Switch Mode

အပိုင်း (၅၅၇)

အရုပ်ဆိုးတဲ့လူတွေက အမြဲတမ်း ပြဿနာရှာတယ်

သည်တစ်ခေါက်တွင်ကား အားလုံးက ငြိမ်သက်နေကြသည်။ ဘယ်သူမှ စောစီးစွာ ထွက်လိုဟန် မရပေ။ ရုတ်တရက် ပျင်းရိသောပုံဟန်ဖြင့် လူတစ်ယောက် ရှေ့ကို ထွက်လာသည်။ အားလုံးက သူ့အား သိပ်အလေးအနက် မထားဟန်ဖြင့် ကြည့်နေကြသည်။

သူကား ကျွေ့ချိန်ချူ ဖြစ်သည်။ ရီဖူရှင်းတို့မှ လွဲ၍ သူဘယ်က လာသည်ကို တစ်ယောက်မှ မသိကြပေ။ ရီဖူရှင်းတို့မှ လွဲ၍ သူဘယ်က လာသည်ကို တစ်ယောက်မှ မသိကြပေ။ မည်သို့ဆိုစေ သူ၏အဆင့်က သတ္တမအတန်းအစား နိုဘယ်ဖြစ်ရာ နိမ့်သည်တော့ မဟုတ်ပေ။ သို့သော်လည်း သူက တိုက်ပွဲများတွင် ပြိုင်ဘက်များကို ပွတ်ကာသီကာ အနိုင်ရခဲ့ခြင်းများကိုသာ မြင်ခဲ့ကြရရာ မည်သူကမှ သူ့ကို သိပ်အလေးအနက် မထားကြပေ။

ကျွေ့ချိန်ချူက ဘယ်သူ့ကို ပြိုင်ဘက်အဖြစ် ရွေးချယ်မည်ကို စောင့်စားနေကြသည်။

“ကျုပ် ယန်ချူကို စိန်ခေါ်တယ်…” ကျွေ့ချိန်ချူက ပျင်းရိစွာ ပြောကာ သူ၏မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးတစ်ခု ရှိသည်။

ယန်ချူကား ဓားကျေးရွာ၏ တပည့်တစ်ယောက် ဖြစ်ကာ ယန်ဝူကျိ၏ သားအရင်းဖြစ်သည်။ ယခင်က ယန်ဝူကျိကား မဟာဓားသမား လေးယောက်ထဲတွင် ဒုတိယအဆင့် ချိတ်သည်။ ကောင်းကင်မြေရိုင်း အဆင့်တွင် သူ၏အဆင့် သတ်မှတ်ချက်က ထင်းရွယ်အိမ်တော် ခေါင်းဆောင်လောက် မမြင့်မားသော်လည်း သူ၏ဓားပညာက ထင်းရွယ်ဓားသမားထက် မနိမ့်ကျဟု လူအများက ပြောကြသည်။ ထင်းရွယ်ဓားသမားက လူသတ်ရာတွင် ထူးချွန်ခြင်းကြောင့်သာ ဖြစ်ပြီး အကယ်၍ သူတို့နှစ်ယောက်က အသေအကြေ တိုက်ခိုက်ပါက ထင်းရွှယ်ဓားသမား အနိုင်ရမည်ဟု ယူဆထားကြသည်။

ယခု တိုက်ပွဲကွင်းပြင်ထဲတွင် ယန်ချူနှင့် ရွယ်ချွဲတို့က အကောင်းဆုံး ဓားသမားများ ဖြစ်ဟန်ရသည်။ ကျွေ့ချိန်ချူက ယန်ချူကို စိန်ခေါ်ခြင်းအား လူအများအပြားက အံ့အားသင့်ကြရသည်။ သို့သော်လည်း ထိုအရာက ဓားသမားတစ်ယောက်၏ဂုဏ်သိက္ခာလည်း ဖြစ်နိုင်ပေသည်။ သူက မိမိကိုယ်ကို သက်သေပြရန် အကောင်းဆုံး ဓားသမားကို စိန်ခေါ်သည်။

ယန်ချူက ရှေ့ကို တက်လာကာ ကျွေ့ချိန်ချူကို ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။ ကျွေ့ချိန်ချူကား သူတိုက်ခိုက်လိုသော ပြိုင်ဘက် မဟုတ်ပေ။ သို့သော် သူ့အား ရွေးချယ်ခဲ့ပြီးဖြစ်ရာ တိုက်ခိုက်ရန်မှတပါး မရှိပေ။

ဓားအသိက လေထဲ ဖြစ်ပေါ်လာသည်။ ယခင်ကကဲ့သို့ပင် မရေမတွက်နိုင်သော ဓားအသိများက ကောင်းကင် တစ်ခွင်လုံးကို ပြည့်နှက်အောင် ဓားမိုးစက်များအဖြစ် ပြောင်းလဲသွားသည်။ ကျွေ့ချိန်ချူက သူ၏သက်စောင့် ဝိညာဉ်ဖြစ်သော ဓားကို ထုတ်လိုက်သည်။ သူ၏ဓားကား ပုစဉ်းတောင်ပံအလား ပါးလွှာကာ ဖောက်ထွင်း မြင်ရလုနီးပါးပင်။ သူက ဓားကို ထုတ်လိုက်သည်နှင့် သူ့အနီးတွင် ဓားကွန်ချာတစ်ခု ဖြစ်ပေါ်လာကာ ဓားစွမ်းအင်များက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာကြပြီး ဓားမိုးစက်များကို ဖြတ်တောက်သည်။ ကောင်းကင်တွင် ဓားမိုးစက်များ အကြား၌ ဧရာမဓားတစ်လက် ပေါ်လာကာ လမ်းတစ်လျှောက် အရာခပ်သိမ်းကို ဖျက်ဆီးလျက် ကျဆင်းလာသည်။ ထိုဓားကား ကျွေ့ချိန်ချူ၏ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဖြစ်စေနိုင်လောက်အောင် ကြီးမားပေသည်။

ဝှစ်…

ထက်ရှသော လေတိုးသံ တစ်ခုနှင့်အတူ ကျွေ့ချိန်ချူက လှုပ်ရှားလိုက်ကာ ဧရာမဓားကို ရှောင်ဖယ်သွားသည်။ အတောင်ပံအလား သူ၏လက်ထဲမှ ဓားက ဓားမိုးစက်များကို ဖြတ်တောက်သွားကာ သူ၏ခန္ဓာကိုယ်က ဓားနှင့်အတူ လှုပ်ရှားသွားပြီး ကောင်းကင်တွင် လှပသော အလင်းတန်းများ ဖြစ်ပေါ်သွားသည်။ ထို့နောက် သူက ဧရာမဓားကြီး၏ စက်ကွင်းမှ အမှန်ပင် လွန်မြောက်သွားကာ ယန်ချူထံသို့ ပျံသန်းသွားသည်။

တော်ဝင်ကျဲ နန်းတော်ဘက်တွင် ဓားမိစ္ဆာ၏ မျက်လုံးများက လင်းလက်သွားသည်။ ကျွေ့ချိန်ချူ၏လှုပ်ရှားဟန်များက သူ့အတွက် ရင်းနှီးနေသည်။

ယန်ချူကား တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ့နောက်မှ ထက်ရှသော ဓားက လှုပ်ယမ်းသွားသည်တွင် မရေမတွက်နိုင်သော ဓားအသိများက ဓားကိုးလက်အဖြစ် ပြောင်းလဲသွားသည်။ သူကရှေ့ကို လက်ညှိုးထိုးလိုက်သည်နှင့် ဓားကိုးလက်က လေထုကို ခွင်းလျက် ကျွေ့ချိန်ချူထံကို ပြေးဝင်သွားသည်။ ဓားကိုးလက်က အတူတူ ပြေးဝင်သွားရမည့်အစား မတူညီသော အမြန်နှုန်းဖြင့် တိုးဝင်သွားကြကာ တစ်ဖက်လူအား အရပ်မျက်နှာ ကိုးမျိုးမှ ကွဲပြားသော အချိန်အဆဖြင့် ရောက်သွားကြသည်။ သိသာစွာပင် ဓားကိုးလက်က ကျွေ့ချိန်ချူ၏ ပြေးလမ်းများ အားလုံးကို ပိတ်ဆို့ကာ ရှောင်ဖယ် မရအောင်လုပ်သည်။

ဤပညာကား နတ်ဓားကိုးလက်ထဲမှ ပိတ်ဆို့ခြင်း ဓားဖြစ်သည်။

ဓားကိုးလက်က ကျွေ့ချိန်ချူထံကို ရောက်လာသည်။ ကျွေ့ချိန်ချူက ထိုဓားများကို ကြည့်သည်။ သူ၏ခန္ဓာကိုယ်က အလင်းတန်းအလား ပြောင်းလဲသွားကာ ပတ်ဝန်းကျင်မှ ဓားစွမ်းအင်များကို ဖြတ်တောက်လျက် လေထုထဲ၌ ဟိုမှ သည်သို့ အရိပ်သဏ္ဌာန်အလား ယိမ်းနွဲ့စွာ လှုပ်ရှားသွားသည်။ သူက တစ္ဆေတစ်ကောင်အလား သို့မဟုတ် အမူးသမားအလား ပြောင်းလဲသွားဟန်ရကာ ရှေ့ကို တိုးဝင်သွားသည်။ သူ၏ခန္ဓာကိုယ်က အလင်းတန်းအလား ဟိုမှ သည်သို့ လှုပ်ရှားသွားကာ လှပစွာဖြင့် ဓားကိုးလက်အကြား ဖြတ်သန်း သွားသည်။

“ကျွေ့ချိန်ချူက ဘာလို့ ဒီလောက် အားကောင်းရတာလဲ…” ချင်ရန်နှင့် ကျိုးရှင်းတောင်မှ တခြားလူများအားလုံး အံ့အားသင့် သွားကြသည်။ ကျွေ့ချိန်ချူက မြို့ရိုးဖြူမြို့မှ ကလန်မရှိသော ခြေသလုံးအိမ်တိုင်သမား တစ်ယောက် မဟုတ်ပေဘူးလား…။ သူက လီစွမ်း၏ ဖိတ်ခေါ်မှုကိုပင် အကြိမ်ကြိမ် ငြင်းပယ်ခဲ့သည်။ သူက သေရည်သောက်ခြင်းကို လွန်စွာ နှစ်သက် သဘောကျသည်ကိုသာ သူတို့ သိကြသည်။ သို့သော်လည်း ယခုတွင်ကား သူက အမှန်ပင် ယန်ချူကို တိုက်ခိုက်နိုင်နေသည်။

ကျွေ့ချိန်ချူ၏ လှုပ်ရှားဟန်များက ချောမွေ့ကာ လွယ်ကူသည်ဟု ထင်ရသော်လည်း အမှန်တကယ်အားဖြင့် အလွန် အန္တရာယ်များပေသည်။ ယန်ချူက အလွန်အမင်း အားကောင်းရာ သူက အနည်းငယ်မျှ သတိလစ်သွားပါက အသက်ပင် သေဆုံးနိုင်ပေသည်။

အလင်းတန်းများစွာက ကောင်းကင်တွင် လင်းလက်သွားကာ ကျွေ့ချိန်ချူထံကို ပြေးဝင်သွားကြသည်။ အလင်းဓားက ကျွေ့ချိန်ချူထံကို ရောက်လာသည်တွင် ကျွေ့ချိန်ချူ၏ ခန္ဓာကိုယ်မှ အလွန် လင်းလက်သော ဓားကိုယ်ရောင်ကိုယ်ဝါ တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏လှုပ်ရှားမှုများကလည်း ပိုမိုမြန်ဆန်သွားကာ သူကိုယ်တိုင်က လူတစ်ယောက် မဟုတ်တော့ဘဲ ဓားတစ်လက်ဟု ထင်မှတ်ရသည်။

လေထဲတွင် ကြောက်မက်ဖွယ် ကောင်းသော ဓားများ ရင်ဆိုင်မိကာ တဘန်းဘန်း မြည်သည်။ အလင်းဓားနှင့် အမှောင်ဓားနှစ်ခုလုံးက လွဲချော်သွားခဲ့သည်။

“အဲဒါ အရက်မူးဓားလား…” တော်ဝင်ကျဲ နန်းတော်မှ တစ်ယောက်က ဓားမိစ္ဆာကို မေးသည်။ ကျွေ့ချိန်ချူကား ကွင်းထဲတွင် တစ်ချိန်လုံး သေရည်သောက်နေကာ ယခု သေရည်မူးနေသည်ဟု ထင်မှတ်ရသည်။

“အဲဒါ အရက်မူးဓား မဟုတ်ဘူး…” လေးနက်သော အမူအရာဖြင့် ဓားမိစ္ဆာက အဖြေပေးသည်… “အဲဒါက တစ္ဆေဓား…”

ဓားမိစ္ဆာ၏အနီးမှ လူများက အံ့အားသင့် သွားကြသည်။ တစ္ဆေဓားကား ဇာတ်မြုပ်သွားခဲ့သည်မှာ ကြာခဲ့ပြီ။

ကွင်းထဲတွင် ကျွေ့ချိန်ချူ၏ ပုံရိပ်ယောင်များ ဖြစ်ပေါ်လာကာ ယန်ချူ၏ အနီးပတ်လည်၌ တစ္ဆေများအလား စုစည်းလာကြသည်။ ရုတ်တရက် ယန်ချူက သူ၏မျက်လုံးကို မှိတ်လိုက်သည်။ သူ၏ဓားဝိညာဉ်က မွေးဖွားလာကာ ကောင်းကင်နှင့် ဆက်စပ်သွားသည်။ ထောင်ပေါင်း များစွာသော ဓားများက လေထဲတွင် လှုပ်ယမ်းလျက် ဖြစ်ပေါ်လာသည်။

“အဆုံးမဲ့ မဟာနတ်ဓား…” ယန်ချူက ထိုသို့ ပြောလိုက်သည်နှင့် သူ၏စိတ်နှင့်ခန္ဓာက ကောင်းကင်ထက်မှ အဆုံးမဲ့သော ဓားအသိနှင့် ပေါင်းစပ်သွားဟန် ရသည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်မှ များစွာသော အလင်းတန်းများ ထွက်ပေါ်လာကာ သူ့ပတ်ဝန်းကျင် တစ်ဝိုက်မှ အရာအားလုံးကို ပျက်စီးသွားစေသည်။

ကျွေ့ချိန်ချူ၏ ပုံရိပ်ယောင်များ အားလုံးက တစ်ယောက်တည်းအဖြစ် ပြောင်းလဲသွားသည်ကို အားလုံးက မြင်ကြရသည်။ ထို့နောက်တွင် အလွန်လှပသော ဓားချက်တစ်ခု ဖြစ်ပေါ်လာသည်။ လူနှစ်ယောက်က ပူးကပ်သွားကာ ချက်ချင်း နောက်ဆုတ် လိုက်ကြသည်။ အလင်း ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်သွားကာ အလင်းများ မှိတ်သွားပြီးနောက် ယန်ချူ၏ မျက်နှာပေါ်တွင် သွေးစီးကြောင်း တစ်ခုကို တွေ့ရသည်။ ယန်ချူက ထိုလှပသော ဓားချက်ကို ရှောင်တိမ်းခဲ့သည်အား လူတိုင်းက မြင်လိုက်ကြသည်။ မဟုတ်လျှင် ထိုဓားချက်က ယန်ချူ၏လည်ပင်းကို ဖြတ်တောက် သွားပေမည်။

ကျွေ့ချိန်ချူ၏ အခြေအနေက သိပ်မကောင်းပေ။ သူ၏ခန္ဓာကိုယ် တစ်ခုလုံး သွေးခြင်းခြင်း နီနေသည်။ သို့တိုင်အောင် သူ၏မျက်နှာက ပြုံးနေ၏။ သူက ရှုံးနိမ့်ခဲ့သည်သာ…။ တစ်ခါတစ်ရံ လူတစ်ယောက်၏ ပါရမီက သူ၏အနာဂတ်ကို သတ်မှတ်သည်။ ကျွေ့ချိန်ချူက ကြိုးစား လေ့ကျင့်ခဲ့သည့်တိုင် သူ၏ပါရမီက အကန့်အသတ် ဖြစ်နေခဲ့သည်။ ထို့ကြောင့်ပင် သူက ယန်ချူကို ရှုံးနိမ့်ခဲ့သည်။

“ကွေ့ချိန်ချူနဲ့ မင်း ဘာတော်လဲ…” ယန်ချူက ကျွေ့ချိန်ချူကို မေးသည်။ ထိုအခါမှ သူတို့နှစ်ဦး၏နာမည်က အလွန် ဆင်သည်ကို သိလိုက်ကြသည်။

ယခင်က ဝူကျိဓားနှင့် တစ္ဆေဓားတို့အကြား ရန်ငြိုးအချို့ရှိခဲ့ကာ နောက်ဆုံးတွင် တစ္ဆေဓားက ဒဏ်ရာပြင်းထန်စွာ ရလျက် ပျောက်ကွယ် သွားခဲ့သည်။ သူက ဇာတ်မြှုပ်ကာ သာမန်ဘဝဖြင့် နေထိုင်သွားသည်ဟု အများစုက ခန့်မှန်းခဲ့ကြသည်။

“ခန့်မှန်းကြည့်ပေါ့…” ကျွေ့ချိန်ချူက ပြုံးလျက်ပြောသည်။ ထို့နောက် သူက နောက်လှည့်ကာ ထွက်သွားသည်။

ရုတ်တရက် တော်ဝင်ကျဲ နန်းတော်ဘက်မှ ဓားမိစ္ဆာက ပြောသည်… “မင်း ငါ့လက်အောက်မှာ လေ့ကျင့်မလား…” ကျွေ့ချိန်ချူက ခေါင်းမော့ကာ ဓားမိစ္ဆာကို ပြောသည်… “ကျွန်တော့်ဆရာရဲ့ ခေတ်ပြိုင် တစ်ယောက်ကို ဆရာအဖြစ် မတင်နိုင်ပါဘူး…ကျွန်တော့်ကို ခွင့်လွှတ်ပါ…”

“မင်းငါ့ကို ဆရာအနေနဲ့ သတ်မှတ်ဖို့ မလိုဘူး… ငါ့လက်အောက်မှာပဲ လေ့ကျင့်…” ဓားမိစ္ဆာက ထပ်ပြောသည်။ အကောင်းဆုံး ဓားသမား လေးယောက်ထဲတွင် ပါဝင်သော တစ္ဆေဓားက မှေးမှိန်ပျောက်ဆုံး သွားခဲ့သည်မှာ စိတ်မကောင်းစရာပင်။

ကျွေ့ချိန်ချူက ဓားမိစ္ဆာကို ကြည့်သည်။ ထို့နောက် သူက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ပြောသည်… “သေရည် သောက်ပြီးတော့ စီနီယာနဲ့ မိတ်ဖြစ်ဆွေဖြစ် လက်ရည်စမ်းရတာ သူ့ဘဝမှာ တကယ့်ကို ကောင်းမွန်တဲ့အချိန်လို့ ဆရာက ပြောခဲ့တယ်… ကျွန်တော်က စီနီယာရဲ့ လက်အောက်မှာ လေ့ကျင့်ခွင့်ရတာ ဆရာသိရင် ကျေနပ်ဝမ်းသာမယ်လို့ ကျွန်တော် ထင်ပါတယ်…”

“ထပါ… ဖြစ်နိုင်ရင် ငါက မင်းဆရာကို တွေ့ချင်တယ် …” ဓားမိစ္ဆာက ပြောသည်။

“ဆရာက ဆုံးသွားပြီးပါပြီ…” ကျွေ့ချိန်ချူက ထရပ်ကာ ပြောသည်။ ဓားမိစ္ဆာက အတန်ကြာ မှင်တက်နေပြီးမှ အဝေးကို ကြည့်ကာ အရိုအသေပေးပြီး သက်ပြင်းချသည်… “မြေရိုင်းဒေသမှာ နောက်ထပ် ဓားသမားတစ်ယောက် နည်းသွားပြန်ပြီ…”

ကျွေ့ချိန်ချူက ကွင်းထဲမှ ထွက်သွားသည်။ သူ၏နောက်ကျောကို ကြည့်ကာ လူအများအပြားက စိတ်လှုပ်ရှား ကြရသည်။ သူ၏ဆရာက သေဆုံးသွားပြီး ဖြစ်သော်လည်း ဓားမိစ္ဆာကို သူက ဆရာအဖြစ် ခေါ်လိုခြင်း မရှိသေးပေ။ သူ၏ စိတ်နေသဘာထားက အလွန်ခိုင်မာ ပြတ်သားပေသည်။ ချင်ရန်နှင့် တခြားလူများက ထိတ်လန့် နေကြသည်။ ကျိုးရှင်းအောင်အနီးမှ ကလန်လက်မဲ့ တန်ခိုးရှင်တစ်ဦးက တစ်ချိန်က လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့သော တစ္ဆေဓား၏ တပည့်ဖြစ်နေမည်ဟု မထင်ထားခဲ့ကြပေ။

ကျွေ့ချိန်ချူ၏ နောက်ကျောကို ကြည့်ကာ သူက ပျော်ရွှင်ခြင်း မရှိဖြစ်နေသည်ကို ရီဖူရှင်းက သိသည်။ သူက တစ်ချိန်က သူ့ဆရာ၏ ဂုဏ်သိက္ခာကို ပြန်ဆည်ရန် ယန်ချူအား စိန်ခေါ်ခဲ့သော်လည်း သူက ရှုံးနိမ့်ခဲ့သည်။

ယန်ချူကား စိုးရိမ်နေသည်။ ကျွေ့ချိန်ချူက ရှုံးနိမ့်ခဲ့သော်လည်း သူ့အား ဓားမိစ္ဆာက တပည့်အဖြစ် လက်ခံခဲ့သည်။ ဓားကျေးရွာနှင့် ဓားတစ္ဆေအကြား ရန်ငြိုးကို လူတိုင်းက သိကြသည်။ ထို့ကြောင့် ဓားမိစ္ဆာက ယန်ချူကို လက်ခံပါဦးမလား…။

သည်နေရာကို လာရောက်ခြင်းက ယန်ချူတွင် ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်။ သူက ဓားမိစ္ဆာ၏ လက်အောက်တွင် ဓားပညာကို သင်ယူလိုသည်။ ဤနည်းဖြင့် သူက မြေရိုင်းဒေသ၏ အကောင်းဆုံး ဓားသမား နှစ်ယောက်ထံမှ ပညာကို ဆက်ခံ ရရှိနိုင်သည်။

သူက ဓားကျေးရွာမှ လာခြင်းဖြစ်သည်။ သို့သော် သူ့တွင် ဆရာ မရှိသေးပေ။ သူက ဓားမိစ္ဆာ၏တပည့် ဖြစ်နိုင်ပါက သူ့ဓားပညာက ပိုမိုကောင်းမွန် လာနိုင်မည်ဟု ယုံကြည်နေသည်။

ယခု ဓားမိစ္ဆာက သူ့အား လက်ခံပါဦးမလား မသေချာပေ…။ သို့သော်လည်း ဓားမိစ္ဆာက သူ့အား လက်မခံလျင်ပင် သူက ဓားကျေးရွာကို ပြန်၍ ရပေသည်။

ယန်ချူက သူ၏မူလနေရာကို ရောက်သွားပြီးနောက် လှေကားထစ်ပေါ်မှ အကြီးအကဲက အော်လိုက်သည်… “နောက်တစ်ယောက်… ”

ဒုတိယအကျော့၏ပထမဆုံး တိုက်ပွဲက လူတိုင်းအား စိတ်လှုပ်ရှား စေခဲ့သည်။ ယန်ချူနှင့် ကျွေ့ချိန်ချူတို့၏တိုက်ပွဲက အမှန်ပင် ပြင်းထန်ကာ ပြိုင်ပွဲ၏ ခက်ခဲမှုကို ထင်ဟပ်နေသည်။

တစ်ယောက်မှ ရှေ့ထွက်လာခြင်း မရှိသည်ကို မြင်သည်တွင် ပိုင်ရီက တွန့်ဆုတ် နေဟန်ရသော ချူရှမ်းကို ကြည့်သည်။ ထို့နောက် ပိုင်ရီက ရှေ့ကို ထွက်လိုက်သည်။

လူသားကမ္ဘာ၏ သမီးတော်ဖြစ်သော ပိုင်ရီကား အလွန်ချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ကာ မာနကြီး ဂုဏ်မောက်သည်။ ယခု သူမ၏အလှကို မြင်သည်တွင် အားလုံးက ကျိတ်၍​ ချီးကျူးကြရသည်။ ယခု ကွင်းထဲ၌ ကျန်ရစ်သော တန်ခိုးရှင်များကား မြေရိုင်းဒေသ၏ အတော်ဆုံး ပါရမီရှင်များ ဖြစ်ကြသည်။ သို့သော် လူသားကမ္ဘာမှ သမီးတော်က ဘယ်တစ်ယောက်ကို ပြိုင်ဘက်အဖြစ် ရွေးချယ်မည်နည်း။

ပိုင်ရီက ကွင်းလယ်သို့ လျှောက်လာသည်။ ရီဖူရှင်းအား ကြည့်ကာ သူမက ပြောသည်… “နင်က ဒီအထိ ရောက်လာပြီ… အခု ထွက်သွားဖို့ အချိန်ကျပြီ…”

လူအများအပြားက ရီဖူရှင်းကို ကြည့်ကြသည်။ သူ ဖြစ်နေပြန်ပြီလား…။

ရီဖူရှင်းကလည်း ထွက်လာသည်။ ပိုင်ရီအား ကြည့်ကာ သူက ခံစားချက် ကင်းမဲ့စွာ ပြောသည်… “မင်းက ငါ့ကို အမြဲတမ်း ပစ်မှတ်ထား နေတယ်လို့ ငါ ခံစားနေရတယ်…”

ပိုင်ရီက တည်ငြိမ်စွာ ကြည့်သည်။ သူမကလည်း ရီဖူရှင်းအပေါ်တွင် အမြင်တချို့ ရှိပေသည်။ တော်ဝင်လမ်းတွင် ရီဖူရှင်းက သူမအား မသင့်တော်သော အကြည့်တချို့ဖြင့် ကြည့်ခဲ့သော အချိန်မှစ၍ သူမကလည်း ရီဖူရှင်းအား ခေါင်းထဲ ထည့်ထားခဲ့သည်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထို့အပြင် သူက သူမ မလုပ်နိုင်သော ဧရာမ ရှေးဟောင်းနယ်မြေ သုံးခုကို တစ်ခုပြီးတစ်ခု ဖွင့်လှစ်ခဲ့သည်။ ယခု သူက ဤအဆင့်အထိ ရောက်လာ၏။

“နင်နဲ့ပတ်သက်ပြီး ငါ့မှာ ဘာအတွေးမှ မရှိဘူး… ဒါပေမဲ့ နင်က ဒီနေရာနဲ့ မသင့်တော်တော့ဘူး…” ပိုင်ရီက တည်ငြိမ်စွာပင် ပြောသည်။ သည်နေရာနှင့် မသင့်တော်သူများက သေချာပေါက် ထွက်သွားရမည်။

ရီဖူရှင်းက ပိုင်ရီကို ကြည့်သည်။ ပိုင်ရီက သည်နေရာနှင့် သက်ဆိုင်ခြင်း မသက်ဆိုင်ခြင်းများ ကိုပင် ဆုံးဖြတ်နေသည်။ သူ့အပြင်တွင် ထိုစကားက ရယ်ရွှင်ဖွယ်ရာ ကောင်း၏။

“အရုပ်ဆိုးတဲ့လူတွေက တကယ်ပဲ ပြဿနာရှာတယ်…” ရီဖူရှင်းက ပြုံးသည်။ ယခင် ပိုင်ရီက သူ့ထံမှ တော်ဝင် တံဆိပ်ပြားများကို လာလုယူဖူးသည်။ ယခု ရီဖူရှင်းက လက်စားပြန်ချေခွင့် ရပြီဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset