အပိုင်း(၅၆၅)

ယန်ကျန်း၏နှင်တံပညာ

ပထမတိုက်ပွဲက လူအများအား ထိတ်လန့်စေသည်။ သို့သော် ဒုတိယ တိုက်ပွဲ ဖြစ်ပေါ်လာသောအခါ လူတိုင်းက ပထမတိုက်ပွဲကို မေ့လျော့ သွားကြသည်။ ထင်မှတ် ထားသည့်အတိုင်း ဒုတိယတိုက်ပွဲက သူတို့အားလုံးကို စိတ်ဝင်စား စေသည်။ သူတို့ကား ထင်းရွယ်အိမ်တော်မှ ရွယ်ချွဲနှင့် နန်ထျန်းအိမ်တော်မှ နန်ဟိုတို့ ဖြစ်ကြသည်။

ထင်းရွယ်အိမ်တော်၏ နတ်ဘုရားဓားပညာနှင့် နန်ထျန်းအိမ်တော်မှ လှံရှည်ပညာတို့ ထိပ်တိုက် တွေ့ဆုံခြင်းလည်း ဖြစ်သည်။ သည်ကဲ့သို့ တိုက်ပွဲအား ပုံမှန်အားဖြင့် မြင်တွေ့စရာ အကြောင်းမရှိ။ ပရိသတ်က မည်သို့ စိတ်မဝင်စားဘဲ နေမည်နည်း။

ရွယ်ချွဲ၏အမူအရာကား ပျင်းရိဟန်ရကာ တိုက်ပွဲကို စိတ်ပါဟန်ပင် မရှိပေ။ သို့သော်လည်း နတ်ဘုရားဓား၏ ဆက်ခံသူအနေဖြင့် သူ့အာရုံ စူးစိုက်မှုကို သံသယ ဖြစ်စရာမလိုပေ။ အကယ်၍ ပြိုင်ဘက်က သူ့ပုံစံကို ကြည့်ပြီး လျှော့တွက်ပါက ထိုလူကား ရူးသွပ်နေ၍သာ ဖြစ်မည်။ ထို့ကြောင့် နန်ဟိုက ကွင်းထဲကို ဝင်လာသည်နှင့် ရွယ်ချွဲကို လှံသွားဖြင့် ထွင်းဖောက်မတတ် ကြည့်သည်။

ကွင်းထဲတွင် လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။ လူသတ်လိုသော ဓားအသိက မုန်တိုင်းအသွင် ဖြစ်ပေါ်လာကာ နန်ဟို၏အဝတ်အစားကိုပင် လာရောက် ရိုက်ခတ်သည်။ သူက ထိုနေရာတွင် ရပ်နေရင်းက အလွန်အမင်း ပြင်းထန်သော လူသတ်ဓား အသိက သူ့ကိုယ်ထဲကို စိမ့်ဝင်လာသည်ဟု ခံစားရသည်။

သူက လက်ဆန့်တန်း လိုက်သည်နှင့် လက်ထဲတွင် ငွေရောင်လှံရှည် တစ်လက် ဖြစ်လာသည်။ သူ၏သက်စောင့်ဝိညာဉ် ပေါ်လာသည်တွင် ကောင်းကင်တွင် အလွန်လှပသော လှံရှည်တစ်လက်က ပေါလောပေါ်လာသည်။ ထိုလှံ၏နောက်တွင် မရေမတွက်နိုင်သော လှံပုံရိပ်ယောင်များ ဖြစ်ပေါ်လာသည်။

ရွယ်ချွဲကဲ့သို့သော ပြိုင်ဘက်နှင့် ရင်ဆိုင်ရာတွင် နန်ဟိုပင်လျှင် မပေါ့ဆရဲပေ။ နတ်ဘုရားဓားက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူတို့အားလုံး သိကြသည်။

လူသတ်လိုသော အသိများ အားလုံးက ဓားစွမ်းအင်အဖြစ် ပြောင်းလဲ သွားသည်။ ထိုဓားစွမ်းအင်များက နန်ဟိုထံကို ပြေးဝင် သွားကြ၏။

နန်ဟို၏နောက်မှ ငွေလှံက တုန်ခါသွားကာ မရေမတွက်နိုင်သော ပုံရိပ်ယောင်လှံများ ပေါက်ကွဲကြသည်။ ငွေရောင်အလင်းတန်းများ ဖြစ်ပေါ်လာကာ ရွယ်ချွဲထံသို့ ပျံသန်း သွားသည်။ အလင်းတန်း တစ်ခုစီက တကယ့်လှံရှည် တစ်လက်အလား ထင်မှတ်ရသည်။ သူတို့၏ထက်ရှမှုများက တားဆီး၍ မရနိုင်ပေ။ လေထုကထဲတွင် ပြည့်နှက်နေသော ဓားစွမ်းအင်များကို လှံရှည်များက ထွင်းဖောက်လျက် ရွယ်ချွဲထံသို့ တိုးဝင်လာကြ၏။

ရွယ်ချွဲ လှုပ်ရှားလိုက်သည်။ သူက ဝေဝါးသော အရိပ်သဏ္ဌာန်အလား ပြောင်းလဲသွားကာ သူ၏ဓားတွင်လည်း အဆုံးမဲ့သော ဓားစွမ်းအင်များ စုစည်းလာနေသည်။ ဓားအလင်းတစ်ခု ပျံသန်းသွားကာ ကောင်းကင်မှ ငွေအလင်းတစ်ခု နှစ်ခြမ်း ကွဲသွားစေသည်။ ထိုအရာက နှစ်ပိုင်း ပြတ်သွားသည်။ သို့သော်လည်း လူတိုင်းက ရှင်းရှင်းလင်းလင်း မမြင်ရသေးမီတွင်ပင် တခြားအရပ်တစ်ခုမှ ဓားတစ်လက်က ငွေအလင်းများကို ဆက်တိုက် ဖြတ်တောက် သွားသည်။

လူတိုင်း၏ ထိတ်လန့်ဖွယ် အကြည့်အောက်တွင်ပင် မဆုံးနိုင်သော ငွေအလင်းတန်းများ အားလုံး တစ်ကြိမ်တည်း၌ ပြတ်တောက် သွားသည်။ ရွယ်ချွဲ၏ဓားက မည်မျှမြန်သည်၊ သူက ဓားချက် ဘယ်လောက် သုံးခဲ့သည်ကို တစ်ယောက်မှ မသိလိုက်ကြပေ။

သူတို့အားလုံးက နန်ဟို၏နောက်မှ ဓားချက်ကိုသာ မြင်လိုက်ကြရသည်။ ထိုဓားချက်က နတ်ဘုရားဓား ဖြစ်သည်။ ထိုဓားချက်က ကောင်ကင်ကိုပင် ထက်ခြမ်းခွဲနိုင်သည်။

ရီဖူရှင်းကလည်း ဓားကို သေချာစွာ လိုက်ကြည့်နေသည်။ ရွယ်ချွဲက ဓားချက်များစွာ သုံးခဲ့သည်ဟု လူအများအပြားက ထင်မှတ်ခဲ့ကြ သော်လည်း ရွယ်ချွဲက ဓားတစ်ချက်သာ သုံးခဲ့သည်ကို သူသေချာစွာ မြင်သည်။ သူက ဓားအား ရေအလျင် စီးဆင်းသကဲ့သို့ သူ၏ခန္ဓာကိုယ်နှင့် အလိုက်သင့် လှုပ်ရှားကာ နန်ဟို၏နောက်ကို ချက်ချင်း ရောက်ရှိလာသည်။ သူသာဆိုလျှင် ထိုဓားချက်အား မည်သို့ ကာကွယ်မည်ဟု ရီဖူရှင်းက တွေးနေသည်။

နန်ဟို၏မျက်လုံးတွင် ငွေရောင် အလင်တစ်ချက် လက်သွားသည်။ သူက တွန့်ဆုတ်ခြင်း မရှိဘဲ​လှံရှည်ကို ရွေ့လျားလိုက်သည်။ ဓားသွားက သူ၏လည်မျိုအနီးကို ရောက်လုခါနီးတွင်ပင် ကျိုးပျက် သွားရသည်။

အားလုံးက ထိတ်လန့် သွားကြသည်။ ဓားချက်ကား အလွန်အမင်း အန္တရာယ် များလွန်းလှသည်။ နန်ထျန်းအိမ်တော်က လှံရှည်ပညာကို မျက်လုံးမှော်ပညာနှင့် တွဲရက် လေ့ကျင့်ကြသည်။ သို့သော် သူတို့အထူးပြုသော မျက်လုံးမှော်ပညာက အမြင်စွမ်းအား သတ်သတ်သာ ဖြစ်သည်။ ဤနည်းဖြင့် သူတို့၏လှံချက်က ပိုမို တိကျ သေချာစေသည်။

နန်ဟို၏ သက်စောင့်ဝိညာဉ်က လင်းလက် တောက်ပလာကာ မရေမတွက်နိုင်သော လှံရှည်ပုံရိပ်များက ရွယ်ချွဲထံကို ပြေးဝင် သွားကြသည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုများက ဓားစွမ်းအင်များ အောက်တွင် ဘာမှ အရာမထင်ပေ။

သို့သော် ရွယ်ချွဲက တကယ့်ဓားချက်ကို ထုတ်သုံးခြင်း မရှိသေးပေ။ သို့သော် ထိုသို့ ထုတ်မသုံးခြင်းက ပြိုင်ဘက်အား ပိုမို ဖိအား ရောက်စေသည်။ တကယ့် သေကွင်းသေကွက် ဓားချက်က မည်သည့်အချိန် ရောက်လာမည်ကို မသိရရာ သူက အားလုံးကို မျက်ခြည်မပြတ် သတိထားနေရသည်။

ရွယ်ချွဲ၏ဓားက လူသတ်ရန်ဖြစ်သည်။ သူက တစ်ဖက်လူနှင့် ရင်ဆိုင်တိုက်ခိုက်ရန် တစ်ခါမှ သူ၏ဓားကို မသုံးပေ။

ကြောက်မက်ဖွယ် ဓားမုန်တိုင်းက နန်ဟိုကို ဖိအားပေး လာနေသည်။ နန်ဟိုက ရှေ့ကို လှံရှည်ဖြင့် ဝှေ့ယမ်းသည်ကို အားလုံးက မြင်ကြရသည်။ လှံတစ်ချက်စီတိုင်းက ကြောက်မက်ဖွယ် ဖျက်ဆီးအားကို ပေးသည်။

သို့သော်လည်း နန်ထျန်းအိမ်တော်မှ လူများ၏အမူအရာက ပိုမိုလေးနက် လာသည်။ နန်ဟိုက လှံရှည်အား မြန်ဆန်စွာ ဝှေ့ယမ်း တိုက်ခိုက်နေခြင်းက သူမည်မျှ ဖိအားဒဏ်အား ခံစားနေရသည်ကို ထင်သာမြင်သာ ရှိစေသည်။ တိုက်စစ်အား ခံစစ်ဖြင့် အစားထိုးခြင်းက အောက်စည်းကို ရောက်နေခြင်း၏ သင်္ကေတဖြစ်သည်။

တိုက်ပွဲက အချိန် အတန်ကြာခဲ့ပြီး နောက်ဆုံးတွင် အလွန် အန္တရာယ်ရှိသော နတ်ဘုရား ဓားချက် အောက်တွင်ပင် နန်ဟိုက ရှုံးနိမ့်ခဲ့သည်။ ဓားချက်က နန်ဟို၏လည်မျိုပေါ်ကို ရောက်လာခဲ့ကာ ရွယ်ချွဲကသာ အနည်းငယ် အားစိုက်ခဲ့ပါက သေဆုံး သွားနိုင်ပေသည်။

“ကျုပ် အများကြီး သင်ယူခဲ့ရပါတယ်…” နန်ဟိုက ပြောသည်။ သည်တိုက်ပွဲတွင် သူက တစ်ချိန်လုံး ဖိအားပေးခံခဲ့ရကာ ပြန်လည် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း သူကလည်း များစွာ သင်ယူခဲ့ရသည်။

ရွယ်ချွဲက ဤတိုက်ပွဲတွင် အနိုင်ရခဲ့သည်။ အကယ်၍သာ ရွယ်ချွဲနှင့် ယန်ချူတို့ တိုက်ခိုက်ပါက မည်သို့နေမည်ကို အားလုံးက စိတ်ဝင်စားကြသည်။ အကယ်၍ ယန်ချူကသာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ပါက သူတို့က အကောင်းဆုံး ဓားသမားများ၏ တိုက်ပွဲကို မြင်တွေ့ရ နိုင်ပေသည်။

နောက်တစ်ပွဲတွင် ယန်ကျန်းနှင့် ကျောင်းလီတို့ ရင်ဆိုင်မိသည်။

ယန်ကျန်းကား ဧရာမ ကြီးမားသော ခန္ဓာကိုယ်အား ပိုင်ဆိုင်ကာ သန်မာကြံ့ခိုင်သည်။ သူ၏ခြေလှမ်းတိုင်းက မြေပြင်ကို တုန်ခါစေကာ လူအများအား ဖိအားဖြစ်စေသည်။ သူက ကွင်းထဲတွင် အတော်ဆုံး မဟုတ်သည့်တိုင် သူ့ထံမှ ဖိအားက အကြီးဆုံး ဖြစ်သည်။

သို့သော်လည်း ကျောင်းလီ၏ မျက်လုံးများက ပြောင်းလဲခြင်း မရှိပေ။ သူက ခွဲခွာခြင်း လမ်းတွင် အတော်ဆုံး ဖြစ်သည်။ သူက ကြောက်မက်ဖွယ် ကောင်းအောင်ပင် တည်ငြိမ်သည်။

ကျောင်းလီ၏ ခန္ဓာကိုယ်တွင် ရွှေရောင်အလင်းများ ဖြာထွက်လာသည်။ သူကလည်း သတ္တုဓာတ်ကို အသုံးပြုရာတွင် ထူးချွန်သည်။ သူ၏ခန္ဓာကိုယ်အနီးမှ​ အလင်းတန်းများတွင် ရှေးဟောင်း သင်္ကေတများ ပါဝင်ရောနှောနေပုံ ရသည်။ သူက သက်စောင့်ဝိညာဉ်ကို ထုတ်လိုက်သည်တွင် ဧရာမ သုံးချောင်း ထောက်တိုင်ကို တွေ့ရသည်။ ကျောင်းလီက သုံးချောင်း ထောက်တိုင်ကို ဝှေ့ယမ်းသည်တွင် ရှေးဟောင်း သင်္ကေတများက အလင်း အရံအတားများ အနေနှင့် စုစည်း ဖြစ်ပေါ် လာကြသည်။

ဘုန်း… ယန်ကျန်းက ရှေ့ကို တက်လာသည်။ သူက လက်ကို မြောက်ကာ သင်္ကေတ အရံအတားကို ထုရိုက်လိုက်သည်။ သတ္တုချင်း ထိရိုက်သံ မြည်ဟည်းသွားကာ မရေမတွက်နိုင်သော သင်္ကေတများ လွင့်စဉ် သွားကြသည်။ သို့သော် တံတိုင်းကား ပြိုပျက်သွားခြင်း မရှိပေ။

ဘယ်လောက်တောင် အားကောင်းတဲ့ ခံစစ်လဲဟု အားလုံးက တွေးတောကြသည်။ ယန်ကျန်းကား သားရဲသတ္တဝါကြီး ဖြစ်သည်။ သူ့တွင် ပင်ကိုကြီးမားသော စွမ်းအားရှိကာ ချီမင်တစ်ယောက်သာ သူ့လောက် အားကောင်း နိုင်ပေသည်။ ကျောင်းလီက သေချာပေါက် ခုခံရန်လိုသည်။

ကျောင်းလီက ရှေ့ကို တက်လာသည်။ ရွှေရောင် သဘာဝ စွမ်းအင်များ အားလုံးက သူ၏လက်တွင် စုစည်းလာနေ၏။ သူကလည်း မြန်ဆန်စွာဖြင့် ယန်ကျန်းထံကို လက်ဝါး ရိုက်ထုတ် လိုက်သည်။

ကျောင်းလီ၏လက်မှ ဧရာမ သုံးချောင်းထောက် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ လေပြင်များ ရိုက်ခတ်သွားကာ အမှန်ပင် ယန်ကျန်းက နောက်ကို ဆုတ်လိုက်ရသည်။

“ကိုးနဝင်း ထောက်တိုင် အစစ်အမှန် ကီစွမ်းအား…” အားလုံးက ကျောင်းလီကို ကြည့်ကြသည်။ သည်ပညာကား ကျောင်းမိသားစု၏ အဆင့်မြင့် ပညာဖြစ်ပြီး ကျောင်းလီနှင့် အလွန် လိုက်ဖက်သည်။

ယန်ကျန်းက ရပ်လိုက်သည်။ သူက လက်ဆန့်တန်းသည်တွင် လက်ထဲ၌ နှင်တံတစ်လက် ပေါ်လာသည်။ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု သူ့နှင်တံတွင် စုစည်းလာနေကာ အလွန် အားကောင်းသော အရှိန်အဝါကို ပေးသည်။

ဒါက လူဝံကလန်၏ ကောင်းကင် ဖြတ်သန်းခြင်း ရိုက်ချက် ရှစ်ဆယ့်တစ်ချက် နှင်တံပညာလား…။

ကျောင်းလီက နောက်ဆုတ်ခြင်း မရှိပေ။ သူက ကိုးနဝင်း အစစ်အမှန် စွမ်းအားကို အဆုံးစွန်သို့အထိ အသက်သွင်းလိုက်လျှင် အားကောင်း ပြင်းထန်သော ရွှေရောင် အလင်းများက စက်ဝိုင်းကွင်းများလို သူ့ကို လှည့်ပတ်သွားသည်။ သူက လေထဲကို ခုန်တက်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်တွင် ဧရာမထောက်တိုင် ပုံရိပ်ကြီးက ယန်ကျန်းထံကို ဆင်းသက် လာပြန်သည်။ ယန်ကျန်းကလည်း နှင်တံကို ဝှေ့ယမ်းကာ ပြန်လည် ခုခံသည်တွင် ထောက်တိုင်က အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားသည်။

ကျောင်းလီ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူ၏ သက်စောင့်ဝိညာဉ်က ပိုမိုလင်းလက်လာကာ ပိုမိုအားကောင်းသော စွမ်းအား ဖြစ်ပေါ်လာသည်။ သူက ရှေ့ကို အဆက်မပြတ် ထိုးနှက်သည်။ မရေမတွက်နိုင်သော ထောက်တိုင်များ ယန်ကျန်းထံ တိုးဝင် လာကြသည်။

ယန်ကျင်းက နှင်တံကို ဝှေ့ယမ်းလျှင် ထောက်တိုင်များ အဆက်မပြတ် ပြိုကွဲကြသည်။ သူက နှင်တံကို ဝှေ့ယမ်းကာ ကျောင်းလီထံသို့ ပြေးဝင်သွားသည်။

ကောင်းကင်တွင် ဧရာမနှင်တံ ပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုနှင်တံပုံရိပ်က ကြီးမားသော အရှိန်အဝါဖြင့် ဆင်းသက် လာသည်တွင် ကမ္ဘာလောကြီးက ချောက်ချားစွာ အော်ဟစ်ဟန် ရသည်။

ဝုန်း…

ကြီးမားသော အသံတစ်ခုနှင့်အတူ နှင်တံက ထောက်တိုင်နှင့် တိုက်ခိုက် ထိတွေ့ကာ မရေမတွက်နိုင်သော ထောက်တိုင်ပုံရိပ်များ အားလုံး ကြေပျက်ကြသည်။

ဘုန်း… ကြီးမားသော အသံနှင့်အတူ မြေပြင်က တုန်ခါသွားကာ ယန်ကျန်းက ရှေ့ကို တက်လာသည်။ သူ၏အရှိန်အဝါက ပိုမို အားကောင်းလာကာ ဒုတိယတစ်ကြိမ် ရိုက်ချသည်။

ထောက်တိုင်က နောက်ကို လွင့်စဉ်သွားကာ ကျောင်းလီ၏ပါးစပ်မှ သွေးများ စီးကျလာသည်။ သူ၏ခန္ဓာကိုယ်အနီးမှ ရွှေရောင်စွမ်းအင်များ ယုတ်လျော့ သွားကြသည်။ သို့သော် ယန်ကျန်းက ရှေ့ကို ဆက်လက်၍ လျှောက်လာနေသည်။

“ဘယ်လောက် ပြင်းထန်တဲ့ နှင်တံပညာလဲ…” လူတိုင်း၏စိတ်နှလုံးက တုန်ခါရသည်။ ယန်ကျန်း၏ ရိုက်ချက်တိုင်းက ကမ္ဘာပျက် စေနိုင်လောက်သည်။

“ဒါက ကောင်းကင် ဖြတ်သန်းခြင်း ရှစ်ဆယ့်တစ်ချက် မဟုတ်ဘူး…” တော်ဝင်ကျဲနန်းတော်မှ အကြီးအကဲများက မျက်မှောင်ကြုတ်သည်။ သည်နှင်တံပညာက ကောင်းကင် ဖြတ်သန်းခြင်း နှင်တံပညာထက် ပိုမိုအားကောင်းဟန် ရသည်။

တတိယမြောက် ရိုက်ချက်အောက်တွင် ကျောင်းလီက သူ၏ရှိရှိသမျှသော စွမ်းအင်များကို သုံး၍ ခုခံသော်လည်း အဝေးကို လွင့်စဉ်သွားကာ နောက်တစ်ဖန် မထနိုင်တော့။

“ဒါက ရီဖူရှင်းရဲ့ နှင်တံပညာပဲ…” ရီဖူရှင်း တိုက်ခိုက်သည်ကို မြင်ဖူးသူများက ပြောသည်။ အာရုဏ်လမ်းမှ လူများနှင့် မိုးမြေကောင်းကင်မြို့မှ လူများက သည်နှင်တံပညာကို မြင်ဖူးသည်။ ယန်ကျန်းက ဤပညာကို မည်သို့ သိနေရသနည်း။

ထို့အပြင် နှင်တံပညာက လူဝံများနှင့် အလွန် လိုက်ဖက်ဟန် ရနေသည်။ ရီဖူရှင်းနှင့် ယန်ကျန်းက နှင်တံပညာကြောင့် မိတ်ဆွေများ ဖြစ်လာခဲ့သည်များလား…။

နှင်တံပညာ၏ စွမ်းအားကို မြင်သောအခါ ယန်ကျန်းအဖေ ရွှေလူဝံကြီး၏ မျက်လုံးက တဝင်းဝင်း တောက်သွားသည်။ သည်ပညာက နှင်းလူဝံဧကရာဇ် တီထွင်ခဲ့သော နှင်တံပညာရပ် ဖြစ်ရမည်။

ယန်ကျန်းက ထိပ်သီး ဆယ်နေရာမှ တစ်နေရာကို ယူသွားသည်။

***

စာစဉ်(၃၈)ပြီးပါပြီ

ဆက်ပါဦးမည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset