Switch Mode

အခန်း ( ၆ )

ပြဿနာအကြီးအကျယ်တက်ခြင်း

ဝမ်ပေါင်လဲ့သည် စာရင်းသွင်းကာ ကျင့်ကြံခြင်းပညာရပ်တစ်ခု၊ တာအိုဝတ်ရုံများနှင့် အခြားအထွေထွေပစ္စည်းများကို ရယူပြီးနောက် အထူးဝင်ခွင့်ရ ကျောင်းသားများအတွက်သာဖြစ်သော အနီရောင်တာအိုဝတ်ရုံကို ဆင်မြန်းလိုက်သည်။ သူသည် တောင်ထိပ်တစ်ခုနားတွင် မတ်တတ်ရပ်နေ၏။ ထိုနေရာမှာ အတန်ငယ် ဝေးလံ ခေါင်ဖျားပါ‌သော်လည်း သာယာလှပသည့် ရှုခင်းတစ်ခုရှိသော လှပသည့်အဆောက်အဦတစ်ခု၏ ရှေ့တွင် ရပ်နေရသောကြောင့် သူ ပြုံးဖြဲဖြဲဖြစ်နေတော့သည်။

သူ၏ရှေ့တွင် ခရမ်းရောင် ကျောက်တံခါးပေါက် တစ်ပေါက် ရှိနေပြီး ၎င်းမှာ အလိုအလျောက် ပွင့်သွားကာ နတ်ဝိဇ္ဇာဂူတစ်လုံး ပေါ်လာ၏။

” ဒါ ဒဏ္ဍာရီလာ နတ်ဝိဇ္ဇာဂူပဲ ”
ဝမ်ပေါင်လဲ့သည် စိတ်လှုပ်ရှားမှုများကို မချုပ်တည်းနိုင်တော့ပေ။ ကျောင်းသားအများစုမှာ အိပ်ဆောင်များနှင့်သာ တူသော အိမ်တော်များထဲတွင်သာ နေထိုင်ခွင့်ရှိသည်။ လူနည်းစုသာ တောင်ထိပ်ပေါ်ရှိ နတ်ဝိဇ္ဇာဂူထဲတွင် နေထိုင်ခွင့်ရှိကြသည်။

ရှားပါးသောအရာများမှာ အဖိုးတန်စမြဲပင် မဟုတ်ပါလော။ တောင်တစ်လုံးပေါ်တွင် အဆောက်အဦများစွာ ဆောက်၍ရပါသော်လည်း နတ်ဝိဇ္ဇာဂူ အ‌ရေအတွက်ကိုမူ အတိအကျ သတ်မှတ်ထားပြီးသား ဖြစ်သည်။ ထိုအရေအတွက်ထက် ပို၍ဆောက်လုပ်ရန် ခက်ခဲပေသည်။ ထို့အပြင် ထို နတ်ဝိဇ္ဇာဂူများထဲတွင် ဝိညာဉ်ချီများကို စုစည်းပေးနိုင်သည့် အစီအရင်များ ပါရှိနေသည်ဖြစ်ရာ ၎င်းတို့ထဲရှိ ဝိညာဉ်ချီများမှာ အိမ်တော်များထဲမှ ချီများထက် ပို၍ ထူထပ်ပြီး ပေါကြွယ်ဝနေ၏။

ဝမ်ပေါင်လဲ့သည် သေးငယ်သော နတ်ဝိဇ္ဇာဂူတစ်လုံးကိုသာ ပိုင်ဆိုင်ထားပါသော်လည်း ကျောင်းသားမြောက်များစွာကို မနာလိုစိတ်များ ကြီးထွားလာအောင် ပြုလုပ်နိုင်စွမ်း ရှိပေသည်။

သူ၏တာအိုဝတ်ရုံမှာလည်း အခြားကျောင်းသားများ၏ ဝတ်ရုံများနှင့် မတူညီဘဲ ကွဲပြားခြားနားနေသည်ကို ခံစားမိလေသည်။ ဝမ်ပေါင်လဲ့သည် သူ၏ နတ်ဝိဇ္ဇာဂူကို ကြည့်လိုက်သောအခါ ဘေးနားတစ်ဝိုက်တွင် မည်သူမှ ရှိမနေသည်ကို သတိထားမိလိုက်သဖြင့် ရယ်မောကာ အော်ဟစ်လိုက်တော့သည်။ သူသည် အလွန် စိတ်ဓာတ်တက်ကြွနေ၏။ ထိုနတ်ဝိဇ္ဇာဂူထဲသို့ ဝင်သွားလိုက်ပြီးနောက် ၎င်းမှာ အရွယ်အစား သိပ်မကြီးပါသော်လည်း ဝရန်တာတစ်ခု ရှိနေသည်ကို သူ မြင်လိုက်ရသည်။ ၎င်းမှာ တောင်ထိပ်၏အစွန်းမှနေ၍ ပေနှစ်ဆယ်ခန့်အထိ အပြင်ဘက်သို့ ထိုးထွက်နေ၏။ သူသည် ထိုဝရန်တာပေါ်တွင် မတ်တတ်ရပ်ရင်း ကောင်းကင်ယံတွင် မတ်တတ်ရပ်နေသည့်အလား ခံစားနေရ၏။ သူ့ကိုယ်သူ ကျေနပ်အားရနေသည့် ဝမ်ပေါင်လဲ့သည် ထိုဝရန်တာဆီသို့ လျှောက်လှမ်းသွားလိုက်ပြီး ရှုခင်းကြီးကို ကြည့်ရှုခံစားလိုက်တော့သည်။ သူသည် အလွန် စိတ်ကြည်လင်နေပြီး မုန့်ထုပ် တစ်ထုပ်ကို ထုတ်ယူလိုက်၏။

