညာဉ်ကျောက်တုံးများ သန့်စင်ရန် မရှိမဖြစ် လိုအပ်သော ဗလာကျောက်တုံး ဖြစ်သည်။

” လွန်ခဲ့တဲ့ ( ၃၇ ) နှစ်က အာကာသဓါးကြီး ရောက်ရှိလာတာနဲ့ ပတ်သက်ပြီးတော့ ဒီကမ္ဘာကြီးမှာ စွမ်းအင်အရင်းအမြစ် အသစ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့တယ်။ အဲဒီစွမ်းအင်ကတော့ တခြားမဟုတ်ဘူး။ ဝိညာဉ်ချီပဲ။ ဝိညာဉ်ချီက အင်မတန် သိပ်သည်းတယ်။ ဒါပေမဲ့ပေါ်လာတာက ဗြုန်းစားကြီး။ အရင်တုန်းက မရှိခဲ့တဲ့အပြင် ပြည်ထောင်စုရဲ့ လေ့လာစမ်းသပ်ချက်တွေအရတော့ ဝိညာဉ်ချီသာ ကမ္ဘာကြီးကို ဆက်လက် အားဖြည့်ပေးနေမယ်ဆိုရင် ရာစုနှစ်အနည်းငယ်အတွင်း ကျောက်စိမ်းကို သက်ရောက်မှု ရှိလိမ့်မယ်။ အဲဒီကနေ ဝိညာဉ်ကျောက်တွင်းတွေ ဖြစ်လာမယ်လို့ တွေ့ရတယ် ”

အနက်ရောင်ဝတ်ရုံနှင့် ဆရာက အေးဆေးတည်ငြိမ်စွာ ပြောကြားသွားသည်။ သူ ကိုင်ထားသော နို့နှစ်ရောင် ကျောက်တုံးလေးက တရိပ်ရိပ် ပြင်းထန်လာသော အလင်းစက်ဝန်းကို အဆက်မပြတ် ထုတ်လွှတ်လျက် ရှိသည်။ ဆရာ၏ဘေးပတ်လည်က အသံတိတ် ပုံပျက်တွန့်ကွေးနေသည်ကို မထင်မရှားတွေ့နေရသည်။ သူက မမြင်ရသော ဝိညာဉ်ချီကို ထိန်းချုပ်ကာ ကျောက်တုံးထဲသို့ လမ်းညွှန်နေသည့်အလားပင်။

” ဒါပေမဲ့ ငါတို့က အခု ရှေးဦးဝိညာဉ်ခေတ်ရဲ့ (၃၇) နှစ်မြောက်မှာ ရှိနေတာ။ ငါတို့ ဝိညာဉ်ကျောက်တွင်းတွေ ရလာဖို့ အဝေးကြီး လိုသေးတယ်။ ဒီတော့ လူတွေက ဝိညာဉ်ကျောက်တုံးတွေရအောင် ဖန်တီးဖို့ လိုတယ်။ ဒီတော့ အုပ်စုအသီးသီးက ချီမွေးမြူနည်းပညာရပ်ကို လူအားလုံး သိအောင် ကြော်ညာတယ်။ ရည်ရွယ်ချက်ကတော့ ဝိညာဉ်ကျောက်တုံးတွေကို ငွေကြေးတစ်ရပ်အဖြစ် သုံးလို့ရအောင် လူတိုင်းက ဝိညာဉ်ကျောက်တုံးတွေ ဖန်တီးတဲ့ တူးဖော်ရေးသမားတွေ ဖြစ်အောင် လုပ်မှာ။ ဒီလိုဆို ကျင့်ကြံခြင်းအရင်းအမြစ်တွေနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ထောက်ပံ့ဖို့ ဝိညာဉ်ကျောက်တုံးပမာဏ အများကြီး ထွက်လာမှာ ”

” နောက်ပြီး လူတွေမှာ ဝိညာဉ်ချီနဲ့ ပတ်သက်ပြီး အထုံပါရမီ မတူကြတဲ့အပြင် တခြားအကြောင်းအမျိုးမျိုးကြောင့် လူတစ်ယောက်ချင်းစီက ဝိညာဉ်ကျောက်တုံးကို သန့်စင်နိုင်စွမ်းက ကွဲပြားနေကြမှာ။ အဲဒီကနေ သဘာဝပင်ကိုအစွမ်းတွေ တိုးတက်လာကြမှာ။ ဥပမာအားဖြင့် သမင်ဖြူကျောင်းကို ဝင်ခွင့်ရဖို့ လူတစ်ယောက်က ဝိညာဉ်ကျောက်တုံးကို (၇၀) ရာခိုင်နှုန်းနဲ့အထက် သန့်စင်ဖို့လိုတယ်။ ငါတို့ ကောင်းကင်တာအိုကျောင်းက ပိုနိမ့်တယ်။ ဒါပေမဲ့ အနည်းဆုံး ( ၅၀ ) ရာခိုင်နှုန်းတော့ သန့်စင်ဖို့ လိုတယ် ”

သူ၏ စကားများနှင့် ဗလာကျောက်တုံး၏ ပြောင်းလဲမှုများမှာ ခန်းမထဲမှ ကျောင်းသားများကို ဆွံ့အသွားစေသည်။ ထိုကဲ့သို့ ထင်မြင်ယူဆချက်သည် ယခင်က သူတို့ သိထားသည်နှင့် ကွဲထွက်နေသည်။ ယင်းအပြင် ဝိညာဉ်ကျောက်တုံးကို ဆရာက တည်ငြိမ်အေးဆေးစွာ သန့်စင်နေသည်မှာလည်း အံ့ဩမှင်သက်ဖွယ် ဖြစ်နေသည်။

လူတွေ အားလုံးက တူးဖော်ရေးသမား တာဝန်ကို ယူကြရတယ်။ သူက စကားပြောရင်းနဲ့ ဝိညာဉ်ကျောက်တုံးကို သန့်စင်နိုင်တာပဲ …
ဝမ်ပေါင်လဲ့၏ နှလုံးသားမှာလည်း တဒိတ်ဒိတ် ခုန်လျက်ရှိသည်။ သူသည်လည်း ဝိညာဉ်ကျောက်တုံးများကို သန့်စင်နိုင်သည့်တိုင် အချိန်တိုင်း အာရုံစိုက်ထားရန် လိုအပ်သည်။ အနှောင့်အယှက် သေးသေးလေးကပင် ကျရှုံးခြင်း ဖြစ်စေနိုင်သည်။

အနက်ရောင်ဝတ်ရုံနှင့် ဆရာမှာ ကျောင်းသားများ၏ အံ့ဩနေမှုကို အလေးထားဟန်မတူချေ။ သူသည် စကားဆက်ပြောနေရင်း ဝိညာဉ်ကျောက်တုံးကို အေးဆေးစွာ ဆက်လက် သန့်စင်နေသည်။

” အဲဒီနောက် မေးခွန်းအသစ်တစ်ခု လာမယ်။ ချီအားဖြည့်ပညာရပ်က တကယ်ပဲ တစ်ခုတည်း ရှိတာလား ”

” ငါ အသေအချာ ပြောနိုင်တာကတော့ အခု လူအားလုံး လေ့လာနေကြတာက ပထမတွဲပဲ။ ဒီစာအုပ်ကို အဓိကသုံးတာက ဝိညာဉ်ချီကို လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲ ဝင်စေပြီး အပြင်ခန္ဓာကို သန်မာလာစေဖို့ပဲ။ ဝိညာဉ်ချီတွေကို ခန္ဓာကိုယ်ထဲ သိုလှောင်ထားဖို့ မဖြစ်နိုင်ဘူး။ လေလိုပဲ ခန္ဓာကိုယ်အပြင်ဘက်မှာ အမြန်ပျောက်ကွယ်သွားလိမ့်မယ်၊ ဒါပေမဲ့ ဗလာကျောက်တုံးတစ်တုံးကို ကိုင်ထားမယ်ဆိုရင် စိတ်နဲ့ ခန္ဓာကိုယ်ကို ရေသွယ်မြောင်းတစ်ခုလို ဆက်သွယ်ပြီး ဝိညာဉ်ကျောက်တုံးတွေကို သန့်စင်လို့ရတယ်။ ဝိညာဉ်ကျောက်တုံးတွေမှာလည်း အဆင့်တွေ ရှိတယ်။ အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်နဲ့ ပြီးပြည်စုံလုနီးပါးဖြစ်နေတဲ့ သက်တံ့ဝိညာဉ်ကျောက်တုံးဆိုပြီး ခွဲထားတယ် ”

” ဒုတိယအတွဲကတော့ ဓမ္မလက်နက်သန့်စင်သူတွေပဲ ဖတ်လို့ရတယ်။ ဘာလို့လဲဆိုတော့ ချီအားဖြည့်ပညာရပ်ပါတဲ့ ဓါးရိုးအပိုင်းအစက ဓမ္မလက်နက်သန့်စင်ခြင်းရဲ့ ဖော်ပြချက်တစ်ခု ဖြစ်နေလို့ပဲ။ ပထမတွဲမှာက ဝိညာဉ်ကျောက်တုံးသန့်စင်တာနဲ့ ပတ်သက်တဲ့ အပိုဆောင်း အချက်အလက်တွေ ပါနေလို့သာ လူတွေကြားထဲ ပျံ့နှံ့ပြီးတော့ အားလုံး ကျင့်ကြံခွင့်ရနေတာ ”

အနက်ရောင်ဝတ်ရုံနှင့် ဆရာက စကားကို ဖြည်းဖြည်းမှန်မှန် ဆက်ပြောနေသည်။ ထိုစကားပြောပြီးနောက် သူ၏လက်ထဲရှိ ဗလာကျောက်တုံးထံမှ မျက်စိကျိန်းမတတ် စူးရှတောက်ပသော အလင်းများ ထွက်ပေါ်လာသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အရှိန်အဝါအလင်းများ ပျောက်ကွယ်သွားသည်။ ဗလာကျောက်တုံး၏ မျက်နှာပြင်မှ ပြာများ လွင့်ထွက်လာပြီး ပိုမိုသေးငယ်သော သစ်အယ်သီးပုံစံ ဝိညာဉ်ကျောက်တုံးလေးတစ်တုံး ပေါ်ထွက်လာသည်။

အရောင်များ တလက်လက် တောက်နေစဉ် ကျောက်တုံးထဲ၌ အခိုးအငွေ့များ လှည့်ပတ်နေလေသည်။

” ဒုတိယတွဲက ကောင်းတယ်ဆိုပေမဲ့ ဝိညာဉ်ကျောက်တုံးကို (၈၀) ရာခိုင်နှုန်းအထက် မသန့်စင်နိုင်ရင် အဲဒီစာအုပ်ကို လေ့လာလို့ မရဘူး။ ဒီတော့ ငါ့အတန်းထဲမှာ ဒုတိယတွဲအကြောင်းကို မပြောတော့ဘူး။ ပထမတွဲထဲမှာ ပါတဲ့ သန့်စင်ခြင်း နည်းလမ်း၊ လှည့်ကွက်လေးတွေကိုပဲ သင်ပေးသွားမှာ”

ခန်းမထဲတွင် တိတ်ဆိတ်လျက် ရှိသည်။ ကျောင်းသားအားလုံးက ဆရာ့လက်ထဲမှ ဝိညာဉ်ကျောက်တုံးကို ကြည့်နေကြသည်။ ၎င်းရှေ့တွင် အရာအားလုံး မှိန်ဖျော့နေသည်။ ဤဝိညာဉ်ကျောက်တုံးနှင့် ယှဉ်လျှင် သူတို့သန့်စင်ခဲ့သော ဝိညာဉ်ကျောက်တုံးများမှာ အတုများအလား ထင်ရလေသည်။

ဆရာက စကားပြောရင်း ဝိညာဉ်ကျောက်တုံးကို အနိမ့်ဆုံး ( ၉၀ ) ရာခိုင်နှုန်းလောက် သန့်စင်ခဲ့တာ။ ဆရာတစ်ယောက် ဆိုတာထက် ပြင်ပလောကမှာလဲ ထင်ရှားကျော်ကြားတဲ့ လူတစ်ယောက်ဖြစ်မယ် …

ဝမ်ပေါင်လဲ့က မှင်သက်မိနေရာမှ သက်ပြင်းရှိုက်လိုက်သည်။ ယနေ့ သင်ခန်းစာသည် သူ့အတွက် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်သည့်အလား ထင်ရလေသည်။

Comment

  1. Ye Yint Chan Thar says:

    😍

Leave a Reply

Options

not work with dark mode
Reset