Switch Mode

အခန်း (၁၄၉)

မိစ္ဆာအရိပ်ဆင်းသက်လာခြင်း

ပလ္လင်ထက်တွင် အရပ်ခပ်ရှည်ရှည်သန်သန်မာမာအမျိုးသားတစ်ယောက် ခပ်မတ်မတ်ထိုင်နေလေသည်။

သူ့မှာ အသက်ရှင်နေသောအရိပ်အယောင်မရှိသော်ငြား သူ့ခန္ဓာကိုယ်မှထုတ်လွှတ်နေသော နှလုံးခုန်သံစွမ်းအားတစ်ခုကတော့ ရှိနေဆဲပင်။

သို့သော် မဟူရာက မိစ္ဆာအမိုက်မှောင်ဖုံးနေဆဲအခြေအနေမှာသာရှိနေသေးသည်။ ဆင်ခြင်တုံတရားလည လုံးဝမရှိချေ။ ချော်ရည်သားရဲကောင်ကြီးကိုဖျက်ဆီးသုတ်သင်လိုက်နိုင်သည့်အတွက် မဟူရာ၏ပစ်မှတ် ပျောက်ဆုံးသွားလေသည်။

ထိုအခိုက်တွင် ပလ္လင်ထက်ရှိအမျိုးသားက မဟူရာ့ပစ်မှတ်အသစ်ဖြစ်လာခဲ့သည်။ သူ့မှာ ပစ်မှတ်အသစ်ရှိလာပြီဖြစ်လေရာ ထိုပစ်မှတ်ကို တစ်စစီဆုတ်ဖြဲပစ်ရတော့မည်ဖြစ်၏။

ဤသည်မှာ မဟူရာတွေးနေသောအတွေးပင်။

အရပ်ရှည်ရှည်အမျိုးသား၏ အံ့သြထိတ်လန့်နေသောအကြည့်အောက်၌ မဟူရာသည် ရုတ်တရက် ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်ပြီး ပလ္လင်ထက်တွင်ထိုင်နေသောအမျိုးသားဆီသို့ ချဉ်းကပ်သွားလိုက်၏။

သို့သော် ပလ္လင်နားသို့ သူမရောက်သေးခင်မှာ မမြင်နိုင်သောအင်အားတစ်ရပ်က သူ့ကို ခေါင်းအစခြေအဆုံးဖိနှိပ်ထားလိုက်လေတော့သည်။

မဟူရာ့ခြေလှမ်းများလည်း တုံ့ခနဲရပ်တန့်သွားရသည်။

မဟူရာ၏သူငယ်အိမ်မှာ တင်းကျပ်သွားရပြီး မြေပြင်ပေါ်၌ ကျောက်ချထားသလိုရပ်နေရင်း သူ့ခန္ဓာကိုယ်ကလည်း မရပ်မနားတုန်ယင်နေလေတော့သည်။

အထက်နားဆီမှလာသော ဧရာမဖိအားကလည်း မြင့်တက်လာချေသည်။ ထိုဖိအားမှာ မဟူရာ့ကိုဖိခြေဖျက်စီးပစ်ချင်နေသည့်အလားပင်။

ထိုအခိုက်မှာ ပလ္လင်ထက်ရှိအမျိုးသားက ဖြည်းဖြည်းချင်းမျက်လုံးဖွင့်လာပြီး ပြော၏။

“စိတ်ဝင်စားစရာပဲ။ ဒေါသအိုးပေါက်ကွဲသွားတာတဲ့လား”

သို့သော် ပြောနေရင်းက ပလ္လင်ထက်ရှိအမျိုးသားမှာ သူ့ခေါင်းကိုမော့ပြီး လက်ဝါးကိုအသာအယာလှန်လိုက်ချေသည်။

မဟူရာ့ကိုဖိနှိပ်ထားသော အစွမ်းထက်ဖိအားတစ်ရပ်မှာ ထပ်မံမြင့်တက်လာပေသည်။ မဟူရာလည်း အသာအယာဦးညွတ်လိုက်ရချေသည်။ သို့သော် ဒူးတော့လုံးဝမထောက်ပေ။

ကြောက်မက်ဖွယ်အော်ဟစ်သံတစ်ခုနှင့်အတူ သူ့ခန္ဓာကိုယ်ကိုထောက်ကန်၍ ထိန်းထားပေသည်။

ယခုအချိန်မှာ မိစ္ဆာစိတ်ဝင်နေလေသောမဟူရာမှာ တိုက်ခိုက်သတ်ဖြတ်ဖို့သာတွေးနေပြီး သူ့ခေါင်းထဲမှာလည်း အသံတစ်သံ ပဲ့တင်ထပ်နေလေသည်။

ဒူးမထောက်နိုင်ပေ။ ဤလူ့ရှေ့တွင် သူ ဒူးမထောက်ပေ။

အကြောင်းပြချက်ကိုကား သူကိုယ်တိုင်လည်းမသိသော်ငြား သူ့ခေါင်းထဲရှိအသံမှာ စစ်မှန်နေပုံရသည်။

မဟူရာက အံတင်းတင်းကြိတ်၍ ကျောဆန့်လိုက်လေသည်။ ပလ္လင်ထက်ရှိအမျိုးသားကလည်း ထိုမြင်ကွင်းကိုမြင်သောအခါ အသာအယာခေါင်းညိတ်၍ ပြောလာသည်။

“မဆိုးဘူး။ ဒီလိုအကြမ်းပတမ်းနိုင်တဲ့အမူအကျင့်မျိုးနဲ့ ဒီအထိရောက်လာနိုင်တာ မအံ့သြတော့ပါဘူး”

ထိုလူဟာ ပြောလည်းပြော၊ မဟူရာ့ပေါ်ကိုဖိနှိပ်ထားသော ဖိအားကိုလည်း ပိုမိုတိုးမြှင့်လိုက်သေးသည်။

ပလ္လင်ထက်ရှိအမျိုးသားက မဟူရာ၏အကန့်အသတ်က မည်မျှအတိုင်းအတာထိသွားနိုင်သလဲဆိုသည်ကို သိချင်နေဟန်တူသည်။

အချိန်များကုန်လွန်လာသည်နှင့်အမျှ မဟူရာ့ပေါ်ရှိဖိအားများကလည်း တိုးသည်ထက်တိုးလာသည်။

သူ့ပတ်ပတ်လည်တွင် အစွမ်းထက်လှသည့်ဤဖိအားကြောင့် လေထုတစ်ခုလုံး ကစဉ့်ကလျားဖြစ်နေချေသည်။

မဟူရာကတော့ လက်သီးတင်းတင်းဆုပ်လျက် အံတင်းတင်းကြိတ်ထားရှာသည်။ သူ့သွားကြားထဲ၌ သွေးများပင်စိမ့်ထွက်နေလေပြီဖြစ်၏။

သို့သော် ဒူးက လုံးဝကွေးမသွားသေးပေ။ အဆုံးမဲ့ငရဲဘုံပေါ်တွင် သူ မတ်မတ်ရပ်နေဆဲပင်။

“စိတ်ဝင်စားစရာပဲ”

ပလ္လင်ပေါ်ရှိအမျိုးသားက ခေါင်းတညိတ်ညိတ်လုပ်နေချေသည်။

ဤအစွမ်းထက်ဖိအားတစ်ရပ်ကိုရင်ဆိုင်နေရင်း မဟူရာ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်ပုံစံများက အပြည့်အဝအသက်ဝင်လာလေတော့သည်။ ပလ္လင်ပေါ်ရှိအမျိုးသားကလည်း မဟူရာ့ကို ဆက်လက်ဖိအားပေးနေသည်။

သို့သော် မည်သိုပင်ဖြစ်စေကာမူ မဟူရာကတော့ သူ့ကိုယ်သူဒူးထောက်ခွင့်မပြုပေ။

သူ့ပါးစပ်ထဲက သွေးထွက်ထွက်၊ ခန္ဓာကိုယ်ဒွါရပေါက်များထဲက သွေးထွက်ထွက် သူ့အား မည်သည့်အရာကမှ ဒူးထောက်အောင်မပြုလုပ်နိုင်ချေ။

အဆုံးတွင် မဟူရာတစ်ယောက် သွေးသံတရွှဲရွှဲဖြစ်သွားလေတော့သည်။

ထိုအချိန်မှာပင် အချိန်လေးနာရီကုန်လွန်သွားပြီဖြစ်၏။

ပလ္လင်ထက်ရှိအမျိုးသား၏မျက်ဝန်းထဲတွင် စိုးရိမ်လေးနက်နေလေဟန်အမူအရာများ တဖြည်းဖြည်းပေါ်ပေါက်လာသည်။

ဤသည်မှာ သူ့ဝိညာဉ်အမျှင်လေးတစ်ခုမျှသာ ဖြစ်သော်ငြား မဟူရာတောင့်ခံနိုင်လောက်သောအရာတော့ မဟုတ်ပေ။ သို့သော် တစ်ဖက်လူဟာ ယခုအချိန်အထိ တောင့်ခံထားခဲ့သည်။

ထိုအချိန်မှာ ပလ္လင်ပေါ်ရှိအမျိုးသားက သူ့ခွန်အားများကို ထုတ်သုံးလိုက်ပြန်သည်။

အကယ်၍ မဟူရာသာ လဲမကျသွားသေးပါက….

ထိုသို့ဆိုလျှင် သူ့ရှေ့ရှိ သွေးသံတရဲရဲဖြစ်နေသောအမျိုးသားအား သူ့အမွေအနှစ်ကို လက်ဆင့်ကမ်းပေးအပ်ခဲ့ရန် ဆုံးဖြတ်လိုက်သည်။ ဤလူတစ်ယောက်သာလျှင် သူ့အမွေအနှစ်နှင့်ထိုက်တန်ပေသည်။

ထိုသို့တွေးပြီး သူ အကောင်အထည်ဖော်ချလိုက်သည်။ သူ့လက်ကို ဖျတ်ခနဲလှန်လိုက်လေရာ ဖိအားများကလည်း သိသိသာသာမြင့်တက်လာသည်။

လေထုကား ကစဉ့်ကလျားဖြစ်စပြုလာသည်။ မြေပြင်လည်း တုန်ယင်စပြုလာ၏။ မဟူရာ၏ခန္ဓာကိုယ်ထဲမှလည်း သွေးစီးကြောင်းများ ပေါက်ကွဲထွက်လာသလို ခန္ဓာကိုယ်တစ်ခုလုံးလည်း ကတုန်ကယင်ဖြစ်နေချေသည်။

သို့သော် တစ်ပြိုင်နက်တည်းမှာပင် မိစ္ဆာအရှိန်အဝါတစ်ခုက မဟူရာ့ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုးထွက်ပြုလာသည်။ ထိုအရှိန်အဝါကား လေထုတစ်ခုလုံးကိုပင် ထိုးဖောက်သွားသည်။

ဤမိစ္ဆာချီစွမ်းအင်များ၏သိပိသည်းဆကြောင့် ပလ္လင်ထက်ရှိအမျိုးသားခမျာ အံ့သြထိတ်လန့်သွားချေသည်။

မလှမ်းမကမ်းမှစောင့်ကြည့်နေသော အရပ်ခပ်ရှည်ရှည်နှင့်အမျိုးသားမှာ ကြောက်မက်ဖွယ်ကောင်းသော ထိုမိစ္ဆာအရှိန်အဝါ၏သက်ရောက်မှုဒဏ်ကို ခံစားလိုက်ရသည်။ သူ့ခမျာ ဒူးပင်ထောက်ကျသွားပြီး မဟူရာ့အား ဒူးထောက်အညံ့ခံလိုက်ရသည်။

ပလ္လင်ထက်ရှိအမျိုးသား၏မျက်ဝန်းထဲ၌ ထိတ်လန့်မှုများအထင်းသားပင်။

“ဒီကောင်လေးက ဘယ်ကရောက်လာတာပါလိမ့်”

သူ့စကားအဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာချီစွမ်းအင်များက တဖြည်းဖြည်းပေါင်းဆုံသွားပေသည်။ ထိုအရှိန်အဝါများမှာ လူသားအသွင်တစ်ခုအဖြစ် ရုပ်လုံးပေါ်လာချေသည်။

ထိုရုပ်သွင်ကား မိစ္ဆာသံချပ်ကာကိုဝတ်ဆင်ထားပြီး သူ့မျက်နှာမှာ မဟူရာနှင့်ချွတ်စွပ်တူလှသည်။ မိစ္ဆာသံချပ်ကာဝတ်ဆင်ထားသောရုပ်သွင်သည် အမူအရာကင်းမဲ့နေ၏။ သူက ပလ္လင်ထက်ရှိအမျိုးသားကို ငုံ့ကြည့်လျက် တည်ငြိမ်စွာစကားဆိုလာသည်။

“ခင်ဗျားက ကျုပ်ကိုဒူးထောက်အညံ့ခံစေချင်နေတာလား”

ပလ္လင်ထက်ရှိအမျိုးသားလည်း တည်ကြည်လေးနက်သွားသည်။

“မင်း ဘယ်သူလဲ”

ဤစွမ်းအားကို ရှေးခေတ်မှာတုန်းကပင် သူတစ်ခါမှမခံစားခဲ့ဖူးပေ။ တိမ်လွှာဖီးနစ်ဧကရီထံပါး၌ပင် ထိုစွမ်းအားမျိုးမရှိ။

သံချပ်ကာဝတ်ရုပ်သွင်ကြီးက ထိုလူ၏မေးခွန်းကို ပြန်မဖြေပေ။ ထိုအစား သူ စကားဆက်ပြန်၏။

“ခင်ဗျားက ကျုပ်ကိုအညံ့ခံစေချင်တာလား”

“ခင်ဗျား လုပ်ရောလုပ်နိုင်လို့လား”

ပလ္လင်ထက်ရှိအမျိုးသားကလည်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာလေသည်။

“စီနီယာ.. အဲ့လိုမရည်ရွယ်ပါဘူး။ ကျွန်တော်က ခင်ဗျားရဲ့အကန့်အသတ်က ဘယ်လောက်ရှိလဲစမ်းကြည့်ရုံပါ”

သံချပ်ကာဝတ်ရုပ်သွင်က ပြော၏။

“အိုး.. စိတ်ထဲမှာ တခြားဘာအတွေးမှမရှိတာတကယ်လား”

ပလ္လင်ထက်ရှိအမျိုးသား၏မျက်ဝန်းများ မသိမသာတုန်ယင်သွားလေသည်။ အခြားအတွေးများမထားဖို့မှာ မဖြစ်နိုင်လှပေ။

သူသည် ဂျူနီယာတစ်ယောက်အပေါ် ထိုမျှများပြားလှသောစွမ်းအားများကို ထုတ်လွှတ်ခဲ့သော်ငြား ထိုဂျူနီယာလေးကိုတော့ ဒူးထောက်အညံ့ခံလာအောင် မလုပ်နိုင်ခဲ့ပေ။

ဤအဖြစ်က ဆိုးဝါးလှပေသည်။

ထို့ကြောင့် ပလ္လင်ထက်ရှိအမျိုးသားလည်း မသိဘာသာဖြင့် မဟူရာ့ကိုဖိနှိပ်ချင်ခဲ့မိသည်။ သို့သော် သူ့ရှေ့ရှိပုံရိပ်ကြီးကမူ သူ့စိတ်ထဲမှာရှိသမျှကို ဖောက်မြင်နေပေသည်။

မိစ္ဆာသံချပ်ကာဝတ်အရိပ်၏ရှေ့တွင် သူ့အတွေးများဟာ ဖုံးကွယ်ထားခြင်းငှါမစွမ်းသာတော့ပေ။

“စီနီယာ… ကျွန်တော့်မှာ ဝိညာဉ်တစ်ခုပဲကျန်တော့တာပါ။ အမွေအနှစ်ကိုလက်ဆင့်ကမ်းပေးဖို့ သုံးလိုက်ပါ့မယ်။ အမွေအနှစ်ကိုလက်ဆင့်ကမ်းပေးပြီးရင် အဲ့ဒါလည်း ပျောက်ကွယ်သွားမှာပါ”

“စီနီယာ ကျေးဇူးပြုပြီး အချိန်နည်းနည်းလောက်ပေးပါ”

မိစ္ဆာသံချပ်ကာဝတ်အရိပ်ကြီးမှာ ပလ္လင်ထက်ရှိအမျိုးသားကို နင့်နင့်နဲနဲစိုက်ကြည့်လိုက်သည်။

ထို့နောက် ဘာစကားတစ်ခွန်းမှမပြောဘဲ ပျံ့လွင့်သွားပြီး မိစ္ဆာချီစွမ်းအင်များအဖြစ်သို့ပြောင်းလဲကာ မဟူရာ့ခန္ဓာကိုယ်ထဲကိုပြန်သွားလေတော့သည်။

မဟူရာလည်း မိစ္ဆာစိတ်ရိုင်းဝင်နေသောအခြေအနေမှ ပြန်လည်နိုးထလာ၏။ ထို့နောက် ခေါင်းတကုတ်ကုတ်လျက်၍ ပတ်ပတ်လည်ကိုကြည့်လိုက်သည်။

“အာ.. ဘာဖြစ်သွားတာလဲ”

ပလ္လင်ထက်ရှိအမျိုးသားက မဟူရာ့ကို ကြောက်လန့်တကြားကြည့်နေချေသည်။ ထို့နောက် မလှမ်းမကမ်းရှိ အရပ်ခပ်ရှည်ရှည်နှင့်လူကိုလှမ်းကြည့်ပြီး ခေါ်လိုက်သည်။

“ဒီကိုလာခဲ့”

အရပ်ခပ်ရှည်ရှည်နှင့်အမျိုးသားလည်း မှင်တက်သွားသော်ငြား ချီတုံချတုံဖြင့် အရှေ့ကိုလျှောက်လာမိဆဲသာ။ သူ ပလ္လင်ရှေ့ကိုရောက်သွားချိန်မှာ ပလ္လင်ထက်ကအမျိုးသားက သူ့နဖူးပေါ်ကို လက်ညှိုးညွှန်လိုက်လေသည်။

အရပ်ရှည်ရှည်နှင့်အမျိုးသားလည်း ကြောင်အသွားရသည်။ ဤသည်မှာ အမွေအနှစ်ပင်ဖြစ်ချေသည်။ သို့သော် သူ့စိတ်ထဲမှာ သံသယများကိန်းအောင်းနေဆဲသာ။

ထိုလူက သူ့ကို ဘာကြောင့်အမွေအနှစ်လက်ဆင့်ကမ်းနေလေသလဲ။ မဟူရာကသာ ရသင့်ရထိုက်သည်မဟုတ်ပါလား။

ထိုလူကလည်း သူ့အတွေးကို ရိပ်စားမိဟန်တူသည်။

သူ့ကျင့်စဉ်နဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက ငါ့အမွေအနှစ်ကိုမလိုအပ်ဘူး”

မဟူရာ၏ရုပ်ပိုင်းဆိုင်ရာကျင့်စဉ်ရှေ့တွင် သူ့ကျင့်စဉ်မှာ အများကြီးအားနည်းလှပေသည်။

မဟူရာ့ကို သူ့အမွေအနှစ်များလက်ဆင့်ကမ်းရမည်တဲ့လား။ သဲထဲရေသွန်ဖြစ်ရလိမ့်မည်သာ။

ထို့ပြင် မဟူရာ၏ခန္ဓာကိုယ်ထဲမှာ ကြောက်မက်ဖွယ်ပုံရိပ်ကြီးရှိလေသည်။ ထိုသူက ဘယ်လိုလုပ် သူ့အမွေအနှစ်ကိုစိတ်ဝင်စားမည်တဲ့လဲ။

ထိုလူ၏နောက်ဆုံးလက်ကျန်ဝိညာဉ်ကို အသက်သွင်းလိုက်ပြီဖြစ်၏။

အကယ်၍ သူသာ အမွေအနှစ်ကို အခြားသူအား လက်ဆင့်ကမ်းမပေးပါက ဤကမ္ဘာပေါ်မှ အပြီးတိုင်ပျောက်ကွယ်သွားမည်သာ။ ထိုသို့ဖြစ်မည့်အစား ဤလူငယ်လေးကို လက်ဆင့်ကမ်းပေးလိုက်ခြင်းက ပိုကောင်းပေသည်။

မဟူရာနှင့်ယှဉ်လိုက်ပါက ခွန်အားကွာခြားချက်က မနည်းလှသော်ငြား လက်ဆင့်ကမ်းဖိုု့တော့ လုံလောက်ပေသည်။ စံမီတန်းမီရုံမျှလောက်သာဖြစ်၏။

လုပ်ကိုင်ပြီးစီးချိန်မှာမူ ပလ္လင်ထက်ရှိအမျိုးသား၏မျက်ဝန်းအစုံမှာ အသက်ကင်မဲ့သွားလေပြီ။ သူ့ဝိညာဉ်ကား ဤကမ္ဘာပေါ်မှ လုံးဝပျောက်ကွယ်သွားသည်မှာ သိသာလှ၏။

အရပ်ခပ်ရှည်ရှည်နှင့်အမျိုးသားက စိတ်ရှုပ်ထွေးနေဟန်ဖြင့် မဟူရာ့ကိုကြည့်လိုက်လေသည်။

ကြည့်ရပုံထောက်သော် သူ ထိုအမွေအနှစ်ကို အချောင်ရလိုက်ပုံပေါ်သည်။

ထိုအခိုက်တွင် ဟုန်ရင်က စိတ်တန်ခိုးရှင်ဘုံ၏အနက်ရှိုင်းဆုံးနေရာသို့ ရောက်နေချေပြီ။

သူ(မ)ရှေ့တွင်ကား ဝါးအိမ်လေးတစ်လုံးပင်။

Comment

Leave a Reply

Options

not work with dark mode
Reset