ဝါးအိမ်ငယ်လေးမှာ အပြိုအပျက်များကြားတွင် တည်ရှိနေပြီး အနည်းငယ်မဆီမဆိုင်ခံစားချက်မျိုးပေနေလေသည်။
သို့သော် ထိုအခြင်းအရာကပင် ဝါးအိမ်လေးကဤနေရာမှာရှိသင့်နေသည့်အလား ထင်မှတ်မှားစေသည်။
ဟုန်ရင်က ဝါးအိမ်လေးဆီကိုလျှောက်သွားလိုက်ပြီး ပြုံးလိုက်သည်။ ဤနေရာမှာ အင်ပါယာဂုရုနေထိုင်ရာအရပ်ပင်။
အင်ပါယာဂုရုကြီးသည် တိမ်လွှာဖီးနစ်အင်ပါယာအတွက် ထူးချွန်ပြောင်မြောက်သောကူညီထောက်ပံ့မှုများစွာ ပေးအပ်ခဲ့သူဖြစ်သည်။ဟုန်ရင်ကလည်း အင်ပါယာဂုရုကြီးအတွက် အိမ်တော်တစ်ခုအပါအဝင် မရေမတွက်နိုင်သောဆုတော်လာဘ်တော်များချီးမြှင့်ခဲ့ဖူးသည်။
သို့သော် အင်ပါယာဂုရုကတော့ ထိုအိမ်တော်ကို ငြင်းပယ်ခဲ့သည်။
အကြောင်းအရင်းမှာမူ ဤဝါးအိမ်လေးကိုသံယောဇဉ်တွယ်နေပြီဖြစ်ရာ အခြားတစ်ခုနှင့်အစားမထိုးလိုသောကြောင့်ဟု ဆို၏။
တိမ်လွှာဖီးနစ်အင်ပါယာဖျက်စီးချေမှုန်းခံလိုက်ရသည့်အချိန်မှာ ကောင်းကင်ဘုံတာအိုလည်း ပြိုလဲခဲ့ရသည်။
အင်ပါယာဂုရုကြီးကလည်း သူ့ကိုယ်သူချိတ်ပိတ်ထားခဲ့သည်။ ဝါးအိမ်အိမ်လေးကတော့ ဤနေရာရှိနေဆဲသာ။
“အရှင်မ”
ဝါးအိမ်လေးထဲမှ လူအိုကြီးတစ်ယောက်၏အသံတစ်သံ ထွက်ပေါ်လာလေသည်။
သူ့စကားအဆုံးမှာပင် ဝါးအိမ်လေ၏တံခါးက ဖြည်းဖြည်းချင်းပွင့်သွားလေတော့သည်။ အိမ်ထဲမှ အဘိုးအိုတစ်ယောက်ထွက်လာ၏။
ထိုအဘိုးအို၏နားထင်နားရှိ ဆံပင်များမှာ ဖြူနေချေပြီ။ သူ့မုတ်ဆိတ်ဖြူအရှည်ကြီးကလည်း လေမတိုက်ပါဘဲ တဖျပ်ဖျပ်လွင့်နေလေသည်။
“ကြည့်ရတာ အရှင်မက ကိုးဘဝပြန်လည်ဝင်စားရေးကို ဖြတ်ကျော်နိုင်ခဲ့တဲ့ပုံပဲ”
ထိုစကားကိုကြားသော် ဟုန်ရင်ကခေါင်းညိတ်ပြပြီးပြောလာသည်။
“ကျွန်မ ကျင့်စဉ်ကိုအောင်အောင်မြင်မြင်ကျင့်ကြံနိုင်ခဲ့တယ်။ အခု ကျွန်မခွန်အားတွေပြန်ရတာနဲ့ ကောင်းကင်ဘုံလမ်းမကို တစ်ခါထပ်တိုက်လို့ရပြီ”
ကောင်းကင်ဘုံလမ်းမကို သိမ်းပိုက်မည်တဲ့လား။
အဘိုးအိုက နောင်တတကြီးဖြင့် ခေါင်းတခါခါလုပ်နေလေသည်။
“ဒီခေတ်ကလူတွေက သိပ်အားနည်းလွန်းတယ်။ သူတို့ရဲ့အရည်အချင်းနဲ့ခွန်အားက ကျွန်တော်တို့ခေတ်ကို မမီဘူး”
“ကောင်းကင်ဘုံလမ်းမကိုသိမ်းပိုက်ဖို့ခက်ခဲလိမ့်မယ်ထင်တယ်”
ရှေးယခင်ခေတ်များတုန်းက ပညာရှင်အမြောက်အများရှိခဲ့ပေသည်။ အမျိုးမျိုးသောဂိုဏ်းဂဏများစွာနှင့် တော်ဝင်မိသားစုများက ဂုဏ်သရေတိုးစေရန်အလို့ငှာ တိုက်ခိုက်တတ်ကြသည်။
ထိုအချိန်ကား ကျင့်ကြံရေးလောက၏ရွှေရောင်နေ့ရက်များပင်တည်း။
သို့သော် ယနေ့ခေတ်တွင်မူ ကောင်းကင်ဘုံလမ်းမကိုတိုက်ခိုက်စဉ်က သူတို့ကို အပြင်လူများက ချေမှုန်းဖျက်ဆီးခဲ့ကြသည်။ တိုက်နယ်ကြီးပေါ်ရှိ ပညာရှင်အမြောက်အများရှင်းထုတ်ခံရပြီး ဂိုဏ်းဂဏများနှင့်တော်ဝင်မိသားစုများ သေကြေပျက်စီးခဲ့ရသည်။
ကောင်းကင်ဘုံလမ်းမကိုသိမ်းပိုက်ခြင်းမှာ သူတို့ခေတ်တုန်းကပင် မလုပ်နိုင်ခဲ့သောအရာဖြစ်လေရာ ဤခေတ်မှာ ဘယ်လိုများစွမ်းဆောင်နိုင်မည်တဲ့လဲ။
အင်ပါယာဂုရုကြီးက သူ့တောင်ဝှေးကိုကိုင်စွဲလျက် သက်ပြင်းချလိုက်ချေသည်။
“ကျွန်တော် ဒီလျှို့ဝှက်ဘုံကိုတည်ဆောက်လိုက်ရတဲ့အကြောင်းအရင်းက နောင်မှာ ကောင်းကင်ဘုံလမ်းမနဲ့တိုက်ပွဲဖြစ်လာမှာကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့တည်ဆောက်ခဲ့တာ”
အင်ပါယာဂုရုကြီးအနေနှင့် သူ့အရှင်မက ခွန်အားပြန်ရလာလျှင် ကောင်းကင်ဘုံလမ်းမကို ပြန်လည်တိုက်ခိုက်လိမ့်မည်ဟု သဘောပေါက်ထားခဲ့သည်။ သူ ထိုအတွက် ပြင်ဆင်ထားခဲ့ခြင်းဖြစ်၏။
သို့သော် ယနေ့ခေတ်ပညာရှင်များ၏ခွန်အားကို သူမြင်လိုက်ရသောအခါ ကောင်းကင်ဘုံလမ်းမကိုသိမ်းပိုက်ခြင်းမှာ အထင်ကြီးနေမိရုံသက်သက်သာဖြစ်ကြောင်းသိလိုက်ရသည်။
ဟုန်ရင်မှာလည်း လေးနက်သောခံစားချက်တစ်မျိုးရှိသည်။ ယနေ့ခေတ်ရှိလူများမှာ စင်စစ်အားနည်းလွန်းပေသည်။
လုချန်ရှန်းကြောင့်သာမဟုတ်ပါက ဟုန်ရင်လည်းတွေဝေမိမည်သာ။ သို့သော် သူ့ဆရာနှင့်ဆရာအစ်ကို၊ဆရာတူမောင်လေးများကြောင့်သာ မျှော်လင့်ချက်ရောင်ခြည်သမ်းခဲ့မိခြင်းဖြစ်၏။
အင်ပါယာဂုရုကြီးက ပြောလာသည်။
“ဒါပေမဲ့ မျိုးစေ့ကောင်းလေး၄ယောက်တော့ရှိတယ်”
မျိုးစေ့ကောင်းလေးယောက်တဲ့လား။
ချက်ချင်းဆိုသလိုပင် အင်ပါယာဂုရုကြီးက သူ့လက်ထဲရှိတောင်ဝှေးကိုဝှေ့ယမ်းလိုက်လေရာ အလင်းရောင်မျက်နှာပြင်လေးခု ပေါ်ပေါက်လာချေသည်။
ဤအလင်းရောင်မျက်နှာပြင်လေးခုမှာ အမွေအနှစ်အပြိုအပျက်လေးခုကို ပြသနေသည်။ ထိုမျက်နှာပြင်ထဲ၌ လူလေးယောက်ရှိနေ၏။
ထိုမြင်ကွင်းကိုမြင်သော် ဟုန်ရင်ပြုံးလိုက်မိသည်။
အင်ပါယာဂုရုကြီးပြောနေသည့်လူလေးယောက်က မည်သူဖြစ်ကြောင်း သူ(မ)မျှော်လင့်ထားပြီးဖြစ်၏။ ဤလူလေးယောက်မှာ ယဲ့ချိုးပိုင်၊ နင်းချန်ရှင်း၊ မဟူရာနှင့် မုဝမ်အာတို့ပင်။
ယဲ့ချိုးပိုင်က အတုမဲ့ဓားသွားအစီအရင်ကို ရှုမှတ်နေချေသည်။
အင်ပါယာဂုရုကြီးက စကားဆိုလာသည်။
“ဒီကောင်လေးရဲ့ဓားသိုင်းတာအိုသိမြင်မှုက ကျွန်တော်တို့ခေတ်မှာတောင် အကောင်းတကာ့အကောင်းဆုံးပဲ”
ဟုန်ရင် ပြုံးလိုက်မိသည်။
“ဒါပေါ့ ဆရာတူအစ်ကိုက ဓားသိုင်းတာအိုကျင့်ကြံတဲ့မျိုးစေ့ကောင်းလေးပဲလေ”
“ပြီးတော့ ဆရာ့ရဲ့ညွှန်ကြားပြသမှုကြောင့် သူက ဓားသိုင်းလမ်းစဉ်မှာ တခြားလူတွေကိုအောင်နိုင်ခဲ့ပြီးသားလေ”
“ဆရာတူအစ်ကိုနဲ့ ဆရာတဲ့လား”
အင်ပါယာဂုရုကြီး မှင်တက်သွားရရှာသည်။
“အမှန်ပဲ။ ကျွန်မ သူ့ကို ဆရာတင်ထားခဲ့တာ။ သူသာမရှိရင် ကိုးဘဝပြန်လည်ဝင်စားရေးစက်ဝန်းကလည်း အောင်မြင်နိုင်မှာမဟုတ်ဘူး”
ပျင်းရိတတ်သည့်စရိုက်လေးတစ်ခုပင် ပြောစရာရှိသည်။
ဟုန်ရင်မရယ်ဘဲ မနေနိုင်ပေ။
အင်ပါယာဂုရုကြီးက သက်ပြင်းချလိုက်လေသည်။
“ဒီနေ့ခေတ်မှာ အရှင်မရဲ့ဆရာသခင်ဖြစ်ထိုက်တဲ့လူတွေလည်း ရှိသေးတာပဲလား”
“ဒါဆိုရင် ကျွန်တော်မျိုး အရှင်မရဲ့ဆရာကိုတွေ့ချင်မိပါရဲ့”
လုချန်ရှန်းအကြောင်းပြောချိန်မှာ ဟုန်ရင်၏မျက်ဝန်းများမှာ မကြည်ညိုမလေးစားဘဲမနေနိုင်ချေ။
“ဆရာ့ခွန်အားက အနှိုင်းမဲ့ပဲ။ ကျွန်မ အထွတ်အထိပ်ရောက်နေခဲ့တဲ့နေ့ရက်တွေမှာတောင် ဒီဆရာအိုကြီးကိုမယှဉ်နိုင်လောက်ဘူး”
လုချန်ရှန်းသာ ဟုန်ရင့်စကားကိုကြားပါက ဟုန်ရင့်ကိုသေချာပေါက်စောဒကတက်ပေလိမ့်မည်။
လူအိုကြီးတဲ့လား ဘယ်သူကအိုနေလို့လဲ…
“ဆရာ့ရဲ့ကျင့်ကြံရေးအဆင့်က ဘယ်ရောက်နေပြီလဲဆိုတာ ကျွန်မတကယ်ပဲမပြောတတ်ဘူး”
“ပြီးတော့ ဆရာက အရာရာကိုသိတယ်”
အင်ပါယာဂုရုကြီးက ပြောလာလေသည်။
“ကြည့်ရတာ အရှင်မရဲ့ဆရာက အရှင်မကို ကောင်းကင်ဘုံလမ်းမကိုပြန်တိုက်ခိုက်ချင်လာအောင် ယုံကြည်မှုတွေပေးခဲ့တဲ့ပုံပဲ”
ဟုန်ရင် ခေါင်းညိတ်ပြလိုက်သည်။
ဤသည်မှာ အမှန်တရားပင်။
သူ့ဆရာကြောင့်သာမဟုတ်ပါက ဟုန်ရင်လည်း ကောင်းကင်ဘုံလမ်းမကိုပြန်လည်တိုက်ခိုက်ဖို့ တွေဝေတုံ့ဆိုင်းမိမည်သာ။
ယနေ့ခေတ်လူများ၏ခွန်အားက အားနည်းလွန်းလှသည်မဟုတ်ပါလား။
“ကျန်တဲ့သုံးယောက်ကိုရောသိလား အရှင်မ”
ဟုန်ရင်က ခေါင်းညိတ်ပြ၍ပြုံးနေချေသည်။
“ဆရာ့ရဲ့တပည့်အဖြစ် တရားဝင်လက်မခံရသေးတဲ့မုဝမ်အာကလွဲရင် ကျန်တဲ့နှစ်ယောက်က ကျွန်မရဲ့ဆရာတူမောင်လေးတွေပဲ”
အင်ပါယာဂုရုကြီးကလည်း ခေါင်းတညိတ်ညိတ်…။
“ဒီလိုတပည့်မျိုးကိုပျိုးထောင်ပေးနိုင်ပုံထောက်ရင် အဲ့ဒီပုဂ္ဂိုလ်က တကယ်အစွမ်းထက်ပုံပဲ”
အလင်းရောင်မျက်နှာပြင်ထက်၌ မဟူရာမှာ ဒေါသူပုန်ထနေပြီး ချော်ရည်သားရဲကောင်းများကို တစ်စီဆုတ်ဖြဲနေလေသည်။ ထို့ပြင် သူက အမွေအနှစ်ခန်းမပိုင်ရှင်၏ဖိအားကိုပင် တောင့်ခံနိုင်သေးသည်။
သို့သော် အလယ်နားရှိနေရာတစ်ခုတွင် စစ်ဆေးကြည့်၍မရသောအရာတစ်ခုရှိ၏။
မဟူရာ့ခန္ဓာကိုယ်၏သတိစိတ်က အသက်ဝင်နိုးထလာခဲ့ပြီး ပြင်ပလောကရှိအာရုံမှန်သမျှကိုပိတ်ဆို့လိုက်လေသည်။
သို့သော် အင်ပါယာဂုရုကြီးနားမလည်နိုင်သည့်အချက်မှာ အမွေအနှစ်ခန်းမပိုင်ရှင်က မဟူရာ့ကိုကျော်၍ အခြားလူကို အမွေအနှစ်ပေးအပ်သွားခြင်းပင်။
သို့သော် ဤသည်မှာ သူနှင့်မဆိုင်ပေ။ အမွေအနှစ်ပိုင်ရှင်မှာလည်း ရွေးချယ်စိစစ်ရာတွင် သူ့ကိုယ်ပိုင်အတွေးများရှိလိမ့်မည်သာ။
နောက်မျက်နှာပြင်ပေါ်မှာမူ မုဝမ်အာက ဆေးအမျိုးအစားများစွာကို သန့်စင်နေချေသည်။ သူ(မ)ဖော်ထားသောဆေးများမှာ ဆေးဖော်စပ်နည်းကန့်သတ်ထားခြင်းမျိုးမရှိပေ။ သူတို့ခေတ်မှာပင် မမြင်ဖူးခဲ့သည့်ဆေးတချို့လည်းရှိနေချေသည်။
ဤအချက်ကြောင့် မုဝမ်အာက ရှေးဟောင်းအဂ္ဂိရတ်ဆရာသခင်၏အမွေအနှစ်ကို ရလိုက်လေသည်။
အင်ပါယာဂုရုကြီး အထိတ်လန့်ဆုံးပုဂ္ဂိုလ်မှာ မဟူရာလည်းမဟုတ်သလို ယဲ့ချိုးပိုင်လည်းမဟုတ်ချေ။ နင်းချန်ရှင်းသာဖြစ်၏။
နင်းချန်ရှင်းက ကွန်ဖြူးရှပ်တာအိုအမွေအနှစ်တစ်ခုထဲသို့ ဝင်သွားခဲ့သည်။
အလင်းရောင်မျက်နှာပြင်ထက်တွင် နင်းချန်ရှင်းက အမွေအနှစ်ခန်းမအရှင်နှင့် တာအိုအကြောင်းဆွေးနွေးနေပေသည်။
ဤအမွေအနှစ်ပိုင်ရှင်မှာ ရှေးခေတ်၌ အတော်ဆုံးကွန်ဖြူးရှပ်ပညာရှင်ဖြစ်၏။
၎င်းမှာ ကမ္ဘာပေါ်ရှိကွန်ဖြူရှပ်တာအိုမုလလက်ဟောင်းအသင်းဝင်ဖြစ်သည်။ သို့သော် နင်းချန်ရှင်းက သူနှင့် တာအိုအကြောင်းဆွေးနွေးနိုင်သည်တဲ့လား။ သို့ဖြစ်လေရာ သူ့တာအိုအဆင့်မှာ မည်မျှကြီးကျယ်ခမ်းနားကြောင်း သိနိုင်ပေသည်။
ဟုန်ရင်ကလည်း ပြုံးပြုံးလေးကြည့်နေချေသည်။
မျက်နှာပြင်ထက်၌ နင်းချန်ရှင်းက ဝိညာဉ်ကိုယ်ထည်တစ်ခု၏မျက်နှာချင်းဆိုင်တွင် ထိုင်နေလေသည်။
နင်းချန်ရှင်းက လက်ထဲမှာ တာအိုသိုင်းကျမ်းကိုကိုင်ဆောင်ထားရင်း ပေါ့ပေါ့ပါးပါးမေးခွန်းထုတ်လိုက်သည်။
“ကျင့်ကြံရေးလောကမှာ အားကြီးသူက အားနည်းသူကိုအနိုင်ကျင့်တတ်တယ်။ အဲ့ဒါ တောအုပ်နိယာပဲ။ တကယ်လို့ တစ်ယောက်ယောက်က သူတို့ကိုဆန့်ကျင်ခဲ့ရင် သူတို့က အဲ့ဒီလူကိုသုတ်သင်လိုက်မှာပဲ”
“တခြားလူတွေတင်မကဘူး။ ဗုဒ္ဓကျင့်ကြံသူတွေလည်း ဒီအတိုင်းပဲ”
“ဒီလိုဆိုရင် ကျွန်တော်တို့တွေ အားနည်းသူကိုကယ်တင်ပြီး တရားမျှတမှုကိုဆောင်ကြည်းနေတော့ရော ဘာထူးမှာလဲ”
ဝိညာဉ်ကိုယ်ထည်မှာ တိတ်ဆိတ်သွားချေသည်။
ဤမေးခွန်းမှာ အလွန်ကိစ္စကြီးလှပေသည်။ ရှုပ်ထွေးမှုများစွာလည်း ရှိပြန်၏။ အမြင့်ဆုံးဘုံသို့ရောက်အောင်ကျင့်ကြံနိုင်ခဲ့သော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများပင် အားနည်းသူများအကြောင်းကို မမေ့ထားနိုင်ကြပေ။
ဗုဒ္ဓကျင့်ကြံသူများလည်း ထိုနည်းလည်းကောင်းပင်။ သို့သော် ဘယ်လိုလုပ် ထိုကဲ့သို့လုပ်နိုင်မည်တဲ့လဲ။
မိမိခွန်အားနှင့် ဂိုဏ်းတော်တိုးတက်ရေးအတွက် မလုပ်နိုင်စရာဘာရှိသလဲလေ။
ထိုကဲ့သို့သောမေးခွန်းမျိုးနှင့် ရင်ဆိုင်လာရချိန်မှာပင် တိတ်ဆိတ်နေရုံသာတတ်နိုင်သည်။
တကယ်တမ်းတွင် သူ့ဂိုဏ်းကိုစွန့်ပစ်ပြီး အားနည်းသူထောင်ပေါင်းများစွာကိုကယ်တင်ဖို့ရွေးချယ်ခဲ့လျှင်လည်း ထိုသို့လုပ်နိုင်လိမ့်မည်မဟုတ်ကြောင်း သူသိလေသည်။
ထို့ကြောင့် သူ တိတ်ဆိတ်နေမိခြင်းပင်။