ဝမ်ပေါင်လဲ့သည် စိတ်ကြည်လင်ပျော်ရွှင်နေလျက် မုန့်များကို စားနေ၏။ ပြီးနောက် သူသည် ကောင်းကင်တာအိုကျောင်း၏ ထူခြားသော ပညာရပ်တစ်ခုဖြစ်သည့် သိုင်းပညာရပ်ကို ထုတ်ယူလိုက်သည်။ ပထမဆုံး စာမျက်နှာပေါ်တွင် အားမာန်အပြည့်ပါသော စုတ်ချက်များဖြင့် ထင်းနေအောင်ရေးထားသည့် စာလုံးသုံးလုံးကို မြင်လိုက်ရသည်။

” ရှေးဟောင်းသိုင်း ”

၎င်းမှာ ဓမ္မလက်နက်ဌာန၏ သီးသန့်ပညာရပ် မဟုတ်ပေ။ အဆင့်နိမ့်ကျောင်းထဲရှိ ကျောင်းသားအားလုံး ထို အခြေခံသိုင်းပညာကို လေ့လာရန်လိုအပ်သည်။ကျောင်းသားအသစ်များမှာ ဝင်ခွင့်စာမေးပွဲကို အောင်မြင်ပြီးနောက် သူတို့နှစ်သက်ရာ ဌာနများထဲ ဝင်ကြရသည်။ ထိုဌာနများထဲတွင် သက်ဆိုင်ရာ ဌာနက သင်ကြားပေးနိုင်သည့် တမူထူးခြားသော ပညာရပ်များကို သူတိ့ လေ့လာသင်ကြားရသည်။ ရှေးဟောင်းသိုင်း ပညာရပ်ကိုမူ ဌာနအားလုံးအား ပေးအပ်ထားသည်ဖြစ်ပြီး ဌာနတစ်ခုချင်းစီမှ ရရှိနိုင်မည့် အသိပညာများအတွက် အထောက်အပံ့ ဖြစ်စေနိုင်မည့် အခြေခံကျင့်ကြံခြင်းပညာရပ်တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

ရှေးဟောင်းသိုင်းအဆင့်တွင် အဆင့်သုံးဆင့်ရှိသည်။ ၎င်းတို့မှာ သွေးချီအဆင့်၊ ခန္ဓာအချုပ်အနှောင်အဆင့်နှင့် ဖွံ့ထွားသွေးကြောအဆင့်တို့ ဖြစ်ကြသည်။ နေဝင်ရီတရောအချိန်သို့ ရောက်လာသဖြင့် တိုက်ခတ်နေသည့် လေများမှာလည်း ချမ်းအေးစ ပြုလာတော့သည်။ ထိုလေများသည် ဝမ်ပေါင်လဲ့အား ဖြတ်၍ တိုက်ခတ်သွားသောအခါ သူ အလွန် ဇိမ်ကျသွားတော့သည်။ ထိုကျင့်ကြံခြင်း ပညာရပ်ကို ဖတ်ရှုလေ့လာနေစဉ် သူ၏အမူအရာမှာ အာရုံစူးစိုက်မှု ပို၍ရှိလာ၏။

မိုးကုတ်စက်ဝိုင်းပေါ်ရှိ ညနေခင်းအလင်းရောင်များ၏ နေရာ၌ အမှောင်ထုများ အပြီးတိုင် နေရာယူသွားသည့်အခါမှသာ ဝမ်ပေါင်လဲ့က ခေါင်းမော့ကြည့်လိုက်၏။ သူသည် ရှေးဟောင်းသိုင်းပညာရပ်၏ အညွှန်းကို ဖတ်ရှုပြီးသွားပြီဖြစ်သည်။ နောက်ဆုံးတွင် သူသည် ရှေးဟောင်းသိုင်းအဆင့်ကို အပြည့်အဝ နားလည်သွားပြီဖြစ်သည်။

သွေးချီအဆင့်တွင် ရောက်နေသူများမှာ ကြီမားသောခွန်အားကို ပိုင်ဆိုင်ထားကြ၏။ ခန္ဓာအချုပ်အနှောင်အဆင့်ရှိ လူများမှာမူ အမြင်အာရုံ စူးရှပြတ်သားလာသည်။ ဖွံ့ထွားသွေးကြောအဆင့်သို့ ရောက်ရှိလျှင်မူ လူသားတစ်ယောက်၏ အပြင်ခန္ဓာ ထိပ်ဆုံးအဆင့်အထိ ရောက်ရှိသွားမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ ပြီးနောက် ချန်းကျစ်ဟန်ဆိုသော အနီရောင်ဝတ်ရုံနှင့် လူငယ်လေး၏ တောင်ကြီးအား ထိုးနှက်လိုက်သည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်ကြည့်လိုက်သည်။ ထိုအခါ သူ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်‌အယောင်များ တဖြည်းဖြည်း တောက်လောင်လာတော့သည်။

” ပြည်ထောင်စုဥက္ကဌဖြစ်ဖို့ဆိုရင် ရှေးဟောင်းသိုင်းပညာရပ်တွေကို လိုကိုလိုအပ်တယ်။ ပြီးတော့ အဲဒီပညာရပ်ကို ကျင့်ကြံရင်းနဲ့ ဝိတ်ချလို့လည်း ရတယ်။ ခဲတစ်တုံးနဲ့ ငှက်တွေအများကြီးကို ပစ်နိုင်မယ့် အခွင့်အရေးပဲ ”
ဝမ်ပေါင်လဲ့သည် စိတ်လှုပ်တရှားနှင့် စတင်ကျင့်ကြံရန် ကြိုးစားလိုက်တော့သည်။ သို့သော် သူ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူသည် ညာဘက်လက်ကိုမြှောက်ကာ အနက်ရောင် မျက်နှာဖုံးကို ဆွဲထုတ်လိုက်၏။

ဝမ်ပေါင်လဲ့သည် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်ပြောင်းတွေးတောရင်း ထိုမျက်နှာဖုံးအား ကြည့်နေ၏။ စစ်ဆေးပွဲထဲတွင် ရှိခဲ့စဉ်က ထိုမျက်နှာဖုံးမှာ မှုန်ဝါးဝါး ဖြစ်သွားခဲ့သည်ကို သူက မေ့မရပေ။ ထို့အပြင် မှုန်ဝါးဝါးစာကြောင်း တစ်ကြောင်းလည်း ပေါ်လာခဲ့သည်။

” ဒါ ရတနာတစ်ခုပဲ ဖြစ်ရမယ် ”
ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာတော့သည်။ သူ၏ မိဘများမှာ ရှေးဟောင်းသုသေသနပညာရပ်များနှင့် ဆက်နွယ်နေကြသူများ ဖြစ်ကြသောကြောင့် သူ၏အိမ်ထဲတွင် အမှိုက်နှင့်တူသော အရာများဖြင့် ပြည့်နှက်နေသည့်ပုံ ပေါက်နေခဲ့သည်။

ထိုရှေးဟောင်းပစ္စည်းများထဲမှ တစ်ခုမှာ ရတနာတစ်ပါး ဖြစ်နေလိမ့်မည်ဟု ဝမ်ပေါင်လဲ့ စိတ်ကူးယဉ်ခဲ့ဖူးသည်။ သူသည် ငယ်စဉ်ကတည်းက ထိုပစ္စည်းအကုန်လုံးနီးပါးနှင့် ဆော့ကစားခဲ့ဖူး၏။ သူသည် အံ့ဩဖွယ်ရာကောင်းသော ဖြစ်ရပ်တစ်ခုခုများ ဖြစ်လာမည်လားဟူသော ရည်ရွယ်ချက်ဖြင့် သွေးစက်တချို့ကိုပင် တိတ်တိတ်ကလေး ချခဲ့ဖူးသည်။

သူသည် ထိုမျက်နှာဖုံးကို လက်ထဲတွင်ကိုင်ကာ နောက်ထပ်တစ်ကြိမ်ထပ်၍ သေသေချာချာ လေ့လာကြည့်လိုက်ပြန်သည်။ ၎င်းမှာ ရေခဲတမျှ အေးစက်နေသည့် ကိုယ်ထည်မှလွဲ၍ အခြားမည်သည့် ထူးခြားသောအချက်ကိုမှ သတိမထားမိပေ။ နောက်ဆုံးတွင်မူ သူသည် ထိုမျက်နှာဖုံးမှာ စစ်ဆေးပွဲတုန်းကကဲ့သို့ ထူးခြားသော ပတ်ဝန်းကျင်တစ်ခုထဲသို့ ရောက်နေမှသာ ပြောင်းလဲမှုများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း ရိပ်မိသွားသဖြင့် သူ၏မျက်လုံးများ ဝင်းလက်တောက်ပသွားတော့သည်။

” ကြည့်ရတာ ငါ ဒါနဲ့ဆင်တူတဲ့ ဓမ္မအေဆာင်တစ်ခုကို ငှားရမယ် ထင်တယ်။ ငါ ဒီမျက်နှာဖုံးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရင် ဖော်ထုတ်နိုင်လောက်တယ် ”
သူသည် ထိုသို့တွေးတောလိုက်မိပြီးနောက် ကောင်းကင်ကြီး မှောင်မည်းသွားပြီ ဖြစ်ကြောင်း သတိထားမိသွားတော့သည်။ အနည်းငယ်ခန့် ပင်ပန်းနေသည့် ဝမ်ပေါင်လဲ့သည် သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ ပြန်သွားလိုက်ပြီး အထုပ်အပိုးများကို ပျော်ရွှင်စွာ နေရာချလိုက်တော့သည်။ သူသည် အဝတ်အစား အများကြီး ထည့်မလာခဲ့ပေ။ သူ၏ပစ္စည်းအများစုမှာ ထူးဆန်းနေ၏။ ၎င်းတို့ထဲတွင် ကြီးမားသော အော်လန်ကြီးတစ်လုံးပင် ပါ၏။

” ဒီပစ္စည်းတွေ အကုန်လုံးက ငါ အရာရှိတစ်ယောက်ဖြစ်လာအောင် ကူညီပေးနိုင်ဖို့အတွက် ငါ စုဆောင်းထားခဲ့တဲ့ ရတနာတွေပဲ။ ငါ့အိပ်မက်ထဲမှာသာ ငါ့ အထုပ်အပိုးတွေကို ရှာမတွေ့ခဲ့ဘူးဆိုရင် ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး ”
ဝမ်ပေါင်လဲ့သည် သန်းဝေရင်း သူ၏ အထုပ်အပိုးထဲရှိ ရတနာများကို ကြည့်ကာ ကျေနပ်အားရသွားသည်။ သူသည် အိပ်ရန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ဆတ်ခနဲတုန်ရီသွားပြီး ထထိုင်လိုက်တော့သည်။

” အောင်မြင်မှုတွေကြောင့် မိန်းမောနေလို့မဖြစ်ဘူး။ အဆင့်မြင့်အရာရှိတွေရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိတွေထဲမှာ တခဏတာ အောင်မြင်မှုတွေကြောင့် သာယာမိပြီးတော့ လမ်းပျောက်သွားခဲ့ရတဲ့ လူ‌တွေအကြောင်း‌ ရေးထားတဲ့ဇာတ်လမ်းတွေ အများကြီးပါတယ်။ အဲဒီလိုလူတွေက နောက်ဆုံး ကံဆိုးမိုးမှောင် ကျသွားရတာချည်းပဲ ”
ဝမ်ပေါင်လဲ့သည် ပင့်သက်ရှိုက်ကာ ဆိုလိုက်၏။ သူက စိတ်လှုပ်ရှားမှုများကို ချုပ်တည်းလိုက်ပြီးနောက် ဆရာများက သူ့ကို အထူးတဆန်းကြည့်ခဲ့ကြသည့် အကြောင်းအရင်းနှင့် ဆရာမုတ်ဆိတ် သူ့အပေါ် ထိုကဲ့သို့ ပြုမူဆက်ဆံခဲ့သည့် အကြောင်းအရင်းကို စတင်တွေးတောသုံးသပ်လိုက်တော့သည်။ သူ၏ အထူးဝင်ခွင့်ရကျောင်းသားဆိုသော ဂုဏ်နှင့် ဆက်စပ်တွေးတောကြည့်လိုက်သောအခါ အဖြေမှာ ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာတော့သည်။

သူတို့က တစ်ခုခုလွဲနေကြောင်း သတိထားမိသွားခဲ့ခြင်း ဖြစ်ရပေမည်။ ဝမ်ပေါင်လဲ့သည် ခွဲခြမ်းစိတ်ဖြာလေ့လာပြီးနောက် ထိုအဖြေကို ရရှိသွားသောအခါ သူ၏ နှလုံးသားမှာ အေးစက်သွားပြီး ကျောချမ်းသွားရတော့သည်။

” လောလောဆယ်တော့ ငါ သိုသိုသိပ်သိပ် နေမှဖြစ်မယ်။ ငါ လုံးဝမရှိတဲ့ပုံ ပေါက်နေရင် အကောင်းဆုံးပဲ။ အဲဒီလိုမှမဟုတ်ရင် ပြဿနာတွေပဲ တက်လာလိမ့်မယ် ”
ဝမ်ပေါင်လဲ့မှာ စိတ်ကသိကအောက် ဖြစ်သွားရတော့သည်။ သူသည် လက်ရှိအခြေအနေတွင် ပိုင်ဆိုင်ထားသည့် အရာအားလုံးကို မဆုံးရှုံးလိုပေ။ သူသည် ထိုကိစ္စကြောင့် ခေါင်းခဲနေရင်း သူ၏ အခက်အခဲ အကျပ်အတည်းအတွက် ကူညီပေးမည့် ကျောထောက်နောက်ခံတစ်ယောက်မှ ရှိမနေသည့်အချက်ကို အပြစ်တင်နေမိတော့သည်။

” ငါ့အတွက် ကျောထောက်နောက်ခံတစ်ယောက် အမြန်ရနိုင်မယ့် နည်းလမ်းတစ်ခုခုကို စဉ်းစားဖို့လိုတယ် ”

အချိန်သုံးရက်မှာ လျင်မြန်စွာ ကုန်ဆုံးသွား၏။ ဌာနအမျိုးမျိုးက ၎င်းတို့၏ ဝင်ခွင့်ရကျောင်းသားများစာရင်းကို ထုတ်ပြန်လိုက်ပြီးနောက် ကျောင်းသားများအားလုံးက သူတို့၏ သက်ဆိုင်ရာ ဌာနတောင်ထိပ် အသီးသီးဆီသို့ ပြောင်းရွှေ့သွားကြတော့သည်။ ဝင်ခွင့်စာ‌မေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသားများမှာ ကျောင်းစည်းမျဉ်းစည်းကမ်းများကို အပြည့်အဝ နားလည်သွားပြီဖြစ်ရာ ကျောင်းသားဘဝ စတင်တော့မည် ဖြစ်သည်။

ဝမ်ပေါင်လဲ့ကမူ ထိုသုံးရက်အတောအတွင်း သိုသိုသိပ်သိပ်နေခဲ့၏။ သူသည် ရှေးဟောင်းသိုင်းပညာရပ်အား စတင် ကျင့်ကြံခဲ့သည်။ ဆရာမုတ်ဆိတ်က သူ့အား သတိထားမိသွားမည် စိုးသဖြင့် နတ်ဝိဇ္ဇာဂူအပြင်ဘက်သို့ လုံးဝနီးပါး မထွက်ခဲ့ပေ။ ဤ ထိလွယ်ရှလွယ်သော အချိန်ကာလကို ကျော်ဖြတ်နိုင်ပါက အများကြီးပို၍ ဘေးကင်းသွားနိုင်မည်ဖြစ်ကြောင်း သူက ယုံကြည်ထားသည်။

သူသည် ဆုတောင်းနေခဲ့ပါသော်လည်း ကျောင်းသားများမှာ နေသားကျပြီးသွားပြီးနောက် ဒေသအသီးသီး၏ စစ်ဆေးပွဲများနှင့် ပတ်သက်သည့် သတင်းများ တာအိုကျောင်း၏ ဝိညာဉ်ကွန်ယက်ပေါ်တွင် စတင်ပျံ့နှံ့လာတော့သည်။ ထိုသတင်းများမှာ ချက်ချင်းဆိုသလိုပင် ရေပန်းစားသော အကြောင်းအရာတစ်ခု ဖြစ်သွားကြတော့သည်။

စစ်ဆေးပွဲကျင်းပရာနေရာ တစ်ရာနီးပါးရှိသည့် သင်္ဘောအစင်းတစ်ရာနီးပါးမှာ ၎င်းတို့၏ သက်ဆိုင်ရာဒေသများ၏ စစ်ဆေးပွဲများကို တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြသည် မဟုတ်ပါလော။ ထူးချွန်ထက်မြက်သော ကျောင်းသားများစွာက လူများ၏ အာရုံများကို ဖမ်းစားသွားကြတော့သည်။

” မင်း ကြားပြီးပြီလား။ ကောင်းကင်တိမ်တိုက်မြို့တော်က ကျောင်းသားအသစ်တွေထဲမှာ လွီကျင်းနန်လို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်။ သူက ထောင်ချောက်တစ်ခု ဆင်ပြီးတော့ကို အရိုးဖွတ်ကြီးကို သတ်ဖြတ်ခဲ့တာ။ သူက တော်တော်ကို အံ့သြဖို့ကောင်းတယ် ”

” အဲဒါ ဘာဟုတ်သေးလို့လဲ။ ဇာမဏီမြို့တော်ရဲ့ စစ်ဆေးပွဲတုန်းက ချန်းကျစ်ဟန်လို့ နာမည်ရတဲ့ ပညာရှင်တစ်ယောက် ပေါ်ထွက်လာခဲ့တယ်လို့ ငါ ကြားထားတယ်။ သူက ရှေးဟောင်းသိုင်းအဆင့်ရဲ့ခန္ဓာအချုပ်အနှောင်အဆင့်ကို ရောက်ခါနီးဖြစ်နေပြီ။ သူ့ကို ဌာနရှစ်ခုက တစ်ပြိုင်နက်တည်း ဖိတ်ကြားခဲ့တာတဲ့။ သူက နာမည်ကြီးနေပြီ ”

အဆင့်နိမ့်ကျောင်း၏ အမျိုးမျိုးသော ဌာနများမှာ ဝိညာဉ်ကွန်ရက်ပေါ်တွင် ကျောင်းသားအသစ်များ အကြောင်းကို ဆွေးနွေးနေကြတော့သည်။ လူပြောများသည့် ကျောင်းသားသစ်များမှာ တဖြည်းဖြည်း များပြားလာကြတော့သည်။

” ပွဲအကျဆုံး တစ်ယောက်ကတော့ ချိန်ယမုန့်ပဲ ဖြစ်ရမယ်။ သူ့ ဝိညာဉ်ခန္ဓာက မွေးရာပါလို့ လူတွေက ပြောနေကြတာပဲ။ သူက ရှစ်ဆယ်ရာခိုင်နှုန်းအထိ ဝိညာဉ်ကျောက်တုံးတွေကို သန့်စင်နိုင်တယ်တဲ့။ သူက ပြည်ထောင်စုထဲမှာ အကောင်းဆုံးကျောင်းဖြစ်တဲ့ သမင်ဖြူတာအိုကျောင်းကို တက်ခွင့်ရပေမဲ့ ငါတို့ရဲ့ ကောင်းကင်တာအိုကျောင်းကလည်း လုံးဝအလျှော့မပေးဘဲ သူ မငြင်းနိုင်တဲ့ ကမ်းလှမ်းမှုတစ်ခုကို ပေးအပ်ခဲ့တာ ”

” ချိန်ယမုန့်က တော်တော်လေးကို ထူးခြားတယ်။ သူနဲ့ အဆင့်တူတဲ့ နောက်ထပ်တစ်ယောက် ရှိသေးတယ်။ သူက သူ့ထက်တောင် သာရင်သာနေလောက်တယ်။ သူ့နာမည်က ကျိုးရိဖန်တဲ့။ သူ့ကြယ်မျက်လုံးတွေက မွေးရာပါလို့ လူတွေကပြောနေကြတာပဲ။ သူ အဲဒီမျက်လုံးတွေကို အသုံးပြုလိုက်တိုင်း သူ့ရဲ့ ဘေးပတ်ပတ်လည်မှာရှိတဲ့ အရာအားလုံး နှေးကွေးသွားကြတာ။ ပြီးတော့ သူက ခန္ဓာအချုပ်အနှောင် နောက်ဆုံးအဆင့်ကို ရောက်နေပြီ။ သူက ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး။ လူတွေကတော့ သူက ပဉ္စမမျိုးဆက်ကောင်းကင်မျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက်လို့ ပြောနေကြတာပဲ။ သူ့ကို သိုင်းပညာဌာနက အထူးဝင်ခွင့်ရကျောင်းသားအနေနဲ့ ခေါ်သွားခဲ့တာ ”

ထိုဆွေးနွေးငြင်းခုန်မှုများကြောင့် သတိပြုဖွယ်ရာ ကျောင်းသားအသစ်များက သတင်းများ၏ ရှေ့ဆုံးသို့ ရောက်လာကြတော့သည်။ စီနီယာ ကျောင်းသားများပင် ထိုသတင်းများကို ကြားလိုက်ရသောအခါ ဖိအားများအောက် ရောက်သွားသလို ခံစားလိုက်ကြရသည်။ သိုသိုသိပ်သိပ်နေရန် ကြိုးစားနေသည့် ဝမ်ပေါင်လဲ့မှာမူ စူးရှတောက်ပသော ကြယ်တစ်လုံးကဲ့သို့ ထင်ရှားကျော်ကြားလာတော့သည်။ သူသည် အထူးဝင်ခွင့်ရကျောင်းသားတစ်ယောက်အဖြစ် ဝင်ခွင့်ရရှိခဲ့သည်ဖြစ်ပြီး စစ်ဆေးပွဲအတွင်း သူ၏ စွမ်းဆောင်မှုများကိုလည်း ဇာမဏီမြို့တော်မှ ရာနှင့်ချီသော ကျောင်းသားများက လူအများသိသွားအောင် ဖြန့်ပေးလိုက်ကြလေသည်။

” ဒီအသုတ်ထဲမှာ အထူးဝင်ခွင့်ရကျောင်းသား နှစ်ယောက်ရှိတာပေါ့။ တစ်ယောက်က ကျိုးရိဖန်။ နောက်တစ်ယောက်က… ဝမ်ပေါင်လဲ့ပဲ။ ဝမ်ပေါင်လဲ့အကြောင်းဆိုလို့ သူက တော်တော်လေး ကိုယ်ကျင့်တရား မြင့်မားတာ။ ရိုးသားဖြောင့်မတ်မှု အပြည့်ရှိပြီးတော့ အခြားလူတွေအတွက်ဆို သူ့ကိုယ်သူ စတေးပစ်ဖို့အထိ အဆင်သင့်ဖြစ်နေခဲ့တာ။ သူ့ ပညာသင်ဖက်တွေကို ကယ်တင်ပေးဖို့အတွက် ဟုန်ကူပိုင်ယင်မြွေကြီးတစ်ကောင် ပေါ်လာ‌တာတောင် မြွေအုပ်ကြီးထဲကို ပြေးဝင်သွားခဲ့တယ်။ သူ့ ပညာသင်ဘက်တွေ အသက်ရှင်နိုင်ဖို့အတွက် သူ့ကိုယ်သူ မြေခွေး‌တွေရဲ့ အစာ အဖြစ်ခံခဲ့သေးတာဗျာ။ ပြီးတော့ သူက ကောင်းကင်တာအိုကျောင်းအတွက် ရှင်သန်နေထိုင်ခဲ့တာ ဆိုတဲ့ ရဲရဲတောက် စကားတစ်ခွန်းကိုလည်း ပြောခဲ့သေးတာ ”

” ပြီးတော့ သူက ရှေးဟောင်းတစ္ဆေဝက်ဝံရိုင်းကြီးတစ်ကောင်ကို မြင်လိုက်ရတဲ့အချိန် ဒဏ်ရာတွေ အပြင်းအထန် ရထားတာတောင် မရရအောင် တွားသွားပြီးတော့ သူ့ ပညာသင်ဖက်တွေကို ကယ်တင်နိုင်ဖို့အတွက် သူ့ခန္ဓာကိုယ်ကို အသုံးပြုပြီးတော့ ရှေးဟောင်းတစ္ဆေဝက်ဝံရိုင်းကြီးကို မျှားခေါ်သွားခဲ့သေးတယ် ”

ထိုအကြောင်းအရာများမှာ လျင်မြန်စွာ ပျံ့နှံ့သွားသဖြင့် ဝမ်ပေါင်လဲ့ နာမည်ကျော်ကြားသွားတော့သည်။ များမကြာခင် အဆင့်နိမ့်ကျွန်း တစ်ကျွန်းလုံး သူ၏နာမည်ကို သိသွားကြတော့သည်။

ဝမ်ပေါင်လဲ့သည် အသံလွှင့်လက်စွပ်ဖြင့် ဝိညာဉ်ကွန်ရက်ထဲသို့ ဝင်ကြည့်လိုက်သောအခါ ထိုကွန်ရက်ပေါ်ရှိ ဆွေးနွေးငြင်းခုံမှုများကို ကြားသိလိုက်ရသဖြင့် အထိတ်တလန့်ဖြစ်ကာ ကျောချမ်းသွားရတော့သည်။ သူ ပြဿနာတက်တော့မည် ဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် ချက်ချင်းပင် စာပိုဒ်တစ်ပိုဒ် ရေးတင်လိုက်တော့သည်။

” အားလုံး မင်္ဂလာပါ။ ကျနော်က ဝမ်ပေါင်လဲ့ပါ။ ခင်ဗျားတို့အားလုံး အထင်လွဲနေကြတာပါ။ တကယ်တမ်းတော့ အဲဒီအချိန်တုန်းက ကျနော် ပရမ်းကြောက်နေခဲ့တာဗျ။ ကျနော် အဲဒီ မြွေအုပ်ကြီးထဲကို ပြေးဝင်သွားရတဲ့ အကြောင်းအရင်းက ကိုယ်ကျိုးမငဲ့လို့ မဟုတ်ပါဘူး။ ကျနော့်ရဲ့ အမြင်မှာ ကျနော့်ရဲ့ ပညာသင်ဖက်ဖြစ်တဲ့ ကျိုးရှောင်ရက အရမ်းလှတယ်လို့ မြင်လို့ သူ့ကို ပိုးပန်းချင်လို့ လုပ်ခဲ့တာပါ။ တကယ်ပါဗျာ… ”

ဝမ်ပေါင်လဲ့သည် အံကြိတ်ကာ စာကို ရေးတင်လိုက်၏။ သူသည် သူ့ကိုယ်သူ နာမည်ပျက်အောင်လုပ်လိုက်လျှင် သူ့အပေါ်ထားရှိသည့် လူအများ၏ စိတ်ဝင်စားမှုများ လျော့နည်းသွားလိမ့်မည်ဟု မျှော်လင့်ထားသည်။ သူသည် မောင်မော်ကြွားကြွား မနေရဲပေ။

သို့သော် ထိုစာကို သူ ရေးတင်လိုက်သည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော ကျောင်းသားများစွာ၏ အားပေးမှုများနှင့် အကြောင်းပြန်စာများကို ချက်ချင်းရရှိလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ သူတို့ထဲမှအများစုမှာ ကျောင်းသူများဖြစ်ကြပြီး သူ့အား တကယ့် ယောက်ျားကောင်းတစ်ယောက်ဟုခေါ်ဆိုကာ အကြောင်းပြန်စာများ ရေးထားကြတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ငိုမဲ့မဲ့နှင့် သတိလစ်လုမတတ် ဖြစ်သွားတော့သည်။ သူသည် လူများ၏ သူ့အပေါ်ထားရှိသော သဘောထားများကို ကျဆင်းသွားအောင် လုပ်ရန် မျှော်လင့်ခဲ့ပါသော်လည်း ပို၍ မြှင့်တင်ပေးလိုက်သလို ဖြစ်သွားသောကြောင့် ဝမ်းနည်းပူဆွေးနေရတော့သည်။ ထို့ကြောင့် သူသည် နောက်ထပ်စာတစ်စောင်ရေး၍ ထပ်တင်လိုက်ပြန်သည်။

” အမှန်က ကျနော်က အဆိပ်မိနေတာမလို့ အဲဒီ ဝံပုလွေအုပ်ကြီးကို တားဆီးခဲ့တာပါ။ ကျနော်က သေရတော့မယ်ဆိုတာကို သိနေလို့ မြန်မြန်သေသွားအောင် လုပ်လိုက်တာပါ။ တခြားလူတွေအကုန်လုံးကို ကယ်တင်ခဲ့တဲ့သူက ကျနော်မဟုတ်ပါဘူး။ ဒီချီးကျူးမှုတွေအားလုံးကို ချန်းကျစ်ဟန်ကိုသာ ပေးသင့်တာပါ ”

ဝမ်ပေါင်လဲ့သည် ထိုစာကိုရေးပြီးနောက် စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချရန် ပြင်လိုက်တော့သည်။ သူသည် ချန်းကျစ်ဟန်အား ချီးကျူးမှုအားလုံးကို ပေးလိုက်ခြင်းအားဖြင့် လူများက သူ့ကိုမဟုတ်ဘဲ ချန်းကျစ်ဟန်ကိုသာ အာရုံစိုက်သွားကြလိမ့်မည်ဟု တွေးလိုက်၏။

သို့သော် ဝမ်ပေါင်လဲ့၏ စိတ်သက်သာရာရမှုမှာ တဒင်္ဂမျှသာ ခံလိုက်သည်။ ချန်းကျစ်ဟန်သည် ချက်ချင်းဆိုသလိုပင် အကြောင်းပြန်စာတစ်ခု ရေးသားကာ သိုင်းပညာနှင့် ပတ်သက်လျှင် ဝမ်ပေါင်လဲ့မှာ သူ့ထက် အဆင့်နိမ့်ပါသော်လည်း သူရဲကောင်းစိတ်ဓာတ်၊ ဇွဲလုံ့လနှင့် ကိုယ်ကျိုးစွန့်မှု အပိုင်းများတွင် ဝမ်ပေါင်လဲ့ကို မမီကြောင်း အခိုင်အမာ ပြောဆိုလိုက်သည်။

ထိုအကြောင်းပြန်စာကို ရေးတင်လိုက်သည့်အချိန်တွင် ဝိညာဉ်ကွန်ရက်ကြီး တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။ ချန်းကျစ်ဟန်က နာမည်ကျော်ကြားသူတစ်ယောက် မဟုတ်ပါလော။ သူ၏စကားများမှာ လွှမ်းမိုးမှုများစွာ ရှိပေသည်။ ထို့ကြောင့် ချက်ချင်းပင် မရေမတွက်နိုင်သော လူပေါင်းများစွာက ထိုကိစ္စနှင့်ပတ်သက်၍ ငြင်းခုန်ဆွေးနွေးကုန်ကြတော့သည်။ ဝမ်ပေါင်လဲ့၏ လူများအား အာရုံပြောင်းအောင်လုပ်ချင်သည့် အစီအစဉ်မှာလည်း နောက်တစ်ကြိမ် ပျက်ပြားသွားရပြန်သည်။ လူများက ချိန်ယမုန့်ထက်ပင် သူ့ကိုပို၍ အာရုံစိုက်နေကြတော့သည်။

ထိုအခြင်းအရာအားလုံးကြောင့် ဝမ်ပေါင်လဲ့သည် ခေါင်းနှင့် နံရံကို ပြေးဆောင့်ပစ်ချင်စိတ်များ ပေါက်လာရတော့သည်။ သူသည် မျှော်လင့်ချက်များ ပျက်သုဉ်းကာ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာတော့သည်။ သူ၏ အတွင်းကလီစာများပင် တဆတ်ဆတ် တုန်ရီနေတော့သည်။

” သောက်ကျိုးနည်း … မင်းတို့က ငါအသတ်ခံရအောင် လုပ်နေကြတာလား။ ချမ်းသာပေးကြပါကွာ။ ငါ့ရဲ့အမှားကို ငါ ဝန်ခံပါတယ်။ ဟုတ်ပြီလား ”

သူသည် မျက်ရည်စက်လက်နှင့် အံကိုကြိတ်ကာ နောက်ထပ်တစ်ကြိမ ရေးတင်လိုက်ပြန်သည်။

” အားလုံးပဲ ကျနော့်ကို ဂရုစိုက်မနေကြပါနဲ့တော့။ ကျနော်က သာမန်ဖက်တီးလေးတစ်ယောက်ပါ။ ကျနော့်မှာ ဘာကောင်းကွက်မှ မရှိပါဘူး။ ကျနော်က အစားကျူးပြီးတော့ တဏှာရာဂကြီးတဲ့အပြင် မတော်လောဘလည်း အရမ်းကြီးတဲ့လူပါ။ ကျနော်က စစ်ဆေးပွဲကို သီသီလေး ကပ်အောင်လာခဲ့တာပါ။ ပြီးတော့ ဝိညာဉ်ကျောက်တုံးကို ငါးဆယ်ရာခိုင်နှုန်းထက် နည်းနည်းလေးပဲ သန့်စင်နိုင်တာပါ။ ကျနော်က တကယ့်ကို သာမန်လူတစ်ယောက်ပါဗျာ ”

ဝမ်ပေါင်လဲ့သည် သူ့ကိုယ်သူ ထိုကဲ့သို့ နာမည်ဖျက်လိုက်ခြင်းမှာ ပြီးပြည့်စုံသွားပြီဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။ သူ၏ အတွေးထဲတွင် ပေါ်လာသည့် မကောင်းသည့်အရာမှန်သမျှကို ထည့်ပြောပြီးသွားပြီဖြစ်သည်။ သို့သော် ပြောင်းလဲသွားသော အခြေအနေများကြောင့် သူသည် ပါးစပ်အဟောင်းသားပင် ဖြစ်သွားရတော့သည်။

ထိုအချိန်တွင် လျှိုတောက်ပင်းက စကားထွက်ပြောလိုက်ခြင်း ဖြစ်သည်။ သူသည် မရေမတွက်နိုင်လောက်အောင် များပြားသော ကျောင်းသားများစွာကို ထူးခြားစွာ လှုံ့ဆော်ပေးနိုင်သည့် စာတစ်စောင်အား ရေးတင်လိုက်တော့သည်။

” ချိန်ယမုန့်က အထင်ကြီးဖို့ကောင်းပါတယ်။ ကျိုးရိဖန်က ပိုပြီးတော့ ထူးချွန်ပြောင်မြောက်ပါသေးတယ်။ ဒါပေမဲ့ သူတို့က ကျနော်တို့ ကျောင်းသားသစ်တွေထဲမှာ အတော်ဆုံးဖြစ်နေပြီသားလေ။ သူတို့က လူတွေကိုကယ်တင်ရတာတို့ စစ်ဆေးပွဲတွေကို အောင်အောင်ဖြေရတာတို့ကို အလွယ်တကူ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဝမ်ပေါင်လဲ့က မတူဘူးလေ။ သူက သူ့ အသက်ကို စွန့်ပြီးတော့ လူတွေကို ကယ်တင်နေခဲ့တာ။ သူဌေးကြီးတစ်ယောက်က ခင်ဗျားတို့ကို ဝိညာဉ်ကျောက်တုံးတစ်ရာပေးတာနဲ့ ဆင်းရဲသားတစ်ယောက်က သူ့တစ်ဘဝလုံး စုထားခဲ့တဲ့ ဝိညာဉ်ကျောက်တုံးတစ်ရာကို ပေးတာနဲ့ ယှဉ်ကြည့်ပေါ့ဗျာ။ အဲဒီလုပ်ရပ်နှစ်ခုက ဘယ်လိုလုပ်ပြီးတော့ အဓိပ္ပါယ်တူနိုင်မှာလဲ။ ဝမ်ပေါင်လဲ့က ကျနော်တို့လိုမျိုးပါပဲ။ သူက သာမန်ကျောင်းသားတစ်ယောက်ဆိုတော့ ဘယ်လိုလုပ်ပြီးတော့ အပြစ်ကင်းနိုင်ပါမလဲ။ ဒါပေမဲ့ အဲဒီလိုလူမျိုးက တခြားလူတွေကိုကယ်တင်ဖို့အတွက် သူ့အသက်ကို စွန့်ခဲ့တဲ့လုပ်ရပ်က ပိုပြီးတော့ တုန်လှုပ်ချောက်ချားဖို့ကောင်းတာဗျ။ အဲဒီ သွေးသံတရဲရဲ မြင်ကွင်းကြီးကို ကျနော့်တစ်ဘဝလုံး မေ့နိုင်မှာ မဟုတ်ပါဘူး ”

သူ၏စကားများကြောင့် ချက်ချင်းပင် လူများစွာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။ အဆင့်နိမ့်ကျွန်း၏ ဝိညာဉ်ကွန်ရက်ကြီးပေါ်မှာ ဝေဖန်ချက်များ အဆမတန် များပြားလာတော့သည်။ ဝမ်ပေါင်လဲ့နှင့် ပတ်သက်သည့် သတင်းခေါင်းစဉ်များမှာ ကျိုးရိဖန်ထက်ပင် ပို၍များပြားသွားကြသဖြင့် ကျောင်းသားသစ်များထဲတွင် ထူးခြားပေါ်လွင်နေတော့သည်။

ဝမ်ပေါင်လဲ့မှာမူ လုံးလုံးလျားလျား ဆွံ့အနေရပြီဖြစ်ပြီး မိန်းမောတွေဝေကာ ဝိညာဉ်ကွန်ရက်ကြီးကို စိုက်ကြည့်နေမိတော့သည်။ သူသည် သူ့ကိုယ်သူ ထိုမျှ ထူးချွန်ထက်မြက်နေလိမ့်မည်ဟု မထင်ထားပေ။ သူသည် အချိန်အနည်းငယ်ကြာမှ သတိပြန်လည်လာပြီး သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်ကုန်ဆုံးနေသည့် အရိပ်အရောင်များဖြင့် ပြည့်နှက်သွားတော့သည်။ ထို့နောက် သူသည် ဘဝကြီးမှာ သူ့အတွက် အဓိပ္ပါယ်မရှိတော့သည့် အမူအရာဖြင့် မုန့်ထုပ် တစ်ထုပ်ကို ထုတ်ယူလိုက်ပြီး တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေလိုက်တော့သည်။

” ငါတော့ သွားပြီ။ ကိစ္စတော့ တုံးပြီ။ ပြဿနာအကြီးအကျယ်တက်ပြီ ”

အမှန်တကယ်ပင် များမကြာမီ ဇာမဏီမြို့တော်၏ သင်္ဘောပေါ်မှ ဆရာများမှာ ထိုကိစ္စကို သတိထားမိသွားကြတော့သည်။ သို့ဖြစ်၍ သူတို့သည် နှုတ်ဆိတ်မနေဘဲ ဝမ်ပေါင်လဲ့က စာမေးပွဲတွင် ကလိမ်ကကျစ်ကျခဲ့ခြင်း ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာလိုက်ရတော့သည်။

ထိုကြေညာချက်မှာ ကျောက်တုံးတစ်တုံးကြောင့် ပေါ်ထွက်လာသည့် ရေလှိုင်းတွန့်များကဲ့သို့ အဆင့်နိမ့်ကျွန်းတစ်ကျွန်းလုံးကို ချက်ချင်းပင် အုတ်အော်သောင်းနင်း ဖြစ်သွားစေတော့သည်။

Comment

  1. heintayzar955588257 says:

    gg

  2. kyawthiha1499 says:

    ဟဟ

Leave a Reply

Options

not work with dark mode
Reset