Switch Mode

အခန်း (၁၄၇)

အရူးအမူးဖြစ်နေသောမဟူရာ

တစ်ဖက်တွင်မူ မဟူရာနှင့်နင်းချန်ရှင်းတို့ကလည်း အမွေအနှစ်အပြိုအပျက်ထဲသို့ သက်သက်စီဝင်သွားကြသည်။

ဟုန်ရင်ကတော့ စိတ်တန်ခိုးရှင်ဘုံအတွင်းပိုင်းထဲသို့ ဆက်လျှောက်လာလိုက်သည်။

မဟူရာကတော့ ထိုအချိန်မှာ အပြိုအပျက်ခန်းမအတွင်းနက်နက်ထဲသို့ ရောက်နှင့်နေပြီးဖြစ်၏။ အဆုံးမဲ့ငရဲဘုံနှင့်အလားသဏ္ဌာန်တူသည့် သူ့ရှေ့ရှိမြင်ကွင်းကို မြင်လိုက်ရ၏၊

တိမ်စိုင်မည်းတို့က ကောင်းကင်ကိုဖုံးလွှမ်းထားပြီး လျှပ်စီးတို့ကလည်း တလက်လက်…။ မိုးကြိုးခြိမ်းသံကလည်း မိုးကြိုးနဂါးတစ်ကောင်အလားပင်။ မြေပြင်ပေါ်မှာမူ မရေမတွက်နိုင်အောင်များပြားသော အက်ကွဲကြောင်းများက မြေပြင်တစ်ခုလုံးအနှံ့နေရာယူထားချေသည်။

အက်ကွဲကြောင်းထဲတွင် ချော်ရည်များက ဖြည်းညင်းစွာစီးဆင်းနေလေသည်။ တိုက်ခတ်နေသော လေပူများကလည်း လေထုကိုလောင်ကျွမ်းစေပြီး ပရမ်းပတာဖြစ်အောင်ပြုနေချေသည်။

မဟူရာကလည်း စစ်ဆေးမှုပေါင်းများစွာကို ကျော်ဖြတ်၍ ဤနေရာကိုရောက်လာခြင်းဖြစ်သည်။ သူ့နံဘေးတွင် အရပ်ခပ်ရှည်ရှည်အမျိုးသားတစ်ယောက်က လက်ပိုက်လျက် မတ်တတ်ရပ်နေလေသည်။

ထိုလူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြေးညိုရောင်သမ်းနေလေသည်။ သူက သူ့ရှေ့ရှိအမူအရာကို အေးစက်စက်အမူအရာဖြင့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ကြည့်ရတာ ဒါကအမွေအနှစ်နယ်မြေဖြစ်မယ်ထင်တယ်”

ထို့နောက် သူက မဟူရာကိုကြည့်၍ ပြောလာလေသည်။

“မင်း ဘယ်ကလာလဲဆိုတာငါမသိပေမဲ့ ဒီနေရာအထိရောက်လာနိုင်စွမ်းရှိပုံထောက်ရင် လျှို့ဝှက်အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ရဲ့တပည့်ပဲဖြစ်ရမယ်”

မဟူရာက သူ့ခေါင်းကိုကုတ်လျက် အပြစ်ကင်းစင်စွာပြုံးလိုက်လေသည်။ လုချန်ရှန်း မည်မျှအစွမ်းထက်သန်မာသလဲဆိုသည်ကို သူမသိချေ။ သို့သော် ထိုအကြောင်းကိုတွေးကြည့်မိလိုက်ရာ သူတို့အနေနှင့် သူတို့ဆရာကို တိုက်ခိုက်နိုင်စွမ်းမရှိသည်ကိုသိလိုက်ရသည်။ သူ့ဆရာတူအစ်ကိုအစ်မများ၏အမြင်အရဖြစ်စေ၊ သူ့ကိုယ်ပိုင်အမြင်အရဖြစ်စေ လုချန်ရှန်း၏ခွန်အားမှာ နက်နဲလွန်းလှပေသည်။

မဟူရာ့ဘက်က ပြန်မဖြေလာသည်ကိုမြင်သောအခါ အရပ်ရှည်ရှည်နှင့်အမျိုးသားက ဘာမှမပြောတော့ချေ။ ထိုအခိုက်အတန့်တွင် ဤအဆုံးမဲ့ငရဲဘုံထဲ၌ မြေပြင်ကြီး တုန်ဟီးသွားချေသည်။ မြေပြင်ဟာ အပြင်းအထန်ခါယမ်းစပြုလာလေသည်။ ကမ္ဘာပျက်တော့မည့်အလားပင်။

မဟူရာနှင့်ကျန်နှစ်ယောက်၏အမြင်တွင် အက်ကွဲကြောင်းများနှင့်ချော်ရည်များပြည့်နေသော မြေပြင်က ဖြည်းဖြည်းချင်းနှစ်ခြမ်းကွဲသွားရသည်။ အောက်ခြေကိုပင်မမြင်နိုင်လောက်သော မြေလွှာကျွံချိုင့်ဝှမ်းတစ်ခု ပေါ်ပေါက်လာသည်။ မြေလွှာကျွံချိုင့်ဝှမ်း၏အောက်ခြေမှာ အနန္တချောက်နက်ကြီးအလားပင်။

တစ်ပြိုင်တည်းမှာပင် ဆန်းကြယ်သောစွမ်းအားကြောင့် ငရဲဘုံကြီး နှစ်ခြမ်းကွဲရလေသည်။ အက်ကွဲကြောင်းထဲရှိချော်ရည်များ ပွက်ပွက်ဆူလာ၏။ မပေါက်ကွဲခင်လေးမှာ ကျောက်ရည်ပူထဲ၌ ခြစ်ခြစ်တောက်ပူနေသောပူဖောင်းများ ပလုံစီထလာချေသည်။

ပူခြစ်နေသောပူဖောင်းများ ပေါက်ကွဲသွားသောကြောင့် ဧရာမသားရဲကောင်ကြီးများဟာ ချော်ရည်ပူမှတစ်ဆင့် ရုပ်လုံးပေါ်လာလေသည်။ ချော်ရည်သားရဲကောင်ကြီးများက ငရဲဘုံမြေပြင်ပေါ်တွင် မတ်တတ်ရပ်နေချေသည်။ သူတို့က စစ်တပ်ကြီးတစ်ခုနှင့် အလားသဏ္ဌာန်တူပြီး အတိုင်းအဆမဲ့များပြားလှသည်။

ထိုအချိန်တွင် ချော်ရည်သားရဲကောင်ကြီးများက မဟူရာ့နှင့် ကျန်နှစ်ယောက်ကို ဟိန်းဟောက်လိုက်ပေသည်။

ဝေါင်း!

ဟိန်းဟောက်သံကြီးက ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွားစေသည်။ ကမ္ဘာတစ်ခုလုံး ယိမ်းယိုင်သွားသည့်အလားပင်။ လေထုကလည်း မသိမသာတုန်ယင်သွားခဲ့သည်။

အရပ်ခပ်ရှည်ရှည်နှင့်အမျိုးသားက ထိုမြင်ကွင်းကိုကြည့်ပြီး သွားပေါ်အောင်ပြုံးလိုက်လေသည်။

“စစ်ဆေးမှုတော့စပြီထင်ပါရဲ့”

ထိုသို့ပြောပြီးနောက် သူက မဟူရာ့ကို ရန်စလိုသောအကြည့်ဖြင့်ကြည့်လိုက်ပြီး ပြောလာလေသည်။

” အဲ့ဒီချော်ရည်မကောင်းဆိုးဝါးတွေကို ဘယ်သူအရင်သတ်နိုင်မလဲဆိုတာပြိုင်ကြရအောင်”

မဟူရာ့မျက်ဝန်းအစုံမှာ တိုက်ခိုက်လိုသောစိတ်ဝိညာဉ်များဖြင့် ပြည့်နှက်သွားြီး ခေါင်းညိတ်ပြလိုက်သည်။ မဟူရာ၏မသိစိတ်အာရုံထဲမှာတော့ ထိုအရာကိုသရုပ်ဖော်ရန်စကားလုံးတစ်လုံးသာရှိသည်။ “တိုက်ပွဲ”ပင်။ သို့မဟုတ်ပါကလည်း သတ်ဖြတ်ခြင်းပေတည်း။

သူတို့နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်းလွှားခုန်လိုက်ကြသည်။ သူက ချော်ရည်သားရဲကောင်ကြီးများဆီသို့ ချီတက်သွားခဲ့သည်။ သူတို့နှစ်ယောက်လုံးက ခန္ဓာကျင့်ကြံသူများဖြစ်ကြပြီး သူတို့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကလွဲလျှင် အခြားဘာစွမ်းအားကိုမှ မသုံးခဲ့ကြပေ။

မဟူရာသည် တစ်နေရာရာမှလွတ်ထွက်လာသော ရက်စက်ကြမ်းကြုတ်သည့်သားရဲကောင်တစ်ကောင်အလား ချော်ရည်သားရဲကောင်တစ်ကောင်ရှေ့ကို အပြင်းနှင်သွားလိုက်ပြီး ထိုးနှက်ရန်အတွက် လက်သီးမြှောက်လိုက်လေသည်။

ထိုလက်သီးချက်မှာ ရိုးရှင်းလှသည်။ ထူးခြားချက်ဟူ၍လည်း မရှိ။ သို့သော ဖောင်းကြွလာသောကြွက်သားများနှင့် ထင်းခနဲဖြစ်နေသောသွေးကြောမျှင်များအပြင် လက်သီးချက်ဖြတ်သွားရာနေရာတိုင်းမှာ တုန်ရီနေလေသောလေထုတို့မှာ မဟူရာ့လက်သီးချက်၏ကြောက်မက်ဖွယ်ခွန်အားမှဖြစ်ပေါ်လာသော တန်ပြန်သက်ရောက်မှုများဖြစ်၏။

လက်သီးတစ်ချက်က ချော်ရည်သားရဲကောင်းတစ်ကောင်၏ဦးခေါင်းထက်သို့ တန်းတန်းမတ်မတ်ကျရောက်သွားသည်။ လျှပ်တပြက်အတွင်းမှာပင် ချော်ရည်သားရဲကောင၏ခေါင်းက ပေါက်ကွဲထွက်သွားချေသည်။ သူ့ခန္ဓာကိုယ်တစ်လျှောက်မှာလည်း တစ်လက်မချင်းစီပေါက်ကွဲသွားပြီး ချော်ရည်အပိုင်းအစများအဖြစ် အစိတ်စိတ်အမြွှာမြွှာပျက်စီးသွားသည်။

သို့သော် ချော်ရည်များကတော့ မြေပြင်ပေါ်ကိုကျမသွားပေ။ ထိုအစား ထိုချော်ရည်များက မဟူရာ့၏လက်မောင်းဆီကို ချဉ်းကပ်လာပြီး သူ့ခန္ဓာကိုယ်ထဲသို့စီးဝင်သွားပေသည်။ သန့်စင်နေခြင်းပင်တည်း။

သို့စေကာမူ အနည်းငယ်မျှနာကျင်ပေသည်။

နိဗ္ဗာန်မီးတောက်ကြီး၏သန့်စင်မှုနှင့်ယှဉ်လျှင်တော့ မဟူရာ့အနေနှင့် ဤနာကျင်မှုကို လျစ်လျူရှုထားနိုင်သည်။ မဟူရာ၏အခြားတစ်ဖက်တွင်မူ အရပ်ခပ်ရှည်ရှည်နှင့်အမျိုးသားက တအီအီညည်းညူနေချေသည်။

ထိုအခိုက်မှာ သူကလည်း ချော်ရည်သားရဲကောင်ကြီးတစ်ကောင်ကို သုတ်သင်လိုက်သည်။ ချော်ရည်များက သူခန္ဓာကိုယ်ပေါ်သို့ အရည်ပျော်ကျလာသည်။ ထိုချော်ရည်များက သူ့ခန္ဓာကိုယ်ကိုသန့်စင်နေခြင်းဖြစ်သည်။

သို့သော် အရပ်ခပ်ရှည်ရှည်နှင့်အမျိုးသားက ထိုသန့်စင်မှုကိုတောင့်ခံနိုင်ရန်အတွက် ရုန်းကန်နေရသည်မှာ သိသာလှ၏။ ထိုလူက မဟူရာ့ကိုလှည့်ကြည့်လာသည်။ မဟူရာက ဘာမှမဖြစ်သလိုမျိုး ချော်ရည်သားရဲကောင်အုပ်စုဆီကို ချီတက်သွားသည်ကို သူသိလိုက်ရသည်။

လက်သီးချက်ကား မြှောက်လာပြီး ပြန်ကျသွားသည်။ ထိုလက်သီးချက်က ချော်ရည်သားရဲကောင်ကြီးကိုပင် ပြိုလဲသွားစေခဲ့သည်။ ထို့ပြင် လက်သီးချက်က ပိုမိုမြန်ဆန်သည်ထက် မြန်ဆန်လာသည်။

မဟူရာ့မျက်ဝန်းထဲရှိ တိုက်ခိုက်ရေးစိတ်ဝိညာဉ်မှာ ပိုမိုထက်သန်လာလေသည်။ သူ့မျက်နှာပေါ်မှာ အရူးအမူးဖြစ်နေလေဟန်အပြုံးတစ်ပွင့်ရှိနေပေသည်။ အရပ်ရှည်ရှည်အမျိုးသားမှာ မျက်နှာပျက်သွားရ၏။ သာမန်ဆန်ပြီးရိုးသားပုံပေါ်သော ဤအမျိုးသား၏ခန္ဓာကိုယ်မှာ ဤကဲ့သို့သောနာကျင်မှုမျိုးကို ခံနိုင်ရည်လုံလုံလောက်လောက်ရှိသတဲ့လား။

ထိုလူ့ခမျာ အံတင်းတင်းကြိတ်ထားလိုက်မိသည်။ တစ်ပါးသူက သူ့ထက်သာမသွားစေချင်သည့်အတွက် သူ့ခန္ဓာကိုယ်ရှိနာကျင်မှုကို တောင့်ခံ၍ ချော်ရည်သားရဲကောင်ကြီးများဆီကို ဆက်ပြေးသွားလိုက်သည်။

တိုက်ပွဲကား ဆက်လက်ဆင်နွှဲနေလေပြီ။

အဆုံးမဲ့ငရဲဘုံထဲတွင် မဟူရာက ချော်ရည်သားရဲကောင်ကြီးများဆီကို ဆက်လက်ချီတက်နေဆဲပင်။ မိစ္ဆာချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည့်အတွက် တိုက်ခိုက်ရေးဆန္ဒကလည်း သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရစ်ပတ်နေသည်။

ထိုအရာမှာ ကမ္ဘာမြေပေါ်ရှိအရာခပ်သိမ်းကို သုတ်သင်ရှင်းလင်းရန်အတွက် ကမ္ဘာမြေပေါ်သို့ဆင်းသက်လာသော အန္တိမမိစ္ဆာနတ်ဘုရားတစ်ပါးအလားပင်။

ချော်ရည်သားရဲကောင်ကြီးများအားလုံး၏သေဆုံးမှုက မဟူရာ့ခန္ဓာကိုယ်ကို ဆက်တိုက်သန့်စင်ပေးနေချေသည်။

ထိုအချိန်မှာ မီးတောက်ပုံစံများက မဟူရာ့ခန္ဓာကိုယ်မျက်နှာပြင်ထက်မှာ ပေါ်ပေါက်လာပေသည်။ နက္ခတ္တစွမ်းအင်များက ထိုအရာထဲကိုပေါင်းစပ်သွားလေရာ မီးတောက်ပုံစံများမှာ ပို၍ပင်ပူပြင်းတောက်လောင်လာလေတော့သည်။ ၎င်းမှာ မဟူရာ့ပတ်ပတ်လည်ရှိအပူချိန်ကို ပိုမိုမြင့်တက်လာစေလေသည်။

အရပ်ခပ်ရှည်ရှည်အမျိုးသား၏မျက်နှာကတော့ တွန့်လိမ်ရှုံ့မဲနေချေပြီ။ ချော်ရည်များက သူ့ခန္ဓာကိုယ်ထဲသို့စီးဆင်းသွားသည်။ ခန္ဓာကိုယ်သန့်စင်ခြင်းမှာ ခန္ဓာကျင့်ကြံသူများအတွက် အလွန်အကျိုးရှိလှသော်ငြား ပြန်ပေးဆပ်လိုက်ရသည့်အရာမှာကား သာမန်လူများခံနိုင်ရည်မရှိလေသောနာကျင်မှုမျိုးကို တွေ့ကြုံခံစားရခြင်းပင်။

ခန္ဓာကျင့်ကြံသူများ၏လမ်းစဉ်မှာ နာကျင်ပြီးခက်ခဲကြမ်းတမ်းသောလမ်းတစ်ခုဖြစ်၏။ လူနည်းစုသာလျှင် အဆုံးစွန်အထိရောက်အောင် ကျင့်ကြံနိုင်ကြသည်။

သို့သော် ခန္ဓာကိုယ်ကို အဆုံးစွန်အထိရောက်အောင် ကျင့်ကြံပြီးသည်နှင့် အမတစိတ်ဝိညာဉ်နှင့် အမတခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်သောဘုံသို့ တက်လှမ်းနိုင်မည်ဖြစ်၏။ လက်သီးတစ်ချက်ကပင် အမတတစ်သောင်းလောက်ကို ဦးညွှတ်လာအောင် စွမ်းဆောင်နိုင်ပေသည်။ အရပ်ခပ်ရှည်ရှည်နှင့်အမျိုးသားမှာ မဟူရာ့ကိုထပ်ကြည့်လိုက်မိသည်။ ယခုအထိ မဟူရာ၏အရှိန်မှာ လုံးဝလျော့ကျသွားခြင်းမရှိသည့်အပြင် အလွန်အမင်းလျင်မြန်လှသောအရှိန်ဖြင့် အဆုံးမဲ့ငရဲဘုံထဲသို့ နက်သည်ထက်နက်သည်အထိ တိုးဝင်သွားပေသည်။ ထိုအချိန်မှာပင် ရုတ်တရက်ဆန်သောပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာသည်။

မဟူရာ့ရှေ့ရှိ မြေပြင်ပေါ်မှအက်ကွဲကြောင်းထဲက ချော်ရည်ပူများ ရုတ်ခြည်းပေါက်ထွက်လာလေသည်။ ထိုအချိန်မှာ ချော်ရည်စီးကြောင်းများကလည်း ပေါင်းဆုံမိသွားကြလေသည်။

မတိုင်ခင်ကသားရဲကောင်ကြီးထက် အဆပေါင်းများစွာပိုကြီးမားသော ချော်ရည်သားရဲကောင်ကြီးတစ်ကောင် ဖြည်းဖြည်းချင်းရုပ်လုံးပေါ်လာခဲ့သည်။ ထိုအကောင်ကြီး၏ခြေလေးချောင်းက အဆုံးမဲ့ငရဲဘုံဆီသို့ ရုတ်ခြည်းလှမ်းလာလေသည်။ ထိုအကောင်ကြီးက မဟူရာ့ကိုဟိန်းဟောက်လာသည်။
အသံလှိုင်းလုံးကြီးများ ထွက်ပေါ်လာ၏။

ထို့နောက် ထိုသားရဲကောင်ကြီးက ခြေလေးချောင်းလုံးဖြင့် လေးဖက်ထောက်ပြေးလာပြီး မဟူရာ့ဆီသို့ချီတက်လာချေသည်။ ထိုအချိန်မှာ မဟူရာကလည်း စိတ်ရိုင်းဝင်နေချေပြီသာ။ လက်ရှိအချိန်မှာ သူ့ရန်သူ၏ခွန်အားကိုလည်း သူဂရုမစိုက်တော့ပေ။ သူ့ရန်သူများ ပိုမိုအင်အားတောင့်တင်းလာမည့်အရေးကိုလည်း သူ မပူပန်တော့ပေ။ သူ့ခေါင်းထဲတွင် အတွေးတစ်ခုသာရှိတော့သည်။

ထိုအတွေးမှာ သူ့ရှေ့ရှိရန်သူကို တစ်စစီဆွဲဖြဲပစ်ရန်ပင်။

ထိုအခြင်းအရာကိုမြင်သော် မဟူရာက အရူးအမူးရယ်မောလိုက်ပြီး မြေကြီးပေါ်ကိုခြေဆောင့်ကာ မသဲမကွဲဟိန်းဟောက်သံတစ်ခုပြုလိုက်၏။ သူသည် လှောင်အိမ်မှလွတ်ထွက်လာသည့် ရက်စက်ကြမ်းကြုတ်သောသားရဲကောင်တစ်ကောင်အလားပင်။

သူက သူ့လက်သီးကိုပြန်ရုပ်လိုက်ပြီး ချော်ရည်သားရဲကောင်ကြီးဆီကို ပစ်သွင်းလိုက်သည်။ အရပ်ခပ်ရှည်ရှည်အမျိုးသား၏ အံ့အားသင့်နေသောအကြည့်အောက်မှာ ချော်ရည်သားရဲကောင်ကြီးက စိတ်မချမ်းမြေ့ဖွယ်ရာညည်းညူသံကြီးနှင့်အတူ လေထဲလွင့်ထွက်သွားသည်။

ထိုအခိုက်အတန့်မှာ မဟူရာ၏ခန္ဓာကိုယ်က မရေမတွက်နိုင်သောချော်ရည်ပူများ စွန်းထင်းသွားချေသည်။ ချော်ရည်များဖုံးပစ်လိုက်သည့်အလားပင်။ သို့သော် သူကတော့ နာကျင်မှုကို လုံးဝမခံစားရသည့်အလား ပြုံးဖြဲဖြဲလုပ်နေသည်။

သူသည် လွင့်ထွက်သွားသောချော်ရည်သားရဲကောင်ကြီးနောက်ကို လိုက်သွားလိုက်၏။ ထိုချော်ရည်သားရဲကောင်ကြီး၏ခေါင်းကို သူ ဖိနင်းချပစ်လိုက်သည်။ ထို့နောက် သူ့လက်များကိုဆန့်ထုတ်၍ ချော်ရည်သားရဲကောင်ကြီး၏ အပေါ်နှုတ်ခမ်းနှင့် အောက်မေးရိုးကိုဆုပ်ကိုင်လိုက်သည်။ ကြောက်မက်ဖွယ်အော်ဟစ်သံကြီးနှင့်အတူ သူဟာ ခွန်အားများကို ရုတ်တရက်ထုတ်လိုက်သည်။

ချော်ရည်သားရဲကောင်ကြီး၏ဦးခေါင်းမှာ တစ်စစီဆွဲဖြခံလိုက်ရပြီဖြစ်၏။

ထိုအဖြစ်ကိုမြင်လိုက်ရသောအခါ အရပ်ခပ်ရှည်ရှည်အမျိုးသား၏သူငယ်အိမ်မှာ ပြူးကျယ်သွားရသည်။

ရက်စက်ကြမ်းကြုတ်လှသောခန္ဓာကျင့်ကြံသူတစ်ယောက်ပါလား။

သူ့ကို မည်သူကများ လေ့ကျင့်သင်ကြားပေးခဲ့ပါလိမ့်..။

Comment

Leave a Reply

Options

not work with dark mode
Reset