Switch Mode

အပိုင်း(၅၆၀)

ကြမ်းတမ်းသော တိုက်ပွဲ

ပြင်းထန်သော တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်သည်။ သည်တစ်ခေါက် တိုက်ပွဲများက တစ်ဖက်သတ် အနိုင်ယူခြင်းမျိုး မဟုတ်တော့ဘဲ အားလုံးက သူမသာကိုယ်မသာ အနေအထားများဖြစ်ရာ အနိုင်ရရန် အစွမ်းကုန် တိုက်ခိုက်ကြရသည်။

အကောင်းဆုံးဟု သတ်မှတ်ခံရသော လူများပင်လျှင် နောက်ဆုံးအထိ မစောင့်ဘဲ စောစီးစွာ ယှဉ်ပြိုင်ကြသည်။ နောက်ပိုင်း ရောက်လာလေလေ ပိုခက်ခဲလေဖြစ်ရာ မည်သည်ကမှ မစွန့်စားရဲကြပေ။

ယိရှောင်ရှီက ကွင်းထဲကို ဝင်လာသည်။ သူကား လူအများ အာရုံစိုက်ခံရသော လူတစ်ယောက်လည်း ဖြစ်သည်။ သူ၏စွမ်းရည်ကြောင့် မဟုတ်ဘဲ ဖက်တီး ဖြစ်နေခြင်းကြောင့်သာ ဖြစ်သည်။ တန်ခိုးရှင်များကား သဘာဝ စွမ်းအင်များကို စားသုံးရသောကြောင့် တန်ခိုးအဆင့် မြင့်လာလေလေ အသားအရေများ ဝင်းပစိုပြည်ကာ ငယ်ရွယ်နုပျိုကြသည်။ ထို့ကြောင့် တန်ခိုးရှင်များ အကြားတွင် လှပခြင်းက အမြဲတွက်ရက် ရှိနေတတ်သည်။ သို့သော် ဖက်တီးကား တခြားလူများနှင့်မတူ အရုပ်ဆိုးကာ ဝပြဲလျက် ဖရုံသီးနှင့်ပင် တူနေသည်။ သို့သော်လည်း မထင်မှတ်စွာပင် သူကလည်း အလွန်အမင်း အားကောင်းနေသည်။

ဖက်တီးက ကွင်းထဲကို ဝင်လာကာ နန်ထျန်း အိမ်တော်ဘက်ကို ကြည့်သည်။

နန်ဖန်းကလည်း မျက်မှောင်ကြုတ်ကာ ပြန်ကြည့်သည်။ ယိရှောင်ရှီက ပျင်းရိသော လေသံဖြင့် ပြောသည်… “အရှေ့မြေရိုင်းဒေသ အတန်းအစားနိမ့် ကလန်က တစ်ယောက်က မြေရိုင်းဒေသ နန်ထျန်းအိမ်တော်က ဂုဏ်သရေရှိ ပါရမီရှင် တစ်ယောက်ကို လာစိန်ခေါ်ပါတယ်…”

ဖက်တီးကား အမှန်ပင် အငြိုးထားသည်။ နန်ဖန်းနှင့် နန်ယွီတို့က ကျောင်းတော်ကို လာရောက် အနိုင်ကျင့်သူများထဲတွင် ပါသည်။ ယခု နန်ယွီက သည်အဆင့်အထိ မပါလာရာ ယိရှောင်ရှီက လက်တုံ့ပြန်နိုင်သောလူမှာ နန်ဖန်း တစ်ယောက်သာ ကျန်သည်။

ကျူးကော့မင်းယွီက ပြုံးလျက် ထိုမြင်ကွင်းကို ကြည့်သည်။ ဖက်တီးကား အမှန် ဆိုးသွမ်းပေသည်။

