Switch Mode

အပိုင်း(၅၆၄)

ဖျက်ဆီးခြင်းမျက်လုံး

ကွင်းထဲတွင် လူနှစ်ဆယ်ခန့်သာ ကျန်တော့ကာ အားလုံးက သက်ပြင်းမောများ ချနေကြသည်။ ယခုအဆင့်များတွင် သူတို့၏ အားအင်များက ပိုမိုကုန်ခန်းရာ တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲများက သူတို့အား တစ်ကျော့စီတိုင်းတွင် ပြန်လည် အားဖြည့်ဖို့အတွက် အချိန်ပေးပေသည်။

ယခု ကွင်းထဲတွင် လူနှစ်ဆယ်ခန့်သာ ကျန်ရစ်တော့ပြီ ဖြစ်သည်။ ထိုအထဲတွင် အာရုဏ်လမ်းမှ ခုနစ်ယောက် ပါဝင်ပြီး သူတို့မှာ ရီဖူရှင်း၊ ယူချင်း၊ ယိရှောင်ရှီ၊ ယန်ကျန်း၊ ရှောင်ကျွမ်ရီ၊ ယန်ချူနှင့် နန်ဟိုတို့ ဖြစ်ကြသည်။ ထိုအဖြစ်က လူအုပ်ကြီးအား အံ့အားသင့်စေသည်။ လူခုနစ်ယောက်က နောက်ဆုံး လူနှစ်ဆယ်စာရင်းထဲ ဝင်နိုင်သည်မှာ အံ့ဖွယ်ကိစ္စ ဖြစ်သည်။

အာရုဏ်လမ်းမှ လူခုနစ်ယောက်အပြင် ကျုံးကျိုးမြို့၏ မြေရိုင်းလမ်းတွင်လည်း လူအများဆုံး ဖြစ်သည်။ ဟောင်မိသားစုမှ ဟောင်ကျူဂီ၊ ထင်းရွှယ်အိမ်တော်မှ ရွယ်ချွဲ၊ စီမင်ကလန်မှ စီမင်ရန်နှင့် လျှပ်စီးအိမ်တော်မှ ဇီယန်တို့ ဖြစ်ကြသည်။

တခြား ခုနစ်လမ်းတွင် မြေအောက်လမ်း၌ လူနှစ်ယောက် ကျန်ပြီး သူတို့ကား ဒီမွန်း နတ်ဘုရားကလန်မှ ချီမင်နှင့် ကျူးကော့ကလန်မှ ကျူးကော့ရှင်းတို့ ဖြစ်ကြသည်။

ဆုတ်ယုတ်ခြင်းလမ်း၌ လူနှစ်ယောက်ကျန်ပြီး ထာဝရအဘိုးအို၏ တပည့်ဖြစ်သူ ဖီးနစ်ဖြစ်ပြီး ရှေးဟောင်း ရှာမန်ကလန်၏ဆက်ခံသူ ကွေချန်းဖြစ်သည်။

တခြား လမ်းများတွင်ကား လူတစ်ယောက်စီသာ ကျန်ကာ တိမ်ဖြူမြို့မှ ပိုင်စီ၊ ဗာမီလီယန်ငှက်ကလန်မှ လီရှင်း၊ အေးခဲလမ်းမှ ထူးဆန်းတန်ခိုးရှင် ဟောင်တို့ ဖြစ်ကြသည်။

ယခု ဘယ်သူက နောက်ထပ် ကွင်းထဲမှ ထွက်ရမည့်လူ ဖြစ်မည်ကို တစ်ယောက်ကမှ မခန့်မှန်း နိုင်တော့ပေ။ သည်မတိုင်မီက စီကျိနှင့် ထို့ခွေတို့ကို အနိုင်ယူခဲ့သော ရီဖူရှင်းနှင့် ယူချင်းကိုပင် နောက်တစ်ဆင့်တွင် ပြုတ်မည်ဟု ဘယ်သူမှ မခန့်မှန်းရဲတော့ပေ။

ထိပ်ဆုံး ဆယ်နေရာကို ဘယ်သူတို့က ဝင်ရောက်မည်ကို ပရိသတ်များက အပြင်းအထန် ငြင်းခုံနေကြသည်။ ပိုင်ဇီ၊ ဟောင်ကျူဂီ၊ ကျူးကော့ရှင်း၊ ရွယ်ချွဲနှင့် ချီမင်တို့က နောက်တစ်ဆင့် တက်ရန် များပေသည်။ ထို့အပြင် လျှပ်စီးအိမ်တော်မှ ဇီယန်၊ ဗာမီလီယန်ငှက်ကလန်မှ လီရှင်းတို့က ဆဋ္ဌမအတန်းအစား နိုဘယ်တို့ ဖြစ်ကာ နောက်တစ်ဆင့်ကို တက်ရန် အခွင့်အလမ်း များပေသည်။

သို့သော် အမှန်တကယ်အားဖြင့် ဘယ်သူက နောက်တစ်ဆင့် တက်မည်ကို သူတို့က အတိအကျ ခန့်မှန်းနိုင်ခြင်း မရှိပေ။ အနိုင်အရှုံးက တန်ခိုးအဆင့်မျှဖြင့် ခွဲခြား သတ်မှတ်၍ မရတော့ပေ။

ကွင်းထဲမှ လူနှစ်ဆယ်ခန့်ကား အလွန် တိတ်ဆိတ်နေသည်။ အမှန်အားဖြင့် သူတို့ကလည်း ဖိအားများ ဝင်နေကြသည်။ အကယ်၍ သူတို့က နောက်တစ်ပွဲ အနိုင်ရခဲ့ပါက ထိပ်ဆုံး ဆယ်နေရာကို ဝင်ရောက်သွားမည် ဖြစ်သည်။

ပရိသတ်များထဲတွင် ကြယ်မင်းကျောင်းမှ ချန်းယွန်နှင့် သူ၏တပည့်များက ကွင်းထဲကို လှမ်းကြည့် နေကြသည်။

“မူချန်း… အခု နောက်ဆုံး လူနှစ်ဆယ်ပဲ… ဒါက ဘာကို ဆိုလိုတာလဲ မင်းသိလား… ပြီးတော့ သူက ခုနကမှ နိုဘယ်အဆင့်ကို တက်တာ…” ကျောင်းအုပ်ချန်းက ပျင်းရိသော ပုံစံဖြင့် မေးသည်။ သည်တစ်ကြိမ်တွင်ကား မူချန်းက အလွန်အမင်း တည်ငြိမ်နေကာ ကျောင်းအုပ်ချန်းကို ပြန်မငြင်းတော့ပေ။ ချန်းယွန် ရွေးချယ်ခဲ့သော သားတော်ကား နဝမအတန်းအစား နိုဘယ်သာ ဖြစ်သည့်တိုင် ယခု အောင်မြင်မှုက မယုံကြည်နိုင်ဖွယ် ကောင်းနေပြီး ဖြစ်သည်။

သားတော်တစ်ယောက် ဖြစ်သည့်အလျောက် သူက သူ့မျိုးဆက်တစ်ခုလုံးကို လွှမ်းမိုးနိုင်ရမည်ဟု ကျောင်းအုပ်ချန်းက ပြောခဲ့သည်။ ထိုအထဲတွင် မြေရိုင်းဒေသလည်း ပါဝင်သည်လား…။ ရီဖူရှင်းသာမဟုတ်၊ ယူချင်းနှင့် ရီဝူချင်းတို့ကလည်း အလွန်အမင်း အားကောင်းကြပေသည်။

သူတို့သာ အရွယ်ရောက်လာပါက မည်သည့်နေရာသို့အထိ ရောက်နိုင်မည်နည်း။

သူ ခန့်မှန်း၍ပင် မရပေ။

သူ့နောက်တွင် ကုယွန်ချီ၊ လောင်မူ၊ လီချန်းရီနှင့် တခြားလူများ အားလုံးက ရီဖူရှင်းနှင့် ယူချင်းတို့ကြောင့် ထိတ်လန့် နေကြသည်။ သူတို့က ထိုနှစ်ယောက်၏ ထွန်းတောက်မှုကို လိုက်မမီတော့သလိုပင် ခံစားရသည်။

အာရုဏ်လမ်းမှ လူများက ရီဖူရှင်းနှင့် ယူချင်းတို့အတွက် ဂုဏ်ယူကြသည်။ ကြည့်ရသည်မှာ နန်ဟောင် သေဆုံးခဲ့သည်က တိုက်ဆိုင်သည် မဟုတ်ပေ။ အကယ်၍ နန်ဟောင်ကသာ ဤမြင်ကွင်းကို စောစီးစွာ မြင်ခဲပါက ရီဖူရှင်းအား အတင်း တွန်းအားပေးခဲ့မည် မဟုတ်မည်မှာ သေချာသည်။

ဟွာဂျီယူက တိုက်ပွဲကွင်းပြင်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူမက တခြား လူများထက်ပင် ရီဖူရှင်းကို ယုံကြည်ပေသည်။ သူတို့က ချင်းကျူ ကျောင်းတွင် ကတည်းက အတူတကွ ကြီးပြင်းလာကြကာ နန်ဒူနိုင်ငံနှင့် အရှေ့မြေရိုင်းဒေသသို့ အတူတူ ခြေဆန့်ခဲ့ကြသည်။ ရီဖူရှင်း၏နာမည်ကို မသိသူ မရှိခဲ့။ မြေရိုင်းဒေသကလည်း ထူးမခြားနားပေ။

လေပြင်းအဝှေ့တွင် လူသူကင်းမဲ့သော ကွင်းထဲ၌ သစ်ရွက်လှုပ်ခတ်သံ တရှဲရှဲ ကြားကြရသည်။ လှေကားပေါ်မှ အကြီးအကဲက ကြေညာသည်… “တိုက်ပွဲကို ဆက်ရအောင်…”

သူက ထိုသို့ ပြောလိုက်သည်တွင် ပတ်ဝန်းကျင် တစ်ခုလုံး လုံးဝ တိတ်ဆိတ် သွားသည်။ သူတို့အားလုံး၏ အကြည့်များက နောက်ဆုံးကျန်သော လူနှစ်ဆယ်ခန့်ကို သေချာစွာ ကြည့်နေကြသည်။

ကွင်းထဲတွင် တစ်ယောက်နှင့် တစ်ယောက် အကဲခတ် နေကြသည်။ ယခု တစ်ယောက်ချင်းစီက ဘယ်သူ့ကို  ပြိုင်ဘက်အဖြစ် ရွေးချယ်မည်ကို သေချာ စဉ်းစားရန် လိုလာပြီဖြစ်သည်။

လေပြင်း တစ်ချက်နှင့်အတူ လူနှစ်ယောက် ကွင်းထဲကို ဖျက်ခနဲ ဝင်ရောက် လာကြသည်။

မြန်လွန်းသည်။ ပထမတိုက်ပွဲအတွက် လူနှစ်ယောက်က မြန်ဆန်စွာပင် ပေါ်ထွက်လာခဲ့သည်။

ပထမ တစ်ယောက်ကား စီမင်ကလန်မှ စီမင်ရန် ဖြစ်သည်။

စီမင်ကလန်က သူ့အတွက် မျှော်လင့်ချက် ကြီးကြီးမားမား ရှိကာ သူ၏ အကြီးအကဲများက သူ့ကို ကိုယ်တိုင် လာရောက် အားပေးနေကြသည်။ စီမင်ရန်ကား အမှန်ပင် အားကောင်းကာ သည်အဆင့်ထိအောင် ရောက်လာပြီး ဖြစ်သည်။ သို့သော် သူ၏ပြိုင်ဘက်ကို မြင်သည်တွင် လေးနက် တည်ကြည် သွားသည်။

သူ့အား ရင်ဆိုင်ရာတွင် ဘယ်သူမဆို စိုးရိမ်စိတ် ဝင်မည်ဖြစ်သည်။

သူကား တိမ်ဖြူမြို့မှ ပိုင်စီဖြစ်သည်။

သူက ဦးဆုံး ထွက်လာမည်ဟု တစ်ယောက်ကမှ မထင်ထားပေ။ သူကား တော်ဝင်လမ်းကို ဝင်ရောက်ကတည်းက သည်နှစ်အတွက် ထိပ်ဆုံးသုံးနေရာကို သေချာပေါက် ဝင်ရောက်မည့်လူအဖြစ် နာမည် ကျော်ကြားနေပြီး ဖြစ်သည်။

စီမင်ရန်ကဲ့သို့ လေးနက်သော အမူအရာနှင့် မတူဘဲ ပိုင်စီကား အလွန်အမင်း သက်သောင့်သက်သာ ရှိဟန်ရကာ သူ့ပြိုင်ဘက် ဘယ်သူ ဖြစ်သည်ကိုလည်း ဂရုစိုက်ပုံမရပေ။

ကွင်းထဲမှ လေများက ပိုမို၍​ ကြမ်းတမ်းလာကာ ငွေရောင် အလင်းတန်း ကလေးများက ဓားပျံများအဖြစ် ပြောင်းလဲ သွားကြသည်။ ထိုအလင်းတန်းများက ဓားပျံများတွင် ကြောက်မက်ဖွယ် ကောင်းသော နှစ်ဖက်သွား ဓားအသိက ပေါင်းစပ်ပါဝင်နေကာ မုန်တိုင်း၏ အစိတ်အပိုင်းများ ဖြစ်သွားပြီး မုန်တိုင်းက ပိုမိုပြင်းထန်စွာ တိုက်ခတ်လာသည်။

ဓားသွားမုန်တိုင်း…။ လူအုပ်က ဖျက်ဆီးအားကို ကြည့်ကာ မှင်တက် နေကြသည်။ သို့သော်လည်း ထိုမုန်တိုင်းထဲတွင် ပိုင်စီကား တည်ငြိမ်စွာ ရပ်နေသည်။ လေထုက သူ၏အင်္ကျီအား တလွင့်လွင့်ဖြစ်စေကာ ထက်ရှသော နှစ်ဖက်သွားဓား မုန်တိုင်းထဲ၌ သူက ဘာမှ မခံစားရသလို တည်ငြိမ်စွာ ရပ်နေဆဲဖြစ်သည်။

ထိုအခိုက်တွင် ပိုင်စီ၏မျက်လုံးက မီးခိုးရောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုအခိုက်တွင် မမြင်ရသော စိတ်ဝိညာဉ် အားလှိုင်းက ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့သွားကာ စီမင်ရန်၏ ခေါင်းထဲကို တိုးဝင်လာသည်။ စီမင်ရန်က သူ၏လောကတစ်ခုလုံး မီးခိုးရောင်အဖြစ် ပြောင်းလဲသွားသည်ဟု ခံစားရကာ ကြီးမားသော ဖိအားက သူ့ထံ ဆင်းသက်လာသည်။

သူ၏ တန်ခိုးအဆင့်ကား ပိုင်စီထက် မြင့်သည်။ ထို့ကြောင့် သူ့စိတ်စွမ်းအားက ပိုင်စီထက် မြင့်သင့်သည်။ သို့သော်လည်း သူကား ပိုင်စီ၏ စိတ်စွမ်းအား အောက်တွင် ဖိအားပေးခြင်း ခံထားရသည်။ အဘယ်ကြောင့်ဆိုသော် ပိုင်စီ၏ စိတ်စွမ်းအားက တခြားလူများနှင့် ကွာခြား၏။

စီမင်ရန်အတွက် သည်တိုက်ပွဲက တိမ်ဖြူမြို့မှ တန်ခိုးရှင် တစ်ယောက်နှင့် ပထမဆုံး တိုက်ခိုက်ဖူးခြင်း ဖြစ်သည်။ ယခုမှ ထိုအရာက မည်မျှ​ ကြောက်မက်ဖွယ် ကောင်းသည်ကို သူ သိလိုက်သည်။

တိမ်ဖြူမြို့၏ အဆင့်အမြင့်ဆုံး ပညာရပ်တစ်ခုဖြစ်သော ဖျက်ဆီးခြင်း မျက်လုံး…။

စိတ်ဝိညာဉ်ပညာရှင်…။ ရီဖူရှင်းက တိုက်ပွဲကို ကြည့်ကာ မျက်လုံးမှော်၏ အခြေခံက စိတ်ဝိညာဉ်စွမ်းအား ဖြစ်သည်ကို သိသည်။ စိတ်ဝိညာဉ် ပညာရှင်များကလည်း ကွဲပြားခြားနားသော ဓာတ်သဘာဝများကို ပိုင်ဆိုင်ပြီး သူတို့၏စွမ်းရည်များက ကွဲပြားပေသည်။ စိတ်ဝိညာဉ် ပညာရှင်များ၏ ပညာရပ်များက ထူးဆန်းကာ အလွန် အားကောင်း ကြပေသည်။

ရီဖူရှင်းက ယခင်ကတည်းက တိမ်ဖြူမြို့ကို ကြားဖူးသည်။ အထူးသဖြင့် သူ၏အစ်ကိုသုံးက တိမ်ဖြူမြို့ သခင်လေး ပိုင်လွေလီထံတွင် ရှုံးနိမ့်ခဲ့သည်။ ပိုင်စီက သည်မျက်လုံးပညာကို ယခင်တိုက်ပွဲများက မသုံးဖူးသည်ကို ရီဖူရှင်း သိသည်။

လွတ်လပ်ခြင်း ကျင့်စဉ်ကို အသုံးပြုရင်းက သူက မီးခိုးရောင် လောကကြီးကို မြင်သည်။ ထိုအရာကား စီမင်ရန်ကို ဖိအားပေးထားသော ပိုင်စီ၏သီးသန့်နယ် ဖြစ်သည်။

“သေစမ်း…” စီမင်ရန်က အော်ဟစ်သည်။ သူက စိတ်အာရုံကို စုစည်းသည်။ သူက မခံနိုင်တော့သောအခါ မုန်တိုင်းဓားသွားများက ပိုင်စီထံကို တိုးဝင်သွားကြသည်။ သို့သော်လည်း စိတ်ဝိညာဉ် ပညာရှင်များကား မှော်ပညာရှင်များကို အမြဲတမ်း ပြန်လည် တိုက်ခိုက်နိုင်သည်။ စီမင်ရန်၏မုန်တိုင်းက အလွန်အမင်း အားနည်းသွားကာ ကြောက်မက်ဖွယ် ဖိအားက စီမင်ရန်ထံကို ထပ်မံ ဆင်းသက်လာသည်။ သူ ထိန်းချုပ်နေသော ဓားသွားများကလည်း ဖရိုဖရဲ ဖြစ်လာသည်။

ဒြပ်ထု စိတ်ဝိညာဉ်အား…။ ရီဖူရှင်း ထိတ်လန့်သွားသည်။ ဘာတွေ ဖြစ်ပျက်နေသည်ကို သူ မြင်နေရသည်။ ဓားသွားမုန်တိုင်းက ပိုင်စီကို တိုက်ခတ် နေသော်လည်း ပိုင်စီအား ထိခိုက်ခြင်း မရှိပေ။ မုန်တိုင်းထဲတွင် ပိုင်စီကား လှုပ်ပင် မလှုပ်ပေ။

“မင်းက အများကြီး လိုသေးတယ်…” ပိုင်စီက အေးဆေးစွာ ပြောသည်။ ဓားပျံများက ရုတ်တရက် စီမင်ရံဖက်ကို ပြန်လည် လွင့်စဉ်သွားကာ စီမင်ရန်အား စိုက်ဝင်သွားကြသည်။ ချက်ချင်းပင် စီမင်ရန်၏ ခန္ဓာကိုယ်က အဝေးကို လွင့်စဉ်သွားကာ သွေးခြင်းခြင်း နီသွားသည်။

စိတ်ဝိညာဉ် အားလှိုင်းများ ပျောက်ကွယ်သွားသလို ဓားမုန်တိုင်းလည်း ပျောက်ကွယ် သွားသည်။ စီမင်ရန်ကား အတန်ကြာ မိန်းမောနေသည်။ သူက နောက်ဆုံး လူအရေအတွက် နှစ်ဆယ်ခန့်အထိ ရောက်လာခဲ့သော်လည်း တစ်ကွက်မျှပင် မခုခံနိုင်ခဲ့။

“ဒါ…” အကြည့်များစွာက အေးခဲသွားကြသည်။ ပိုင်စီက သေချာပေါက် အနိုင်ရမည်ကို သူတို့ သိကြသော်လည်း ဤသို့သော မြန်ဆန်သော ရလဒ် ထွက်ပေါ်လာမည်ကို မထင်မှတ်ထားကြပေ။

စီမင်ရန်ကား သူ့ပြိုင်ဘက်ပင် မဟုတ်ပေ။

ထိုအဖြစ်က တိမ်ဖြူမြို့၏ ကြီးကျယ်ခမ်းနားမှုကို လူအများအား တွေးတော ဖြစ်စေသည်။ တိမ်ဖြူမြို့စား ကိုယ်တိုင်က ကောင်းကင်မြေရိုင်း အဆင့်လေးဖြစ်ကာ ပိုင်လွေလီကား ကောင်းကင်မြေရိုင်း အဆင့်တစ်ဆယ်ဖြစ်သည်။ ယခု ပိုင်စီကရော…။ အနာဂတ်တွင် ထိုသို့သော လူတစ်ယောက် ဖြစ်လာမည့် အရိပ်အယောင်ကို မြင်နေရသည်။

တော်ဝင်ကျဲ နန်းတော်တွင် ပိုင်လွေလီက တိုက်ပွဲကို တည်ငြိမ်စွာ ကြည့်နေသည်။ သူက ပိုင်စီ၏စွမ်းရည်ကို သိရာ ရလဒ်အား မအံ့ဩပေ။ ကွင်းထဲတွင် ပိုင်စီ၏ပြိုင်ဘက် ဖြစ်နိုင်သော လူက တစ်ယောက် နှစ်ယောက်ခန့်သာ ရှိသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset