လူတိုင်း၏မျက်လုံးထဲတွင် ယဲ့ချိုးပိုင်၏ကိုယ်ပိုင်ခွန်အားမှာ လျန်ဖန်းနှင့် မုရုန်ဇီတို့ထက်ပင် ပိုသန်မာလှသည်သာ။ ထိုသို့ဆိုပါက ဤအတားအဆီးကိုဖြတ်ကျော်ရာတွင်လည်း ဘာပြဿနာမှဖြစ်မှာမဟုတ်ပေ။ သူတို့က ယဲ့ချိုးပိုင် သစ်သားဒြပ်စင်အဆင့်ရှိ သစ်သားနံရံကို မည်သို့ဖြတ်ကျော်မလဲဆိုသည်ကို ကြည့်ချင်ရုံမျှသာဖြစ်၏။
ယဲ့ချိုးပိုင် လှုပ်ရှားလိုက်လေသည်။ လူတိုင်း၏အကြည့်အောက်တွင် ယဲ့ချိုးပိုင်က တည်ငြိမ်နေသောအမူအရာဖြင့် လျှောက်လှမ်းသွားလိုက်သည်။ သူ သူ့ဓားကိုမထုတ်ထားခဲ့ပေ။ သူ့ပတ်ပတ်လည်တွင် အဆုံးမဲ့စိတ်စွမ်းအင်တစ်ခုက စတင်လှည့်ပတ်နေလေတော့သည်။
ယဲ့ချိုးပိုင် သစ်သားနံရံထဲကို ဝင်ရောက်သွားသည့်အခါ ရစ်ထွေးယှက်ဖြာနေသောသစ်ကိုင်းများက ရုန်းရင်းဆန်ခတ်ဖြစ်လာလေသည်။ ထိုသစ်ကိုင်းများက ယဲ့ချိုးပိုင်ကိုချုပ်နှောင်ထားချင်နေသည့်အလား ရစ်ပတ်လိုက်လေသည်။
သို့သော် ထိုသစ်ကိုင်းများက ယဲ့ချိုးပိုင်၏ပတ်ပတ်လည်ရှိ အဆုံးမဲ့စိတ်စွမ်းအင်များနှင့် ထိတွေ့မိသွားချိန်မှာ သစ်သားဒြပ်စင်အရှင်သခင်နှင့် ရင်ဆိုင်လိုက်ရသည့်အလား အုပ်စုကွဲသွားချေသည်။ ယဲ့ချိုးပိုင်ကမူ ရပ်တန့်စရာပင်မလိုလိုက်ဘဲ အတားအဆီးကိုဖြတ်ကျော်သွားလေသည်။ သူ တည်တည်ငြိမ်ငြိမ်နှင့်သာ ဖြတ်လျှောက်သွားလိုက်လေရာ လူအပေါင်းမှာ လေးစားအားကျမှုများဖြင့် သက်ပြင်းတချချလုပ်နေမိကြကုန်၏။
ယဲ့ချိုးပိုင်က ဤစစ်ဆေးမှုကို အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်လိမ့်မည်ဖြစ်ကြောင်း သူတို့ သိထားကြပြီးဖြစ်သော်လည်း ဤမျှလွယ်လွယ်ကူကူဖြတ်ကျော်နို်ငလိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။ ဤကောင်လေး၏အရည်အချင်းနှင့်ခွန်အားမှာ ကြောက်မက်ဖွယ်ရာပင်။
ထို့နောက် လူအနည်းစုသာလျှင် အတားအဆီးကိုဖြတ်ကျော်နိုင်လိုက်ပေသည်။ သစ်သားဒြပ်စင်ဆန္ဒဘုံဘက်မှာမူ ယဲ့ချိုးပိုင်တစ်ယောက်တည်းသာရှိ၏။ မည်သို့ပင်ဖြစ်စေ ဓားသိုင်းကျင့်ကြံသူများမှာ ပိုမိုအားကောင်းသောဆန္ဒဘုံများကိုသာ ပိုအာရုံကျတတ်သည်။ ဤသည်မှာ သူ့ဓားသိုင်းစွမ်းရည်ကို ဖြည့်တင်းရန်ဖြစ်ပေသည်။ ထို့ကြောင့် အများစုက မီးတောက်ဆန္ဒနှင့် လေပြည်ဆန္ဒကိုသာ သိမြင်ရှုမှတ်ဖို့ရွေးချယ်ကြသည်။
မီးတောက်ဆန္ဒကို ဓားသိုင်းစွမ်းရည်ထဲပေါင်းစပ်နိုင်လိုက်ပါက ပိုမိုအားကောင်းသောအစွမ်းမျိုးကို ပိုင်ဆိုင်နိုင်ပြီး ပြိုင်ဘက်ကင်းစိုးမိုးခြယ်လှယ်နိုင်မည်ဖြစ်၏။ လေပြည်ဆန္ဒကမူ သူ့အရှိန်နှင့် ဓားသွား၏ထက်ရှမှုကို တိုးမြှင့်ပေးနိုင်လေသည်။ သစ်သားဒြပ်စင်ဆန္ဒကတော့ ပုံမှန်အားဖြင့် မည်သူမှအာရုံမထားကြချေ။
ဤအချိန်မှာ ယဲ့ချိုးပိုင်က စင်္ကြံလမ်းကိုဖြတ်လျှောက်လာခဲ့သည်။ သူမြင်လိုက်ရသောအရာမှာကား သစ်တောအုပ်ငယ်လေးတစ်ခုဖြစ်၏။ ဤသစ်တောထဲမှာတော့ ကြီးကျယ်ခမ်းနားသောသစ်သားဒြပ်စင်ဆန္ဒဘုံရှိရုံသာမက အမှောင်ထုထဲကိုပင် ထိုးခွင်းနေသောဓားဆန္ဒများလည်းရှိသည်။ ၎င်းမှာ ယဲ့ချိုးပိုင်ရောက်လာသည်ကို အာရုံခံမိသည့်အလားပင်။
သစ်တောထဲရှိသစ်ပင်များနှင့် အကိုင်းအခက်များသည် တစ်ဟုန်ထိုးလှုပ်ရှားလာပြီး ယဲ့ချိုးပိုင်ကို တိုက်ခိုက်လေတော့သည်။ သစ်ကိုင်းများသည် ယဲ့ချိုးပိုင်ကိုတိုက်ခိုက်လိုက်ချိန်မှာ ဓားဆန္ဒများကိန်းအောင်းနေသော သစ်သားဓားများအသွင်ပြောင်းသွားဟန်တူသည်။
ထိုအခြင်းအရာကိုမြင်သော် ယဲ့ချိုးပိုင်ကလည်း သူ့သစ်သားဓားကိုထုတ်လိုက်သည်။
ဓားဆန္ဒတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှ ရုတ်ခြည်းဖြာထွက်လာပေသည်။ ထိုဓားဆန္ဓမှာ သစ်ကိုင်းများကြောင့်ဖြစ်တည်လာသော သစ်သားဓားများဆီကို တိုးဝင်သွားလေသည်။
တရှဲရှဲမြည်သံထွက်ပေါ်လာချေသည်။
သစ်ကိုင်းများက ဓားဆန္ဒ၏တိုက်ခိုက်မှုအောက်မှာ ကျိုးပဲ့ကုန်လေတော့သည်။ သို့သော် ယဲ့ချိုးပိုင်အားအံ့အားသင့်စေသောအရာမှာ ထိုသစ်ကိုင်းများက ဓားဆန္ဒကြောင့် ကျိုးပဲ့ပျက်စီးသွားရပြီးနောက်တွင် အလွန်လျင်မြန်လှသောအရှိန်ဖြင့် ပြန်လည်ရှင်သန်လာကြခြင်းပင်။
ယဲ့ချိုးပိုင်လည်း ရှေ့ကိုတိုးကာ သူ့လက်ထဲရှိသစ်သားဓားဖြင့် ချိန်ရွယ်ထားလိုက်သည်။ ကြောက်မက်ဖွယ်ဓားဆန္ဒများ လေထုထဲ၌စုဝေးသွားလေသည်။ ၎င်းတို့က ဧရာမဓားများအဖြစ်စုစည်းသွားပြီး ဘန်းခနဲမြည်သံနှင့်အတူ လေထုကိုထိုးခွင်း၍ လွှမ်းမိုးထားသောသစ်ကိုင်းများကို တိုက်ခိုက်ပစ်လိုက်လေသည်။
အုန်း…..
