ရီဖူရှင်း၏ အတောင်ပံများက လင်းလက် တောက်ပနေသည်။ သူ့နောက်တွင်လည်း နတ်ငှက်ပုံရိပ်သဏ္ဌာန် ရေးရေးမြင်ရ၏။ သူက စီကျိထံသို့ လျှပ်စီးတန်းလို ပြေးဝင် သွားသော်လည်း မီးတောက် ကြာပန်းများက ကြောက်မက်ဖွယ် ဖျက်ဆီးအားနှင့်အတူ သူ့ထံ လာရောက် ဝန်းရံကြသည်။
ရီဖူရှင်းက အမြန်နှုန်း မြှင့်လိုက်လျှင် ကောင်းကင်တွင် လှပသော အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားသည်။ တစ်ဖက်မှလည်း ကြောက်မက်ဖွယ် ကောင်းသော ကြာပန်းနက် များစွာက လောင်ကျွမ်းကြသည်။ မရေမတွက်နိုင်သော ကြာပန်းများက သူ့လမ်းကို ပိတ်ဆို့ထားကြသည်။ ရီဖူရှင်းက ရေခဲဓာတ်စွမ်းအင်ကို ထုတ်လွှတ်လျက် ကြာပန်းနက်များကို ငြှိမ်းသတ်ရန် ကြိုးစားသော်လည်း အရာမထင်ပေ။
“စီကျိက သူ့ရဲ့သက်စောင့် ဝိညာဉ်နဲ့ ပေါင်းစပ်ပြီးတော့ ကိုယ်ပိုင် နည်းစနစ်ကို သုံးပြီး ကြောက်စရာ ကောင်းတဲ့ ကမ္ဘာ့လောင်မီး ကြာပန်းကို ထုတ်လွှတ်နိုင်ခဲ့တယ်… ရီဖူရှင်းရဲ့ တန်ခိုးအဆင့်က နိမ့်တော့ သူ့ရေဓာတ်က မသက်ရောက်ဘူး ဖြစ်နေတယ်…” လူတစ်ယောက်က မှတ်ချက်ချသည်။
ကြောက်မက်ဖွယ် ကောင်းသော ကြယ်တာရာ မုန်တိုင်းတစ်ခု ရီဖူရှင်း၏ ပတ်ပတ်လည်တွင် ဖြစ်ပေါ်လာကာ သူက ရှေ့ကို ဆက်တိုးသွားသည်။ ဥက္ကာခဲများက ကြာပန်းနက်များနှင့် ပြင်းထန်စွာ တွေ့ဆုံကြသည်။ သို့သော်လည်း ကြာပန်းနက်များက ဥက္ကာခဲများကိုလည်း လောင်ကျွမ်း ပြာကျစေကာ ရီဖူရှင်း၏ ကြယ်တာရာ သီးသန့်နယ်ကို အန္တရာယ် ပေးလာခဲ့သည်။
မရေမတွက်နိုင်သော ကြာပန်းများက ဧရာမပန်းပွင့်လွှာများ အဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်း၏လမ်းကို လုံးဝ ပိတ်ဆို့ထားသည်။ တစ်ဖက်တွင်လည်း မရေမတွက်နိုင်သော ပန်းပွင့်လွှာများက စုစည်းလာကာ ရီဖူရှင်း၏ အောက်ခြေ၌ ဧရာမ ကြာပန်းနက်ကြီး တစ်ပွင့် ဖြစ်ပေါ်လာသည်။ စီကျိ၏ သက်စောင့်ဝိညာဉ် ထွက်ပေါ် လာသည်တွင် ထိုနေရာ တစ်ခုလုံးက အနက်ရောင် မီးတောက်ကမ္ဘာ ဖြစ်သွားပြီး အထဲ၌ ရီဖူရှင်းကို လောင်ကျွမ်းရန် ကြိုးစားကြသည်။
ပရိသတ်များ၏ မျက်နှာအမူအရာများ ပြောင်းလဲ သွားကြသည်။ သည်အကွက်ကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ရီဖူရှင်းက ဧရာမ ကြာပန်းကြီးထဲတွင် ရပ်နေသည်။ တစ်နေရာလုံးက မီးလျှံ မီးတောက်များဖြင့် လွှမ်းခြုံထားကာ သူ့အား လာရောက် လောင်ကျွမ်း နေကြသည်။ သူ၏ရေဓာတ် သဘာဝများကလည်း ဘာမှ မလုပ်နိုင်ပေ။
သူ၏နက်ရှိုင်း ထက်ရှသော မျက်လုံးများက ရှေ့ကို စူးနစ်စွာ ကြည့်သည်။ သူက ကြာပန်းကမ္ဘာထဲကို အကဲခတ်ကြည့်ကာ အကယ်၍ သူသာ အတင်းတိုးဝင် သွားခဲ့ပါက ဘာဖြစ်နိုင်မည်ကို တွေးနေသည်။
စီကျိကား ပိုင်ရီထက်ပင် ပိုမို၍ ရက်စက်သည်။ စီကျိက တိုက်ပွဲ စစချင်း သူ၏ အားအကောင်းဆုံးသော တိုက်ကွက်ကို အသုံးပြုကာ ရီဖူရှင်းအား မည်သည့် အခွင့်အရေးကိုမှ မပေးပေ။ သို့သော်လည်း ဤသို့ လုပ်လိုက်ခြင်းဖြင့် သူကား နောက်ပိုင်း တိုက်ပွဲများတွင် အားအင် ကုန်ခန်းခြင်း ပြဿနာနှင့် ကြုံရတော့မည် ဖြစ်သည်။ သို့သော် စီကျိက ဂရုစိုက်ဟန် မတူပေ။ သူက နောက်တစ်ဆင့် တက်လိုသည်ထက် သူ၏စွမ်းရည်ကို ထုတ်ပြနိုင်ရန်ကိုသာ ပိုအလေးထားဟန် ရသည်။
ရီဖူရှင်းက လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်းကာ ကြာပန်းနက်များ မည်မျှ အားကောင်းသည်ကို ကြည့်ရှုသည်။ မီးကြာပန်းများက မီးဓာတ်စွမ်းအင်များ ဖွဲ့စည်းမှုများဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ကို မြင်သည်။ စီကျိ၏ သက်စောင့် ဝိညာဉ်က ထိုကြာပန်းနက်များ ထဲတွင် ပျော်ဝင် နေသည်ကိုလည်း မြင်သည်။ ကြာပန်းများ ကြားထဲတွင် စီကျိ၏ ပုံရိပ်ကိုလည်း ဝေဝေဝါးဝါး မြင်ရသည်။
နိုဘယ်များ၏ စွမ်းရည်က သူ၏သက်စောင့် ဝိညာဉ်နှင့် သဘာဝ စွမ်းအင်များကို ထိန်းချုပ်ရမည့်အစား ကောင်းကင်နှင့် မြေကြီးတို့နှင့် တစ်သားတည်း ဖြစ်ကာ ပိုမိုအားကောင်းသော စွမ်းအားများကို မွေးဖွားစေသည်နှင့် သက်ဆိုင်သည်။ စီကျိက သည်မျှ အားကောင်းသော တိုက်ကွက်ကို ထုတ်သုံးခဲ့သည့်အတွက် စိတ်စွမ်းအားများစွာ ပေးဆပ်ခဲ့ရပေမည်။
ရီဖူရှင်း၏နောက်တွင် နေတစ်စင်း ဖြစ်ပေါ်လာသည်။ ချက်ချင်းပင် သူ့အား မီးလျှံများ လောင်ကျွမ်း ဖြစ်ပေါ်လာသည်။ မီးဓာတ် သဘာဝ စွမ်းအင်များ အားကောင်းစွာ စုစည်း လာနေကြကာ သူ့ကိုသတ်ရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးထားသော မီးတောက်များကပါ ပတ်ဝန်းကျင်၌ ပျော်ဝင် လာနေကြသည်။
နေမင်း ဝိညာဉ်ထဲတွင် နတ်ဘုရား သစ်ပင်ပေါ်လာကာ မသေဆုံးနိုင်သော မီးတောက်များကို ဖြစ်ပေါ်စေသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က နတ်ဘုရား နေမင်းအဖြစ် ပြောင်းလဲသွား၏။
ကမ္ဘာ့လောင်မီး ကြာပန်းများ ရီဖူရှင်းထံ ရောက်လာသော်လည်း ချက်ချင်းပင် ရီဖူရှင်း၏ စုပ်ယူခြင်းကို ခံရသည်။
ရီဖူရှင်းက နေမင်း ပုရပိုက်ပညာကို အသုံးပြုလိုက်သည်တွင် ပတ်ဝန်းကျင် တစ်ခုလုံး ထွန်းလင်း သွားသည်။ သူကိုယ်တိုင်က နေမင်းတစ်စင်း အဖြစ် ပြောင်းလဲသွားကာ လောက၏ မီးဓာတ်သဘာဝ စွမ်းအင်များကို ယခင်ကထက် ပိုမိုခံစား သိမြင်လာသည်။
မီးတောက်နက် ကမ္ဘာထဲတွင် ထူးဆန်း လင်းလက်သော မီးလျှံများ မွေးဖွား လာသည်။ ရီဖူရှင်း၏ စိတ်နယ်ပယ်ထဲတွင် အက်ကွဲသံသဲ့သဲ့ ကြားလိုက်ရကာ တစ်စုံတစ်ခု ပွင့်ထွက်သွားသော ခံစားချက်ကို ရသည်။ ထိုအခိုက်တွင် ပိုမို အားကောင်းသော မီးလျှံများ ဖြစ်ပေါ်လာသည်။ သဘာဝ စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲကို ရေအလျင်ကဲ့သို့ စီးဆင်းကြသည်။
“ငါ အဆင့်တက် သွားတာပဲ…” ရီဖူရှင်းက ပြုံးသည်။ သူ၏စိတ်ဝိညာဉ် စွမ်းအားကား ယခင်ကတည်းက အဆင့်တက်ရန် အခြေအနေသို့ ရောက်ရှိခဲ့ပြီးဖြစ်ရာ ယခု အဆင့်တက်ခဲ့ခြင်းက အံ့အားသင့်စရာ အခြေအနေတော့ မဟုတ်ပေ။ ယခု သူက အဆင့်တက်သွားမှတော့ သူ၏နေမင်း ပုရပိုက်က ရှန့်ထိုအသိနှင့် ပေါင်းကာ မီးဓာတ်များကို မည်မျှ အားကောင်းစွာ စုပ်ယူနိုင်မည်ကို ကြည့်ရတော့မည် ဖြစ်သည်။
ကမ္ဘာ့လောင်မီးများ သူ့ထံ ရောက်လာသောအခါ ယခင်ကနှင့် မတူတော့ဘဲ ရီဖူရှင်း၏ ခန္ဓာကိုယ်က ထိုမီးတောက်များကိုပါ ကြောက်မက်ဖွယ် ကောင်းအောင် စုပ်ယူတော့သည်။
“ဘာဖြစ်နေတာလဲ…” စီကျိက ရီဖူရှင်းအား ကြာပန်းများဖြင့် လောင်ကျွမ်းရန် ကြိုးစားနေရာမှ မူမမှန်မှုကို ခံစားလိုက်ရသည်။ သူ၏ မီးတောက်များက ရီဖူရှင်ကို လောင်ကျွမ်းနိုင်ခြင်းမရှိ ဖြစ်နေသည်။
ထို့နောက် ရီဖူရှင်းက မီးလျှံများ ဖုံးအုပ်နေသော နတ်ငှက်အသွင်ဖြင့် စီကျိထံသို့ အလင်းတန်းအလား ပျံသန်းသွားသည်။ သူပျံသန်းသွားရာ လမ်းတစ်လျှောက်၌လည်း မီးဓာတ် သဘာဝများ အားလုံးကို စုပ်ယူသွား၏။ ထိုအခိုက်တွင် စီကျိ၏ရှေ့ကို အလွန် ကြောက်မက်ဖွယ် ကောင်းသော မီးလျှံနတ်ဘုရားတစ်ပါး ရောက်လာသည်ဟု ထင်မှတ်ရသည်။ စီကျိ၏မျက်နှာက ပြာနှမ်းသွားသည်။ ရီဖူရှင်းက အမှန်ပင် အလွန် အားကောင်းသော မီးလျှံများဖြင့် သူ့ထံကို ရောက်လာနိုင်သည်။ ထို့အပြင် သူက နိုဘယ်အဆင့်ကို ရောက်သွားဟန် ရနေ၏။
စီကျိက ရှိရှိသမျှသော စွမ်းအားများကို သုံးကာ ပတ်ဝန်းကျင်မှ မီးဓာတ် သဘာဝများ အားလုံးကို စုစည်းသည်။ ထို့နောက် ရီဖူရှင်းထံကို လက်ညှိုးညွှန်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော ကြာပန်းနက်များက အလျှံညီးညီး တောက်လောင်လျက် ရီဖူရှင်းထံကို တစ်ဖန် တိုးဝင်သွားကြသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းက ကောင်းကင်မှ ဆင်းသက်လာသည်။
ဘုန်း…