နန်ဟိုက ယိရှောင်ရှီကို ကြည့်သည်။ နန်ဖန်းနှင့်နန်ယွီတို့ နှစ်ယောက်လုံးက တော်ဝင်လမ်း၌ ရီဖူရှင်းကို ရန်လုပ်လိုခဲ့ကြသော်လည်း သူက တားဆီးခဲ့သည်။ ရီဖူရှင်း၏ စွမ်းဆောင်ရည်ကို သူက မြင်ချင်သေးသည်။ သို့သော် ယခု ရီဖူရှင်းအဖွဲ့ထဲမှ တစ်ယောက်က သူတို့အားပင် ပြန်၍ တိုက်ခိုက်လိုနေသည်။

နန်ဖန်းက ရှေ့ကို ထွက်လာသည်တွင် ယိရှောင်ရှီက မေးသည်… “မင်း အဆင်သင့်ပဲလား…”

“မင်း စတိုက်ပါ…” နန်ဖန်းက အလွန်ထက်ရှသော ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်ကာ ပြောသည်။

ဘုန်း…

ဖက်တီးက မြေပြင်ပေါ်ကို ဆောင့်နင်းကာ လေထဲကို ခုန်တက်ကာ သူ့လက်အား ဆန့်ထုတ်လိုက်သည်။ လေတိုးသံနှင့်အတူ ဖက်တီး၏ လက်က ရှည်လျားသွားကာ သစ်မင်းနွယ်ပင် အဖြစ် ပြောင်းလဲသွားပြီး နန်ဖန်းထံ တိုးဝင်သွားသည်။

နန်ဖန်း၏ ခန္ဓာကိုယ်တွင် ငွေရောင် ချပ်ဝတ်တစ်ခုနှင့် လက်ထဲတွင် လှံရှည်တစ်ချောင်း ဖြစ်ပေါ်လာသည်။ နန်ဖန်းက ငွေရောင်လှံရှည်အား ဝှေ့ယမ်းကာ သစ်မင်းနွယ်ပင်အား ပြန်လည် တိုက်ခိုက်သည်။

နွယ်ပင်များက လှံရှည်၏ ဖြတ်တောက်ခြင်းကို ခံရသော်လည်း သစ်မင်းနွယ်ပင်များက အဆက်မပြတ် ဆက်လက် ဖြစ်ပေါ်နေသည်။ ကောင်းကင် တစ်ခွင်လုံး နွယ်ပင်များဖြင့် ပြည့်နှက်သွားသည်တွင် နန်ဖန်းက မတတ်သာဘဲ သူ၏ သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ် လိုက်ရသည်။ အလွန်လင်းလက်သော အလင်းတန်းတစ်ခုက အရာအားလုံးကို ဖျက်ဆီးလျက် သူ့ခန္ဓာကိုယ်ကို လှည်ပတ်သွားကာ သူ၏လက်ထဲကို ဆင်းသက်လာသည်။ ထို့နောက် သူက လေထဲကို ခုန်တက်ကာ လှံရှည်အား ထိုးခွင်းသည်တွင် ထောင်ပေါင်းများစွာသော လှံရှည်ပုံရိပ်များ ဖြစ်ပေါ်လာကာ နွယ်ပင်များကို ဖြတ်တောက်ကြသည်။

နန်ထျန်းအိမ်တော် ခေါင်းဆောင်ကား မြေရိုင်းဒေသတွင် နံပါတ်တစ် လှံပညာရှင်အဖြစ် ထင်ရှားသည်။ သူ၏ငွေလှံက ဓားကျေးရွာမှ ယန်ဝူကျိနှင့် သူတင်ကိုယ်တင် ယှဉ်နိုင်ကာ နန်ထျန်းအိမ်တော် ခေါင်းဆောင်ကလည်း ကောင်းကင်မြေရိုင်း အဆင့်တွင် ရှိသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ၏မျိုးဆက်ဖြစ်သော နန်ဖန်းကလည်း အားနည်းသည် မဟုတ်ပေ။

ယိရှောင်ရှီ၏ ဧကရာဇ် နွယ်ပင်များက သတ္တုဓာတ် စွမ်းအင်များဖြင့် ပေါင်းစပ်ထားကာ အလွန်အမင်း မာကျောသည်။ သို့တိုင်အောင် နန်ဖန်း၏ လှံချက်များ အောက်တွင် ထိုနွယ်ပင်များက အပိုင်းပိုင်း ပြတ်တောက် ကြရသည်။ သို့သော်လည်း ယိရှောင်ရှီက ဂရုမစိုက်ပေ။ သူ၏သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်တွင် ပေတစ်ရာခန့် ရှည်လျားသော သစ်မင်းနွယ်ပင်ကြီး ပေါ်လာကာ ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအင်များကို အရူးအမူး စုပ်ယူလျက် ကောင်းကင်တွင် ထောင်ပေါင်း များစွာသော နွယ်ပင်များ အဆက်မပြတ် ဖြစ်ပေါ်လာကြကာ နန်ဖန်းထံသို့ ဆင်းသက် လာကြသည်။ နန်ဖန်း၏တိုက်ခိုက်မှုများက မည်မျှ အားကောင်းပါစေ နွယ်ပင်များ အောက်တွင် နစ်မြုပ်သွားမည်မှာ​သေချာသည်။

နန်ဖန်းက သည်တိုက်ပွဲအား သေချာပေါက် ရှုံးနိမ့်မည်ဟု အားလုံးက တွေးသည်။ နန်ဖန်းက အားကောင်းသောလည်း ယခု သတ္တမအတန်းအစား နိုဘယ်ဖြစ်သော ယိရှောင်ရှီကား အတော်ဆုံး ပါရမီရှင်များထဲတွင် ပါဝင်သည်။ ကြည့်ရသည်မှာ နန်ဖန်းက တာရှည်ခံတော့မည့်ဟန် မရှိတော့ပေ။

သူတို့အားလုံး ထင်မှတ်ထားသလိုပင် မကြာမီ အဆုံးမဲ့သော နွယ်ပင်များ၏ ရစ်ပတ်မှုအောက်တွင် နန်ဖန်းက အော်ဟစ်သည်… “ကျုပ် အရှုံးပေးတယ်…”

“ကြီးကျယ်ခမ်းနားတဲ့ ကလန်က လူတွေကလည်း အရှုံးပေးတာပဲလား…” ယိရှောင်ရှီက ရယ်မောကာ နန်ဖန်းအား လွှတ်ပေးလိုက်သည်။

နန်ဖန်းက တော်ဝင်ကျဲ နန်းတော်ဘက်ကို ကြည့်သည်တွင် တစ်ယောက်မှ သူ့အား စိတ်ဝင်စားသည့်ဟန် မတွေ့ရပေ။ သူလည်း အိမ်ပြန်ရတော့မည်။

“ဆက်မယ်…”

နောက်တစ်ယောက် ထွက်လာသည်။ သူကား ကြီးမားသန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ ကွင်းလယ်သို့ လျှောက်လာသည်။

ချီခွန်ကား ဒီမွန်းနတ်ဘုရား ကလန်မှဖြစ်သည်။ သူတို့က မြေရိုင်းဒေသ မြောက်ဘက် တောင်တန်းများတွင် နေထိုင် ကျက်စားကြကာ ကြီးမား ကြံ့ခိုင်သော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ကြသည်။ ထိုဒေသ၏ ထိပ်သီးကလန်နှစ်ခုမှာ ဒီမွန်း နတ်ဘုရားကလန်နှင့် ထိုက်ချွန်တောင်တို့ ဖြစ်ကြသည်။

ဒီမွန်း နတ်ဘုရားကလန်က ဒီမွန်းလောကနှင့် ထိစပ်နေသော နယ်စပ်တွင် တည်ရှိသည်။ ထို့ကြောင့် သူတို့က ဒီမွန်းလောကမှ ဒီမွန်းများနှင့် မကြာမကြာ စစ်ပွဲများ ဖြစ်ပွားကာ ဒီမွန်းနတ်ဘုရား ကလန်ကလည်း မကြာမကြာ ဒီမွန်းလောကသို့ သွားရောက် တိုက်ခိုက်လေ့ရှိသည်။

ချီမင်ကား ဒီမွန်းနတ်ဘုရားကလန်မှ ကွင်းထဲတွင် ကျန်ရစ်သော အတော်ဆုံး လူဖြစ်သည်။ ချီခွန်မူကား အဋ္ဌမအတန်းအစား နိုဘယ်ဖြစ်ကာ ဒုတိယ အတော်ဆုံးလူ ဖြစ်သည်။ သူတို့နှစ်ယောက်က နောက်ဆုံး ကျန်ရစ်သော ဒီမွန်းနတ်ဘုရား ကလန်ဝင်များ ဖြစ်ကြသည်။

“ကျုပ် သူ့ကို စိန်ခေါ်မယ်…” ချီခွန်က ယူချင်းကို လက်ညှိုးထိုးကာ ကွင်းလယ်ကို လျှောက်လာသည်။ ယူချင်းကား ကွင်းထဲတွင် ကျန်ရှိသော တန်ခိုးအဆင့် အနိမ့်ဆုံးလူ ဖြစ်သည်။ သူက ခက်ခဲဟန်ရသည့်တိုင် တခြားလူများနှင့် ယှဉ်ပါက ပိုမို၍ လွယ်ကူဟန် ရှိနေသေးသည်။ ထို့အပြင် ယူချင်း၏ တိုက်ခိုက်ဟန်ကလည်း သူနှင့် ဆင်ဆင်တူရာ ချီခွန်က သူ့အား ရွေးချယ်ခဲ့သည်။ ယူချင်းအား အနိုင်ယူပါက ချီခွန်က နောက်တစ်ဆင့်ကို တက်နိုင်ပေမည်။

ယူချင်းက ရှေ့ကို တက်လာကာ ချီခွန်ကို ကြည့်သည်။ ဒီမွန်းနတ်ဘုရား ကလန်ကား သန်မာမှုကို အခြေပြုကာ ခွန်အား ကြီးမားကြသည်။

ဘုန်း…

အလွန် ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု ချီခွန်၏ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာသည်။ သူ၏ကြွက်သားများက ပိုမိုဖုထစ်လာကာ သွေးကြောကြီးမား ကြွတက်လာပြီး မဆုံးနိုင်သော စွမ်းအားများ တစ်ကိုယ်လုံးတွင် စီးဆင်းနေသည်ဟု ထင်မှတ်ရသည်။

ဘုန်း… ဘုန်း… ချီခွန်က ယူချင်းထံကို လျှောက်လာသည်။ ခြေလှမ်းတိုင်းတွင် မြေပြင်က တုန်ခါသည်။

နက်ရွှေရောင် အားလှိုင်းများ ယူချင်း၏ ခန္ဓာကိုယ်ကို ရစ်သိုင်းလာကာ ကြမ်းတမ်း ခက်ရော်သော အငွေ့အသက်များ ယူချင်းကို ဖုံးလွှမ်းသွားသည်။ သူကလည်း ရှေ့ကို တိုးသွားသည်တွင် ကြောက်မက်ဖွယ် ကောင်းသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာသည်။

သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုများက ရိုးရှင်းသည်။ မည်သည့် ထူးဆန်းသော တိုက်ကွက်များမှမပါ။ လက်သီးလက်ဝါးချင်း ယှဉ်ထိုးသော အကြိမ်တိုင်း၌ နှစ်ယောက်လုံးက နောက်ကို ဆုတ်သွားရလျှင် တစ်ဖန် ပြန်၌ အနီးကပ် လုံးကြပြန်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး တဘုန်းဘုန်းနှင့် ဆူညံနေကာ သားရဲနှစ်ကောင် ခေါင်းချင်းဆိုင်၍ ပူးသတ် နေသည်ဟု ထင်မှတ်ရသည်။

ဘုန်း… ယူချင်းက မြေပြင်ကို ဆောင့်နင်းက ကောင်းကင်ထက်ကို ခုန်တက်လိုက်သည်။ သူ၏နောက်ကျောမှ နတ်ဆိုးအတောင်ပံ ထွက်ပေါ်လာကာ ကြီးမားသော အရှိန်အဝါဖြင့် မြေပြင်မှ ချီခွန်ကို ကြည့်သည်။

သူ့ထက် တန်ခိုး နှစ်ဆင့်နိမ့်သော လူထံမှ သူ့ထက် ပိုမိုအားကောင်းသော အရှိန်အဝါ ထုတ်ဖော်သည်ကို ချီခွန်က ပထမဆုံး ကြုံဖူးခြင်း ဖြစ်သည်။ တောင်တန်းပေါ်မှ မည်သည့်သားရဲကမှ ယူချင်းကဲ့သို့ ကြမ်းတမ်း ခက်ရော်ခြင်း မရှိပေ။

ချီခွန် မြင်နေရသည်ကား ကြီးမြတ်ခန့်ထည်သော နတ်ဆိုးတစ်ပါး ဖြစ်သည်။ ယူချင်း ဆင်းသက်လာသည်တွင် အမှန်ပင် ကောင်းကင်ကပင် ပြိုဆင်းလာသည်ဟု ထင်မှတ်ရာ ကြီးစွာသော ဖိအားက ကြိုတင်၍ ရောက်ရှိလာသည်။

ချူခွန်က ရှောင်ဖယ်ရမည့်အစား အော်ဟစ်လိုက်သည်။ ဒီမွန်းနတ်ဘုရား ကလန်၏ အတော်ဆုံး ပါရမီရှင်တစ်ယောက် ဖြစ်သည့်အလျောက် သူနှင့်ပုံစံတူ တိုက်ခိုက်ရေးသမား၏ တိုက်ခိုက်မှုကို သူက ရှောင်ဖယ်မည် မဟုတ်ပေ။

“ဂါး…” လူဝံကြီး အော်ဟစ်သံက ကောင်းကင်ကို တုန်ယင်သွားစေသည်။ ချူခွန်း၏ သက်စောင့်ဝိညာဉ် ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ သူ၏ခြေလက်များက လူဝံကြီးကဲ့သို့ သန်မာသွားကာ ကောင်းကင်မှ ဆင်းသက်လာသော ယူချင်းအား ခုန်တက်၍ ပြင်းထန်စွာ တိုက်ခိုက်သည်။

ဘုန်း… ဘုန်း… ဘုန်း… သူတို့နှစ်ယောက်က ကောင်းကင်ထက်တွင်ပင် တဘုန်းဘုန်း ရင်ဆိုင်တိုက်ခိုက် ကြပြန်သည်။ ကြမ်းကြုတ်သော ရိုက်ချက်များက တစ်ခဏ အတွင်းတွင် တစ်ယောက်နှင့် တစ်ယောက် ထိမိကာ နောက်ကို လွင့်စဉ် သွားကြပြန်သည်။ ပိုမိုကြောက်စရာ ကောင်းသည်ကား ယူချင်း၏ ခန္ဓာကိုယ်တွင် ရစ်သိုင်းနေသော မိစ္ဆာ အငွေ့အသက်များက ပိုမိုအားကောင်း လာကာ ထိုစွမ်းအားများက ယူချင်းကို ပိုမိုသန်မာစေဟန် ရသည်။

ချီခွန်က ထပ်မံ အော်ဟစ်သည်တွင် သူ၏ခန္ဓာကိုယ်မှ ကြွက်သားများက ပိုမို သန်မာလာသည် ထင်ရ၏။ သူ၏ခန္ဓာကိုယ်က ပိုမို သန်မာလာသည်တွင် လူဝံကြီးပုံရိပ်ကလည်း ဧရာမကြီးမား လာနေသည်။ ထို့နောက် မြေပြင်ကို တုန်ခါစေလျက် ယူချင်းထံ ပြေးဝင်ပြန်သည်။

ဘုန်း… ယူချင်းက ရှေ့ကို တစ်လှမ်း တိုးလိုက်ကာ သူ၏လက်တွင် သန့်စင်သော စွမ်းအားက စုစည်းသွားပြီး ပြေးဝင်လာသော ချီခွန်အား မြေပြင်မှ ကိုင်၍ မလိုက်သည်။ ချီခွန်ကား မထင်မှတ်သော အကွက်ကြောင့် ထိတ်လန့်သွားသည်။ အမှန်က ထိုသို့ မတင်လိုက်ခြင်းတွင် မည်သည့် နည်းစနစ်မျှ မပါဝင်။ သူတို့ နှစ်ယောက်လုံးက ခန္ဓာကိုယ်၏ သန်မာခြင်းကို အဓိကအားပြုကာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

ချီခွန်ကား အလွန် ထိတ်လန့်သွားကာ သူ၏လက်ဖြင့် ပြန်လည် ဆုပ်ကိုင်ရန် ကြိုးစားသည်။ သိုသော်လည်း ထိုခဏတွင်ပင် ချီခွန်ကား ကောင်းကင်ထို့ ဆွဲခေါ်ခြင်းခံရကာ အပေါ်သို့ မြောက်တက် သွားသည်။

“သွားစမ်း…” ချူခွန်က အော်ဟစ်ကာ ရုန်းကန်သည်။

သို့သော် ယူချင်း၏လက်အစုံကား ထိုအခိုက်တွင် မယုံကြည်နိုင်လောက်အောင် သန်စွမ်းကာ ချီခွန်အား ဖက်ထားသော သူ၏လက်က တစ်လက်မမျှ မရွေ့ပေ။ ထို့နောက်တွင် သူတို့နှစ်ယောက်လုံးက မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြန်လည် ကျဆင်းလာသည်။

ဝုန်း…

ဘန်း…

ကမ္ဘာမြေပြင် တစ်ခုလုံး လှုပ်ယမ်း သွားသည်ဟု ထင်မှတ် ရလောက်အောင် မြေပြင်က တုန်ခါသွားကာ ကွင်းလယ်တွင် အက်ကွဲကြောင်းကြီးများ ဖြစ်သွားပြီး ဖုန်များတလုံးလုံး ထသွားသည်။

အရိုးများ ကျိုးအက်သံနှင့်အတူ ချီခွန်ကား မြေပြင်မှ မထနိုင်တော့။

အားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် နေကြသည်။

သည်ကဲ့သို့သော တိုက်ပွဲများကား ရှားပါးလွန်းလှသည်။ သန့်စင်သော စွမ်းအားရှေ့တွင် မည်သည့်နည်းစနစ် လှည့်ကွက်များကမှ အသုံးမဝင်ပေ။ အမှန်တကယ်အားဖြင့် ယူချင်း လုပ်ခဲ့သည်ကား ပိုမိုသန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြောင်း သက်သေပြခဲ့သည်သာ။ သူ၏ကြံ့ခိုင် သန်စွမ်းမှုက အရာအားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိသည်။

ရီဖူရှင်းပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ ချွေးစေးများ ပြန်ရသည်။ သူ ရင်မဆိုင်ချင်ဆုံး ပြိုင်ဘက်ကို ပြပါဆိုလျှင် သူ့စိတ်ထဲ ဦးဆုံး ပေါ်လာသည်ကား ယူချင်းသာ ဖြစ်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset