နတ်ငှက်အလား ပုံသဏ္ဌာန်က လေနှင့်အတူ ဆင်းသက်လာသည်။ ယခု ရီဖူရှင်း၏ လှုပ်ရှားဟန်တိုင်းက နတ်ငှက်နှင့် သဏ္ဌာန်တူသည်။ ရီဖူရှင်းက လေနှင့်အတူ တစ်သားတည်း ရွေ့လျားသည်တွင် ကောင်းကင်၌ လှပသော ပုံရိပ်တစ်ခုကို ထင်မြင်စေသည်။
ဘာဖြစ်သွားသည်ကို အားလုံးက သိရှိလိုက်သော အချိန်တွင်ကား ရီဖူရှင်းက ကျူးကော့လင်၏ အစစ်အမှန် ခန္ဓာကိုယ်ထက်ပေါ်တွင် ပေါ်လာပြီး ဖြစ်သည်။ ချက်ချင်းပင် လျှပ်စီးပုံရိပ်များ အားလုံး ပျောက်ကွယ် သွားသည်။ မရေမတွက်နိုင်သော နွယ်ပင်များ ဖြစ်ပေါ်လာကာ ကျူးကော့လင်၏ တစ်ကိုယ်လုံးကို ရစ်ပတ်သွားသည်။ သည်တိုက်ပွဲကား ယန်နန်နှင့် တိုက်ခိုက်ခဲ့ရသည် ထက်ပင် ပိုမိုလွယ်ကူနေဟန် ရသည်။
ဟူး … လေပြင်းတစ်ချက် ရိုက်ခတ် သွားသည်။ ရီဖူရှင်းက ကျူးကော့လင်၏ ခန္ဓာကိုယ်အား နွယ်ပင်များဖြင့် ရစ်ပတ်ကာ ကောင်းကင်ယံသို့ ဆွဲခေါ်သွားသည်။ ချက်ချင်းပင်က နွယ်ပင်များကို လှုပ်ခတ်ကာ ကျူးကော့လင်အား ကွင်းပြင်သို့ လွှင့်ပစ်လိုက်သည်။
“ချက်ချင်း အနိုင်ယူ သွားတာလား…” အားလုံးက အံ့အားသင့် သွားကြသည်။ အတောင်ပံဖြန့်ကာ ကောင်းကင်တွင် ရပ်နေသော လူငယ်ကို ကြည့်ကာ သူတို့အားလုံး စိတ်တည်ငြိမ်နိုင်ခြင်း မရှိကြတော့ပေ။ ကြည့်ရသည်မှာ ရီဖူရှင်းက သူ၏ တကယ့် အမြန်နှုန်းကို ထုတ်ပြခဲ့ခြင်း ရှိဟန်မရပေ။ ကျူးကော့လင်၏ အမြန်နှုန်းအား အံ့ဖွယ်ရာ မြန်ဆန်သည်။ သို့သော် သူက ရီဖူရှင်းရှေ့တွင် ဘာမှ ထူးထူးခြားခြား လုပ်ပြနိုင်ခြင်း မရှိပေ။
ရီဖူရှင်း၏ ရွှေရောင် အတောင်ပံများ လှုပ်ခတ်သွားကာ သူက မူလနေရာသို့ ပြန်ရောက် သွားသည်။ သူက အလွယ်တကူ အနိုင်ရခဲ့၏။
ကွင်းပြင်ကြီး တစ်ခုလုံး တိတ်ဆိတ်သွားကာ လူတိုင်းက ထူးဆန်းသလို ခံစားကြရသည်။ ရီဖူရှင်းကား နိုဘယ်အဆင့်ကိုပင် မရောက်သေးဘဲ ကျူးကော့ မိသားစုမှ အဋ္ဌမ အတန်းအစား နိုဘယ်ကို ချက်ချင်း အနိုင်ယူနိုင်သည်။ ယခု ကျူးကော့မိသားစုက မည်သို့ ခံစားနေရမည်ကို အားလုံးက သိချင်ကြသည်။
ရီဖူရှင်းက ကျူးကော့လင်ကို ဒဏ်ရာရအောင် မလုပ်ခဲ့ပေ။ မြေပြင်ပေါ်မှ လူးလဲထာသော ကျူးကော့လင်က မျက်နှာ ပျက်ယွင်းနေသည်။ သည်အရှုံးက အလွန်ရှက်ဖွယ် ကောင်းလှသည်။ အမှန်အားဖြင့် သည်တိုက်ပွဲက သူ့တစ်ဘဝလုံးတွင် ရှက်စရာ အကောင်းဆုံး တိုက်ပွဲလည်း ဖြစ်သည်။ ထို့အပြင် မရေမတွက်နိုင်သော လူများက ကြည့်ရှုနေကြသည်။ ယခု သူမည်သို့ ခံစားနေရမည်ကို ခန့်မှန်း၍ ရသည်။
ကျူးကော့လင်က တော်ဝင်ကျဲ နန်းတော်ဘက်ကို ကြည့်သည်တွင် မည်သူကမှ သူ့အား ကြည့်မနေသည်ကို သိလိုက်သည်။ ဤမျှ ရှက်စရာ ကောင်းသော ရှုံးနိမ့်မှုဖြင့် သူ့အား တော်ဝင်ကျဲ နန်းတော်မှ တန်ခိုးရှင်များကို ထား၍ ကျွန်းစုတစ်ထောင် တော်ဝင်မြေမှ လူများပင် ခေါ်ယူမည် မဟုတ်ပေ။
ကျူးကော့မိသားစု ခေါင်းဆောင်က သူတို့အား တော်ဝင်ကျဲ နန်းတော်ကို ဝင်စေချင်သည်။ သို့သော် ယခု သူတို့က ပြန်သွားသောအခါ ခေါင်းဆောင်ကို မည်သို့ ရှင်းပြရမည်နည်း။
“နောက်တစ်ယောက်…” လှေကားထစ်မှ အကြီးအကဲက ကြေညာသည်။ မည်သူကမှ ကျူးကော့လင်ကို ဂရုမစိုက်ကြပေ။ သူက ထိုမျှ ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့ရာ ဘယ်သူမှ အလေးထားကြမည် မဟုတ်ပေ။
ကျူးကော့လင်၏ မျက်နှာက မည်းမှောင်သွားသည်။ လက်သီးကို တင်းတင်းဆုပ်ကာ သူက ရီဖူရှင်းကို ကြည့်သည်။ သို့သော် ရီဖူရှင်းကား သူ့ကို ကြည့်ပင် မကြည့်ဘဲ သူ့နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ တစ်ပွဲ အနိုင်ရပြီးပြီဖြစ်ရာ ရီဖူရှင်းက အတန်ကြာ အနားယူနိုင်ပြီ ဖြစ်သည်။ ကျူးကော့လင်က သူ့အား စိန်ခေါ်ခြင်းက ရီဖူရှင်းအတွက် အလွန် အဆင်ပြေ သွားခဲ့သည်။
ရုတ်တရက် လူနှစ်ယောက်က လျှပ်တစ်ပြက် ရှေ့ကို ထွက်လာသည်တွင် နှစ်ယောက်လုံးက မှင်တက် သွားကြသည်။ တစ်ယောက်က အလွန်စိတ်ဆိုး ဒေါသ ထွက်စွာဖြင့် ဆဲဆို ကြိမ်းမောင်းသည်…
“အရူး…”
ကြိမ်းမောင်းလိုက်သူကား ဓားကျေးရွာမှ ယန်ချူဖြစ်သည်။
ရီဖူရှင်းနှင့် ယူချင်းတို့က အမှန်ပင် နောက်တစ်ဆင့်ကို တက်ရောက် သွားကြသည်။ ယန်ချူက ယန်နန်အတွက် လက်စားချေရန် ရီဖူရှင်းကို စိန်ခေါ်လိုနေသည်။ သို့သော်လည်း တိုက်တိုက်ဆိုင်ဆိုင် နောက်တစ်ယောက် ကလည်း ထွက်လာသည်။ စည်းမျဉ်းအရ သူတို့နှစ်ယောက်က တိုက်ခိုက် ကြရတော့မည် ဖြစ်သည်။
“မင်းက တော်တော် ကံကောင်းတယ်…” ယန်ချူက ရီဝူချင်းကို အေးစက်စွာ ကြည့်သည်။ ထို့နောက် သူက ကွင်းအလယ်သို့ လျှောက်လာသည်။ သူ့အနီးတွင် ဓားစွမ်းအင်များ စတင် ဖြစ်ပေါ်လာသည်။
ယန်ချူနှင့် တစ်ပြိုင်နက်တည်း ထွက်လာသူကား နဝမအတန်းအစား နိုဘယ်ဖြစ်သည်။ သူ၏အဆင့် နိမ့်ကျနေသောကြောင့် အခွင့်အရေးယူကာ အဆင့်တူအတွင်း တစ်ယောက်ကို ရွေးချယ်မည်ဟု တွေးထားခဲ့သည်။ သို့သော် ယန်ချူနှင့် ရင်ဆိုင်ရမည်ဟု သူမထင်ထားပေ။ သူက တိုက်ခိုက်ရုံမှလွဲ၍ တခြား ဘာမှ မတတ်နိုင်တော့။
ယန်ချူက ဆက်လက်၍ လျှောက်လာသည်။ သူ ရောက်မလာမီကပင် တစ်ဖက်လူကား အလွန်အမင်း အားကောင်းသော ဓားအသိကို ခံစားနေရပြီ ဖြစ်သည်။ အားလုံး ထင်မှတ်ထားသည့် အတိုင်းပင် ထိုလူကား ယန်ချူထံတွင် ရှုံးနိမ့်ကာ ကွင်းထဲမှ ထွက်သွားရသည်။ သူ့ကိုလည်း တော်ဝင်ကျဲ နန်းတော်က ရွေးချယ်ခဲ့ခြင်း မရှိပေ။
ပြိုင်ပွဲကား အမှန်ပင် ရက်စက်သည်။ စွမ်းဆောင်ရည် ပြသနိုင်ခြင်း မရှိဘဲ ရှုံးနိမ့်ခဲ့ပါက တော်ဝင်ကျဲ နန်းတော်ကို ဝင်ခွင့် မရရှိတော့ပေ။ အမှန်တကယ်အားဖြင့် ကျွန်းစုတစ်ထောင် တော်ဝင်မြေမှ ကမ်းလှမ်းမှုများကို လက်ခံခဲ့ကြသော လူများကလည်း ထူးခြား ထက်မြက်သော လူများဖြစ်ကြသည်။ သို့သော်လည်း လာမည့် အဆင့်များတွင် တိုက်ပွဲက ရက်စက် ကြမ်းတမ်းမည်ကို သိထားကြရာ တော်ဝင်မြေမှ ကမ်းလှမ်းမှုကို လက်ခံခဲ့ကြသည်။ အမှန်တကယ် အားဖြင့် အဋ္ဌမ အတန်းအစားနှင့် သတ္တမ အတန်းအစား နိုဘယ်များသာ နောက်ပိုင်း အကျော့များတွက် ဆက်လက် ယှဉ်ပြိုင်ရန် ယုံကြည်မှု ရှိကြပေသည်။
“ဂျီယူ… ဝူချင်း… တိုက်ပွဲမှာ စောစော ပါနိုင်အောင် ကြိုးစား… နောက်ဆုံး အချိန်အထိ မဆွဲထားနဲ့…” ရီဖူရှင်းက ဟွာဂျီယူနှင့် ရီဝူချင်းကို ပြောသည်။ လက်ရှိတွင်ကား တကယ် ထိပ်သီးများ အားလုံးက တည်ငြိမ်စွာ စောင့်စားနေကြဆဲ ဖြစ်ပြီး အဆင့်နိမ့်သူများက စောစီးစွာ ထွက်၍ ယှဉ်ပြိုင်ကြသည်။ ထို့ကြောင့် ရီဝူချင်းနှင့် ဟွာဂျီယူတို့ကလည်း စောစီးစွာ ယှဉ်ပြိုင်ရန် လိုပေသည်။
ရီဖူရှင်း၏သဘောကို သူတို့နှစ်ယောက်လုံး နားလည်ကြသည်။ နောက်ထပ် အလှည့်တစ်ခုတွင် ရီဝူချင်းက ရှေ့ကို ထွက်ပြီး အဋ္ဌမအတန်းအစား နိုဘယ် တစ်ယောက်ကို စိန်ခေါ်ခဲ့သည်။ တိုက်ပွဲက ပြင်းထန်ခဲ့ကာ နောက်ဆုံးတွင် ရီဝူချင်းက ကောင်းကင်မျက်လုံး ဓားပညာဖြင့် ပြိုင်ဘက်အား အနိုင်ယူနိုင်ခဲ့သည်။ တစ်ဖက်လူကား သူ့ထက် အဆင့်နိမ့်သော လူထံတွင် ရှုံးနိမ့်ခဲ့ရာ ရွေးချယ်မခံရဘဲအိမ်ပြန် သွားရသည်။
ဟွာဂျီယူက ရှေ့ကို ထွက်သွားသောအခါ သူမနှင့်အတူ ထွက်လာသောသူ မရှိပေ။ ထို့ကြောင့် သူမက နဝမအတန်းအစား နိုဘယ် တစ်ယောက်ကို ရွေးချယ်၍ အလွယ်တကူ အနိင်ယူခဲ့သည်။
တဖြည်းဖြည်းဖြင့် ပြိုင်ပွဲဝင်များ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားရကာ ရွေးချယ် ခံရသူကလည်း မရှိသလောက် ရှားပါးပေသည်။ အမှန်တကယ်အားဖြင့် ရွေးချယ်ခံရသူပင် မရှိခဲ့ပေ။ သို့သော် ထိုသို့ မရွေးသည်ကိုလည်း မည်သူကမှ မအံ့ဩကြပေ။
ယန်ကျန်းနှင့် ယိရှောင်ရှီတို့ကလည်း ပြိုင်ဘက်များကို အနိုင်ယူခဲ့ကြသည်။ ရီဖူရှင်းကို အံ့အားသင့် သွားစေသည်ကား ကျွေချိန်ချူကလည်း သူ့ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ခြင်းပင်။
သည်တစ်ကျော့တွင်ကား လူ ရှစ်ဆယ်ခန့်မျှသာ ကျန်တော့ပြီ ဖြစ်သည်။ လူခြောက်ယောက်အား ကျွန်းစုတစ်ထောင် တော်ဝင်မြေက ရွေးချယ်ခဲ့သည်။
“မင်းတို့အားလုံးက ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြတယ်… ငါတို့က မင်းတို့အနားယူဖို့ တစ်နာရီ အချိန်ပေးမယ်…” လှေကားထစ်ပေါ်မှ အကြီးအကဲက ပြောသည်။ လူအများအပြားက မိမိတို့နေရာတွင်ပင် ထိုင်ကာ အနားယူကြသည်။
အံ့အားသင့်ဖွယ်ရာ ကောင်းသည်ကား နောက်ဆုံး ကျန်ရစ်သော လူရှစ်ဆယ်ခန့်ထဲတွင် အာရုဏ်လမ်းက တော်တော်များများ ကျန်ရစ်နေခြင်းပင်။ အာရုဏ်လမ်းကား တော်ဝင် ကိုးလမ်းတွင် အားအကောင်းဆုံး မဟုတ်သော်လည်း ယခု အမှန်ပင် လူတစ်ဆယ်ကျော်ခန့် ကျန်ရစ်နေသည်။ ရီဖူရှင်းတို့အုပ်စု သက်သက်ပင် ခုနစ်ယောက် ရှိနေသည်။
“ဒီတစ်ကျော့ပြီးရင် လူလေးဆယ်လောက်ပဲ ကျန်လိမ့်မယ်… ကျန်တဲ့လူတွေက ဘယ်လောက်တောင် အားကောင်းမလဲ ခန့်မှန်းလို့ မရနိုင်တော့ဘူး…”
“အခု ရီဖူရှင်း၊ ယူချင်းနဲ့ ရီဝူချင်းတို့အဖွဲ့က အားအနည်းဆုံးပဲ ဖြစ်လိမ့်မယ်… သူတို့ ထွက်ရဖို့ များတယ်…” ကွင်းပြင်ပမှ လူများက ဆွေးနွေး ပြောဆိုကြသည်။
အားလုံးက သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။ သည်မတိုင်မီက ရီဖူရှင်းတို့အဖွဲ့က ကောင်းမွန်သော စွမ်းဆောင်ရည်များကို ပြသခဲ့သည့်တိုင် သူတို့၏တန်ခိုးအဆင့်က အလွန် နိမ့်နေသည်။ နောက်ဆုံး ကျန်ရစ်သူများထဲတွင် အဋ္ဌမအတန်းအစား နိုဘယ်များပင် သိပ်မကျန်တော့ပေ။ အများစုမှာ သတ္တမအတန်းအစား နိုဘယ်များ ဖြစ်ကြပြီး အနိုင်ယူရန် ခက်ခဲပေသည်။
ရီဖူရှင်းက ကျူးကော့လင်နှင့် ယန်နန်တို့ကို အနိုင်ရခဲ့သည့်တိုင် ကျူးကော့ရှင်း၊ စီကျိနှင့် ယန်ချူတို့ကို အနိုင်ရရန် မလွယ်ပေ။
ရုတ်တရက် သမီးတော်ပိုင်ရီက ချူရှမ်းကို စိတ်ဝိညာဉ် အသံလွှင့်နည်းဖြင့် စကားပြောသည်… “ချူရှမ်း… နောက်တစ်ဆင့်မှာ ရီဖူရှင်းတို့ အုပ်စုက လူကို မြန်မြန်ရွေးပြီး စိန်ခေါ်… နင့်အတွက် တခြားလူတွေကို စိန်ခေါ်တာက ခက်ခဲလိမ့်မယ်… ရီဖူရှင်းတို့အဖွဲ့ကပဲ နင့်အတွက် အနိုင်ယူဖို့ ပိုလွယ်လိမ့်မယ်…”
ယခုတွင်ကား ကွင်းထဲ၌ အားနည်းသောလူကား မရှိသလောက် ရှားပါးနေပြီ ဖြစ်သည်။ ရီဖူရှင်းတို့ အဖွဲ့ကသာ အားအနည်းဆုံးဟု ထင်ရသည်။
ချူရှမ်းက ရီဖူရှင်းတို့ အုပ်စုကို လှမ်းကြည့်သည်။ ရီဖူရှင်းနှင့် ယူချင်းတို့ကား အကာနာ အဆင့်တွင်သာ ရှိသေးသည်။ ဟွာဂျီယူနှင့် ရီဝူချင်းတို့က နဝမ အတန်းအစား နိုဘယ်ဖြစ်သည်။ အမှန်ပင် သူတို့အုပ်စုကသာ ကွင်းထဲတွင် အားအနည်းဆုံး ဖြစ်သည်။
သို့သော်လည်း သူမက ရီဖူရှင်း၏ မထင်လျှင် မထင်သလို အစွမ်းပြတတ်သည်ကို သိနေ၏။ ယခု သူက နောက်ထပ် အံ့ဖွယ်တစ်ခုခုကို ဖန်တီးနိုင်မည်လော…။
ရီဖူရှင်းကား မျက်လုံးမှိတ်ကာ လေ့ကျင့်နေသည်။ သူက တစ်စုံတစ်ခုကို ခံစားမိကာ မျက်လုံးကို ဖွင့်လိုက်သည်တွင် လူအများအပြားက သူ့ကို လှမ်း၍ ကြည့်နေကြသည်ကို မြင်သည်။ သူက ချက်ချင်းပင် ထိုလူများ ဘာတွေးနေသည်ကို သိလိုက်သည်။
လက်ရှိ အခြေအနေတွင် သူတို့အုပ်စုကသာ အားအနည်းဆုံးဟု လူတိုင်းက တွေးကြမည် ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးက ရီဖူရှင်းတို့အား ပြိုင်ဘက်အဖြစ် ရွေးချယ်ရန် စောင့်ဆိုင်း နေကြသည်။
“အချိန်ပြည့်ပြီ…” လှေကားထစ်ပေါ်မှ အကြီးအကဲက ကြေညာသည်။
***