သစ်ကိုင်းများ တစ်စစီကျိုးပဲ့သွားလေသည်။ ထိုသစ်ကိုင်းများမှာ သစ်သားရွေပေါ်စာများအဖြစ်ပြောင်းလဲသွားလေတော့သည်။
သို့သော် ထိုအချိန်၌ ထိုလွှစာမှုန့်များက စင်စစ်အသက်ပျောက်သွားခင်းမဟုတ်ပုံပင်။ လွှစာမှုန့်များက ဓားများအဖြစ် တစ်ဖန်ပြောင်းလဲသွားပြီး တိုက်ခိုက်လာပြန်လေသည်။ ယဲ့ချိုးပိုင်၏မျက်ဝန်းတို့ ကျဉ်းမြောင်းသွား၏။
ဤနေရာမှာ ပကတိအကောင်းအတိုင်း ဖြတ်ကျော်သွားနိုင်ရန်မှာ အလွန်ခက်ခဲလောက်ပေသည်။ သူ မည်မျှတိုက်ခိုက်နေပါစေ ထိုသစ်ကိုင်းများက ပြန်လည်ရှင်သန်လာပြီး သစ်သားဓားများအဖြစ် အသွင်ပြောင်းကာ သူ့ကိုတိုက်ခိုက်နေဆဲပင်။
ယခုလိုသာဆက်ဖြစ်နေပါက သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ရေးရာချီစွမ်းအင်များ ကုန်ခမ်းသွားပေတော့မည်။ ဤတောအုပ်ငယ်လေးမှာ ယဲ့ချိုးပိုင်၏မျက်လုံးထဲမှာတော့ ဓားအစီအရင်တစ်ခုအလားပင်။ အစီအရင်ဗဟိုချက်မကိုရှာဖွေပြီး ဖျက်ဆီးပစ်လိုက်မှသာ ဤနေရာမှဖြတ်ကျော်နိုင်မည်ဖြစ်၏။ သာမန်ကာလျှံကာအင်အားလေးသုံးရုံမျှဖြင့် ဤနေရာမှဖြတ်ကျော်နိုင်မည်မဟုတ်ချေ။
ထိုအကြောင်းကိုတွေးပြီးနောက် ယဲ့ချိုးပိုင်လည်း သူ့ဓားသိုင်းပိုင်နက်နယ်မြေကို အသက်သွင်းလိုက်၏။ ဓားဆန္ဒများလည်း ဤလေဟာပြင်ထဲတွင် ပရမ်းပတာပြည့်နှက်သွားချေသည်။ ထိုဓားဆန္ဒများမှာ အုပ်မိုးထားသောသစ်သားဓားများကို ပိတ်ကာထားလိုက်သည်။
တားဆီးပိတ်ပင်ခံလိုက်ရသောသစ်ကိုင်းများမှာ ဖျက်စီးခံရလိုက် ပြန်ရှင်သန်လာလိုက်ဖြစ်နေလေသည်။ ယဲ့ချိုးပိုင်လည်း ထိုမြင်ကွင်းကိုမြင်သော် အတွေးနက်သွားရ၏။ ဤစင်္ကြံလမ်းကို သူဝင်လာချိန်တုန်းက သစ်သားဒြပ်စင်ဆန္ဒဘုံ၏အတားအဆီးက သူ့ကိုတားဆီးခဲ့သည်။ ယခုလည်း သစ်သားဒြပ်စင်ဆန္ဒဘုံ၏ပင်မဖြစ်သော သူ့ရှေ့ရှိဓားအစီအရင်ကလည်း သူ့ကိုတားဆီးနေပြန်လေသည်။ သစ်သားဒြပ်စင်ဆန္ဒဘုံ၏အမြုတေကား အဘယ်နည်း။ ၎င်းမှာ သိပ်သည်းပြီး အဆုံးမရှိပေ။
အမြစ်များ ဖျက်ဆီးမခံရသေးသရွေ့ သူတို့ကျိုးပဲ့ပျက်စီးသွားကြသည့်တိုင် မြန်မြန်ဆန်ဆန်ပြန်လည်ရှင်သန်နိုင်ကြသည်။ ဆွေးမြည့်နေသောသစ်သားများ ပြန်လည်သစ်လွင်လာခြင်းပင်။
ဤသို့ဆိုပါက သူ့ဓားသိုင်းစွမ်းရည်ကလည်း အလားတူပင်ဖြစ်နေလေမလား။
ထိုအကြောင်းကိုတွေးမိပြီး အဓိကအချက်ကိုဖမ်းဆုပ်လိုက်မိသည့်အလား ယဲ့ချိုးပိုင်၏စိတ်ထဲ၌ အသိတစ်ချက်လက်ခနဲဖြစ်သွားလေသည်။ ထို့ကြောင့် သူ အာဒိကပ္ပဓားသိုင်းကျမ်းကို ထုတ်သုံးလိုက်ချိန်တိုင်းမှာ အဆုံးမဲ့စိတ်စွမ်းအင်တစ်ခုက ဤဓားသိုင်းပိုင်နက်နယ်မြေထဲ၌ ပြည့်သိပ်လာခဲ့ခြင်းဖြစ်ပေလိမ့်မည်သာ။
