လက်ရှိအချိန်တွင် ဤသစ်သားရုပ်တုကြီးမှာ ယဲ့ချိုးပိုင်ပြန်လည်ဝင်စားလာသလိုပင်။
ယဲ့ချိုးပိုင်က သစ်သားဓားကိုကောက်ယူလိုက်ပြီး လွှဲယမ်းလိုက်သည်။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားပင်။
မိစ္ဆာဆင်းသက်လာလေခြင်း။
သို့သော် ထိုအခိုက်အတန့်မှာပင် သစ်သားရုပ်တုကြီးကလည်း သူ့လက်ထဲရှိသစ်သားဓားကို လွှဲယမ်းလိုက်၏။
သူ့လုပ်ရပ်များမှာ ယဲ့ချိုးပိုင်အတိုင်းပင်။
မှော်နက်ဓားသွားချီစွမ်းအင်တစ်ခုက သစ်သားလူရုပ်ကြီး၏လက်ထဲရှိ သစ်သားဓားကို ရစ်ပတ်ပစ်လိုက်လေသည်။ မှော်နက်ဓားချက်နှစ်ချက်က တစ်ဖက်ကိုတစ်ဖက်တိုက်ခိုက်ကြတော့သည်။
ခြိမ်းခြောက်နိုင်စွမ်းအားကြီးလှပေသည်။
ကြောက်မက်ဖွယ်မိစ္ဆာချီစွမ်းအင်များပြည့်နှက်နေသော မှော်နက်ဓားချက်နှစ်ချက်မှာ အချင်းချင်းထိခတ်မိကြကုန်၏။ ထိုဓားချက်နှစ်ချက်က ဘန်းခနဲမြည်သံနှင့်အတူ တစ်ဖက်ကိုတစ်ဖက်ဖယ်ရှားရှင်းလင်းပစ်လိုက်လေသည်။
ထိုအခြင်းအရာကိုမြင်သော် ယဲ့ချိုးပိုင်က ရှေ့ကိုတိုးသွားလိုက်သည်။ ထို့နောက် သူ့လက်ထဲရှိသစ်သားဓားဖြင့် သစ်သားရုပ်တုကြီးကိုတိုက်ခိုက်ပစ်လိုက်သည်။
သစ်သားဓားနှစ်ခု ရိုက်ခတ်မိသွားကြသည်။ နှစ်ဖက်စလုံးမှ ဓားဆန္ဒများကလည်း ပွက်ပွက်ဆူသွားဟန်ပင်။ ထိုဓားဆန္ဒများမှာ ပွက်လောရိုက်သွားလေသည်။ ထို့နောက် ထက်ရှရှဓားများအဖြစ်သို့အသွင်ပြောင်းသွားပြီး တစ်ဖက်လူကို တိုက်ခိုက်ပြန်၏။
ထိုတစ်ခဏအတွင်း လေထုတစ်ခုလုံး အဖျက်ဓာတ်ဓားဆန္ဒများဖြင့် ပြည့်နှက်သွားချေသည်။ ယဲ့ချိုးပိုင် နောက်ပြန်ဆုတ်လိုက်ရပြန်၏။
သို့သော် သူရပ်တန့်မသွားပေ။ သူ့မျက်လုံးများက တိုက်ခိုက်လိုသောဆန္ဒများဖြင့် တောက်လောင်နေပေသည်။
သူ မြေပြင်ပေါ်ကို ညာခြေထောက်ဖြင့် ခြေဆောင့်လိုက်လေရာ မြေပြင်ပေါ်၌ ချိုင့်နက်ကြီးတစ်ခု ပေါ်ပေါက်လာသည်။
လက်မောင်းလောက်ကြီးသော အက်ကွဲကြောင်းများကလည်း အရပ်မျက်နှာအဖက်ဖက်ဆီသို့ ပျံ့နှံ့သွားပေသည်။ ၎င်းမှာ ပင့်ကူမျှင်များအလားပင်။
ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်မှာ အမြောက်ဆန်အလား သစ်သားရုပ်တုကြီးရှိရာဆီသို့ ပြေးဝင်သွားသည်။
ဝှစ်! ဝှစ်! ဝှစ်! ဝှစ်!
သူသည် သစ်သားဓားကို လက်နှစ်ဖက်စလုံးဖြင့်ဆုပ်ကိုင်ထားလိုက်သည်။ ဓားဆန္ဒများက ဓားပတ်ပတ်လည်၌ မြွေသေးသေးလေးများနှယ် ရစ်ပတ်ထားသည်။
ထို့နောက် ထိုဓားက အပေါ်မှ အောက်ကိုခုတ်ချလိုက်သည်။
သစ်သားလူရုပ်ကြီးကလည်း တစ်ပုံစံတည်းလိုက်လုပ်ပြီး အချင်းချင်းတိုက်ခိုက်ကြပြန်လေသည်။
ခွန်အား၊ အရှိန် သို့မဟုတ် ဓားဆန္ဒပင်ဖြစ်စေ ထိုသစ်သားလူရုပ်ကြီးက သူနှင့်တစ်ပုံစံတည်းဆိုသည်ကို သူခံစားကြည့်နိုင်လေသည်။
အချိန်တိုလေးအတွင်းမှာ ယဲ့ချိုးပိုင် ထိုသစ်သားရုပ်တုကြီးကို ဘာမှမလုပ်နိုင်ခဲ့ပေ။
ထို့အတူပင် သစ်သားရုပ်တုကြီးကလည်း ယဲ့ချိုးပိုင်ကို ဘာမှမလုပ်နိုင်ခဲ့ပေ။ သို့သော် အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ယဲ့ချိုးပိုင်၏သက်လုံနှင့် ဝိညာဉ်ရေးရာချီစွမ်းအင်က တဖြည်းဖြည်းကုန်ဆုံးလာ၏။
သစ်သားရုပ်တုကြီးကမူ အမွေအနှစ်ခန်းမ၏အကူအညီဖြင့် ဝိညာဉ်ရေးရာစွမ်းအင်ကုန်ခမ်းခြင်းမရှိချေ။
၎င်းမှာ မပင်မပန်းမမောမပန်းရှိနေချေသည်။ သူ့သက်လုံဆိုလျှင် ပြောနေစရာပင်မလိုပေ။ ရုပ်တုတစ်ခုက ဘယ်လိုများ သက်လုံကုန်ခမ်းနိုင်ပါ့မလဲ။ ဤသည်မှာ ဤသစ်သားရုပ်တု၏ကြောက်မက်ဖွယ်ရာပုံစံတစ်ခုပင်။
ယဲ့ချိုးပိုင်နှင့် သစ်သားရုပ်တုကြီးက ဓားများကိုကိုင်လျက် နောက်ပြန်ဆုတ်လိုက်ကြပြန်သည်။
တစ်ဖက်လူဟာ သူ့ဓားသိုင်းစွမ်းရည်ကို ပြီးပြည့်စုံစွာပုံတူကူးနိုင်သည့်အတွက် အလားတူစွာပင် ယဲ့ချိုးပိုင်အား သူ့ဓားသိုင်းကျင့်စဉ်ထဲရှိ အပြစ်အနာအဆာများကိုလည်း သတိထားမိစေခဲ့သည်။
ထိုသို့တွေးမိပြီးနောက် ယဲ့ချိုးပိုင်ဟာ သူ့နောက်လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး လက်ဝါးကို အသာအယာလှန်လိုက်သည်။
ချက်ချင်းပင် ဓားဆန္ဒတစ်ခုက ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်မှ ကောင်းကင်ဆီသို့ဆန်တက်သွားလေသည်။
ထို့နောက် ထိုဓားဆန္ဒမှာ အရပ်မျက်နှာအဖက်ဖက်ဆီသို့ ပျံ့နှံ့သွားသည်။ ထိုတစ်ခဏအတွင်း ဓားဆန္ဒများက လေထုတစ်ခုလုံးကို ဖုံးလွှမ်းသွားပေသည်။ ဓားဆန္ဒများကား နေရာအနှံ့ပျံ့နှံ့နေချေသည်။
သစ်သားလူရုပ်ကလည်း ယဲ့ချိုးပိုင်နှင့်တစ်ပုံစံတည်းလိုက်လုပ်ပြန်သည်။ သူက လက်ကိုဆန့်ထုတ်ပြီး ဓားဆန္ဒများကို ထုတ်လွှတ်လိုက်၏။ ထိုအရာမှာလည်း ဓားသွားပိုင်နက်နယ်မြေပင်ဖြစ်ချေသည်။
ထိုအခြင်းအရာကိုမြင်သော် ယဲ့ချိုးပိုင်လည်း သက်ပြင်းမချဘဲမနေနိုင်တော့ပေ။
“အရင်ခေတ်တွေတုန်းက ဒါ တကယ်ပဲအသုံးတည့်လောက်တယ်။ ဒီအရုပ်ကြီးက တကယ်လုပ်ပေးနိုင်လောက်တယ်”
ဤလေထုထဲတွင် အဆုံးမဲ့ဓားဆန္ဒများပြည့်နှက်နေသည်။ လူနှစ်ယောက်ထုတ်လွှတ်လိုက်သော ဓားသွားပိုင်နက်နယ်မြေများမှာ တူညီသောဓားဆန္ဒတစ်ခုတည်းဖြင့် ဝင်တိုက်မိကြကုန်၏။
ကြောက်မက်ဖွယ်အရှိန်အဝါများမှာ ကောင်းကင်ထက်မှ ရင်ပြင်ကြီးဆီသို့ဆင်းသက်လာလေသည်။
အပြင်လူများသာမြင်ပါက ဤအရှိန်အဝါများမှာ ရေအလျဉ်ပြည့်လျှံရေးအလယ်အလတ်အဆင့်ကျင့်ကြံသူက ထုတ်လွှတ်ထားသည်ဟု ယုံနိုင်ကြလိမ့်မည်မဟုတ်။
ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုအဆင့်က သူ့ကျင့်ကြံရေးအဆင့်ထက်ပိုမိုသာလွန်နေသည်ဟုပင် ဆိုနိုင်လေသည်။
လက်ရှိယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုအဆင့်မှာ သာမန်ဓားသိုင်းဆရာသခင်များကိုပင် သာလွန်နေပြီဖြစ်၏။
သူသည် ဓားသိုင်းဘိုးဘေးအလယ်အလတ်အဆင့်ကို ရောက်ရှိပြီးဖြစ်ကာ ဓားသိုင်းမျိုးနွယ်ဝင်ကိုရောက်ဖို့ ခြေလှမ်းတစ်လှမ်းစာမျှသာ လိုပေတော့သည်။
သို့သော် ဓားသိုင်းဆရာသခင်ဘယ်နှယောက်လောက်ကများ ဤအဆင့်ကိုဖြတ်ကျော်နိုင်ခဲ့လို့လဲလေ…
ဓားသိုင်းမျိုးနွယ်ဝင်တစ်ယောက်ဖြစ်လာလျှင် ဤတိုက်နယ်ပေါ်ရှိ ထိပ်တန်းဓားသိုင်းကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်လာလိမ့်မည်ဖြစ်၏။
ထိုအချိန်မှာ ယဲ့ချိုးပိုင်က လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ ဓားသွားပိုင်နက်နယ်မြေထဲရှိ ဓားဆန္ဒများကို ယဲ့ချိုးပိုင်ထိန်းချုပ်ထားလိုက်သည်။
၎င်းမှာ ဓားဆန္ဒမြစ်ပြင်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီးနောက် သစ်သားရုပ်တုကြီးဆီသို့ တိုးဝင်သွားသော အတိဒုက္ခလှိုင်းလုံးများအဖြစ်ပြောင်းလဲသွားသည်။
သစ်သားလူရုပ်ကြီးကလည်း လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ ဓားဆန္ဒများက မြစ်ပြင်ကြီးတစ်စင်းနှယ်ပြောင်းလဲသွားပြီး ယဲ့ချိုးပိုင်၏တိုက်ခိုက်မှုကိုရင်ဆိုင်လေတော့သည်။
ထိုတစ်ခဏအတွင်းမှာ လေထုထဲ၌ ဓားဆန္ဒမြစ်ပြင်ကြီးနှစ်ခု အပြင်းအထန်တိုက်မိကြလေသည်။ လှိုင်းလုံးကြီးများ တရစပ်လိပ်တက်လာချေသည်။ ဓားဆန္ဒမြစ်ပြင်ရှည်ကြီးမှာ အချင်းချင်းထိခတ်မိကြသည်။ ဓားဆန္ဒများကြောင့် ဖြစ်ပေါ်လာသော ရေစက်လေးများကလည်း တဖြောက်ဖြောက်ကျဆင်းလာပြီး အလုံးအရင်းစုစည်းမိသွားပြီး မြစ်ပြင်ကြီးဖြစ်သွားပြန်သည်။ အဆုံးရှိနိုင်ဖွယ်ရာလမ်းမမြင်တော့ပေ။
ယဲ့ချိုးပိုင်က ဓားဆန္ဒမြစ်ပြင်ကြီးကို သေချာကြည့်နေမိသည်။
နှစ်ဖက်ကြားရှိထိခတ်မှုကို သူခံစားလိုက်ရပြီး ထိုဓားဆန္ဒတို့မှာရှိနေသော အပြစ်အနာအဆာများကို ရှာဖွေရန်ကြိုးစားလိုက်သည်။
ဓားဆန္ဒမြစ်ပြင်ကြီးတွင် အဆုံးမဲ့ဓားဆန္ဒများပါဝင်နေသော်ငြား ဓားဆန္ဒများမှာ အလွန်အမင်းပြင်းထန်လှသည်။ ဓားဆန္ဒ၏တိုက်ခိုက်မှုအောက်မှာ သူ့စွမ်းအင်ကုန်ဆုံးမှုကလည်း ကြီးမားလာသည်။
ယဲ့ချိုးပိုင်လည်း ဓားဆန္ဒမြစ်ပြင်ကြီးကိုထိန်းချုပ်ပြီး စိမ့်ထွက်လာသော ပြင်းထန်လှသည့်ဓားဆန္ဒများကိုစုစည်းရန် ကြိုးစားလိုက်သည်။
ထိုအားထုတ်မှုကြောင့် ဓားဆန္ဒမြစ်ပြင်ထဲရှိ ပြင်းထန်လှသောဓားဆန္ဒများကို တဖြည်းဖြည်းတည်ငြိမ်သွားစေလေသည်။
သို့သော် ၎င်း၏စွမ်းအားကတော့ လုံးဝလျော့ကျမသွားပေ။ ထိုအစား ဓားဆန္ဒများက ပို၍ပင်ထက်ရှလာသည်။
ယဲ့ချိုးပိုင်၏စွမ်းအင်ကုန်ခမ်းမှုကလည်း အတော်လေးလျော့ကျလာသည်။
ထိုအချိန်မှာပင် သစ်သားလူရုပ်ကြီးထုတ်လွှတ်လိုက်သော မြစ်ပြင်ကြီးမှာ ယခုအချိန်မှစ၍ ယဲ့ချိုးပိုင်၏ဓားသွားပိုင်နက်နယ်မြေ၏ဖိနှိပ်မှုကို ခံစားလိုက်ရပေသည်။ သူ့ကို ဖိအားပေး၍ နောက်ပြန်ဆုတ်ခိုင်းလိုက်ခြင်းပင်။
တလိပ်လိပ်တက်နေသော ဓားဆန္ဒမြစ်ပြင်ကြီးက သစ်သားလူရုပ်ကြီး၏ဓားသွားနယ်မြေကို ပျက်စီးယိုယွင်းသွားစေလေသည်။ သူက ထိုအရာကို ပျောက်ကွယ်သွားစေချင်ခဲ့ခြင်းပင်။
သစ်သားလူရုပ်ကြီးက ပုံတူပွားနိုင်သောစွမ်းရည်မျိုးရှိသော်ငြား သင်ယူလေ့လာနိုင်စွမ်းတော့မရှိပေ။
ထိုအခိုက်အတန့်တွင် ယဲ့ချိုးပိုင်က ဓားသွားပိုင်နက်နယ်မြေထဲရှိ အပြစ်အနာအဆာများကို အောင်အောင်မြင်မြင်ဖာထေးလိုက်နိုင်ပြီး ဓားဆန္ဒများစိမ့်ထွက်လေလွင့်မှုကိုလည်း လျှော့ချလိုက်၏။
၎င်းမှာ ပို၍ပင်သက်သောင့်သက်သာဖြစ်သွားလေသည်။ တစ်ပြိုင်တည်းမှာပင် ပိုမိုထက်ရှလာ၏။
သစ်သားရုပ်တုကြီး၏ဓားသွားပိုင်နက်နယ်မြေမှာ သဘာဝကျကျပင် ဖိနှိပ်ခံလိုက်ရသည်။
ထိုအချိန်၌ ယဲ့ချိုးပိုင်က သူ့လက်ကိုဆန့်ထုတ်လိုက်ပြန်သည်။
ဓားသွားပိုင်နက်နယ်မြေထဲတွင် ဓားဆန္ဒမြစ်ပြင်ကြီးကလွဲလျှင် ကျန်အရာများက အဆုံးမဲ့ဓားဆန္ဒများကြောင့် ဧရာမဓားဆန္ဒဓားသွားတစ်လက်အဖြစ် အသွင်ယူကာ သစ်သားရုပ်တုကြီး၏ ဓားသွားပိုင်နက်နယ်မြေကို တိုက်ခိုက်လိုက်လေတော့သည်။
သစ်သားလူရုပ်ကြီးကလည်း လက်ညှိုးညွှန်လာပြီးနောက် ဧရာမဓားသွားတစ်လက် ပေါ်ပေါက်လာချေသည်။
သို့သော် ဤတစ်ခေါက်တော့ သူတို့က လက်ရည်မညီကြတော့ပေ။
သစ်သားရုပ်တုကြီး၏ဧရာမဓားကြီးက ယဲ့ချိုးပိုင်၏ဓားဆန္ဒများနှင့် ထိတွေ့မိသည့်အခိုက်မှာ ထိုဓားကြီးက လျှပ်တပြက်အတွင်းပျက်စီးသွားရလေသည်။
ဧရာမဓားဆန္ဒကြီးကလည်း သစ်သားရုပ်တုကြီး၏ဓားသွားပိုင်နက်နယ်မြေကို တိုက်ခိုက်လိုက်ပေသည်။ မည်သည့်ခုခံကာကွယ်မှုမျိုးမှမရှိပေ။
ထိုအရာက သစ်သားရုပ်တုကြီး၏ဓားသွားပိုင်နက်နယ်မြေကို ရေညှိခြောက်လေးအလား လွယ်လင့်တကူဖျက်ဆီးပစ်လိုက်သည်။
ထိုဓားသွားပိုင်နက်နယ်မြေမှာ ဓားဆန္ဒအမှုန်အမွှားလေးများအဖြစ် ပြောင်းလဲသွားပြီး ဤနေရာမှပျောက်ကွယ်သွားလေတော့သည်။
တစ်ပြိုင်နက်တည်းမှာပင် ယဲ့ချိုးပိုင်က သစ်သားဓားကိုကိုင်မြှောက်ကာ သစ်သားရုပ်တုကြီးနားကို အပြင်းနှင်သွားချေသည်။ အဆုံးမဲ့စိတ်စွမ်းအင်များ ပေါက်ကွဲထွက်လာချေသည်။
အာဒိကပ္ပဓားသိုင်းကျမ်းပင်တည်း။
ငြိမ်းချမ်းသောတောင်တန်းများနှင့်မြစ်ပြင်များ..။
သစ်သားလူရုပ်ကြီးကလည်း တစ်ပုံစံတည်းပင်လုပ်လာပြီး သစ်သားဒြပ်စင်ဆန္ဒများကို ထုတ်လွှတ်လိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင် သစ်သားရုပ်တုကြီးက တစ်ပုံစံတည်းလုပ်လာသော်ငြား အဆုံးမဲ့အသက်ဓာတ်စွမ်းအားများကိုတော့ မထုတ်လွှတ်နိုင်ပေ။ အလားတူပင် အာဒိကပ္ပဓားသိုင်းကျမ်းကနှိုးဆွလိုက်သော ဓားသိုင်းတာအိုစွမ်းအားကိုလည်း မထုတ်လွှတ်နိုင်ချေ။
ယဲ့ချိုးပိုင်၏ဓားချက်ကိုရင်ဆိုင်ရင်း ထိုအချိန်လေးမှာပင် သစ်သားရုပ်တုကြီး၏လက်ထဲက သစ်သားဓားက အပိုင်းပိုင်းအစစကျိုးပဲ့သွားလေသည်။
ထိုအရာများမှာ သစ်သားရွေပေါ်စာများအဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်၌ ပြန့်ကျဲသွားလေသည်။
ထိုအချိန်တွင် သစ်သားရုပ်တုကြီးက နောက်ကိုပျံတက်သွားပြီး နံရံကိုဝင်တိုက်မိသွားချေသည်။ နံရံပေါ်တွင် အက်ကွဲကြောင်းများပေါ်လာပြီး တွင်းပေါက်ကြီးတစ်ခုဖြစ်သွားသည်။
သစ်သားရုပ်တုကြီးကတော့ ဆက်လှုပ်ရှားမည့်အရိပ်အယောင်မရှိပေ။ ထိုရုပ်တုကြီးကား အသက်မရှူတော့ချေ။
အနိုင်အရှုံးကား ဆုံးဖြတ်လိုက်ပြီးဖြစ်၏။
ထိုမြင်ကွင်းကိုမြင်သော် ယဲ့ချိုးပိုင်မှာ မအံ့ဩဘဲမနေနိုင်ချေ။ သူ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားနှင့် ဓားသွားပိုင်နက်နယ်မြေတို့ကို အသုံးပြုချိန်မှာ တစ်ဖက်လူက ပြီးပြည့်စုံစွာပုံတူကူးနိုင်လေသည်။
သို့သော် အာဒိကပ္ပဓားသိုင်းကျမ်းကို သုံးလိုက်သည့်အချိန်မှာတော့ တစ်ဖက်လူက ကောင်းကောင်းမထုတ်လွှတ်နိုင်တော့ပေ။
ဘာအဓိပ္ပာယ်လဲ။
အဓိပ္ပာယ်မှာမူ အာဒိကပ္ပဓားသိုင်းကျမ်း၏အဆင့်က မြင့်လွန်းလှသောကြောင့်ပင်။
ထိုအရာက သစ်သားရုပ်တုကြီးမှာရှိနေသောအစွမ်းထက် ပိုမြင့်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သစ်သားရုပ်တုကြီးက အာဒိကပ္ပဓားသိုင်းကျမ်းကို ယဲ့ချိုးပိုင်ကဲ့သို့ အသုံးမပြုနိုင်ခြင်းဖြစ်သည်။
“ဒီအာဒိကပ္ပဓားသိုင်းကျမ်းက တကယ်ပြိုင်ဘက်ကင်းကြီးကျယ်ခမ်းနားတာပဲ”
သို့သော် ဤပြိုင်ဘက်ကင်းကျင့်ကြံစဉ်မှာ ရှေးခေတ်တုန်းက မရှိလောက်ကြောင်း ယဲ့ချိုးပိုင်သိလိုက်ပေသည်။