ဝုန်းခနဲ မြည်သံနှင့်အတူ စီကျိ၏ခန္ဓာကိုယ်က အဝေးကို လွင့်စဉ်သွားကာ မြေပြင်ပေါ်ကို ကျသည်။ သူ၏လက်တစ်ဖက်က လုံးဝ မမှတ်မိ နိုင်လောက်အောင် လောင်ကျွမ်းသွားကာ သူ၏သွေးကြောများ အားလုံး ကြေပျက် သွားရသည်။ ရီဖူရှင်း၏ ရိုက်ချက်ကား ကြောက်မက်ဖွယ် မီးဓာတ်စွမ်းအား တစ်ခုတည်းသာ မဟုတ်ဘဲ သိုင်းပညာ စွမ်းအားများလည်း ပါဝင်နေသည်။ စီကျိက မှော်ပညာရှင်ဖြစ်ရာ ရီဖူရှင်း၏အနီးကပ် တိုက်ခိုက်မှုတွင် ခံနိုင်ရည်အား မဲ့ခဲ့သည်။
ကွင်းထဲတွင် ကမ္ဘာလောင်မီးများ ပျောက်ကွယ် သွားသည်။ စီကျိကား မြေပြင်ပေါ်တွင် လဲလျောင်းနေကာ ရီဖူရှင်းက လေထဲတွင် ရပ်နေသည်။
“နိုဘယ်အဆင့်…” လူအများအပြားက ရီဖူရှင်း၏ ကိုယ်ရောင်ကိုယ်ဝါကို ခံစားမိကြသည်။ သူကား သိုင်းပညာနှင့် မှော်ပညာ နှစ်ခုလုံးတွင် နိုဘယ်အဆင့်သို့ ရောက်သွားပြီ။ စီကျိ၏တိုက်ကွက်က သူ့အား နိုဘယ်အဆင့်သို့ တွန်းပို့ခဲ့သည်။
ရီဖူရှင်းက သည်တိုက်ပွဲ ပြီးနောက်တွင် နောက်တစ်ဆင့်သို့ တက်ရောက်ခဲ့သည်။
ရီဖူရှင်းက ထိပ်ဆုံးလူ နှစ်ဆယ်ထဲကို ရောက်လာမည်ဟု မည်သူကမှ မထင်မှတ်ထားကြပေ။ သူကား နောက်တစ်ဆင့်တွင် ပြုတ်သွားခဲ့လျှင်ပင် သူက တော်ဝင်ကျဲပင်ပ မနန်းတော်၌ တစ်နေရာရမည် သေချာသည်။
သည်တိုက်ပွဲပြီးနောက်တွင် တော်ဝင် မီးတောက်ဂိုဏ်း၌ တစ်ယောက်မှ မကျန်တော့။
ရီဖူရှင်းက သူ့နေရာကို ပြန်လာခဲ့သည်။ တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲအချို့က စီကျိကို ဖိတ်ခေါ်ခဲ့ကြ သော်လည်း သူက အားလုံးကို ငြင်းပယ်ခဲ့သည်။
တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်သည်။ နောက်ဆုံး ကျန်ရစ်သူများ၏ တိုက်ပွဲက ယခင် တိုက်ပွဲများထက် ပိုမိုပြင်းထန်ပေသည်။
ယန်ကျန်းနှင့် ယိရှောင်ရှီတို့ နှစ်ယောက်လုံးက အားကောင်းသော ပြိုင်ဘက်များနှင့် တွေ့ဆုံကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး အနိုင်ယူနိုင်ခဲ့ကြသည်။ သူတို့က အကောင်းဆုံး ဆယ်ယောက် စာရင်းထဲ ပါနိုင်သည်ဟု လူအများအပြားက ထင်ကြေး ပေးကြသည်။
ဤသို့ဖြင့် တစ်ပြိုင်နက်တည်း ကွင်းထဲကို ဝင်သူများကြောင့် မည်သူကမှ ယူချင်းကို ပြိုင်ဘက်အဖြစ် ရွေးခွင့်မရခဲ့ဘဲ နောက်ဆုံးတွင် လူနှစ်ယောက်ခန့်သာ ကျန်ရစ်တော့သည်။ သူတို့ကား မြေရိုင်းလမ်းမှ ထို့ခွေဖြစ်ကာ သူကား မြေရိုင်းဒေသ အနောက်ဘက် နယ်တွင်ရှိသော ကြောက်မက်ဖွယ် ကောင်းသော မျိုးနွယ်စုတစ်ခု၏ ဆက်ခံသူဖြစ်သည်။
ထို့ခွေကား ကျောက်သားများအလား ကျစ်လျစ်ကာ သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး ယူချင်း၏ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် ကွဲပြားပေသည်။ သို့သော်လည်း ကြမ်းတမ်းသော အသားအရေနှင့် ကြီးမားသန်မာသော ခန္ဓာကိုယ်ကြီးက သူ့အား အလွန် အားကောင်းသော ပြိုင်ဘက်ဖြစ်မည်က သံသယ ဖြစ်စရာပင်မလို။
သူတို့နှစ်ယောက်က ကွင်းထဲကို ဝင်လာသည်တွင် ပရိသတ်များက သိပ်စိတ်ဝင်စားခြင်း မရှိကြပေ။ ထို့ခွေက ယူချင်းကို အနိုင်ယူကာ နောက်တစ်ဆင့်ကို တက်သွားပေတော့မည်။ အာရုဏ်လမ်းမှ လူအချို့ကသာ ယူချင်း အနိုင်ရမည်ဟု ယူဆနေကြသည်။
“မင်းက ပြိုင်ဘက်ကင်း အရှိန်အဝါနဲ့ မွေးလာတဲ့လူဖြစ်ပြီး သတ္တုဓာတ် စွမ်းအင်ကို သုံးရာမှာ မွေးရာပါ အားကောင်းတဲ့လူပဲ… ဒါပေမဲ့ မင်းရဲ့ တန်ခိုးအဆင့်က အရမ်းနိမ့်နေတယ်… မင်းက အလျှော့ပေးလိုက်တာ ကောင်းမယ်… မင်းရဲ့ တန်ခိုးအဆင့်က နည်းနည်းလောက် မြင့်ခဲ့ရင် ကောင်းမယ်…” ထို့ခွေက ခေါင်းယမ်းကာ ပြောသည်။ သူက တော်ဝင်လမ်းကို လာခြင်းမှာ မြေရိုင်းဒေသမှ တခြားသော ပါရမီရှင်များနှင့် ယှဉ်ပြိုင်လိုခြင်း ကြောင့်သာ ဖြစ်သည်။ သူက ယူချင်း၏ ကြီးမားသော အလားအလာနှင့် ပါရမီကို မြင်သည်။ သို့သော်လည်း ယူချင်း၏အဆင့်က နိမ့်နေ၏။
ယူချင်းက ထို့ခွေကို ကြည့်ကာ ဘာမှ မပြောပေ။ သူက ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်ကာ နက်ရွှေရောင် ချပ်ဝတ်အင်္ကျီက သူ့အား ကာရံသွားသည်။
ဘုန်း… ယူချင်းက ထို့ခွေထံကို ပြေးလွှားသည်တွင် မြေပြင်က တုန်ခါသွားသည်။ သူက အတောင်ပံများကို အသုံးမပြုဘဲ မြေပြင်တွင်သာ တိုက်ခိုက်လိုဟန် ရသည်။
ထို့ခွေ၏ ခန္ဓာကိုယ်ကလည်း ပေါက်ကွဲ စွမ်းအားများ ဖြစ်ပေါ်လာကာ ရွှေရောင် အလင်းများ သူ့ခန္ဓာကိုယ်၌ ရစ်ပတ်လာသည်။ သူက ရွှေရောင်ပုံစံကို ပြောင်းလိုက်ရာ ထိုအခိုက်တွင် သူကား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော လူသားတစ်ဦး ဖြစ်လာသည်။ သူက ပြေးဝင်လာသော ယူချင်းကို ခြေတစ်လှမ်း တိုးကာ လက်ဝါးဖြင့် ရိုက်လိုက်သည်။
လေထုက တုန်ခါသွားသည်။
ထို့ခွေ၏လက်က ထူးဆန်းသော လက်ဝါးပုံရိပ်တစ်ခု ဖြစ်သွားစေကာ ယူချင်း၏မိစ္ဆာ လက်ဝါးနှင့် ထိပ်တိုက်တွေ့သည်။
ဘုန်း…
ရွှေရောင်အလင်း ပေါက်ကွဲမှု တစ်ခုနှင့်အတူ ယူချင်း၏ သန်မာကြံ့ခိုင်သော ခန္ဓာကိုယ်က အဝေးကို လွင့်စဉ်သွားသည်။
စစ်နတ်ဘုရားအလား ယူချင်း၏ ခန္ဓာကိုယ်က ထို့ခွေ၏ ရိုက်ချက်ကို ခံနိုင်ရည် မရှိပေ။
ကြည့်ရသည်မှာ ထိပ်သီးလူ နှစ်ဆယ်အတွက် နောက်ဆုံး တစ်နေရာကို ထို့ခွေက ရယူသွားတော့မည် ထင်ရ၏။
***