Switch Mode

အပိုင်း(၅၆၆)

သက်စောင့်ဝိညာဉ်သုံးခုနှင့်လူ

ယန်ကျန်းက ကျောင်းလီအား အနိုင်ယူပြီးနောက် ရှောင်ကျွမ်ရီက ကွင်းလယ်သို့ ဝင်လာသည်။ တခြား ဘယ်သူကမှ သူနှင့်အတူ တစ်ပြိုင်နက် မထွက်လာခဲ့ရာ ပြိုင်ဘက်အား ရွေးချယ်ခွင့်ရသော ရှားပါးသော အခွင့်အရေးအား သူရသည်။ သူက ရှေးဟောင်း ရှာမန်ကလန်မှ ကွေချန်းကို စိန်ခေါ်၏။

ကွေချန်းကား ပိန်ပါးကာ ချောမောသူ ဖြစ်သည်။ သို့သော်လည်း သူ့ထံမှ အေးစက်သော အငွေ့အသက်များကို ရ၏။ သူက ဖီးနစ်ကို အလွန် စိတ်ဝင်စားဟန်ရကာ မကြာမကြာ လှမ်းကြည့်တတ်သည်။

သူက ကွင်းလယ်ကို ဝင်လာသော အခါတွင်လည်း ရှောင်ကျွမ်ရီကို အေးစက်စွာ ကြည့်သည်။ ပြိုင်ဘက်အား ရွေးချယ်ခွင့်ရသော သူများက အားအနည်းဆုံးဟု ထင်မှတ်ရသူကိုသာ ရွေးချယ်လေ့ ရှိကြသည်။ ရှောင်ကျွမ်ရီက သူ့အား အားအနည်းဆုံးဟု ထင်မှတ်နေသည်။

ရှောင်ကျွမ်ရီက အဘယ်ကြောင့် ကွေချန်းအား ရွေးသည်ကို လူအများအပြားက နားမလည်ကြပေ။ ထိုထူးဆန်းသော လူငယ်ကား အလွန် အန္တရာယ်များသည်။

“မင်းက အသေဆိုးနဲ့ သေရလိမ့်မယ်…” ကွေချန်းက နှုတ်ခမ်းများ ကွေးညွတ်ကာ ပြုံးသည်။ ရှောင်ကျွမ်ရီ၏ မျက်နှာမူကား ခံစားချက် ကင်းမဲ့သည်။ သူက တည်ငြိမ်လွန်းရကား တခြားလူများက ထိတ်လန့် ကြောက်ရွံ့စိတ် ဖြစ်ရသည်။

ရှောင်ကျွမ်ရီက မည်မျှ အန္တရာယ်များသည်ကို အာရုဏ်လမ်းမှ လူများ အသိဆုံးဖြစ်သည်။ သူက သွေးအေး ရက်စက်သော်လည်း ချောမောသော မျက်နှာက ထိုအရာများကို ဖုံးကွယ် ထားနိုင်သည်။

ကွေချန်း၏စကားကို သူက ခေါင်းထဲ ထည့်ဟန်လည်း မရှိပေ။ ရှောင်ကျွမ်ရီက ဝါးပလွေတစ်ချောင်းအား ထုတ်လိုက်ကာ ပါးစပ်တွင် တေ့လိုက်သည်။ သူ၏ အဝတ်အစားများက လေထဲတွင် လွင့်သွားကာ သံစဉ်က စတင် ဖြစ်ပေါ်လာသည်။ သူ၏ ချောမောသော ရုပ်ရည်ဖြင့် သိမ်မွေ့သော ဟန်ပန်တို့ကြောင့် ရှောင်ကျွမ်ရီကား လူကြီးလူကောင်း တစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။

ကွေချန်း၏စိတ်ထဲကို သဏ္ဌာန်မဲ့သော စိတ်စွမ်းအား အမျှင်တန်းများက သံစဉ်နှင့်အတူ စိမ့်ဝင်လာသည်။ ထိုအရာများက အနက်ရောင် အငွေ့အသက်များ ရစ်သိုင်းနေကာ ကွေချန်း၏ စိတ်စွမ်းအားများကို တဖြည်းဖြည်း တိုက်စားလာ၏။

ကွေချန်း၏မျက်နှာက နက်မှောင် သွားသည်။ သူ၏ပြိုင်ဘက်က စွမ်းအင်နက်၌ ထူးချွန်ဟန်ရသည်။ သူ၏ စိတ်နယ်ပယ်ထဲ၌ မီးလျှံစိမ်းများ ဖြစ်ပေါ်လာသည်။ ထို့နောက် ထိုမီးလျှံစိမ်းများက အနက်ရောင် အမျှင်တန်းများကို သွားရောက် လောင်ကျွမ်းရန် ကြိုးစားကြသည်။ တစ်ချိန်တည်းမှာပင် တရှဲရှဲမြည်သံနှင့်အတူ နွယ်ပင်များက ရှောင်ကျွမ်ရီထံသို့ တိုးဝင် သွားကြသည်။ နွယ်ပင်များက အစိမ်းရောင် သက်သက် မဟုတ်ဘဲ ထူးဆန်းသော အရောင်ရှိသည်။ နွယ်ပင် ထိပ်ဖျားများတွင် အဆူးချွန်များပါဝင်က အဖျားများက မည်းနက်နေပုံကို ထောက်ပါက ပြင်းထန်သော အဆိပ်များ ရှိနေရပေမည်။ နွယ်ပင်များက ရှောင်ကျွမ်ရီကို ရစ်ပတ်ကာ တိုက်ခိုက်ကြသည်။

“ဒါက ဘယ်လို သစ်သားဓာတ် စွမ်းအင်မျိုးလဲ…”

“ရှေးဟောင်း ရှာမန်ကလန်က မကောင်းဆိုးဝါး သစ်သားဓာတ် စွမ်းအင်ကို လေ့ကျင့်ကြတယ်… ဒါက သန့်စင်တဲ့သစ်သားဓာတ် မဟုတ်ဘူး… တကယ်လို့ ပြိုင်ဘက်က ဒီနွယ်ပင်တွေရဲ့ အဆိပ်ကို မိသွားရင် သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေက ချက်ချင်း ပျောက်ပျက် သွားလိမ့်မယ်… ”

အားလုံးက တိုက်ပွဲကွင်းပြင်ကို စူးစိုက်ကြည့် နေကြသည်။ နွယ်ပင်များက မြွေများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားကြသည်။ သို့သော်လည်း ရှောင်ကျွမ်ရီက ရိပ်မိဟန်ပင်မတူ။ သူက ပလွေအား မှုတ်သည်တွင် အနက်ရောင် အငွေ့အသက်များ သူ့ခန္ဓာကိုယ်တွင် စတင် ရစ်ပတ်လာကာ အနက်ရောင် မြူခိုးများအလား ဖြစ်လာသည်။ မြွေသဏ္ဌာန် နွယ်ပင်များက သူ့အနီးကို ရောက်လာသောအခါ ချက်ချင်း မည်းနက်သွားပြီး အမှုန့်များ ဖြစ်သွားကြ၏။

“ဘယ်လောက် အားကောင်းတဲ့ သေဆုံးခြင်း စွမ်းအင်လဲ… သူက ဒီအဆင့်အထိ လေ့ကျင့်ဖို့ ဘယ်လောက်တောင် သူ့လက်မှာ သွေးစွန်းခဲ့ရပြီလဲ မသိဘူး…” တော်ဝင်ကျဲ နန်းတော်မှ ပုဂ္ဂိုလ်ကြီးများက ရှောင်ကျွမ်ရီကို ကြည့်ကြသည်။ လူအနည်းငယ်ကသာ သေဆုံးခြင်း စွမ်းအင်ကို လေ့ကျင့်ကြသည်။ သူတို့အား မှော်နက်မိစ္ဆာများဟု လူသိများကြ၏။ သူတို့က ပင်မတန်ခိုးရှင် လောကတွင် လူရာမသွင်းသော သူများ ဖြစ်ကြသည်။ သို့သော်လည်း မြေရိုင်းဒေသတွင် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော မှော်နက်မိစ္ဆာ တစ်ယောက် ရှိသည်။ သူကား မှော်နက်သခင် ဖြစ်၏။

ကွေချန်းက မျက်မှောင်ကြုတ် လိုက်သည်။ သူ၏ တန်ခိုးအစွမ်းကလည်း မကောင်းဆိုးဝါးဘက်ကို နွယ်သော်လည်း ရှောင်ကျွမ်ရီ၏ သေဆုံးခြင်း စွမ်းအားက သူ့အား ဖိနှိပ်ထားနိုင်သည်။

ဘုန်း… မီးလျှံများ ဝင်းလက်သွားသည်။ ရှောင်ကျွမ်ရီထံသို့ တိုးဝင်သွားသော နွယ်ပင်များက သည်တစ်ခေါက်တွင် မီးလျှံများ ဟူးဟူးတောက်လောင် နေသည်။ သစ်သားဓာတ်နှင့် မီးဓာတ်တို့က အတူရှိမနေနိုင်ပါ။ သို့သော် ကွေချန်းက သစ်သားဓာတ် စွမ်းအားတွင် မီးဓာတ်ကို ရောနှော ထားနိုင်ခဲ့သည်။

ရှောင်ကျွမ်ရီက ဝါးပလွေကို ဆက်လက် တီးမှုတ်နေသည်။ သူ့ဘေးမှ အနက်ရောင် စီးကြောင်းကလည်း ပိုမို အားကောင်းလာ၏။ အဆုံးမဲ့သော အနက်ရောင် စီးကြောင်းများ ကြောင့်ပင် တစ်လောကလုံးက သေဆုံးခြင်း စွမ်းအားများဖြင့် ပြည့်နှက် သွားသည်ဟု ထင်မှတ် ရတော့သည်။ မီးတောက် နွယ်ပင်များ ရောက်လာသောအခါ တစ်မုဟုတ်ချင်း ပျောက်ကွယ် သွားကြသည်။ သေဆုံးခြင်း စွမ်းအားနှင့် မည်သည့် သဘာဝ စွမ်းအင်ကမှ ယှဉ်တွဲ ရှိမနေနိုင်။ ထို့ကြောင့် မီးဓာတ်နှင့် သစ်သားဓာတ်က ချက်ချင်း ပျက်စီး ပျောက်ကွယ် သွားရသည်။

ရှောင်ကျွမ်ရီက ပလွေကို မှုတ်ရင်းနှင့်ပင် ရှေ့ကို လျှောက်လာ နေသည်။ သူ့အနီးတွင် သေဆုံးခြင်း စွမ်းအင်များက စီးဆင်းနေဆဲ ဖြစ်သည်။ သေဆုံးခြင်း စွမ်းအင်နှင့် တွေ့သော မှော်စွမ်းအင်များ အားလုံး သေဆုံးကြရသည်။ သူကား သာမန် လမ်းလျှောက် နေသလိုပင် အေးဆေးလှသည်။ သို့သော်လည်း ပရိသတ်များက ကျောချမ်း ကြရသည်။

အနက်ရောင် စီးကြောင်းများက နဂါးများအသွင် ဖြစ်သွားကာ ကောင်းကင်၌ လှည့်ပတ် ကခုန်ကြသည်။ သံစဉ်က သူတို့အတွက် တီးခတ် ပေးနေဟန်ရ၏။

ကွေချန်းကား လုံးဝ ထိန်းချုပ် ခံနေရသည်။

သူ့နောက်တွင် ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် အရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ မကောင်းဆိုးဝါး အငွေ့အသက်များ ပြင်းထန်အား ကောင်းစွာ စီးဆင်းကာ ရှေးဟောင်း ရှာမန်ကလန်၏ ရှေးဟောင်း သင်္ကေတများလေထဲ၌ ဖြစ်ပေါ်လာသည်။

“အဲဒါ ရှေးဟောင်း ရှာမန်ကလန်ရဲ့ ကျိန်စာပဲ…” တော်ဝင်ကျဲနန်းတော်မှ လူများက ထိုမှော်ပညာကို သိကြသည်။ အရိပ်က ပိုမိုကြီးမားလာကာ ဖျက်ဆီးအားက လေထုထဲ တိုက်စားလာ၏။ ကွေချန်းက လက်ကို ဝှေ့ယမ်းသည်တွင် ကျိန်စာက ရှောင်ကျွမ်ရီထံကို ပျံသန်းသွားသည်။

ရှောင်ကျွမ်ရီ၏ အနီးမှ နဂါးနက်များက တဂီးဂီးအော်သည်။ မဆုံးနိုင်သော အနက်ရောင် စီးကြောင်းများက ကျိန်စာကို ဖြတ်သန်း သွားသည်တွင် ဘာမှ မရှိခဲ့သလို ပျောက်ကွယ် သွားတော့သည်။ ကွေချန်း၏မျက်နှာက ချက်ချင်း ပြာနှမ်းသွားသည်။ ထိုအခိုက်တွင် သူ၏တစ်ကိုယ်လုံးက တုန်ယင် အားပျော့သွားပြီး သေဆုံးခြင်း စွမ်းအားများက သူ့ခန္ဓာကိုယ် အသက်ဓာတ်ကို လာရောက် ဝါးမျိုကြတော့သည်။

“ကျုပ် အရှုံးပေးတယ်…” ကွေချန်းက ခက်ခဲစွာ ထုတ်ပြောသည်။ အကယ်၍ သူ အရှုံးမပေးပါက ရှောင်ကျွမ်ရီက သူ့အား သေချာပေါက် သတ်မည်။

ဘယ်လောက်​ ကြောက်စရာ ကောင်းလိုက်တဲ့ အကောင်လဲ…။ အားလုံးက ထိတ်လန့် ချောက်ချား ကြရသည်။ ရှောင်ကျွမ်ရီ၏ တိုက်ခိုက်ရေး စွမ်းအားက အမှန်ပင် ကြောက်လန့်ဖွယ် ကောင်း၏။

တော်ဝင်လမ်းတွင် ရှိစဉ်ကထက် ရှောင်ကျွမ်ရီက ပိုမိုအားကောင်း လာသည်ဟု ရီဖူရှင်းက ခံစားရသည်။ ကြည့်ရသည်မှာ တော်ဝင်လမ်းတွင် မရေမတွက်နိုင်သော လူများကို သတ်ခြင်းက သူ့စွမ်းအားများကို ပိုမိုမြင့်တက် စေခဲ့ဟန်ရသည်။

“မင်းက မှော်နက်သခင်ရဲ့ ဆက်ခံသူလား…” တော်ဝင်ကျဲနန်းတော်မှ အကြီးအကဲ တစ်ယောက်က အားလုံး သိလိုနေသော မေးခွန်းကို ထုတ်မေးသည်။

“ဟုတ်ကဲ့…” ရှောင်ကျွမ်ရီက အရိုအသေပေးကာ ပြန်ပြောသည်။ သာမန် အချိန်များတွင်ကား သူက လူကြီးလူကောင်း တစ်ယောက်အလား ယဉ်ကျေး သိမ်မွေ့သည်။

“တော်ဝင်လမ်းမှာ မင်းက လူအများကြီး သတ်ခဲ့တယ် ကြားတယ်…” အကြီးအကဲ တစ်ယောက်က အေးစက်စွာ ပြောသည်… “လူသတ်တဲ့ စွမ်းရည်တွေက လူသားတွေ ကြားထဲမှာ ရှောင်ရှားသင့်တဲ့ အရာတွေပဲ… အခုမင်းက ဒါကို လေ့ကျင့်တယ်… မင်းရဲ့အပြစ်ကို မင်းသိလား…”

ရှောင်ကျွမ်ရီက ထိုအကြီးအကဲကို ကြည့်သည်။ သူ့မျက်နှာတွင် ဘာပြောင်းလဲမှုမှ မရှိပေ… “တကယ်လို့ ကျုပ်က အပြစ်ရှိတယ်လို့ စီနီယာက ယူဆရင် တော်ဝင်ကျဲ နန်းတော်ကလည်း သူတို့ရဲ့အပြစ်ကို သိပါသလား…”

“အတင့်ရဲတယ်…” ထိုအကြီးအကဲက ကြိမ်းမောင်းသည်။

ရှောင်ကျွမ်ရီက ထိုအကြီးအကဲကို တည်ငြိမ်စွာပင် ကြည့်လျက်ပြောသည်… “ကျွန်တော်က တော်ဝင်လမ်းကို တော်ဝင်ကျဲ နန်းတော်ရဲ့ စည်းမျဉ်းအတိုင်းပဲ ခရီးနှင်ခဲ့တယ်… ခင်ဗျားတို့က တော်ဝင်လမ်းကို ဖွင့်လှစ်ခဲ့တယ်… မြေရိုင်းဒေသက လူတွေကို စုစည်းပြီး တော်ဝင် တံဆိပ်ပြားတွေကို လုယက် သတ်ဖြတ်ခိုင်းတယ်… မဆုံးနိုင်တဲ့ သတ်ဖြတ်မှုတွေ လုယက်မှုတွေက တော်ဝင်ကျဲ နန်းတော်ကြောင့် ဖြစ်လာတာ မဟုတ်ဘူးလား… အခု ဒီနေရာမှာ ဘယ်သူက လက်မှာ သွေးမစွန်းဖူးတဲ့လူရှိလဲ… လူတစ်ရာကို သတ်တဲ့လူလည်း အပြစ်ရှိသလို လူဆယ်ယောက်ကို သတ်တဲ့လူလည်း အပြစ်ရှိတာပဲ… ဒီလူတွေကို သတ်ဖြတ်ဖို့ ခိုင်းစေတဲ့ တော်ဝင်ကျဲ နန်းတော်က ပိုပြီးတော့တောင်မှ အပြစ်ရှိသေးတယ်…”

ထိုအကြီးအကဲ ရှောင်ကျွမ်ရီကို ကြည့်ကာ ဘာမှ ပြောနိုင်စွမ်း မရှိတော့။

“တိုက်ပွဲကို ဆက်ကြမယ်…” နောက်ထပ် အကြီးအကဲ တစ်ယောက်က ပြောသည်။

လှေကားထစ်ပေါ်မှ အကြီးအကဲက ခေါင်းညိတ်သည်… “မင်းတို့နှစ်ယောက် နောက်ဆုတ်ကြ… တိုက်ပွဲကို ဆက်မယ်…”

ရှောင်ကျွမ်ရီ ပြောသည်မှာ မှန်ကန်သည်။ အရာအားလုံးက စည်းမျဉ်း စည်းကမ်း အတွင်း၌ ရှိသည်။ အကယ်၍ ရှောင်ကျွမ်ရီက အပြစ်ရှိသူဆိုပါက ထိုစည်းမျဉ်းများကို ထုတ်သည့် တော်ဝင်ကျဲ နန်းတော်ကလည်း အပြစ်ရှိပေသည်။

ကွေချန်းက အရွေးမခံခဲ့ရပေ။ အမှန်တကယ်အားဖြင့် သူ့ကို တပည့်အဖြစ် မလိုလားကြခြင်း ဖြစ်သည်။ ရှောင်ကျွမ်ရီကလည်း ကွင်းဘေးကို ပြန်ရောက်သွားသည်။ တော်ဝင်ကျဲ နန်းတော်က သူ့အား ဘာမှ မလုပ်နိုင်သည်ကို သူသိသည်။ ထိုလူများကား ဟန်လုပ်နေကြခြင်းသာ…။

လူနှစ်ယောက် တစ်ချိန်တည်းတွင် ရှေ့ကို ထွက်လာသည်။ တစ်ယောက်ကား ဟောင်ကျူဂီ ဖြစ်ကာ နောက်တစ်ယောက်ကား ဖက်တီးတစ်​ယောက် ဖြစ်သည်။

ယိရှောင်ရှီ စိတ်ညစ်သွားသည်။ သူ၏ပြိုင်ဘက်ကား အလွန် အားကောင်းသည်။ ဟောင်ကျူဂီကား နောက်ဆုံး ဆယ်ယောက်ထဲတွင် အကောင်းဆုံး တစ်ယောက်ဟု ပြော၍ ရသည်။

သစ်မင်း နွယ်ပင်များ ပေါ်လာသည်။ ဧကရာဇ်သစ်ပင်ကြီး ဖြစ်ပေါ်လာကာ မဆုံးနိုင်သော ရွှေရောင်နွယ်ပင်များ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ကြောက်မက်ဖွယ် နွယ်ပင်များက လျှပ်စီးတန်းများအလား ဟောင်ကျူဂီထံသို့ ပြေးဝင် သွားကြသည်။

ဟောင်ကျွမ်ဂီက သဘာဝ စွမ်းအင်များကို စုစည်းလိုက်သည်။ သူ့တစ်ကိုယ်လုံးကို ချတ်ဝတ်အင်္ကျီများ ဖုံးလွှမ်းသွားကာ များစွာသော ဟောင်ဓားများ ဖြစ်ပေါ်လာသည်။ ဟောင်ကျူဂီက ရှေ့ကို လက်ညှိုးထိုးသည်တွင် ဓားများက ရှေ့ကို ပြေးဝင် သွားကြသည်။ သူတို့က နွယ်ပင်များကို အလွယ်တကူ ဖြတ်တောက် သွားကြ၏။

သို့သော်လည်း နွယ်ပင်များက ဖြတ်တောက်ခံရသော နေရာမှပင် ပြန်လည်၍​အသစ် ဖြစ်လာကြသည်။ ပိုမိုများပြားသော နွယ်ပင်များ ဖြစ်ပေါ်လာကာ ဟောင်ကျူဂီထံသို့ ဆက်လက်၍​တိုးဝင်လာကြသည်။

ဓားများက နွယ်ပင်များကို အစိတ်စိတ် အပိုင်းပိုင်း ပြတ်တောက် သွားစေကာ နွယ်ပင်များကလည်း ပိုမိုမြန်ဆန်စွာ ကြီးထွားလာခဲ့သည်။ ဟန်ကျူဂီက မာန်သွင်းလိုက်လျှင် ဓားများက ရှေ့ကို တိုးဝင်လာကြသည်။ သို့သော်လည်း ရွှေရောင်နွယ်ပင်များက သစ်ပင်တံတိုင်းပုံစံ ဖြစ်သွားသည်။ ဓားများက ထိုအထဲကို နစ်မြုပ်သွားကာ ပျောက်ကွယ် သွား၏။ ယိရှောင်ရှီကိုမူကား မြင်ပင် မမြင်ရတော့။

ကြမ်းတမ်းစွာ ကြီးထွားလာသော နွယ်ပင်များက သဘာဝ စွမ်းအင်များစွာကို စုပ်ယူကာ ကွင်းတစ်ခုလုံးကို ပြည့်နှက်လာသည်။ နွယ်ပင်အချို့က ဟောင်ကျူဂီ၏ ခြေထောက်ကိုပင် လာရောက် ရစ်ပတ်သည်။ ဆူးချွန်များက သူ၏ခန္ဓာကိုယ်ထဲကို တိုးဝင်ရန် ကြိုးစားကြသော်လည်း ချပ်ဝတ်ကို မဖောက်ထွင်းနိုင်။ ထို့ကြောင့် နွယ်ပင်များက ဟောင်ကျူဂီကိုသာ ရစ်ပတ်လျက်ရှိသည်။

ဘုန်း…

ကျယ်လောင်သော အသံနှင့်အတူ နွယ်ပင်များအားလုံး ပေါက်ကွဲ ပြတ်တောက် သွားကြသည်။ ဟောင်ကျူဂီ၏ ခန္ဓာကိုယ်က နတ်ဘုရားတစ်ပါးလို ရောင်စဉ် ရောင်ဝါများ တောက်ပနေသည်။ သူ့နောက်တွင် အရိပ်သဏ္ဌာန်တစ်ခုကို တွေ့ရသည်။ ထိုအရိပ်က ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် ဆင်သည်။ ထိုအရိပ်ထံမှ ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ပေးသည်။ တစ်ချိန်တည်းမှာပင် ဓားတစ်လက် ပေါ်လာသည်။

ဟောင်ကျူဂီက ဓားသမားသာ မဟုတ်ပေ။ သူ့တွင် သက်စောင့်ဝိညာဉ် ဓားတစ်လက် ရှိသည်။ သို့သော် သူ့တွင် သက်စောင့်ဝိညာဉ် သုံးခုရှိ၏။

ဟောင်မိသားစုတွင် သက်စောင့်ဝိညာဉ် သုံးခုရှိပြီး ထိုအရာများမှာ ဟောင်ခန္ဓာ၊ ဟောင်ဓားနှင့် ဟောင်လေးတို့ ဖြစ်ကြသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset