Switch Mode

အပိုင်း(၅၆၉)

ပုံပြောင်းယူချင်း

သည်မတိုင်မီ တိုက်ပွဲများတွင် ရီဖူရှင်းက အခြေအနေကို အခွင့်ကောင်းယူ၍ တိုက်ခိုက်ခဲ့ဟန် ရသည်။ သူ့တွင် စွမ်းရည်များစွာရှိရာ တစ်ဖက်လူ၏ အားနည်းချက်ကို အမြဲရှာဖွေကာ တိုက်ခိုက်တတ်သည်။ ထို့ကြောင့် သူက အားနည်းခြင်း မရှိသော်လည်း အားကောင်းသည် ဟုလည်း မထင်ခဲ့ကြပေ။ ထို့ကြောင့်ပင် ရီဖူရှင်းက တိုက်ပွဲမစမီကပင် ရှုံးနိမ့်ရန် တစ်ပေးခံရလေ့ရှိသည်။ သို့သော်လည်း ယခု သူက ယန်ချူကို လုံးဝ အသာစီးဖြင့် အနိုင်ယူပြခဲ့သည်။ ယန်ချူက သူ၏အကောင်းဆုံး တိုက်ကွက်ကို ထုတ်ခဲ့သည့်တိုင် ဘာမှ ပြောင်းလဲခြင်း မရှိခဲ့ပေ။

သည်တိုက်ပွဲ အပြီးတွင် ရီဖူရှင်းက နဝမအတန်းအစား နိုဘယ်မျှသာ ရှိသေးသည်ကို လူအများအပြားက သတိထားမိကြသည်။ သို့သော်လည်း သူ၏တိုက်ခိုက်ရေး စွမ်းအားက သူ့အား ထိပ်ဆုံး ဆယ်နေရာသို့ ပို့ဆောင် ပေးခဲ့သည်။

ယန်ချူက မြေပြင်မှ ထရပ်သော်လည်း ပါးစပ်မှ သွေးများ စီးကျနေဆဲ ဖြစ်သည်။ ခေါင်းမော့ကာ သူက ရီဖူရှင်းကို မီးဝင်းဝင်း တောက်သော အကြည့်ဖြင့် ကြည့်သည်။ သူက တစ်ခါမှ မရှုံးနိုင်ဟု ထင်မှတ်ခဲ့သော သူအား ရှုံးနိမ့်ခဲ့ရသည်။

“သာမန်ပါပဲ…” ရီဖူရှင်းက နောက်လှည့်ကာ ထွက်သွားသည်။ ယန်ချူက နောက်ထပ် တိုက်ခိုက်နိုင်စွမ်း မရှိတော့။

ဖူး…

ယန်ချူက သွေးတစ်ပွက် အန်ထွက်သွားကာ လက်သီးကို တင်းတင်းဆုပ်သည်။ သည်တိုက်ပွဲကို အသုံးပြုကာ သူ၏ဓားပညကို ပြသလိုခဲ့သော်လည်း အားလုံး၏ ရှေ့မှောက်၌ ဤမျှသော အရှက်တကွဲ မှတ်ချက်ကိုသာ လက်ခံရရှိသည်။ ထို့အပြင် ကွင်းပြင်တွင် ဓားကျေးရွာမှ လူများက ကြည့်နေကြ သေးသည်။

ယန်ချူက ကွင်းထဲမှ မထွက်သွားသေးဘဲ တစ်စုံတစ်ခုကို စောင့်စားနေသည်။ သို့သော်လည်း တော်ဝင်ကျဲ နန်းတော်မှ ဘယ်သူကမှ သူ့အား တစ်စုံတစ်ရာ မပြောကြပေ။ လူအများအပြားက ဓားမိစ္ဆာရှိနေရာကို လှမ်းကြည့်ကြသည်။ ဓားမိစ္ဆာ တစ်ယောက်တည်းကသာ ယန်ချူကို တပည့်အဖြစ် လက်ခံနိုင်စွမ်း ရှိသည်ကို သိကြသည်။ ကျန်လူများက ယန်ချူကို လက်ခံလိုသည့်တိုင် ယန်ချူက ငြင်းပယ်မည်မှာ သေချာသည်။ သို့သော် ဓားမိစ္ဆာက ဘာမှ မပြော။

တစ်စုံတစ်ရာကို နားလည် လိုက်သည်တွင် ယန်ချူက မိမိကိုယ်ကို လှောင်ပြုံးပြုံးသည်။ ယနေ့ အရှက်ရမှုကို သူ ဘယ်တော့မှ မေ့မည် မဟုတ်တော့။

ခြေထောက်အား ခက်ခဲစွာ လှမ်းလျက် သူက ကွင်းထဲမှ တစ်လှမ်းချင်း လှမ်းထွက်သွားသည်။

ဓားမိစ္ဆာက ကျွေ့ချိန်ချူနှင့် ရီဝူချင်းကို တပည့်အဖြစ် လက်ခံပြီး ဖြစ်သည်။ ကျွေ့ချိန်ချူကား ယန်ချူနှင့် ရန်ဘက်များဖြစ်ကာ ရီဝူချင်းကလည်း ရီဖူရှင်း၏ သူငယ်ချင်း ဖြစ်သည်။ ဤသို့သော အခြေအနေတွင် ဓားမိစ္ဆာက ယန်ချူကို လက်ခံလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် နောက်ဆုံးတွင် ထိပ်ဆုံး ဆယ်နေရာ၏ ကျန်ရှိသော နေရာအတွက် ချီမင်နှင့် ယူချင်းတို့သာ ကျန်ရစ်တော့သည်။

သူတို့ နှစ်ယောက်လုံးက ကွင်းလယ်ကို လျှောက်လာကြပြီး မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်တွင် လူအများက ထူးဆန်းသော ခံစားချက်ကို ရကြသည်။ ယူချင်းက အားကောင်းသောလည်း ချီမင်ထက် အားနည်းသည်ဟု ခံစားကြရသည်။ သို့သော်လည်း ရီဖူရှင်းကို ဥပမာထား၍ မထင်မှတ်သော တစ်စုံတစ်ခုလည်း ဖြစ်သွားနိုင်ပေသည်။

သူတို့ နှစ်ယောက်လုံးက အလွန်အမင်း ကြီးထွားသန်မာသည်။ ထိုနေရာတွင် ရပ်နေရင်း သတ်သတ်ကပင် သူတို့က အလွန် အားကောင်းသည်ဟု ခံစားကြရသည်။

ရုတ်တရက် ချီမင်၏ ခန္ဓာကိုယ်မှ သားရဲ အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူ့နောက်ကျောတွင် အတောင်ပံတစ်စုံ ဖြစ်ပေါ်လာကြသည် ပုံရိပ်ယောင်နဂါးက သူ့လက်များကို ရစ်ပတ်သွားသည်။ သူမျက်လုံးများက လွန်စွာ ထက်ရှကာ သိမ်းငှက် မျက်လုံးများနှင့် ဆင်သည်။ သူ၏ တစ်ကိုယ်လုံးက သားရဲကောင်ပေါင်း များစွာနှင့် ပေါင်းစပ် ထားသည့်အလား ထင်မှတ်ရကာ အလွန်အမင်း အားကောင်းသော သားရဲမိစ္ဆာနှင့် ဆင်တူသည်။

ဒီမွန်းနတ်ဘုရား ကလန်ဝင်များက သားရဲများ၏ စွမ်းအားများကို အသုံးပြုနိုင်စွမ်း ရှိကြသည်။ သူတို့က ဒီမွန်း လောကထဲကိုပင် ဝင်ကာ သားရဲများနှင့် ရင်ဆိုင် တိုက်ခိုက်ကြသည်။ ထို့ကြောင့် သူတို့က သားရဲများသာ ပိုင်ဆိုင်သော စွမ်းအား အများအပြားကို ပိုင်နိုင် ကျွမ်းကျင်ကြသည်။

“မင်း ဘယ်လောက် စွမ်းလဲ ကြည့်ရအောင်…” ချီမင်က ယူချင်းကို ပြောကာ ရှေ့ကို တက်လာသည်။

ယူချင်း၏ ခန္ဓာကိုယ်အား နက်ရွှေရောင် မိစ္ဆာစွမ်းအင်များ ဖုံးလွှမ်းသွားသည်။ ကောင်းကင်မှ သဘာဝ စွမ်းအင်များက သူ၏မိစ္ဆာခန္ဓာထဲကို ကြမ်းတမ်းစွာ စီးဆင်းကြကာ များစွာသော မိစ္ဆာ စွမ်းအားများ အဖြစ် ပြောင်းလဲ သွားကြသည်။ ယူချင်း၏ ခန္ဓာကိုယ်က ရုန့်ရင်းကြမ်းတမ်းသော မိစ္ဆာအရှိန်အဝါ ဖြာထွက်လာ၏။

ဒုန်း… ယူချင်းက ရှေ့ကို တက်လိုက်သည်တွင် မြေပြင်က တုန်ခါသည်။ ခြေတစ်လှမ်းမျှဖြင့် လူအများအပြား၏ စိတ်နှလုံးကလည်း ထိန်းချုပ်မရအောင် မြန်ဆန်သွားရသည်။ ယူချင်းက အားကောင်းသည်မှာ သူလေ့ကျင့်သော မိစ္ဆာပညာရပ် တစ်ခုတည်းကြောင့် မဟုတ်ဘဲ သူ၏မွေးရာပါ ခန္ဓာကိုယ် တည်ဆောက်ပုံ ကြောင့်နှင့်လည်း သက်ဆိုင်ကြောင်း သူတို့အားလုံး သိကြသည်။ သူ၏ ရုပ်ခန္ဓာကိုယ်က သာမန်လူများက ပိုမို အားကောင်းသည်မှာ မွေးရာပါ ပါရမီဖြစ်သည်။ ထို့အပြင် သူက အလွန် အားကောင်းသော မိစ္ဆာပညာကိုပါ ထပ်လေ့ကျင့်ခဲ့ရာ ယနေ့ ကြောက်မက်ဖွယ် ယူချင်း ဖြစ်လာသည်။

သူတို့၏ လက်ဝါးနှစ်ခုက တိုက်ရိုက် ရင်ဆိုင်မိကြသည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ကွင်းထဲ၌ ဖြစ်ပေါ်လာသည်။ မိစ္ဆာစွမ်းအားနှင့် သားရဲစွမ်းအားတို့က လေထဲတွင် ပြေးလွှား သွားကြသည်။ သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်က ရင်ဆိုင်မိသည်နှင့် များစွာသော ပုံရိပ်ယောင် သားရဲကြီးများက ယူချင်းထံ ပြေးဝင် သွားကြသည်။ သို့သော်လည်း ယူချင်း၏ ခန္ဓာကိုယ်တွင် ဧရာမ နတ်ဆိုးတစ်ကောင် ပေါ်လာသည်။ ချက်ချင်းပင် သားရဲများ အားလုံး ဖိအားပေးခံရကာ မြေပြင်၌​ ဒူးထောက်ကာ ပြားပြား ဝပ်ရသည်။

တစ်ချိန်တည်းမှာပင် ယူချင်း၏ လက်ဝါးမှ မိစ္ဆာအလင်းများက ချီမင်၏ ခန္ဓာကိုယ်မှ သားရဲ စွမ်းအားများကိုပါ အမှန်တကယ် ဝါးမျိုနေသည်။ ယူချင်းက သူ၏ မိစ္ဆာနည်းလမ်းကို အသက်သွင်းသည်တွင် သူက အနီးတစ်ဝိုက်မှ စွမ်းအားများကို စတင်၍ စုပ်ယူ ဝါးမျိုတော့သည်။

ချီမင်က သူ၏ ဘယ်လက်ဖြင့် လှမ်းရိုက်လိုက် သည်တွင် အမှန်ပင် ဧရာမနတ်ငှက် တစ်ကောင် ဖြစ်သွားသည်။ နတ်ငှက်က ယူချင်း၏ ခေါင်းရှိနေရာသို့ တိုးဝင်လာ၏။ ယူချင်းကလည်း သူ၏ညာလက်ကို ပြန်ရုပ်ကာ ဘယ်လက်ဖြင့် လှမ်းထိုးသည်။ သူ၏မိစ္ဆာ စွမ်းအားက အရာအားလုံးကို ထွင်းဖောက်သွားကာ ပုံရိပ်ယောင် နတ်ငှက်အား ကြေပျက် သွားစေသည်။ သူ၏လက်သီးက ချီမင်၏ ဘယ်လက်ကို သွားထိကာ ကြီးမားသော အသံတစ် ဖြစ်လာ၏။ သို့သော်လည်း ချီမင်က မရပ်ပေ။ သူ၏ညာလက်ဖြင့် ပိုမိုအားကောင်းသော အရှိန်အဟုန်ဖြင့် လှမ်းရိုက်သည်။ သည်တစ်ခေါက်တွင်ကား ဆင်တစ်ကောင်၏ စွမ်းအားဖြစ်သည်။

အားလုံးက စိုက်ကြည့်နေသော အချိန်တွင်ပင် သူတို့နှစ်ယောက်က အနီးကပ် ကြမ်းတမ်းစွာ တိုက်ခိုက် နေကြသည်။ သူတို့က တိုက်ခိုက်နေရင်း ကောင်းကင်သို့ ရောက်ရှိ သွားကြသည်။ သူတို့အနီးတွင် စွမ်းအားလှိုင်းများ မုန်တိုင်းအသွင် ဖြစ်နေသည်။ သို့သော် ချီမင် ထုတ်လွှတ်သော ပုံရိပ်ယောင် သားရဲများက ယူချင်းကို ဒဏ်ရာရအောင် မစွမ်းနိုင်သည်ကို သတိထားမိ ကြသည်။ ယူချင်းကား အားကောင်းလွန်းရကား အရာအားလုံးကို ဖြိုခွင်းနိုင်သည်။

ဘန်း… ဘန်း… ဘန်း… ကြမ်းတမ်းစွာ တိုက်ခိုက်ပြီး လက်ဝါးချင်း အရိုက်တွင် နှစ်ယောက်လုံး နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်သွားကြသည်။ ချီမင်၏ ခန္ဓာကိုယ်အား သဘာဝ စွမ်းအင်များ ရစ်ပတ်သွားပြီး ကောင်းကင်ထဲသို့ ထပ်မံပျံတက်သည်။ သူ့နောက်တွင် သက်စောင့်ဝိညာဉ် သားရဲအမြုတေ ပေါ်လာသည်။ အမြုတေ၏ အတွင်းပိုင်းကို သေသေချာချာ ကြည့်ပါက မရေမတွက်နိုင်သော သားရဲကောင်များကို မြင်ကြရမည်ဖြစ်ပြီး သားရဲစွမ်းအင်များ သက်ဝင် လှုပ်ရှား လာသည်တွင် ထိုအမြုတေမှ သားရဲများ အသက်ဝင် လာကြသည်။ သည်သက်စောင့် ဝိညာဉ်မျိုးကား ဒီမွန်းနတ်ဘုရား ကလန်၏ အဓိက တပည့်များသာ ပိုင်ဆိုင်ကြသည်။

ချီမင်၏ သက်စောင့်ဝိညာဉ်မှ များစွာသော သားရဲများ ထွက်ပေါ်လာသည်။ ထိုအထဲတွင် နတ်ငှက်များ၊ ဆင်များ၊ ရွှေခြင်္သေ့များ၊ ကျောက်ဘီလူးများနှင့် နဂါးများ စသည့် ကြောက်မက်ဖွယ် သတ္တဝါဆန်းကြီးများ ပါဝင်ကြသည်။

ချက်ချင်းပင် အမြုတေ အတွင်းမှ သားရဲများ အားလုံး အသက် ဝင်လာကြဟန် ရသည်။ ထောင်ပေါင်း များစွာသော သားရဲစစ်တပ်ကြီး တစ်ခု ကောင်းကင်တွင် ပေါ်လာကာ ယူချင်းထံသို့ ပြေးဝင် လာကြသည်။

“ဒီသက်စောင့်ဝိညာဉ်…” ရီဖူရှင်းက တစ်နည်းအားဖြင့် ထိတ်လန့် သွားရသည်။ သည်သက်စောင့် ဝိညာဉ်က သားရဲများကို ဆင့်ခေါ် နိုင်သည်လား…။

အမှန်ပင် သားရဲအမြုတေက သားရဲများကို ဆင့်ခေါ်နိုင်သည်။ ဒီမွန်းနတ်ဘုရား ကလန်မှ တန်ခိုးရှင်များ အကြားတွင်ပင် ဤသို့သော သက်စောင့်ဝိညာဉ်ကို ပိုင်ဆိုင်သူအား လက်ချိုးရေ၍ ရသည်။

ယူချင်း၏ အမူအရာက လွန်စွာ အေးစက်နေကာ သူ၏ခန္ဓာကိုယ်က ပိုမိုကြီးမား လာသည်ဟု ထင်ရသည်။ သူ့နောက်တွင်ကား ပုံရိပ်ယောင် နတ်ဆိုးက အသက်ဝင်လာဟန် ရကာ တကယ့်နတ်ဆိုး တစ်ပါး ဖြစ်လာသည်။ သူက အော်ဟစ်လျှင် ကောင်းကင်က တုန်ခါသည်။ သူ့ထံ ပြေးဝင်လာသော သားရဲများ အားလုံးက အမှန်တကယ်ပင် ကြောက်ရွံ့ကာ တုန်ယင်သွားကြပြီး ​ ရှေ့ဆက် မတိုးရဲကြတော့ပေ။ သူတို့အားလုံးက ထိုပုံရိပ်ယောင် နတ်ဆိုး၏ အရှိန်အဝါကို ကြောက်ရွံ့ကြသည်။

“တိုက်ခိုက်စမ်း…” ချီမင်က အော်ဟစ်သည်။ ထိုအခါမှ သားရဲများက ရှေ့ကို ဆက်လက် ပြေးဝင် သွားကြသည်။ သူတို့အားလုံးက ကြောက်ရွံ့သည့်တိုင် ချီမင်၏ အမိန့်ကို နာခံကြသည်။

ကောင်းကင်နတ်ဆိုး ပုဆိန်ရှည်ကို လက်တွင် ကိုင်ကာ ယူချင်းက ရှေ့ကို ပြေးဝင် သွားသည်။ ချက်ချင်းပင် များစွာသော သားရဲများ အပိုင်းပိုင်း အစစ်ဖြစ်သွားသည်။ သို့သော်လည်း သားရဲများကား မရေမတွက် နိုင်အောင် များပြားလွန်းသည်။

ယူချင်းက လက်ဆန့်တန်း လိုက်သည်။ ချက်ချင်းပင် ကောင်းကင်မှ သဘာဝ စွမ်းအင်များက မိစ္ဆာစွမ်းအားများ အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်၌ မရေမတွက်နိုင်သော ကောင်းကင် ပုဆိန်ရှည်များ ဖြစ်လာကြသည်။ ကောင်းကင် ပုဆိန်ရှည်များက တဝီးဝီး လှည့်ပတ်ကာ ပျံသန်းသွားကြပြီး သားရဲအုပ်များထဲကို ဝင်ရောက် သွားသည်။ ထို့နောက်တွင် မရေမတွက်နိုင်သော သားရဲများ မျိုးတုံးသတ်ဖြတ်ခြင်း ခံရသည်ကို အားလုံးက မြင်ကြရသည်။ နေရာတိုင်းတွင် သားရဲကောင် အပိုင်းအစများနှင့် သွေးညှီနံ့များ ဖုံးလွှမ်းသွားသည်။

မရေမတွက်နိုင်သော လူများ ထိတ်လန့် သွားကြသည်။ အာရုဏ်လမ်း၌ ယူချင်းက နန်ဟောင်ကို သတ်ခဲ့ခြင်းမှာ အမှန်တကယ်ဟု အားလုံးက ယုံကြည်နေကြပြီ ဖြစ်သည်။ သို့သော်လည်း သည်စွမ်းရည်က သူ နိုဘယ် ဖြစ်သွားပြီးမှ​ ရလာခြင်း ဖြစ်သည်ကို ရီဖူရှင်း တစ်ယောက်သာ သိသည်။

“ယူချင်းက နိုဘယ်ဖြစ်ပြီး လုံးဝ ပုံပြောင်း သွားသလိုပဲ…” ထိုမြင်ကွင်းကို ကြည့်ကာ ရီဖူရှင်းက ရေရွတ်သည်။ သူ၏မွေးစား အဖေထံမှ ရီဖူရှင်းက လွတ်လပ်ခြင်း ကျင့်စဉ်ကို လက်ခံရရှိကာ ယူချင်းက မိစ္ဆာပညာအား ဆက်ခံခဲ့သည်။ သည်ပညာက မည်သို့သော ပညာ ဖြစ်သနည်း။ အဘယ်ကြောင့် ဤမျှ အားကောင်း နေရသနည်း။

ယူချင်း၏ တန်ခိုး အဆင့်မြင့် လာလေလေ သူက ပိုမို ကြောက်မက်ဖွယ် ကောင်းလေလေပင်။ သူ၏ မွေးစား အဖေကား ယူချင်း၏ အဖေအရင်း ဖြစ်သည်။ ယူချင်းက ထိုပါရမီနှင့် ပညာကို သူ့အဖေထံမှ ဆက်ခံခြင်းလည်း ဖြစ်သည်။ ဤသို့ဆိုလျှင် သူ၏မွေးစား အဖေကလည်း မိစ္ဆာကျင့်ကြံသူ ဖြစ်သည်။ ထို့ကြောင့် သူ့အား ကောင်းကင်ဒေသမှ လူများက လက်မခံကြသည်လား…။

တော်ဝင်ကျဲ နန်းတော်၏ အတွင်းပိုင်း၌ အလွန်မြင့်မားသော နန်းတော် တစ်ခုရှိသည်။ နန်းတော်ထဲတွင် ကြီးမား သန်မာသော လူကြီးတစ်ဦးက မြေပြင်တွင် ထိုင်နေ၏။ ရုတ်တရက် သူက မျက်လုံးဖွင့်ကာ တော်ဝင်ကျဲ နန်းတော် အပြင်ဘက်ကို ကြည့်လိုက်သည်။ ထိုလူကား ကိုယ်အပေါ်ပိုင်း ဗလာကျင်းထားပြီး သူ၏တစ်ကိုယ်လုံးက ကြေးနီရောင် ထနေသည်။ သူ၏ ကြွက်သားများက အလွန်အမင်း အားကောင်းသော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ထိုအခိုက်တွင် သူ၏အကြည့်က လေဟာနယ်ကို ဖောက်ထွင်းသွားကာ တိုက်ပွဲကွင်းပြင်ထဲကို တိုက်ရိုက် ရောက်ရှိလာသည်။

တိုက်ပွဲ ကွင်းပြင်ထဲတွင် များစွာသော နက်ရွှေရောင် ကောင်းကင် ပုဆိန်ရှည်များက ချီမင်ထံကို ပျံသန်း လာနေကြသည်။ ထောင်ပေါင်း များစွာသော သားရဲများက ပုဆိန်ရှည်များကို ရပ်တန့်နိုင်စွမ်း မရှိပေ။ ချီမင်က နောက်ဆုတ်ကာ ယူချင်းကို စိုက်ကြည့်သည်… “ငါရှုံးသွားပြီ…”

ချက်ချင်းပင် ယူချင်းက သူ၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ မိစ္ဆာစွမ်းအင်များ ပျက်ပြယ်သွားပြီး မူလပုံစံကို ရောက်သွား သော်လည်း လူအများအပြား၏ စိတ်ထဲတွင်ကား သူ၏ မိစ္ဆာပုံရိပ်က ထင်ကျန်နေဆဲ ဖြစ်သည်။

ယူချင်းက ချီမင်ကို တိုက်ခိုက်ကာ ထိပ်ဆုံး ဆယ်နေရာကို ရောက်သွားသည်။ ယူချင်းကား အမှန်ပင် ကြောက်မက်ဖွယ် ကောင်းသည်။

ထိပ်ဆုံး ဆယ်ယောက် စာရင်းကား နောက်ဆုံးတွင် ထွက်ပေါ်လာပြီး ဖြစ်သည်။ သူတို့ကား ရီဖူရှင်း၊ ယူချင်း၊ ယန်ကျန်း၊​ ဟောင်ကျူဂီ၊ ပိုင်စီ၊ ကျူးကော့ရှင်း၊ ရွယ်ချွဲ၊ ရှောင်ကျွမ်ရီ၊ ဟောင်နှင့် ဖီးနစ်တို့ ဖြစ်ကြသည်။

ထိုလူများကို ကြည့်ကာ လူအများအပြားက စိတ်လှုပ်ရှား နေကြသည်။ ထိပ်ဆုံး ဆယ်ယောက်တို့၏ တိုက်ပွဲက မည်မျှ ပြင်းထန် လိုက်မည်နည်း။ အကြီးအကဲများကပင် ထိုတိုက်ပွဲများကို စိတ်ဝင်စား နေကြသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset