သစ်သားရုပ်တုကြီးက လှုပ်ရှားမှုရပ်တန့်သွားပြီး နံရံကို တိတ်တဆိတ်မှီတွယ်နေချေသည်။ ဒုတိယစမ်းသပ်မှုကိုလည်း ကျော်ဖြတ်နိုင်လိုက်လေပြီ။ တံခါးက ယဲ့ချိုးပိုင်ရှေ့မှာတင် ဖြည်းဖြည်းချင်းပွင့်သွားသည်။
ထိုအခြင်းအရာကိုမြင်သော် သူက သစ်သားဓားကိုအဝေးပို့လိုက်ပြီး တံခါးအတွင်းဘက်သို့လျှောက်လာလိုက်သည်။ စင်္ကြံလမ်း၏အတွင်းနံရံများက ညပုလဲလုံးလေးများဖြင့် အလှဆင်ထားချေသည်။
အတွင်းဘက်ကို လျှောက်လာလိုက်ရင်း ယဲ့ချိုးပိုင်လည်း သူ့ဆီကိုဦးတည်လာနေသော အလွန်အမင်းထူးခြားသောအရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ဤအရှိန်အဝါတွင် ဆန္ဒဘုံလေးမျိုးပါဝင်လေသည်။ ၎င်းတို့မှာ မီးတောက်ဆန္ဒ၊ ရေခဲဆန္ဒ၊ သစ်သားဒြပ်စင်ဆန္ဒနှင့် လေပြည်ဆန္ဒတို့ပင်။ မတူညီသောဂုဏ်သတ္တိများရှိသည့် ဤဆန္ဒဘုံလေးမျိုးက လုံးဝကွာခြားလှပေသည်။
သို့သော် ဤအရှိန်အဝါထဲတွင် မတူညီသောဆန္ဒဘုံလေးမျိုးက ပြီးပြည့်စုံစွာပေါင်းစပ်နေပေသည်။ ထိုအရာများက အချင်းချင်းတိုက်ခိုက်မှုမရှိကြချေ။
ထိုဆန္ဒဘုံလေးခုက ပထမစစ်ဆေးမှု၏အတားအဆီးနှင့်ဆက်စပ်နေပြီး အတားအဆီးလေးခုနှင့်ချိတ်ဆက်ထားသောအရှိန်အဝါများကလည်း ထိုဆန္ဒဘုံလေးခုနှင့် ဆက်စပ်နေပေသည်။
ယဲ့ချိုးပိုင်လည်း အရှိန်အဝါရှိရာနေရာဆီသို့ ဖြည်းဖြည်းချင်းလျှောက်လာလိုက်သည်။ ဥမင်ထဲမှ သူထွက်လာသောအခါ သူ့ရှေ့ရှိမြင်ကွင်းမှာ ထိတ်လန့်ဖွယ်ရာကောင်းလှပေသည်။ သူ့ရှေ့တွင် အလွန်အမင်းကြီးမားလှသောချောက်ကမ်းပါးကြီးတစ်ခုရှိနေချေသည်။ အောက်ခြေကိုပင် သူမမြင်နိုင်ပေ။ ချောက်ကမ်းပါး၏ပတ်ပတ်လည်တွင် ရင်သပ်ရှုမောဖွယ်အရာလေးခုရှိသည်။
အရှေ့အရပ်တွင် မီးတောက်မီးလျှံများ တောက်လောင်နေသည်။ ချော်ရည်များကလည်းလျှံကျနေပြီး မီးတောက်မြွေများကလည်း အချိန်နှင့်အမျှ မီးများမှုတ်ထုတ်နေချေသည်။ အနောက်အရပ်၌မူ သစ်တောတစ်အုပ်ရှိ၏။ ထိုတောအုပ်ထဲရှိသစ်ပင်များမှာ ပင်စည်လုံးပတ်ထူပိန်းကာ ကောင်းကင်ထိတိုင်မြင့်မားလှပေသည်။
မြောက်ဘက်တွင် ရေခဲဆန္ဒများကို အဆက်မပြတ်ထုတ်လွှတ်နေသော ရေခဲမြစ်မြေလွှာကျွံချိုင့်ဝှမ်းတစ်ခုရှိလေသည်။ တောင်ဘက်မှာမူ ဧရာမမုန်တိုင်းကြီးတစ်ခုရှိသည်။ ထိုအရပ်လေးမျက်နှာစလုံးမှထုတ်လွှတ်နေသော ဆန္ဒဘုံများမှာ ချောက်ကမ်းပါးထက်တွင် စုဝေးနေကြလေသည်။
၎င်းမှာ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလှသောအရှိန်အဝါမျိုး ပိုင်ဆိုင်ထားသော ဓားအစီအရင်တစ်ခုကို ဖြစ်ပေါ်လာစေသည်။ ယဲ့ချိုးပိုင် ထိုမြင်ကွင်းကိုမြင်သောအခါ ကြောက်မက်ဖွယ်အရှိန်အဝါကြောင့် ထိတ်လန့်သွားရလေသည်။
ဤအစီအရင်၏ပိုင်ရှင်မှာ ဆန္ဒဘုံငါးခုကိုပိုင်ဆိုင်ထားရုံသာမက ထိုဆန္ဒဘုံငါးခုကို တိုက်ခိုက်မှုမဖြစ်စေဘဲ ပေါင်းစည်းထားပြီး ကြောက်မက်ဖွယ်ဓားအစီအရင်ကိုတစ်ခုကိုပင် ဖန်တီးထားလိုက်သေးသည်။
ရှေးခေတ်အခါတုန်းက ဒဏ္ဌာရီလာပုဂ္ဂိုလ်များမှာ ရိုးတော့မရိုးရှင်းလှချေ။
ထိုအချိန်မှာ လူနှစ်ယောက်က ယဲ့ချိုးပိုင်၏အနောက်နားဆီမှ ဖြည်းဖြည်းချင်းလျှောက်လာလေသည်။ ယဲ့ချိုးပိုင်လည်း လှည်ကြည့်လိုက်၏။ သူတို့မှာ လျန်ဖန်းနှင့် မုရုန်ဇီတို့ပင်။ ထို့နောက်မှာတော့ မည်သူမှမရှိတော့ပေ။
သစ်သားရုပ်တုကြီးက သူတို့သုံးယောက်ကလွဲလျှင် ဓားသိုင်းကျင့်ကြံသူအားလုံးကို ရှင်းထုတ်ပစ်လိုက်သည်မှာ အသိသာချည်းပင်။
လျန်ဖန်းက ယဲ့ချိုးပိုင်ကိုကြည့်၍ ခါးသက်သက်ပြုံးလိုက်မိသည်။
“ဒီမကောင်းဆိုးဝါးကောင်က ငါတို့ထက်ပိုမြန်လိမ့်မယ်ဆိုတာ ငါသိနေတယ်”
မုရုန်ဇီလည်း ထိုစကားကိုကြားသော် ကူကယ်ရာမဲ့စွာဖြင့်ခေါင်းညိတ်လိုက်ရသည်။ သစ်သားရုပ်တုကြီးမှာ သူတို့ကို ထိခိုက်စေခဲ့သည်သာ။
မုရုန်ဇီမှာ သူမြန်လွန်းလှပြီဟု ထင်နေခဲ့သည်။ အဆုံးမှာတော့ ယဲ့ချိုးပိုင်က သူ့ကိုကျော်သွားပြန်၏။ ထို့နောက် မုရုန်ဇီက ချောက်ကမ်းပါးထက်ရှိအစီအရင်ကို ထိတ်လန်နေသောမျက်ဝန်းတစ်စုံဖြင့် ကြည့်လိုက်မိသည်။ ထိုမျက်ဝန်းများမှာ လောဘများဖြင့်ပြည့်နှက်သွားလေတော့သည်။
မုရုန်ဇီက အစီအရင်လမ်းကြောင်းကို လျှောက်လှမ်းလာခဲ့သူသာဖြစ်၏။
သူ့ရှေ့ရှိဓားအစီအရင်မှာ သူတို့မုရုန်မိသားစုပင် လိုက်မယှဉ်နိုင်လောက်အောင် အလွန်လက်ရာမြောက်လှပြီး အစွမ်းထက်လှသည်။ ထိုအချိန်မှာ ထိုအရာက သူတို့သုံးယောက်၏အရှိန်အဝါများကို အာရုံခံမိသွားဟန်ပင်။
ချောက်ကမ်းပါးထက်၌ ပုံရိပ်ယောင်ဝိညာဉ်တစ်ခု ဖြည်းဖြည်းချင်းပေါ်လာချေသည်။
“အိုး.. နောက်ဆုံးတော့ လူသုံးယောက်တည်း ဒီကိုရောက်လာခဲ့တာပဲ”
“ဒီခေတ်ကလူတွေက တကယ်လုပ်နိုင်စွမ်းမရှိကြဘူးထင်ပါရဲ့”
ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက်က ဦးညွှတ်လိုက်ကြသည်။ ပုံရိပ်ယောင်ဝိညာဉ်က လက်ကိုခါယမ်းပြပြီး ပြောလာလေသည်။
“မင်းတို့မြင်တဲ့အတိုင်း ငါ့အမွေအနှစ်တွေက ဒီဓားအစီအရင်ပဲ”
“ဓားအစီအရင်ရဲ့နာမည်က ပြိုင်ဘက်ကင်းဓားအစီအရင်လေးသွယ်တဲ့”
ပြိုင်ဘက်ကင်းဓားအစီအရင်လေးသွယ်။
မတူညီသောဂုဏ်သတ္တိများရှိကြသည့် ဆန္ဒဘုံလေးခုက အချင်းချင်းပေါင်းစည်းထားကြပြီး ဓားအစီအရင်တစ်ခုဖြစ်ပေါ်လာစေရန်အတွက် ဓားဆန္ဒနှင့်လည်း ပေါင်းစပ်ထားပေသည်။ ၎င်း၏စွမ်းအားက တောင်တန်းများကိုအရည်ပျော်စေနိုင်ပြီး ပင်လယ်များကို အသွင်ပြောင်းစေနိုင်သည်။
“ဒါပေမဲ့ ပြိုင်ဘက်ကင်းဓားအစီအရင်ကိုဆက်ခံဖို့အတွက် စည်းမျဉ်းကတော့ တအားကြမ်းတမ်းခက်ခဲတယ်”
“မင်းတို့သုံးယောက် ဒီဓားအစီအရင်ထဲက ဆန္ဒဘုံငါးမျိုးကို အာရုံခံမိကြလိမ့်မယ်လို့ ငါထင်တယ်”
“အဲ့ဒီဆန္ဒဘုံငါးမျိုးကို သိမြင်နားလည်နိုင်မှသာ ပြိုင်ဘက်ကင်းဓားအစီအရင်ကိုကျင့်ကြံဖို့လိုအပ်တဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မှာ”
ဤသို့ဖြင့် ပုံရိပ်ယောင်ဝိညာဉ်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားလေတော့သည်။
ဤသည်မှာ ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက် ကိုယ့်ဘာသာသိမြင်နားလည်လာအောင် ရှုမှတ်ရမည့်အရာဖြစ်သည်။
လျန်ဖန်းက တည်ငြိမ်သောအမူအရာဖြင့်ပြောလာလေသည်။
“ငါက ဓားဆန္ဒနဲ့မီးတောက်ဆန္ဒကို ကျွမ်းကျင်ပြီးသား။ ဒါပေမဲ့ အခုကျမှ တခြားသုံးခုကိုပါနားလည်အောင်ရှုမှတ်ရမယ်ဆိုတာကြီးက ဘယ်လောက်တောင်ခက်လိုက်သလဲလို့”
မုရုန်ဇီ၏သိမြင်နားလည်မှုကား နက်နဲလှသည်။ သူ့မှာ ဆန္ဒသုံးခုပိုင်ဆိုင်ထားပြီး မီးတောက်ဆန္ဒ၊ လေပြည်ဆန္ဒနှင့် သစ်သားဒြပ်စင်ဆန္ဒတို့ဖြစ်၏။ အစီအရင်ကျွမ်းကျင်သူတစ်ယောက်အနေနှင့် ဆန္ဒဘုံများများ ပိုသိမြင်ထားလေလေ ပိုကောင်းလေလေပင်။
သို့သော် ရေခဲဆန္ဒနှင့် ဓားဆန္ဒတို့ကတော့ မလွယ်လှပေ။ အထူးသဖြင့် ဓားဆန္ဒပင်။ မုရုန်ဇီသည် ဓားသိုင်းကျင့်ကြံသူတစ်ယောက်မဟုတ်သောကြောင့် ဓားဆန္ဒကိုသိမြင်နားလည်နိုင်ရန်မှာ ခက်ခဲလှသည်။
ယဲ့ချိုးပိုင်ကတော့ ဘာမှမပြောချေ။ ထိုအစား သူက မုန်တိုင်းရှေ့ကိုလျှောက်သွားလိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ ထိုမုန်တိုင်းမှထုတ်လွှတ်နေသော လေပြည်ဆန္ဒကို စတင်အာရုံခံနေလေတော့သည်။
လျန်ဖန်းတို့နှစ်ယောက်လည်း ထိုမြင်ကွင်းကိုမြင်သောအခါ များများစားစားတွေးမနေတော့ပေ။ သူတို့က ရေခဲဆန္ဒနှင့် သစ်သားဒြပ်စင်ဆန္ဒတို့ဆီကို အသီးသီးသွားလိုက်ကြပြီး တရားထိုင်ကာ စတင်ရှုမှတ်လေတော့သည်။
အချိန်ကား တဖြည်းဖြည်းကုန်လွန်သွားပေသည်။
ဆန္ဒဘုံရှုမှတ်ခြင်းမှာ အခွင့်အလမ်းနှင့်အရည်အချင်းအပေါ် အပြည့်အဝမူတည်နေသည့်အရာပင်။ အကယ်၍ အဓိကအချက်ကို မဆုပ်ကိုင်မိပါက မည်မျှခက်ခက်ခဲကြိုးစားစေကာမူ အချည်းနှီးပင်။
ယဲ့ချိုးပိုင်က သူ့ရှေ့ရှိမုန်တိုင်းကို ဂရုတစိုက်လေ့လာစူးစမ်းလိုက်သည်။ မုန်တိုင်းထဲတွင် လေပြည်က လေဓားသွားများကို ဖန်ဆင်းနေဟန်တူသည်။ ထိုအရာက ချောက်ကမ်းပါးနံရံပေါ်တွင် တန်းလန်းကျနေပြီး ခြစ်ရာအနက်ကြီးများကို ဖြစ်ပေါ်လာစေလေသည်။
ဤမြင်ကွင်းကိုမြင်သော် ယဲ့ချိုးပိုင် မတွေးကြည့်ဘဲမနေနိုင်တော့ချေ။
တစ်ခါတစ်ရံတွင် ခွန်အားတစ်ခုတည်းကသာ အစွမ်းထက်သောတိုက်ခိုက်မှုတစ်ရပ်ကို အဆုံးအဖြတ်ပေးနိုင်သည့်အရာမဟုတ်ပေ။
လေပြည်ဆန္ဒ၏အရှိန်က သေချာရေရာသောအဆင့်တစ်ခုသို့ရောက်နေပြီး ထိုးဖောက်နိုင်စွမ်းအားကိုလည်း တိုးမြှင့်ပေးနိုင်သည်။ အကယ်၍ သူသာ လေပြည်ဆန္ဒကို ဓားသိုင်းတာအိုနှင့်ပေါင်းစပ်နိုင်လိုက်ပါက ဓားအရှိန်ကိုသာတိုးမြှင့်ပေးနိုင်မည်မဟုတ်ဘဲ ဓားသွား၏ထက်ရှမှုကိုပါ မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်၏။
သို့သော်သူ ဘာလုပ်သင့်သလဲ။
ယဲ့ချိုးပိုင်က သစ်သားဓားကိုထုတ်ယူလိုက်ပြီး ဓားသိုင်းကျင့်စဉ်တစ်ခုကို သုံးနေပေသည်။ သူသည် သူ့သစ်သားဓား၏အရှိန်ကို ဆက်လက်မြှင့်တင်နေပေသည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းဟာ ဓားအရှိန်ကိုသာ မြှင့်တင်ပေးနိုင်ပေသည်။ ၎င်း၏ထိုးဖောက်နိုင်စွမ်းအားကတော့ တိုးတက်မလာချေ။
ယဲ့ချိုးပိုင်လည်း မုန်တိုင်းကို တစ်ခါထပ်မကြည့်ဘဲမနေနိုင်ပေ။ လေပြည်ဆိုသည်မှာ အဘယ်နည်း။
အလင်းရောင်။
ပျော့ပျောင်းမှုရှိခြင်း။
တစ်ခါတလေမှာ ထိုအရာက နွေဦးလေပြည်လေးလို ညင်သာလှပြီး တစ်ခါတစ်ရံတွင် သူ့ရှေ့ရှိမုန်တိုင်းလိုလည်း ကြမ်းတမ်းပေသည်။ သူ့မျက်နှာပေါ်ရှိလေပြည်ကို သူခံစားလိုက်ရသည်။ ထိုအရာကရက်စက်ပြီး လူများကိုထိခိုက်စေနိုင်သည်။
ယဲ့ချိုးပိုင်လည်း ဤအကြောင်းကိုတွေးကြည့်ပြီး မိန်းမောသွားရလေသည်။ သို့သော် သူ့လက်ထဲရှိဓားသိုင်းကတော့ ရပ်မသွားပေ။ ထိုအချိန်တွင် ယဲ့ချိုးပိုင်က အလွန်အမင်းဆန်းကြယ်လှသောဘုံတစ်ခုကို ဝင်ရောက်သွားဟန်တူလေသည်။ မည်သူမှ သူ့ကိုမနှောင့်ယှက်နိုင်ချေ။
ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်မှ အရှိန်အဝါတစ်ခုထုတ်လွှတ်လာသည်။
ဤလုပ်ရပ်မှာ လျန်ဖန်းနှင့် မုရုန်ဇီတို့၏အာရုံကိုဆွဲဆောင်လိုက်ပေသည်။ သူတို့နှစ်ယောက်လုံး လန့်သွားကြရှာ၏။
အာကာသဘုံ..
ယဲ့ချိုးပိုင်က အာကာသဘုံသို့ ဝင်ရောက်သွားလေပြီ။
အာကာသဘုံတွင် ကျင့်ကြံရေးနည်းလမ်း၊ သိုင်းကျင့်စဉ်များနှင့် ဆန္ဒဘုံများကို သိမြင်ရှုမှတ်ခြင်းဖြစ်စေ၊ ကျင့်ကြံရေးအဆင့် ဖြတ်ကျော်ခြင်းပင်ဖြစ်စေ ခွန်အားတစ်ဝက်မျှစိုက်ထုတ်ရုံဖြင့် ရလဒ်နှစ်ဆထွက်လာစေနိုင်သည်။
သို့သော် ထိုကဲ့သို့သောအခြေအနေတစ်ခုက ကံကောင်းထောက်မမှသာ တွေ့ကြုံနိုင်ခြင်းဖြစ်၏။ လျန်ဖန်းနှင့် မုရုန်ဇီတို့ပင်လျှင် ယခင်က တစ်ခါမှမဝင်ရောက်ခဲ့ဖူးသလို မြင်လည်းမမြင်ဖူးချေ။
ထိုအရာကို သူတို့ မိသားစုမှတ်တမ်းများထဲမှာသာ မြင်ဖူးခဲ့ခြင်းဖြစ်သည်။
လျန်ဖန်းခမျာ ထိတ်လန့်မှုမှ လွတ်မြောက်လာပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းတခါခါလုပ်နေချေသည်။
“သစ္စာဖောက်ကောင်ပဲ”
မုရုန်ဇီလည်း ယခုတော့ လျန်ဖန်း၏ခံစားချက်ကို နားလည်နိုင်လေပြီ။
ဘေးနားမှာ သည်လိုမကောင်းဆိုးဝါးတစ်ကောင်ရှိနေမှတော့ ဘယ်လိုလုပ် ထိုးနှက်ချက်ကိုမခံစားရဘဲနေပါ့မလဲ….
သို့သော် ထိုးနှက်ချက်ကို ရှေ့ဆက်သွားရန်တွန်းအားတစ်ခုအဖြစ်ပြောင်းလဲလိုက်ပါက ရှေ့ဆက်သွားမည့်ခရီးမှာ မိမိ၏အားထုတ်မှုကို နှစ်ဆမြှင့်တင်ပေးနိုင်လိမ့်မည်ပင်။
မုရုန်ဇီနှင့် လျန်ဖန်းတို့လည်း တစ်ပြိုင်တည်းတင်ပျဉ်ခွေထိုင်လိုက်ကြပြီး သူတို့ရှေ့ရှိဆန္ဒဘုံများကို ဆက်လက်ရှုမှတ်နေကြလေတော့သည်။
အချိန်ကား တဖြည်းဖြည်းကုန်ဆုံးသွားလေသည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်၏ဓားသွားက လေပြည်ရောင်ခြည်တန်းများဖြင့် ရုတ်ခြည်းဖုံးအုပ်ခံလိုက်ရချေသည်။ ထို့နောက် ယဲ့ချိုးပိုင်က ဓားကိုလွှဲရိုက်လိုက်သည်။ ထိုလွှဲရိုက်ချက်က လေပြည်လိုလျင်မြန်ပြီး အလွန်အမင်းပြင်းထန်လှသည်။
ဓားချက်ကား သူ့ရှေ့ရှိဧရာမကျောက်တုံးကြီးကိုပင် ထိုးခွင်းပစ်လိုက်ပြီး ပြေပြေပြစ်ပြစ်နိုင်သောဓားပေါက်ရာတစ်ခုကိုဖြစ်ပေါ်လာစေသည်။ ယဲ့ချိုးပိုင်လည်း အာကာသဘုံထဲဝင်ရောက်နေရာမှ သတိပြန်ဝင်လာခဲ့သည်။ သူ လေပြည်ဆန္ဒကို သိမြင်နားလည်ခဲ့ပြီဖြစ်၏။ နောက်တစ်ခုကား မီးတောက်ဆန္ဒပင်။
သစ်သားဒြပ်စင်ဆန္ဒနှင့် ရေခဲဆန္ဒတို့ကတော့ အာဒိကပ္ပဓားသိုင်းကျမ်းနှင့် ရေခဲဓားဝိညာဉ်တို့ရှိနေသည်ဖြစ်ရာ သင်ယူနေစရာမလိုတော့ပေ။