အပိုင်း (၅၅၅)

အမြန်နှုန်း အကန့်အသတ်ကို ကျော်လွန်သွားခြင်း

လှေကားထစ်မှ အကြီးအကဲက ပြောပြီးသည်တွင် ရှေ့ကို တစ်ယောက်က မြန်ဆန်စွာပင် ထွက်လာသည်။ သူ ထွက်လာသည်ကို အားလုံးက မြင်ကြသော်လည်း မည်သူကမှ ရှေ့ထွက်ရန် အမြန်မလိုကြပေ။ ယခု ရှေ့ကို ထွက်လာသူကား မြေအောက်လမ်းမှ ပါရမီရှင် တစ်ယောက် ဖြစ်သူ ဟန်ရှင်း ဖြစ်သည်။

သည်တစ်ခေါက်တွင် ရှေ့ကို ထွက်လာသူက သူတို့၏ ပြိုင်ဘက်ကို ရွေးချယ်ခွင့်ရရာ ထိုအရာက တစ်စုံတစ်ယောက်၏ စိတ်ကြံ့ခိုင်မှုကို စမ်းသပ်ခြင်းလည်း ဖြစ်သည်။ ဟန်ရှင်းကား နဝမအတန်းအစား နိုဘယ်ဖြစ်ကာ ကွင်းထဲတွင် တန်ခိုးအဆင့် အလွန်နိမ့်သော အထဲတွင်ပါသည်။ ထို့ကြောင့် သူက သည်အခွင့်အရေးကို ယူကာ သူ၏ပြိုင်ဘက်ကို ရွေးချယ်ရမည် ဖြစ်သည်။ မဟုတ်ပါက တခြားလူများက သူ့ကို ရွေးချယ်သောအခါ အခြေအနေ ကောင်းမည် မဟုတ်ပေ။

သူကဲ့သို့သော အတွေးရှိသောသူ ရှိသည့်တိုင် ထိုလူက အကောင်းဆုံးများထဲမှ မဟုတ်နိုင်ဟု သူယူဆသည်။ သူထင်မှတ်ထားသည့်အတိုင်းပင် သူက မြန်ဆန်စွာပင် အခွင့်အရေးယူနိုင်ခဲ့သည်။

ဟန်ရှင်းက ဘေးပတ်ပတ်လည်မှ ပါရမီများကို ကြည့်သည်။ အများစုမှာ သတ္တမ အတန်းအစား နိုဘယ်များ ဖြစ်ကြသည်။ သူနှင့် အဆင့်တူသောလူပင် သိပ်မရှိဘဲ သူ့ထက် အဆင့်နိမ့်သူကား နှစ်ယောက်မျှသာ ရှိသည်။ ထိုနှစ်ယောက်မှာ ရီဖူရှင်းနှင့် ယူချင်းဖြစ်သည်။

ရီဖူရှင်းက ဓားကျေးရွာမှ ယန်နန်ကို လက်များ ချိုးပစ်ခဲ့သူဖြစ်ရာ အန္တရာယ် ရှိသည်ဟု သတ်မှတ်၍ ရသည်။ ယူချင်းက သူ၏ပြိုင်ဘက်များကို အနိုင်ယူကာ တက်လာခဲ့သောလည်း သူက ရီဖူရှင်းလောက် ထူးချွန်ပုံမရပေ။ ထို့ကြောင့် ဟန်ရှင်းက ယူချင်းကို ကြည့်ကာ ပြောသည်…” ကျုပ် သူ့ကို စိန်ခေါ်တယ်…”

သူ၏အတွေးကား တစ်ပွဲဦးဆုံး အနိုင်ယူမည်။ နောက်ပိုင်း သူ ရှုံးနိမ့်ခဲ့လျှင်ပင် နန်းတော်သို့ ဝင်ခွင့်ရမည်မှာ သေချာသလောက် ရှိနေသည်။ ထို့ကြောင့် သူက သေချာပေါက် အနိုင်ရနိုင်မည့် ယူချင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဟန်ရှင်းက သူ့ကို ကြည့်ပြီး ယူချင်းကို ရွေးချယ်သည်ကို ရီဖူရှင်းက နားလည်သည်။ တစ်ဖက်လူ ဘာတွေးနေသည်ကို သူ သိသည်။ ထိုလူကား နဝမအတန်းစား နိုဘယ်ဖြစ်ကာ ထူးခြား ထက်မြက်သော စွမ်းရည်များကို ပိုင်ဆိုင်သည်။ သို့သော် သူရွေးလိုက်သော လူက…

သူက ဟန်ရှင်းကို သနား ကရုဏာသက်စွာ ကြည့်သည်။ ယူချင်း၏ တိုက်ခိုက်ရေး စွမ်းရည်ဖြင့် ဟန်ရှင်းက ဘာအခွင့်အရေးမှ ရှိမည်မဟုတ်ဘဲ တော်ဝင်ကျဲ နန်းတော်ကို လက်ပြနှုတ်ဆက် ရပေတော့မည်။ သူက တခြား တစ်ယောက်ကို ရွေးချယ်ခဲ့ပါက ရှုံးနိမ့်ခဲ့လျှင်ပင် အခွင့်အရေး ရနိုင်သေးသည်။

ယူချင်းက ရှေ့ကို တက်သွားကာ ဟန်ရှင်းကို တည်ငြိမ်စွာ ကြည့်သည်။

“ကျုပ်နာမည် ဟန်ရှင်း… ကျုပ်က မင်းနဲ့ ပညာ ဖလှယ်ချင်တယ်…”

“ယူချင်း…”

သူတို့နှစ်ယောက် အချင်းချင်း မိတ်ဆက်ကြသည်တွင် ဟန်ရှင်း၏ ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ် ကောင်းသော သတ္တုဓာတ် သဘာဝများ စတင် စုစည်းလာနေသည်။ ထိုအရာက မုန်တိုင်း တစ်ခုလိုပင် အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိဟန်ရ၏။

ယူချင်းက လက်ဆန့်တန်းလိုက် သည်တွင် မိစ္ဆာ အငွေ့အသက်များ စတင် စုစည်းလာနေသည်။ နက်ရွှေရောင် ကောင်းကင် ပုဆိန်ရှည်တစ်လက် သူ၏လက်ထဲတွင် ဖြစ်ပေါ်လာ၏။

တော်ဝင်ကျဲ နန်းတော်ဘက်တွင် အကြီးအကဲနန်၏ အကြည့်က ယူချင်းထံ ရောက်နေသည်။ သူကား အမှန်ပင် မိစ္ဆာတန်ခိုးရှင် တစ်ယောက်ဖြစ်သည်။ ယူချင်းက မိစ္ဆာပုံစံအဖြစ်ပင် ပြောင်းလဲနိုင်သည်ဟု အကြီးအကဲနန်က ကြားထားကာ နန်ဟောင်က သူ၏လက်ထဲတွင် သေဆုံးခဲ့သည်။

“ဟန်ရှင်းအတွက် ကံဆိုးတာပဲ…” တခြား တော်ဝင်လမ်းများမှ လူများက ယူချင်းကို မသိကြသော်လည်း အာရုဏ်လမ်းမှ လူများမူကား ယူချင်းက မည်သို့သော လူဖြစ်သည်ကို ရှင်းလင်းစွာ သိကြသည်။ ကျန်ရှောင်မြို့ ဂိတ်တံခါးရှေ့တွင် ပေါ်လာသော ယူချင်း၏ နတ်ဆိုးပုံစံက သူတို့အားလုံး၏ စိတ်ထဲတွင် ပြတ်ပြတ်သားသား ထင်ကျန်နေဆဲ ဖြစ်သည်။

ဟန်ရှင်းက ယူချင်းကို စိန်ခေါ်မိသည်ကား ကံဆိုးမှု တစ်ခုပင်။

ယူချင်း၏ ခန္ဓာကိုယ်ကို နက်ရွှေရောင် ချပ်ဝတ်တစ်ခု ဖုံးလွှမ်းသွားသည်။ ယူချင်းက နတ်ဆိုး အတောင်ပံကို ဖြန့်လိုက်သည်တွင် သူ့ထံမှလာသော အရှိန်အဝါက ဟန်ရှင်းအား အန္တရာယ်၏ အငွေ့အသက်ကို ခံစားစေသည်။ ယူချင်းက ကောင်းကင်ထက်ကို ပျံတက်လိုက်ကာ ဟန်ရှင်းအား နက်မှောင်စွာ ကြည့်သည်။

ဟန်ရှင်းက ထိုမျက်လုံးကို မြင်သည်တွင် သူက မှားယွင်းသော ပြိုင်ဘက် တစ်ယောက်ကို ရွေးမိပြီလား သံသယ ဝင်သည်။

ဟူး… ယူချင်းက အတောင်ပံများကို ခတ်ကာ ကောင်းကင်ပုဆိန်ရှည်အား ဆုပ်ကိုင်လျက် အောက်ကို ဆင်းသက်လာသည်။ ဟန်ရှင်းက တွေးတောရန် အချိန်သိပ်မရှိရာ သူက ထက်ရှသော မုန်တိုင်းအသွင် စွမ်းအား ထုထည်အား လှည့်ပတ်လျက် ယူချင်းထံကို ခုန်တက်လိုက်သည်။

ကြောက်မက်ဖွယ် မုန်တိုင်းက ယူချင်း၏ ခန္ဓာကိုယ်ကို ချက်ချင်း သွားရောက် ရစ်ပတ်ကာ ဓားသွားများလို ဖြတ်တောက် တိုက်စားရန် ကြိုးစားကြသည်။ သို့သော် ယူချင်း၏ ချပ်ဝတ်ကို ဖျက်ဆီးနိုင်စွမ်း မရှိပေ။

ဟန်ရှင်း၏ မျက်နှာက ပျက်ယွင်း သွားသည်။ သူ၏ တိုက်ခိုက်မှုက အလွန် အားကောင်းသည့်တိုင် တစ်ဖက်လူ၏ ခုခံမှုကို မကျော်လွှားနိုင်။

ထိုအခိုက်တွင် မိစ္ဆာပုံရိပ်တစ်ခုက သူ၏ရှေ့ကို ရောက်လာကာ ကြီးမားသော အရှိန်အဝါက ဒူးထောက် ဝပ်တွား ခစားစေလိုသော သိမ်ငယ်စိတ်ကိုပင် ဖြစ်ပေါ်စေသည်။

ဟန်ရှင်း၏ရှေ့တွင် သတ္တုမုန်တိုင်းက ဧရာမ လူ့ဘီလူးကြီး တစ်ကောင်အဖြစ်​ ပြောင်းလဲသွားသည်။ သူ၏ဓမ္မ ပေါ်လာသည်တွင် ဧရာမ လူ့ဘီလူးကြီးက အလွန် ထက်ရှသော လှံရှည်ကို ကိုင်လျက် ယူချင်းကို ထိုးခွင်းသည်။

ယူချင်း၏လက်မှ ကောင်းကင် ပုဆိန်ရှည်ကလည်း ရှေ့ကို တိုးဝင်လာသည်တွင် အဆုံးအစမဲ့သော သတ်ဖြတ်ခြင်း စွမ်းအားကပင် ရောက်လာသည်။ ထိုခုတ်ချက်ကား နတ်ဘုရား ဖိနှိပ်ခြင်း ခုတ်ချက်ဖြစ်သည်။

ဘန်း… ကြီးမားသော ပေါက်ကွဲမှုနှင့်အတူ လူ့ဘီလူးကြီးနှင့် လှံရှည်တို့က အပိုင်းအပိုင်းအစစ ဖြစ်သွားသည်။ ကောင်းကင် ပုဆိန်ရှည်က အရာအားလုံးကို အနိုင်ယူကာ ဟန်ရှင်း၏ ခန္ဓာကိုယ်ပေါ်ကို ကျဆင်းလာသည်။ ဟန်ရှင်းက မျက်နှာ ပြာနှမ်းသွားကာ ချက်ချင်း နောက်ကို ဆုတ်ရန် ကြိုးစားသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က နောက်ကို လွင့်စဉ်သွားကာ ပါးစပ်မှ သွေးများ စီးကျလာသည်။ သူ၏မျက်နှာက စက္ကူအလား ဖြူဆွတ်နေပြီး ဒဏ်ရာ ပြင်းထန်စွာရပြီး သွေးများ ယိုစီးကျနေသော ရင်ဘတ်ကို လက်ဖြင့် ဖိထားကာ ယူချင်းကို တုန်ယင်စွာ ကြည့်သည်။ ယူချင်းကသာ သူ့ခုတ်ချက်ကို အားအပြည့် သုံးခဲ့ပါက သူက သေလူ ဖြစ်နေလောက်ပြီ ဖြစ်သည်။

ယူချင်းက တိုက်ပွဲ ကွင်းပြင်ထဲတွင် စစ်နတ်ဘုရား တစ်ပါးအလား ရပ်နေရင်းက သူ၏လက်မှ ကောင်းကင် ပုဆိန်ရှည်ကလည်း ပျောက်ကွယ် သွားသည်။

နောက်လှည့်ကာ ယူချင်းက သူ့နေရာကို ပြန်သွားသည်။ ဟန်ရှင်းက တော်ဝင်ကျဲ နန်းတော်ဘက်ကို ကြည့်သည်။ သို့သော် ဘယ်သူမှ​ စကားမပြောကြ။ သူကား အကာနာအဆင့် တန်ခိုးရှင် တစ်ယောက်ထံတွင် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရာ ပုဂ္ဂိုလ်ကြီးများက မည်သို့ သဘောကျမည်နည်း။

သူက တုန်ယီစွာဖြင့် ကွင်းထဲမှ ခေါင်းငိုက်စိုက် ကျကာ ထွက်သွားသည်။

မြေအောက်လမ်းမှ လူများအားလုံးက သူ့အား ကရုဏာသက်စွာ ကြည့်ကြသည်။ သည်မတိုင်မီက ထိုလူကား ကျွန်းစုတစ်ထောင် တော်ဝင်မြေကို ဝင်ရောက်ခွင့် ရှိခဲ့ကာ သူက ငြင်းပယ်ခဲ့သည်။ ဟန်ရှင်းကား အားနည်းခြင်း မရှိဘဲ ထူးခြား ထက်မြက်သော တိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင်သည်။ သို့သော်လည်း သူကား တစ်ကွက်တည်းဖြင့် ရှုံးနိမ့်ခဲ့၏။ ဆိုလိုသည်က သူ့ပြိုင်ဘက်ကား အလွန်အမင်း အားကောင်းသည်။ အကာနာအဆင့်မျှဖြင့် ဤနေရာကို ရောက်လာခြင်းက သူ၏စွမ်းရည်ကို သိသာ ထင်မြင်စေသည်။

ယခု ကွင်းထဲတွင် အားနည်းသူ တစ်ယောက်မှ မကျန်တော့ပေ။

“နောက်ထပ်…” ကောင်းကင် လှေကားထစ်မှ တန်ခိုးရှင် တစ်ယောက်က ပြောသည်။

နောက်တစ်ယောက်က လျှပ်တစ်ပြက် ရှေ့ကို ထွက်လာသည်တွင် အားလုံးက အံ့အားသင့် သွားကြသည်။ သူကား ကျူးကော့မိသားစုမှ ကျူးကော့လင် ဖြစ်သည်။ ယခု ကျူးကော့မိသားစုတွင် နှစ်ယောက်မျှသာ ကျန်တော့ကာ ကျူးကော့ရှင်းနှင့် အဋ္ဌမအတန်းအစား နိုဘယ်ဖြစ်သော ကျူးကော့လင်တို့ ဖြစ်သည်။

ကျူးကော့လင်က ကျူးကော့ရှင်းလောက် အားကောင်းခြင်း မရှိသော်လည်း သူကလည်း ကြောက်မက်ဖွယ် ကောင်းပေသည်။ သူက ပုံရိပ်တစ်ထောင် လျှပ်စီးမှော်အား အလွန်အမင်း မြင့်မားသော အဆင့်တစ်ခုအထိ ပေါက်မြောက် အောင်မြင် ထားသည်။ ထို့အပြင် သူက အမြန်နှုန်းတွင် အထူးပြု လေ့ကျင့်သည်။

ကျူးကော့လင် ကဲ့သို့သော သူပင်လျှင် နောက်ပိုင်း အဆင့်တိုက်ပွဲများသို့ အထိ မစောင့်ဆိုင်းရဲပေ။ ကွင်းထဲတွင် သူ့ထက် အားကောင်းသူများ အများအပြား ရှိသည်။ ထို့ကြောင့် သူကလည်း လက်ဦးမှုယူကာ အားနည်းသူကို ပြိုင်ဘက်အဖြစ် ရွေးချယ်ရမည်။

သူ၏ အကြည့်က တစ်နေရာကို ရောက်သွားသည်တွင် လူအများအပြား၏ အမူအရာက ပြောင်းလဲ သွားသည်။ သူ့ကို နောက်ထပ် စိန်ခေါ်ဦးမှလား…။

သည်မတိုင်မီက ကျူးကော့ပင်ကား ထိုလူငယ်ထံတွင် ရှုံးနိမ့်ခဲ့ပြီး ဖြစ်သည်။ ယခု ကျူးကော့လင်က နောက်တစ်ခေါက် ကြိုးစားဦးမည်လော။ သို့သော်လည်း ရီဖူရှင်းက အဋ္ဌမ အတန်းအစား နိုဘယ်ဖြစ်သော ယန်နန်ကိုလည်း အနိုင်ယူဖူးသည်။ ရီဖူရှင်းအား အနိုင်ယူရန်မှာ ထင်သလောက် မလွယ်ပေ။

“မင်း…” ကျူးကော့လင်၏ အကြည့်က ရီဖူရှင်းထံကို ရောက်လာသည်။ လူအုပ်က ထင်မှတ် ထားသည့်အတိုင်း သူကား ရီဖူရှင်းကို စိန်ခေါ်သည်။

ရီဖူရှင်း အနည်းငယ် စိတ်ဓာတ် ကျသွားသည်။ ယခု ကွင်းထဲမှ လူများ အားလုံးက အားကောင်းရာ ယူချင်းနှင့် သူက လှေကားထစ် တစ်ခုလို တက်နင်းမည့်လူများ ပေါများနေသည်။ မည်သို့ဆိုစေ သူတို့၏ တန်ခိုးအဆင့်က နိမ့်ကျပေသည်။ ခေါင်းယမ်းကာ ရီဖူရှင်းက ကွင်းလယ်သို့ လျှောက်လာသည်။ သည်မတိုင်မီကလည်း သူ့ကြောင့် ကျူးကော့ပင်က ကျွန်းစုတစ်ထောင် တော်ဝင်မြေကို ဝင်ခွင့်မရခဲ့ပေ။ ယခု ကျူးကော့လင်က ထပ်မံ၍ စိန်ခေါ်ပြန်သည်။ သူတို့က အဘယ်ကြောင့် သင်ခန်းစာ မယူသည်ကို ရီဖူရှင်း နားမလည်။

ကျူးကော့ကလန်ကား သူ့အစ်မနှစ်၏ ကလန်ဖြစ်သည်။ သူတို့က သူ့အား ပစ်မှတ်ထား တိုက်ခိုက်ခြင်း မရှိလျှင် ရီဖူရှင်းကလည်း သူတို့အား လျစ်လျူရှု ထားမည် ဖြစ်သည်။ သို့သော်လည်း သူတို့ အားလုံးက သူ့အား သဘောကျရန် မရပေ။ အထူးသဖြင့် ကျူးကော့ရှင်း ဖြစ်ပေသည်။

“မင်းအရင်စ…” ကျူးကော့လင်က ပြောသည်။ သူ၏ တန်ခိုးအဆင့်က ကျူးကော့ပင်နှင့် ယန်နန်တို့ထက် တည်ငြိမ်သည်။ သူကား ထိုနှစ်ယောက်ထက် အသက်ကြီးသည်။

ယန်နန်ကား ရီဖူရှင်း၏ လျှပ်စီးနှင့် သစ်သားဓာတ် စွမ်းအားများကို မခံနိုင်ဘဲ ရှုံးနိမ့်ခဲ့ရသည်။ ကျူးကော့လင်က မတူပေ။ သူက ပုံရိပ်တစ်ထောင် လျှပ်စီးမှော်တွင် ထူးချွန်ပြီး လျှပ်စီး တိုက်ကွက်များကို ချက်ချင်း ထုတ်သုံးနိုင်သည်။ သူ၏အမြန်နှုန်းက အလွန် မြင့်မားလွန်းကား ကျူးကော့ပင်လို ရီဖူရှင်းကို လိုက်မမီစရာ မရှိပေ။ ကျူးကော့လင်က ရီဖူရှင်းကို ပြိုင်ဘက်အဖြစ် ရွေးချယ်ခြင်းက အမှန်ပင် သင့်တော်သည်ဟု လူတိုင်းက တွေးတော ကြသည်။

သည်တိုက်ပွဲတွင် ကျူးကော့လင် အနိုင်ရမည့် အခွင့်အရေးက ပိုများပေသည်။ ရီဖူရှင်း၏ စွမ်းရည်များက ထူးခြား ကောင်းမွန် သော်လည်း သူ၏ တန်ခိုးအဆင့်က အကန့်အသတ် ဖြစ်နေသည်။ သူက အနှေးနှင့်အမြန် ထွက်ခွာရမည် ဖြစ်သည်။

လူအများအပြား အတွက်မူ ရီဖူရှင်းက အနိုင်ရလျှင်ပင် နောက်တစ်ပွဲ အများဆုံး ဖြစ်သည်။ သည်တစ်ကျော့ ပြီးသည်နှင့် လူရှစ်ဆယ်ခန့်မျှသာ ကျန်ရစ်တော့မည် ဖြစ်သည်။ ထိုအဆင့်တွင် ရီဖူရှင်းအတွက် နေရာမရှိပေ။

“မင်းက ဘာလို့ ဒီလို လုပ်ရတာလဲ…” ရီဖူရှင်းက ကျူးကော့လင်ကို မေးသည်။ သူ၏အသံ ထွက်ပေါ် လာပြီးသည်တွင် သူ့နောက်ကျော၌ အလွန်လှပသော နတ်ငှက် အတောင်ပံတစ်စုံ ဖြစ်ပေါ်လာသည်။ နတ်ငှက် အတောင်ပံက အလွန်လှပ လင်းလက်စွာ ဖြစ်ပေါ်လာကာ လေဓာတ် စွမ်းအားများက သူ့ခန္ဓာကိုယ်ကို ချက်ချင်း ရစ်ပတ်သွားသည်။

ဘန်း… မြေပြင်ပေါ်ကို ကန်ကျောက်သည်တွင် ရီဖူရှင်း၏ လျှပ်စီးအရိပ် ခြေလှမ်းက အသက်ဝင် သွားသည်။ လူအုပ်ကြီးက မြင်သည်ကား ရီဖူရှင်း၏ အရိပ် ကိုယ်ပွားများသာ…။ သူကား ကြောက်မက်ဖွယ် ကောင်းအောင် မြန်ဆန်လွန်းသည်။

မြန်လိုက်တာ…။ ကျူးကော့လင်၏ အမူအရာက ပြောင်းလဲသွားကာ ကျူးကော့လင်ကလည်း အရပ်မျက်နှာမျိုးစုံကို ရွေ့လျားရင်းက နေရာတိုင်းတွင် အရိပ်ကိုယ်ပွားများ ဖြစ်ပေါ်လာသည်။ သို့သော်လည်း ရီဖူရှင်းက အတောင်ပံကို ခတ်လျက် သူ၏အစစ်အမှန် ခန္ဓာကိုယ်ထံသို့ ပျံသန်းနေသည်ကို မြင်ရသည်။ ကျူးကော့လင် မျက်နှာပျက်သွားသည်။ ရီဖူရှင်းက ကျူးကော့ပင်အား အနိုင်ရခြင်းက တိုက်ဆိုင်ခြင်း မဟုတ်ပေ။

“သေစမ်း…” ကျူးကော့လင်က အော်ဟစ်ကာ သူ၏ပုံရိပ်တစ်ခုက လျှပ်စီးတန်း တစ်ခုကို ဆုပ်ကိုင်လျက် လေထုကို ခွင်းကာ ရီဖူရှင်းထံကို တိုးဝင်သွားသည်။ သို့သော်လည်း ရီဖူရှင်းက ပုံရိပ်ယောင် အသွင်ဖြင့် လှုပ်ရှားကာ လျှပ်စီးတန်းအား လှပစွာ ရှောင်ဖယ် သွားသည်။

“အရမ်းမြန်တယ်… သူက ဘယ်လိုလုပ် ဒီလောက် မြန်ရတာလဲ…” လူအုပ်က ရီဖူရှင်းကို ကြည့်ကာ အံ့အားသင့်ရသည်။

ပုံရိပ်ယောင် များစွာက ရီဖူရှင်းကို တိုက်ခိုက်ကြ သော်လည်း ရီဖူရှင်းကား အရိပ်အသွင်ဖြင့် မြန်ဆန်စွာ ရှောင်ဖယ်နေသည်။

“သူ့လှုပ်ရှားမှုတွေက နတ်ငှက် တစ်ကောင်လိုပဲ…”

“အဲဒါက ခြေလှမ်းပညာနဲ့ မှော်စွမ်းအင် ပေါင်းစပ်ထားတာ…” တစ်စုံတစ်ယောက်က အံ့အားသင့်စွာ ပြောသည်။

ကျူးကော့လင်၏ အမူအရာက သုန်မှုန်နေသည်။ သူက ရှေ့ကို တက်ကာ လျှပ်စီးတန်း တစ်ခုကို ထုတ်လွှတ်ပြန်သည်။ သူက ရှေ့ကို လက်ညှိုးညွှန်လိုက် သည်တွင် လျှပ်စီးတန်း များစွာက ရှေ့ကို တိုးဝင် သွားကြသည်။ သို့သော်လည်း လျှပ်စီးတန်းများ ဘေးမှ ပုံရိပ်တစ်ခု ဖြတ်သန်း သွားသည်တွင် ကျူးကော့လင်က အန္တရာယ်၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။

“ဟိုမှာ…” ကျူးကော့လင်၏ ခေါင်းထက်တွင် နောက်ထပ် ပုံရိပ်တစ်ခု ဖြစ်ပေါ် လာသည်ကို ကြည့်ကာ လူအများအပြားက မှင်တက် သွားကြသည်။

အားလုံး၏ နှလုံးခုန်သံက စည်တော်ကြီးများ တီးခတ်နေသလို မြည်ဟည်း နေသည်။ သူက ဘယ်လိုလုပ် ဤမျှ မြန်ဆန် နေရသနည်း။ သူကား လျှပ်စီးထက်ပင် မြန်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset