သူတို့နှစ်ဦးအကြား ကွာဟချက်က ကြီးမားနေဆဲ ဖြစ်သည်။
ယူချင်းက ဤနေရာသို့အထိ သူ၏စွမ်းရည်ကို အားကိုးကာ ရောက်လာခြင်းက အလွန် ထူးခြားနေပြီး ဖြစ်သည်။ သူ၏ပြိုင်ဘက် ထို့ခွေကား တူညီစွာ သန်မာ ထွားကျိုင်းပြီး ကြီးမားသော အားအင်ကို ပိုင်ဆိုင်ထားသည်။ တစ်ဖက်တွင် ထို့ခွေက ယူချင်းက တန်ခိုးအဆင့်များစွာ သာလွန်ရာ ယူချင်းက ထို့ခွေ၏ပြိုင်ဘက် မဟုတ်သည်မှာ မထူးဆန်းတော့ပေ။
ထို့ခွေကသာ ယန်ကျင်းနှင့် ရင်ဆိုင်ရပါက အလွန် ကြည့်ကောင်းသော တိုက်ပွဲတစ်ပွဲ ဖြစ်လာပေလိမ့်မည်။
“ယူချင်း…” ရီဖူရှင်းက ယူချင်းကို ကြည့်သည်။ ယူချင်းက လဲကျရာမှ ယခင်ကဲ့သို့ပင် ပြန်လည်၍ မားမားမတ်မတ် ရပ်သည်။
လူအများအပြားက သူ့ကို စိတ်ဝင်စားစွာ ကြည့်ကြသည်။ ယူချင်းကား နတ်ဆိုး ဝင်စားသလား ထင်ရသည်။ သူ၏ခန္ဓာကိုယ်က အလွန် အကြမ်းပတမ်း ခံနိုင်သည်။ ထို့ခွေ၏ ရိုက်ချက်က သူ့အား အနည်းငယ်မှ ဖြုံဟန်မတူပေ။
သူ၏ခန္ဓာကိုယ်အား အနက်ရောင် အငွေ့အသက်များ စတင် ယှက်သန်းလာသည်။ ထို့နောက် သူ၏နောက်တွင် နတ်ဆိုးပုံရိပ်တစ်ခုကို ဝေဝေဝါးဝါး မြင်ကြရသည်။ သူက အားကောင်းသော သိုင်းပညာအသိကို ထုတ်ဖော်သည်တွင် မမြင်ရသော မိစ္ဆာ အငွေ့အသက်များက ပတ်ဝန်းကျင် တစ်ခုလုံးကို ရိုက်ခတ်သွားသည်။
ဘုန်း… ယူချင်းက ရှေ့ကို လှမ်းသွား လိုက်သည်တွင် မြေပြင်က တုန်ခါသည်။ ဧရာမ သားရဲကြီး တစ်ကောင်က ပြေးလွှား၍ မြေပြင် တုန်ခါသည့်အလား ယူချင်း၏ ခြေလှမ်းများကြောင့် တစ်လောကလုံး တုန်ခါရသည်။
ထို့ခွေ၏အမူအရာက အေးစက်နေသည်။ သူ၏လက်များတွင် ရွှေရောင်အလင်းများ တလက်လက် ထနေကာ ရှေးဟောင်း သင်္ကေတများ ဖြစ်ပေါ်လာသည်။ ထို့နောက်တွင် လက်များမှ အလွန် ပြင်းထန် အားကောင်းသော ရွှေရောင်လှိုင်းများ ဖြာထွက် လာသည်။
ဘုန်း… ယူချင်းက မြေပြင်ကို ပြင်းစွာ ဆောင့်နင်းလျက် လေထဲကို ခုန်တက်လိုက်သည်။ သူ၏လက်ထဲတွင် နက်ရွှေရောင် နတ်ဆိုးပုဆိန်ရှည် ပေါ်လာကာ အောက်မှ ရန်သူကို ခုတ်ချလိုက်သည်။ နတ်ဆိုးတစ်ပါးက ပုဆိန်ရှည်အား ကိုင်စွဲကာ ရန်သူအား နှိမ်နင်းသည့်အလား ပုံစံက ပရိသတ်များကိုပင် တုန်လှုပ် ချောက်ချား စေသည်။
ထို့ခွေက လက်နှစ်ဖက်လုံးကို သုံးလျက် ထိုးနှက်လိုက်သည်။ သူ၏လက်မှ ရွှေရောင် အားလှိုင်းများက ထောင်ပေါင်း များစွာသော လက်သီးပုံရိပ်များ အဖြစ် ပြောင်းလဲသွားကာ နတ်ဆိုးပုဆန်ရှည်နှင့် တိုက်ရိုက် ရင်ဆိုင်သည်။ ဖန်ဆင်းထားသော ပုဆိန်ရှည်ကား လက်သီးချက်များ အောက်တွင် ကြေပျက်သွားရသည်။ အရှိန်အဝါ ကြီးမားသော လက်သီးများက ယူချင်း၏ ရင်ဘတ်ပေါ်ကို တိုက်ရိုက် ကျဆင်းလာကာ ယူချင်းက အဝေးကို လွင့်စဉ် သွားပြန်သည်။
ဘုန်း… ကျယ်လောင်သော အသံနှင့်အတူ ယူချင်းက မြေပြင်ပေါ်ကို ကျသည်။ သို့တိုင်အောင် ယူချင်းက ပြန်လည်၍ မြဲမြံစွာ ထရပ်ကာ ထို့ခွေကို ကြည့်သည်။ သူ၏ပါးစပ်မှ သွေးစပ်များကို မြင်တွေ့ရရာ ယူချင်းက ဒဏ်ရာ ရသွားသည်မှာ သေချာသည်။ သို့တိုင်အောင် သူ၏ခန္ဓာကိုယ်မှ မိစ္ဆာ အငွေ့အသက်များက အားနည်းသွားခြင်း မရှိဘဲ ပိုမိုပြင်းထန် အားကောင်း လာသည်ဟု ထင်ရသည်။
“ဒါတောင် သူက ထရပ်နိုင်သေးတယ်…” လူအများအပြားက ဆွံ့အကြရသည်။ တန်ခိုး အဆင့်နိမ့်သူ တစ်ယောက်က ထိုမျှ ခံနိုင်ရည်အား ရှိသည်လား…။ ယူချင်းကား မယုံကြည် နိုင်စရာပင်။
ဘုန်း… ယူချင်းက တစ်ဖန် ထို့ခွေထံကို ပြေးသွားပြန်ရာ လူအများအပြားက ထိတ်လန့် ကြရသည်။ သည်အကောင်က ရူးသွပ်နေသည် များလား…။
“မင်းက သေချင်နေတာလား… ဒါမှမဟုတ် စိတ်မမှန်တာလား…” ထို့ခွေ၏မျက်လုံးများက ရွှေရောင် လင်းလက်လာပြီး ကြောက်မက်ဖွယ် သတ္တုဓာတ်စွမ်းအင်များ သူ့ခန္ဓာကိုယ်တွင် ရစ်သိုင်းလာသည်။ လက်စွပ်ပုံစံ ရွှေရောင် အားလှိုင်းများက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သွားကာ လှပစွာ လှည့်ပတ်ကြသည်။
ဒုန်း… ဒုန်း…
သည်တစ်ခေါက်တွင် ထို့ခွေက မြေပြင်တွင်သာ ရပ်နေခြင်း မဟုတ်တော့ဘဲ သူကလည်း ပြေးဝင်လာသည်။ ရွှေရောင် အလင်းများက သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာရာ သူ့တစ်ကိုယ်လုံး မဆုံးနိုင်သော စွမ်းအားများနှင့် ပြည့်နှက် နေသည်ဟု ထင်ရသည်။
ကြည့်ရသည်မှာ ထို့ခွေကလည်း ဆက်လက်၍ သည်းခံတော့မည့်ဟန် မရှိတော့ပေ။
ခန္ဓာကိုယ်နှစ်ခုက ရင်ဆိုင်မိသည်တွင် လူအများအပြားက တစ်ဖက်ကို အကြည့် လွှဲသွားကြသည်။ ယူချင်းက ထိုမျှ ပြင်းထန်သော အားလှိုင်းများကို ခံနိင်ရည်ရှိမည် မဟုတ်ဘဲ အလွန်အရုပ်ဆိုး အကျည်းတန်သော အဆုံးသတ်မှုမျိုးဖြင့် တွေ့ကြုံ သွားရနိုင်သည်။
လူနှစ်ယောက်၏ လက်ဝါးချင်း ဆုံတွေ့ခြင်းက ကျယ်လောင်သော ပေါက်ကွဲမှုကြီး တစ်ခုကို ဖြစ်သွားစေကာ ရွှေရောင် အလင်းတန်းများက ယူချင်း၏လက်များမှ တစ်ဆင့် ဖြတ်တိုက်သွားသည်။ ကြောက်မက်ဖွယ် ရွှေရောင် တံဆိပ်တော်များက သူတို့၏ပစ်မှတ်ကို ထွင်းဖောက်သွားရာ အလင်းတန်းက ယူချင်း၏ နောက်ကျောမှ ဖြတ်သန်းကာ အဝေးကို လွင့်စဉ်ပျောက်ကွယ် သွားသည်ကို မြင်ကြရသည်။
“ယူချင်း…” ရီဖူရှင်း၏ မျက်လုံးများက အလွန်အမင်း စိုးရိမ်ပူပန် နေဟန်ကို တွေ့ရသည်။ သည်အကောင်က ဘာလုပ်နေသနည်း။ အကယ်၍ ယူချင်းက သူမယှဉ်နိုင်သောသူကို တွေ့ပါက သည်အတိုင်း အရှုံးပေးလိုက်ရုံမျှသာ ဖြစ်သည်။ အကယ်၍ သူက အရှုံးမပေးလိုလျှင်လည်း မိစ္ဆာအသွင်ပြောင်း၍ အနိုင်ယူနိုင် သေးသည်။
“မင်းက သေချင်နေမှတော့ မင်းဆန္ဒကို ဖြည့်ဆည်း ပေးရတာပေါ့…” ထို့ခွေ၏အမူအရာက အေးစက်သွားသည်။ သူက လက်ကို မဆန့်တန်းမီ အနည်းငယ် နောက်ကို အားယူလိုက်သည်။ သူ၏လက်မှ တစ်ဆင့် အားလှိုင်း စက်ကွင်းများက ယူချင်း၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားကာ အရာအားလုံးကို ဖျက်ဆီးသွားဟန်ရကာ ယူချင်းကား မြေပြင်ပေါ်ကို တစ်ဖန် ပြင်းထန်စွာ ထိရိုက် လွင့်စဉ်သွားပြန်သည်။
ရီဖူရှင်း တစ်ယောက်သာ စိတ်ပူနေသည် မဟုတ်ဘဲ ကျူးကော့မင်းယွီ၊ ရီဝူချင်းနှင့် တခြားလူများ အားလုံးကလည်း စိုးရိမ်ပူပန် နေကြသည်။ သည်အကောင်က အမှန်ပင် သူ့အသက်ကို တန်ဖိုး မထားတော့ဘူးလား…။
ဘုန်း… ယူချင်း၏ခန္ဓာကိုယ်က မြေပြင်ပေါ်ကို တစ်ဖန် ကျပြန်သည်။ ထို့ခွေ၏ ပြင်းထန်သော အရှိန်အဝါများ ပျောက်ကွယ်သွားကာ သူက ယူချင်းထံကို လျှောက်လာသည်။ သည်အကောင်က အရှုံးခံမည့်အစား အသက်သာ အသေခံမည်ဟူသော သဘောလား…။ ဒါက အမှန်တကယ် လိုအပ်လို့လား…။ သည်မျှ ထူးခြား ထက်မြက်သော ပြိုင်ဘက် တစ်ယောက်က အမှန်တကယ် သေဆုံး သွားတော့မည်လား…။
ယူချင်းအား မိစ္ဆာ အငွေ့အသက်များ ရစ်ပတ်နေဆဲ ဖြစ်သည်။ သူ၏ပါးစပ်မှ သွေးများ စီးကျနေသော်လည်း သူခံစားနေရသော နာကျင်မှုများက သည်းခံနိုင်သော အခြေအနေ တစ်ခုတွင် ရှိနေဆဲဖြစ်သည်။ မိစ္ဆာစွမ်းအားကား သည်လောကတွင် မရှိသင့်သောအရာ ဖြစ်သည်။ မိစ္ဆာပညာကို လေ့ကျင့်ခြင်းက ကောင်းကင်၏အလိုကို ဆန့်ကျင်ရာ ရောက်သည်။ ယူချင်း လေ့ကျင့်သော မိစ္ဆာပညာကား အလွန်အမင်း ပြင်းထန်ကာ သူ နေ့စဉ် လေ့ကျင့်မှုများ၌ သူခံစားရသော နာကျင်မှုကလည်း သူ ယခုခံစားရသော နာကျင်မှုထက် မနည်းပေ။
နိုဘယ်အဆင့်ကား သူ၏မိစ္ဆာပညာရပ်တွင် အလွန်အမင်း အရေးပါသော အချိုးအကွေ့ တစ်ခုဖြစ်သည်။ သူက ခန္ဓာကိုယ်နှင့် ကောင်းကင် မြေပြင်အကြား ဆက်စပ်နေသော အတားအဆီးကို ဖြတ်ကျော်နိုင်ခြင်း မရှိသေးရာ သူသာ နိုဘယ်အဆင့်ကို တက်ရောက်လိုပါက အလွန်အမင်း ပြင်းထန်သော ပြင်ပအားကို အသုံးပြုမှ ရပေမည်။
သူက မျက်လုံးကိုမှိတ်ကာ မိစ္ဆာစွမ်းအားများ သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားစေသည်။ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာစွမ်းအားများ ဖြတ်သန်း သွားသည်တွင် သူ၏ခန္ဓာကိုယ်မှ အက်ကွဲသံများ အရိုးအဆစ်ကျိုးသံများ မြည်လာသည်။
မကြာမီ နက်ရွှေရောင် အလင်းတန်းများ သူ၏ခန္ဓာကိုယ်မှ ဖြာထွက်လာ၏။ သူ၏အနီးတွင် သဘာဝစွမ်းအင်များ အရူးအမူး စုစည်း လာနေသည်ကို အားလုံးက မြင်ကြသည်။ ထိုအရာက မှော်ပညာရှင်များ သုံးသော သန့်စင်သော သဘာဝ စွမ်းအင်များဖြစ်စေ၊ သိုင်းပညာရှင်များ သုံးသော အကြမ်းထည် စွမ်းအင်များဖြစ်စေ ထိုစွမ်းအင်များ အားလုံးက ယူချင်း၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး တိုးဝင်ကြသည်။
မထင်မှတ်သော ပြောင်းလဲမှုက လူအများအပြားကို အံ့အားသင့်စေသည်။ ထို့ခွေပင်လျှင် ရပ်လိုက်ကာ ယူချင်းအား အကဲခတ်နေသည်။ ဘာဖြစ်နေသနည်း။
တော်ဝင်ကျဲနန်းတော်မှ ပုဂ္ဂိုလ်ကြီးများကလည်း စိတ်ဝင်စားစွာ ကြည့်ကြသည်။ ဒါက လောကကြီးထဲက သဘာဝ စွမ်းအင်တွေကို ဝါးမျိုတဲ့ မိစ္ဆာပညာလား…။
သည်ကဲ့သို့ မိစ္ဆာပညာက အလွန် အဆင့်အတန်း မြင့်မားသော ပညာရပ်ဖြစ်မည်မှာ သေချာသည်။ အမြင့်မားဆုံးသော မိစ္ဆာပညာရပ်များကား နတ်ဆိုး လောကတွင်သာ တည်ရှိပေသည်။ သို့တိုင်အောင် တခြား လောကများတွင်လည်း မိစ္ဆာပညာရပ်များကို လေ့ကျင့်သူရှိသည်။ သို့တိုင်အောင် ဤသို့ အဆင့်မြင့်သည့် ပညာကား အလွန်အမင်း ရှားပါးသည်သာ..။ ထို့အပြင် မိစ္ဆာပညာအား ဤအဆင့်သို့ထိအောင် လေ့ကျင့်နိုင်သည်ကား အလွန်အမင်း ရှားပါးပေသည်။
“မိစ္ဆာကောင်…” အကြီးအကဲနန်က ထိုမြင်ကွင်းကို ကြည့်ကာ ကြိမ်းမောင်းသည်။ နန်ဟောင်က အမှန်ပင် ယူချင်း၏ လက်ထဲတွင် သေဆုံးခဲ့သည်ကို သူ ယုံကြည်လာသည်။ ယူချင်း လေ့ကျင့်သော မိစ္ဆာပညာကား အလွန် အဆင့်အတန်း မြင့်သည်။
“မိစ္ဆာပညာကို လေ့ကျင့်တဲ့လူတွေက ရက်စက်ပြီးတော့ သွေးဆာလောင်ကြတယ်… ကျုပ်တို့ရှေ့က လူငယ်လေးက တော်ဝင်လမ်းမှာလည်း လူတွေကို မရေမတွက်နိုင်အောင် သတ်ခဲ့တယ်… တကယ်လို့ သူ့ကို မြေတောင် မြှောက်ပေးရင် လူတွေ သန်းချီပြီး သေကြဦးမယ်… ကျုပ်တို့က သူ့ကို ဒီထက် အားမကောင်းခင် ရှင်းထားသင့်တယ်လို့ ထင်တယ်…” အကြီးအကဲနန်က တခြား အကြီးအကဲများကို တယ်လီပသီနည်းဖြင့် စကားပြောသည်။ လူအများအပြားက အကြီးအကဲနန်ကို လှမ်းကြည့်ကြပြီး တစ်ယောက်က ပြောသည်… “စည်းမျဉ်း စည်းကမ်းတွေကို တော်ဝင်ကျဲ နန်းတော်က ချမှတ်ခဲ့တာပဲ… တော်ဝင်လမ်းမှာ လူသတ်တာကို ကျုပ်တို့က ဘာမှ ပြောနေစရာမလိုဘူး…”
“ကျုပ်တို့က သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်ရင်တောင် သူ့ကို တော်ဝင်ကျဲ နန်းတော်သို့ ဝင်ခွင့်မပေးသင့်ဘူး… မဟုတ်ရင် အနာဂတ်မှာ သူ့ကြောင့် ကပ်ဘေးတွေ ကျရောက်လိမ့်မယ်…” အကြီးအကဲနန်က ပြောသည်။
“ကျုပ်တို့ ကြည့်တာပေါ့…” တစ်ယောက်က ပြောသည်။ သူတို့အချင်းချင်း ပြောစကားများကို တခြားလူများက မသိရာ ပရိသတ်များ၏မျက်လုံးများက ယူချင်းထံကိုသာ ရောက်နေသည်။
လောက စွမ်းအင်များကို ဝါးမျိုနေသော ယူချင်းက ဖြည်းညင်းစွာ ရပ်သည်။ ကြောက်မက်ဖွယ် စွမ်းအင်များ သူ့ခန္ဓာကိုယ်ကို စီးဆင်းနေသည်။ မိစ္ဆာပညာကို လေ့ကျင့်ခြင်း၏ အဓိကအချက်မှာ လောကသဘာဝကို ဆန့်ကျင်ကာ သူ၏ခန္ဓာကိုယ် ခံနိုင်ရည်အား အကန့်အသတ်အား ကျော်လွန်သွားအောင် အဆက်မပြတ် လေ့ကျင့်ခြင်း ဖြစ်သည်။
ဝုန်း… အလွန်အမင်း ပြင်းထန် အားကောင်းသော မိစ္ဆာအရောင်အဝါ ထွက်ပေါ်လာသည်တွင် ကွင်းတစ်ခုလုံးအား မိစ္ဆာအရှိန်အဝါများ လွှမ်းခြုံသွားသည်။ ယူချင်း၏ ကိုယ်ရောင်ကိုယ်ဝါက ပြောင်းလဲသွားသည်ကို အားလုံးက သတိထားမိကြသည်။ သူကား နိုဘယ်အဆင့်ကို ရောက်သွားပြီ ဖြစ်သည်။
“ဒီတစ်ယောက်က ခက်ခဲမယ့်ပုံပဲ…”
“သူက ထို့ခွေရဲ့ အားကို အသုံးချခဲ့တာ…” ပရိသတ်များက အံ့အားသင့်စွာ မှတ်ချက်ချသည်။ သို့တိုင်အောင် အဆင့်တက်နိုင်ခဲ့သော ယူချင်းက နဝမအတန်းအစား နိုဘယ်အဖြစ် ရှိနေဆဲဖြစ်သည်။ သူက သတ္တမအတန်းအစား နိုဘယ်ဖြစ်သော ထို့ခွေကို အနိုင်ယူနိုင် ပါမည်လော…။
“ကျေးဇူးပဲ…” ယူချင်းက ထို့ခွေကို ကြည့်ကာ ပြောသည်။
“ကျေးဇူးတင်ဖို့ မလိုဘူး… အခု မင်းလုပ်ခဲ့တာကြောင့် တိုက်ပွဲက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ… မင်းရဲ့အဆင့်တက်မှုက ငါ့ကို စိတ်မပျက်စေဖို့ပဲ မျှော်လင့်တယ်…” ထို့ခွေက ပြောသည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ပေါ်တွင် တံဆိပ်တော်များ ဖြစ်ပေါ်လာကာ ရွှေရောင် အလင်းတန်များ ဖြာထွက်လာသည်။
“မင်းလိုချင်တဲ့ တိုက်ပွဲကို ရလိမ့်မယ်…” ယူချင်းက ထိုသို့ ပြောပြီးသည်တွင် နက်ရွှေရောင် မိစ္ဆာငွေ့အသက်များ သူ၏ခန္ဓာကိုယ်ကို လှည့်ပတ်သွားကာ မိစ္ဆာတစ်ကောင်အလား ထို့ခွေထံသို့ ပြေးသွားသည်။
ထို့ခွေကလည်း ပြေးဝင်လာသည်။ သူတို့နှစ်ယောက်က ရင်ဆိုင်မိသည်တွင် ရွှေရောင် အလင်းတန်းနှင့် နက်ရွှေရောင် အလင်းတန်းတို့ တွေ့ဆုံပြီး ပေါက်ကွဲကြသည်။ သူတို့ နှစ်ယောက် အကြား တိုက်ခိုက်မှုတွင် မည်သည့်အကွက်မှ မပါဝင်ဘဲ လက်သီးကို လက်သီးချင်း လက်ဝါးကို လက်ဝါးချင်း ရင်ဆိုင်ကာ ကြမ်းတမ်းသော အားအင်ကို အခြေပြ တိုက်ခိုက်ကြသည်။
ဘုန်း… အလင်းတန်း ပေါက်ကွဲ လွင့်စဉ်မှုများတွင် လေထုက တုန်ခါကြသည်။ မြေကြီးက တဝုန်းဝုန်း လှုပ်ယမ်းကြ၏။ ထို့ခွေကား အဝေးကို လွင့်စဉ်သွားကာ မြေပြင်တွင် ဟန်ချက်မနည်း ထိန်းလိုက်ရသည်။ တစ်ဖက်တွင်ကား ယူချင်းက သူ့နေရာတွင် တည်ငြိမ်စွာ ရပ်နေဆဲဖြစ်သည်။
ယူချင်းက ထိုနေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေခြင်းက လူအများအပြားကို ကျောစိမ့်စေသည်။
ခုနကမှ အဆင့်တက်ခဲ့သော ယူချင်းက ထို့ခွေအား လွင့်စဉ်စေခဲ့သည်။
လူအများအပြားက ထို့ခွေကို လှမ်းကြည့်ကြသည်။ ထို့ခွေ၏မျက်နှာတွင် အပြုံးတစ်ခုကို အံ့အားသင့်စွာ တွေ့မြင်ရကာ သူက ပြောသည်… “အခု စိတ်ဝင်စားစရာ ကောင်းလာပြီ…” သူက ပိုမိုပြင်းထန်သော အားအင်ကို ထုတ်လွှတ်သည်။ သူ၏ သက်စောင့်ဝိညာဉ် ထွက်ပေါ်လာရာ ရှေးဟောင်း သင်္ကေတတစ်ခု ဖြစ်ပေါ်လာပြီး သူ့အား ကြီးစွာသော အားအင်ကို ထုတ်ပေးသည်။
တစ်ချိန်တည်းမှာပင် ယူချင်း၏ ပတ်ဝန်းကျင်၌ နက်ရွှေရောင် မိစ္ဆာအငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ် မိစ္ဆာအသိ မွေးဖွားလာမှုနှင့်အတူ ထိုစွမ်းအားက ယူချင်းနှင့် ပေါင်းစပ်သွားသည်။
“တကယ်ပဲ အားကောင်းတယ်…” ထို့ခွေက ပြောကာ ရှေ့ကို တက်လာသည်။ မဆုံးနိုင်သော ရွှေရောင် အလင်းများက သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာကာ ယူချင်းထံကို ထွင်းဖောက်မတတ် တစ်ဟုန်ထိုး ပြေးဝင်လာသည်။
ယူချင်းက မြေပြင်ကို ဆောင့်နင်း လိုက်သည်တွင် တိုက်ပွဲကွင်းပြင်မှ လူတိုင်းက မြေပြင် လှုပ်ယမ်းသွားသည်ကို ခံစားကြသည်။ နတ်ဆိုးက မားမားမတ်မတ် ရပ်နေဟန်ကို အားလုံးက ခံစားကြရသည်။ ယူချင်းကလည်း ပြင်းထန် အားကောင်းသော လက်ဝါးရိုက်ချက်ဖြင့် ပြန်လည် ရိုက်ထုတ်သည်တွင် ဘုန်းခနဲ မြည်သံနှင့်အတူ လေထုလှိုင်းများ ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။
မမြင်ရသော အားလှိုင်းနှင့်အတူ ထို့ခွေကား အဝေးကို လွင့်စဉ် သွားပြန်သည်။ အားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ မှင်တက် နေကြသည်။
သည်တိုက်ပွဲတွင် မည်သည့် ထူးခြားသော လှုပ်ရှားဟန်မှ မရှိသော်လည်း သူတို့နှစ်ယောက် ထုတ်လွှတ်သော အားအင်က နတ်ဘီလူးများ၏ တိုက်ပွဲများအလား ထင်မှတ်ရစေသည်။ သက်ရောက်မှုက ပြင်းထန်ကာ ကြည့်နေသူများကိုပင် သွေးများ ဆူပွက်စေသည်။
အလွန် အားကောင်းသော ထို့ခွေကား ရှုံးနိမ့်ခဲ့သည်။
ခုနကမှ အဆင့်တက်ခဲ့သော ယူချင်းကား ထိပ်ဆုံးလူ နှစ်ဆယ်၏နောက်ဆုံးနေရာကို ရသည်။
တိုက်ပွဲကွင်းပြင်က ငြိမ်သက်သွားပြီး ဖြစ်သည်။ ထို့ခွေက သွေးများ အန်ပြီးမှ မြေပြင်မှ ဖြည်းညင်းစွာ ထရပ်သည်။ သူက ယူချင်းကို ကြည့်သည်။ သူ၏ မျက်လုံးများက အရှုံးသမား တစ်ယောက်လို မှေးမှိန်နေခြင်း မရှိပေ။ သူကား ယခင်အတိုင်းပင် တည်ငြိမ်နေဆဲ ဖြစ်သည်။
“ဒီလို တိုက်ပွဲကို တိုက်ခိုက်ခွင့်ရတာ ဒီခရီးက တန်သွားပြီ…” ထို့ခွေကပြောကာ လူအုပ်ထဲကို လျှောက်သွားသည်။
“ဒါဆို မင်းက တော်ဝင်ကျဲ နန်းတော်ကို မဝင်တော့ဘူးလား…” လှေကားထစ်မှ အကြီးအကဲက ပြောသည်။
“ကျုပ်က မြေရိုင်းဒေသက ပါရမီရှင်တွေနဲ့ တိုက်ပွဲအတွေ့အကြုံယူဖို့ပဲ လာခဲ့တာ… အားလုံးကို အနှောင့်အယှက် ပြုမိရင် ခွင့်လွှတ်ပေးပါ… ” ထို့ခွေက အရိုအသေ ပေးကာ ထွက်သွားသည်။
***