ဤအဆုံးမဲ့စိတ်စွမ်းအင်ကို သူထိန်းချုပ်ပြီး သူ့ဓားသိုင်းတာအိုထဲသို့ ပေါင်းစပ်ပစ်လိုက်ချေသည်။ ထိုအခိုက်အတန့်လေးမှာ ဓားသိုင်းပိုင်နက်နယ်မြေကလည်း အပြောင်းအလဲဖြစ်သွားဟန်တူသည်။
၎င်းမှာ သိသာထင်ရှားနေခြင်းမျိုးမရှိတော့ဘဲ ပိုမိုသိပ်သည်းလာပေသည်။ ဓားဆန္ဒကလည်း လိမ်ယှက်နေသောသစ်ပင်အမြစ်များအဖြစ် အသွင်ပြောင်းသွားပုံပေါ်ပြီး သစ်သားဓားများကို ရစ်ပတ်ထားလိုက်သည်။ ၎င်းမှာ အလွန်တရာသိပ်သည်းလှပေသည်။
သစ်သားဓားများက ဆက်တိုက်ဖျက်ဆီးခံလိုက်ရပြီးနောက် တစ်ဖန်ပြန်လည်ရှင်သန်လာပြန်သည်။ ဓားသိုင်းပိုင်နက်နယ်မြေထဲရှိ ဓားဆန္ဒများကုန်ခမ်းမသွားသော်ငြား ထိုသစ်သားဓားများမှာ ဖျက်ဆီး၍မရနိုင်သည့်အရာများအလားပင်။ အဆုံးမဲ့စိတ်စွမ်းအင်ကို ထိုအထဲပေါင်းစပ်လိုက်သည့်နောက်မှာတော့ ဓားဆန္ဒများကလည်း ခုခံခံနေရသည့်ကြားက သစ်သားဓားများနှင့်နှောင်ဖွဲ့သွားနိုင်လိုက်ပေသည်။ ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ရေးရာချီစွမ်းအင်ကုန်ဆုံးမှုကလည်း တဖြည်းဖြည်းနှေးကွေးလာသည်။
အဆက်မပြတ်ရင်ဆိုင်တိုက်ခိုက်မှုအောက၌ သစ်တောငယ်လေးတစ်ခုလုံးကို ဓားသွားပိုင်နက်နယ်မြေက မလွှမ်းမိုးနိုင်ခင်မှာပင် သစ်ကိုင်းများလည်း အရေးနိမ့်ကာ နောက်ပြန်ဆုတ်လိုက်ကြရသည်။ ဓားသွားပိုင်နက်နယ်မြေက သစ်တောလေးထဲကို အဆက်မပြတ်ကျုးကျော်ဝင်ရောက်လာပေသည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်ကြာသောအခါ သစ်တောငယ်လေးတစ်ခုလုံးလည်း ပျောက်ကွယ်စပြုလာလေပြီဖြစ်၏။ ဓားအစီအရင်လည်း ကျိုးပျက်သွားချေပြီ။ ယဲ့ချိုးပိုင်က ရှေ့ဆက်သွားဖို့ အလျင်မလိုပေ။ ထိုအစား သူက တင်ပျဉ်ခွေထိုင်ချလိုက်ပြီး သူ ယခုလေးတင်ရရှိလိုက်သော သိမြင်နားလည်မှုကိုခိုင်မာသွားစေရန်အတွက် ဤလေဟာပြင်ထဲရှိ ဆန္ဒဘုံကိုခံစားကြည့်လိုက်လေသည်။
ခဏအကြာ အရှိန်အဝါတစ်ခုက ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်မှ ဖြည်းဖြည်းချင်းဖြာထွက်လာသည်။ အဆင့်ဖြတ်ကျော်အောင်မြင်ခြင်းပေတည်း။
သူဟာ ရေအလျဉ်ပြည့်လျှံရေးအလယ်အလတ်အဆင့်ကို ရောက်ရှိသွားပြီသာ။ ယဲ့ချိုးပိုင်၏တာအိုအခြေခံအုတ်မြစ်ကလည်း အလွန်တည်ငြိမ်နေပေတော့သည်။ လူတစ်ယောက်မှာ သိမြင်နားလည်မှုများရှိနေသေးသရွေ့ အချိန်မရွေးအဆင့်ဖြတ်ကျော်နိုင်လိမ့်မည်သာဖြစ်၏။
အရာအာလုံး ချောမွေ့နေချေသည်။
ထိုအချိန်မှာ ယဲ့ချိုးပိုင်က ရှေ့ဆက်သွားဖို့ရွေးချယ်လိုက်သည်။
သူသည် အမွေအနှစ်ခန်းမထဲရှိ ဒုတိယစစ်ဆေးမှုကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့လေပြီ။ သူ စင်္ကြံကိုဖြတ်လာခဲ့သည်။ ၎င်းမှာ ရင်ပြင်လိုနေရာမျိုးနှင့်တူသော ဗလာကျင်းနေသည့်နေရာတစ်ခုပင်။ ဤနေရာ၌ ဘာမှမရှိပေ။
ဤနေရာတွင် ရင်ပြင်အလယ်နားရှိ သစ်သားရုပ်တုကြီးတစ်ခုသာရှိ၏။ သူ့တစ်ကိုယ်လုံးက သစ်ပင်ပင်စည်ကြီးနှင့်တူလှလေသည်။ သူက လက်ထဲတွင် သစ်သားဓားတစ်လက်ကိုကိုင်စွဲထားလေသည်။
ဤသည်မှာ တတိယစစ်ဆေးမှုဖြစ်ကြောင်းသိသာလှသည်။
ယဲ့ချိုးပိုင်က သစ်သားဓားကိုမြှောက်ပြီး စကားတစ်ခွန်းမှမဆိုဘဲ သစ်သားရုပ်တုကြီးဆီကို အပြေးသွားလိုက်သည်။ ထိုအချိန်တွင် သစ်သားလူရုပ်ကြီးကလည်း သစ်သားဓားကိုကိုင်စွဲ၍ ယဲ့ချိုးပိုင်ဆီသို့ ကိုယ်နေဟန်ထားတစ်ပုံစံတည်းဖြင့် ပြေးလာသည်။
နှစ်ယောက်စလုံး ဝင်တိုက်မိကြလေသည်။
သစ်သားဓားနှစ်လက်လည်း ထိခတ်မိကြသည်။
ယဲ့ချိုးပိုင်က တွေဝေမနေချေ။ သူ့ဓားဆန္ဒများထွက်ပေါ်လာပြီး သစ်သားရုပ်တုကြီးကို တိုက်ချပစ်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် သစ်သားရုပ်တုကြီးကလည်း ဓားဆန္ဒတစ်ခုကိုထုတ်လွှတ်လာပြီး ယဲ့ချိုးပိုင်ကိုတိုက်ခိုက်လေတော့သည်။ ထိုအတွင်းထဲရှိအရှိန်အဝါမှာ ယဲ့ချိုးပိုင်၏အရှိန်အဝါနှင့် အလွန်တရာဆင်တူလေသည်။
ဓားဆန္ဒများ ဝင်ရောက်တိုက်ခတ်မိကြကုန်၏။
သို့သော် သူ့အနေနှင့် တစ်ဖက်လူကို ဘာမှလုပ်နိုင်စွမ်းမရှိပေ။ ယဲ့ချိုးပိုင်က သူ့ဓားကိုပြန်ရုပ်ပြီး နောက်ပြန်ဆုတ်လိုက်၏။
သူက သစ်သားရုပ်တုကြီးကို တည်ငြိမ်နေသောအမူအရာဖြင့်ကြည့်လိုက်သည်။
ဤသစ်သားရုပ်တုကြီးနှင့် သူတိုက်ခိုက်နေစဉ်မှာ သူ့ကိုယ်ပွားတစ်ခုနှင့် တိုက်ခိုက်နေရသလိုခံစားလိုက်ရသည်။ သူ ဘယ်လိုလှုပ်ရှားမှုမျိုးကိုပဲလုပ်လုပ် တစ်ဖက်လူကလည်း တစ်ပုံစံတည်းလှုပ်ရှားလာလိမ့်မည်သာ။
တိုက်ခိုက်မှုစည်းချက်ပင်ဖြစ်စေ တိုက်ကွက်၏ခွန်အားပင်ဖြစ်စေ ကွာခြားချက်များများစားစားမရှိချေ။
ဤအကျပ်အတည်းကား သူ့ကိုအနိုင်ယူဖို့ သူ့ကိုပင်လိုအပ်နေလေသလား။
ယဲ့ချိုးပိုင် ပြုံးလိုက်မိသည်။ သူ့မျက်လုံးထဲမှာတော့ တိုက်ခိုက်လိုသောစိတ်ဝိညာဉ်များရှင်သန်နေချေသည်။
ပြီးပြည့်စုံလှပေသည်။ သူ သစ်သားရုပ်တုများဖြင့် သူ့ဓားသိုင်းတာအိုကို လက်ရည်သွေးနိုင်ပေသည်။