ရွှေရောင်သံချပ်ကာရုပ်တုများကို ကိုင်တွယ်ဖြေရှင်းပြီးလေပြီ။
သို့သော် ယဲ့ချိုးပိုင်က အများဆုံးကူညီထောက်ပံ့ပေးခဲ့ကြောင်း လူတိုင်းသိကြလေသည်။ ကာကွယ်တားဆီးရေးမှာဖြစ်စေ နောက်ဆုံးပိတ်တိုက်ခိုက်မှုမှာဖြစ်စေ ယဲ့ချိုးပိုင်က အရေးကြီးဆုံးအခန်းကဏ္ဍမှာပါဝင်ခဲ့သည်။
မုရုန်ဇီကလည်း ယဲ့ချိုးပိုင်သာမပါလျှင် ထိုရွှေရောင်သံချပ်ကာရုပ်တုကြီးနှစ်ခုကို ဤမျှအချိန်တိုအတွင်း သူရင်ဆိုင်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ကြောင်း နားလည်သဘောပေါက်လေသည်။ ဤရွှေရောင်သံချပ်ကာရုပ်ကြီး၏ခွန်အားအစစ်အမှန်မှာ အာကာသနတ်ဘုရားအဆင့်နှင့်ပင် နီးစပ်နေပြီဖြစ်၏။
ထို့ကြောင့် သူ့နှလုံးသားက အနည်းငယ်လေးလံနေခဲ့ရခြင်းပင်။ အစတုန်းက သူဟာ ထိပ်တန်းပါရမီရှင်များထဲမှတစ်ဦးအဖြစ် သတ်မှတ်နိုင်သည်ဟု သူ့ကိုယ်သူထင်ခဲ့မိသော်လည်း ယဲ့ချိုးပိုင်အရှေ့မှာမူ သူသည် တစ်ဖက်လူကို စင်စစ်အနိုင်ပိုင်းနိုင်စွမ်းမရှိတော့ပေ။
အချိန်ကျလာလျှင် ယဲ့ချိုးပိုင်၏အဆင့်က မြင့်တက်လာပြီး သူ့ခွန်အားကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် အလွန်အမင်းမြင့်တက်လာပေလိမ့်မည်။
လျန်ဖန်းက သူ့ဓားကို ဓားအိမ်ထဲသို့ပြန်ထည့်လိုက်ပြီး ဓားကိုကိုင်ကာ ယဲ့ချိုးပိုင်ဆီသို့ ခါးသက်သက်အပြုံးလေးဖြင့်ချဉ်းကပ်သွားလိုက်လေသည်။
“မင်း အတိအကျပြောရရင် ဘယ်လောက်တောင်ကျင့်ကြံခဲ့တာလဲ။ မင်းက ဘာလို့ ပိုပိုပြီးအစွမ်းထက်လာရတာလဲကွာ”
ယခင်တုန်းက လျန်ဖန်းအနေနှင့် အနည်းဆုံးတော့ သူ့မှာ ယဲ့ချိုးပိုင်ကိုအမီလိုက်နိုင်သည့်အခွင့်အရေးတစ်ခုရှိသည်ဟု ထင်ခဲ့မိသည်။ သူ ယဲ့ချိုးပိုင်ကိုသာအောင်လုပ်နိုင်သည်ဟုတော့ မပြောနိုင်သော်ငြား အနည်းဆုံးတော့ သူ့အရိပ်နောက်ကို အမီလိုက်နိုင်လောက်သည်ဟုပင်။
ယနေ့တိုက်ပွဲအပြီးမှာမူ လျန်ဖန်းခမျာ ထိုကဲ့သို့သောစကားမျိုးကိုပင် မပြောရဲတော့ချေ။ ယဲ့ချိုးပိုင်၏ခွန်အားမှာ အလွန်လျင်မြန်လှစွာတိုးတက်နေပေသည်။ သူ အစွမ်းကုန်ထုတ်သုံး၍ ကျင့်ကြံအားထုတ်လျှင်ပင် သူတို့နှစ်ယောက်ကြားရှိအကွာအဝေးမှာ ကျယ်ပြောလွန်းလှသေးသည်။
ယဲ့ချိုးပိုင်ကပြုံး၍ ပြောလာလေသည်။
“သေချာကျင့်ကြံအားထုတ်ပေါ့ကွာ။ မင်းလည်း လုပ်နိုင်ပါတယ်”
လျန်ဖန်း : ”…”
ဤလူ၏ခွန်အားတိုးတက်လာပုံမှာ မြန်သည်ထက်ပိုမြန်ဆန်လှသည်။ ထို့အတူပင် သူသည် ပို၍ပို၍စိတ်ရှုပ်ဖို့လည်းကောင်းလာသေးသည်။
“ငါမင်းကိုရိုက်လို့ရလား”
“စမ်းကြည့်လေ”
ငါ့ဖင်ကိုစမ်းကြည့်ပါလား…
စမ်းကြည့်လိုက်တာနဲ့ ငါသေမှာပေါ့ဟ…
လျန်ဖန်းက သူ့မျက်ဆန်ကိုလည်လိုက်မိပြီး အပြိုအပျက်ခန်းမကြီးထဲသို့ လျှောက်သွားလိုက်လေသည်။
သူ ဤလူနှင့်ထပ်အချိန်ဖြုန်းမနေနိုင်ပေ။ ထိုသို့သာဆက်လုပ်နေပါက သူ ဒေါသထွက်လွန်း၍ သေသွားနိုင်လောက်သည်။
ထိုအချိန်၌ အပြိုအပျက်ခန်းမ၏တံခါးက ဖြည်းဖြည်းချင်းပွင့်သွားနှင့်ပြီဖြစ်၏။
လူအားလုံးလည်း တစ်ချက်ကြည့်လိုက်ပြီး ပင်မခန်းမထဲသို့လျှောက်ဝင်သွားလိုက်ကြသည်။ သူ့တို့မျက်လုံးထဲတွင် အရူးအမူးဖြစ်နေလေဟန်အကြည့်များ ကိန်းအောင်းနေပေသည်။
ဤသည်မှာ ဓားသိုင်းပညာရှိ၏အမွေအနှစ်ပင်။ ဤခေတ်အခါတွင် ဓားသိုင်းပညာရှိတစ်ဦးမျှပင် ပေါ်ပေါက်မလာတော့ပေ။
ယဲ့ချိုးပိုင်လည်း ဓားသိုင်းပညာရှိ၏အမွေအနှစ်ကို စိတ်ဝင်စားမှုမရှိသော်လည်း အထဲကိုဝင်သွားလိုက်သည်။
ပင်မခန်းမထဲ၌….
စင်္ကြံလမ်းကိုဖြတ်လျှောက်လာပြီးနောက် သူတို့ ဧရာမရင်ပြင်တစ်ခုဆီသို့ ရောက်လာကြသည်။
ရင်ပြင်ရှေ့တွင် စင်္ကြံလမ်းလေးခုရှိပြီး စင်္ကြံလမ်းတစ်ခုချင်းစီ၏ရှေ့တွင်မူ ဓားဆန္ဒများနှင့်ပြည့်နှက်နေသော အကာအကွယ်စည်းတစ်ခုရှိသည်။ ဤသည်မှာ ဒုတိယမြောက်စစ်ဆေးမှုပင်။
လူတိုင်းလည်း ရှေ့ကိုတိုးသွားလိုက်ပြီး သေချာဂရုတစိုက်အကဲခတ်လိုက်ကြသည်။ အကာအကွယ်စည်းတစ်ခုချင်းစီတိုင်းမှာ အရောင်မတူသည်ကို သတိထားမိလိုက်ကြသည်။
ထိုအရာကို အာရုံခံပြီးနောက် မတူညီသောအရောင်များက မတူညီသောဂုဏ်သတ္တိများကို ကိုယ်စားပြုနေကြောင်း သူ သဘောပေါက်လိုက်သည်။ ဘယ်ဘက်မှညာဘက်အတိုင်းအစဉ်လိုက်သွားသော် အနီရောင်၊ အပြာရောင်၊ အစိမ်းရောင်နှင့် အဖြူရောင်ဟူ၍ရှိသည်။
အနီရောင်အတားအဆီးမှာ မီးလျှံများဖြင့်ဖွဲ့စည်းထားပြီး မီးလျှံဆန္ဒအဆင့်၏အရှိန်အဝါရှိလေသည်။ အပြာရောင်အတားအဆီးက ရေခဲနံရံတစ်ခုအလားပင်။ ၎င်းမှာ သဘာဝကျကျပင် ရေခဲဆန္ဒပင်ဖြစ်ချေသည်။ အစိမ်းရောင်အတားအဆီးကတော့ လိမ်ထွေးယှက်သွယ်နေသော သစ်ပင်အမြစ်များရှိပြီး ထိုအမြစ်များက သစ်သားနံရံကြီးတစ်ခုအဖြစ် အသွင်ပြောင်းနေလေသည်။ ၎င်းမှာ သစ်သားဒြပ်စင်ဆန္ဒအဆင့်ဖြစ်၏။
အဖြူရောင်အတားအဆီးကမူ လေပွေကြောင့်ဖြစ်တည်လာခြင်းပင်။ ၎င်းမှာ လေပြည်ဆန္ဒဖြစ်လေကြောင်း ပြောနေစရာပင်မလိုချေ။
ဤအရာက လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
ဤဓားသိုင်းပညာရှိက ဓားသိုင်းတာအိုကိုကျင့်ကြံရင်း ဆန္ဒအဆင့်လေးမျိုးစလုံးကိုပိုင်ဆိုင်ထားခြင်းများ ဖြစ်လေမလား။
ဆန္ဒအဆင့်များကို နားလည်သိမြင်နိုင်ခြင်းမှာ အခွင့်အလမ်းနှင့် အရည်အချင်းပေါ်မှီခိုနေလေသည်။ တချို့လူများဆိုလျှင် သူတို့တစ်ဘဝလုံး မည်မျှခက်ခက်ခဲခဲကြိုးစားသည်ဖြစ်ပါစေ ဆန္ဒအဆင့်များကို နားလည်သိမြင်နိုင်စွမ်းမရှိခဲ့ကြပေ။ ဆန္ဒအဆင့်တစ်ခုသာ ပိုင်ဆိုင်ထားသူများလည်းရှိသည်။
ဆန္ဒအဆင့်နှစ်ခုဆိုလျှင်ပင် ပါရမီရှင်ဟုသတ်မှတ်နိုင်နေလေပြီ။
ဆန္ဒအဆင့်သုံးခုပိုင်ဆိုင်ထားပါက နှစ်တစ်သောင်းတွင်တစ်ခါသာပေါ်ပေါက်လာတတ်သော မကောင်းဆိုးဝါးတစ်ကောင်ဟုပင် ဆိုနိုင်လေပြီဖြစ်၏။ လေးမျိုးစလုံးဆိုသည်မှာတော့….
ဤခေတ်မှာ ယခင်က သူတို့လုံးဝမမြင်ဖူးခဲ့ချေ။
ယဲ့ချိုးပိုင်လည်း အနည်းငယ်အံ့ဩသွားလေသည်။
ရှေးခေတ်ပညာရှင်များက အလွန်အမင်းအစွမ်းထက်လှသည်မှာ စင်စစ်ပင်။ သူသိထားသလောက်ဆိုလျှင် သူ့ဆရာတစ်ယောက်တည်းကသာ ထိုဆန္ဒအဆင့်လေးမျိုးစလုံး ပိုင်ဆိုင်ထားပေသည်။
လျန်ဖန်းက ဘေးဘက်မှ စကားဆိုလာလေသည်။
“သူတို့က ငါတို့ကို စင်္ကြံတစ်ခုရွေးခိုင်းနေတာလား။ ဒါမှမဟုတ် စင်္ကြံတစ်ခုချင်းစီရဲ့နောက်မှာ အမွေအနှစ်တစ်မျိုးစီရှိနေတာများလား”
ယဲ့ချိုးပိုင် ခေါင်းခါပြလိုက်သည်။ သူလည်းမသိပေ။
ဤအခိုက်အတန့်တွင် ကျင်ခပ်ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားတစ်ယောက် ယပ်တောင်တစ်ခုကိုင်လျက် ထွက်လာလေသည်။
“ငါထင်သားပဲ။ ဒါပေမဲ့ ဒီနေရာမှာ လူတွေအများကြီး ရွေးချယ်ခံရလိမ့်မယ်လို့တော့မထင်ဘူး”
သူတို့နှစ်ယောက် လှမ်းကြည့်လိုက်လေရာ မုရုန်ဇီက သူတို့ဘက်သို့လျှောက်လာသည်ကိုမြင်လိုက်ရသည်။
မုရုန်ဇီက ယဲ့ချိုးပိုင်ကိုကြည့်၍ အပြုံးလေးဖြင့်မေးလိုက်ချေသည်။
“ဘယ်လိုလဲ ညီအစ်ကိုယဲ့…။ ဘယ်တစ်ခုကိုရွေးဖို့စဉ်းစားထားလဲ”
သူ့မျက်ဝန်းထဲတွင် ကရုဏာတရားများအပြည့်ပင်။ သူက ယဲ့ချိုးပိုင်နှင့် မိတ်ဆွေဖွဲ့ချင်နေသည်မှာ သိသာလှသည်။ မည်သို့ပင်ဖြစ်စေ ယဲ့ချိုးပိုင်၏အရည်အချင်းနှင့်ခွန်အား အလွန်မြင့်လှပေသည်။
မုရုန်မိသားစု၏ဆက်ခံသူတစ်ယောက်အနေနှင့် မုရုန်ဇီဟာ နောင်တွင် မိသားစုအတွက် အစွမ်းထက်သောမဟာမိတ်တစ်ယောက်ကို စည်းရုံသိမ်းသွင်းထားရမည်မှာ သဘာဝပင်။
ယဲ့ချိုးပိုင်က တစ်ခဏမျှတွေးကြည့်လိုက်သည်။
သူ့မှာ ယခုဓားဆန္ဒနှင့် ရေခဲဓားဝိညာဉ်ကိန်းအောင်းနေသော ရေခဲဆန္ဒတို့ကို ပိုင်ဆိုင်ထားသည်။ ထို့နောက် အာဒိကပ္ပဓားသိုင်းကြောင့် အဆုံးမဲ့စိတ်စွမ်းအင်တို့ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ အဆုံးမဲ့အသက်ဓာတ်၏အဓိပ္ပာယ်မှာ သစ်သားဒြပ်စင်ဆန္ဒအဆင့်၏အထက်၌ တည်ရှိသည်ဟူသောသဘောပင်။ ထိုသို့ဆိုပါက သူ့တွင် ရွေးချယ်စရာနှစ်ခုသာရှိသည်ဟုဆိုနိုင်သည်။
ထိုနှစ်ခုမှာ ရေခဲဆန္ဒအတားအဆီးနှင့် သစ်သားဒြပ်စင်ဆန္ဒတို့ပင်။ နှစ်ခုထဲမှတစ်ခုကို ရွေးရပါလျှင် သစ်သားဒြပ်စင်ဆန္ဒပေတည်း။ မည်သို့ပင်ဖြစ်စေ အာဒိကပ္ပဓားသိုင်းကျမ်းမှာ သူ့အခြေခံအုတ်မြစ်ပင်ဖြစ်ချေသည်။ ၎င်းမှာ ယဲ့ချိုးပိုင်၏အစွမ်းထက်သောအခြေခံအုတ်မြစ်တည်ရှိရာနေရာပင်။
“ငါ သစ်သားဒြပ်စင်ဆန္ဒအဆင့်ကိုသွားမယ်”
ယဲ့ချိုးပိုင်၏ရွေးချယ်မှုကိုကြားလိုက်ရသောအခါ လျန်ဖန်းက ချက်ချင်းပင် မီးတောက်ဆန္ဒတည်နေရာကို လက်ညှိုးညွှန်ပြလိုက်ပြီး ပြောလေသည်။
“ငါ မင်းလိုလူထူးဆန်းမျိုးနောက်ကို တကောက်ကောက်လိုက်နေမှာမဟုတ်ဘူး။ မင်းဆီက ငါဘာမှလည်းလုနိုင်တာမဟုတ်ဘူး”
မုရုန်ဇီက လျန်ဖန်း၏စကားများကိုကြားသောအခါ သေချာတွေးတောကြံဆနေပေသည်။ ယဲ့ချိုးပိုင်၏သိမြင်နားလည်နိုင်စွမ်းကလည်း လက်ဖျားခါစရာကောင်းလောက်ပေသည်။ မုရုန်ဇီ ပြုံးလျက်ပြောလိုက်၏။
“ငါလည်း မီးတောက်ဆန္ဒကိုရွေးမယ်။ ညီအစ်ကိုလျန်.. ငါတို့အတူသွားကြမလား”
လျန်ဖန်းက မုရုန်ဇီအပေါ် အမြင်မကြည်ခြင်းမျိုးမရှိပေ။ သူ့ဘက်က ထိုသို့ပြောလာသည့်အခါ သူမငြင်းဘဲ ခေါင်းညိတ်ပြလိုက်သည်။ ဤအခိုက်အတန့်မှာ ဓားသိုင်းကျင့်ကြံသူများဟာ သူတို့ဝင်ရောက်လိုသောစင်္ကြံကို ရွေးချယ်နေကြပြီဖြစ်၏။
သူ ရှေ့ဆက်လျှောက်သွားလိုက်သည်။ သို့သော် ကိစ္စရပ်များမှာ သူတို့ထင်ထားသလို ရိုးရှင်းမနေချေ။
အထဲကိုဝင်တော့မည့်ဟန်ပြုနေသော လူလေးယောက်မှာ အတားအဆီးကိုထိမိရုံရှိသေး အတားအဆီး၏တိုက်ခိုက်မှုကို ချက်ချင်းခံလိုက်ရပေသည်။
ထိုလူများမှာ ခဏမျှသာတောင့်ခံထားလိုက်နိုင်ပြီး သွေးအန်ရင်း လေထဲလွင့်ထွက်ကာ အပြင်းအထန်ဒဏ်ရာရသွားကြလေသည်။ ထို့အတူပင် တိုက်ခိုက်မှုကိုတောင့်ခံကာ အတားအဆီး၏တစ်ဖက်ခြမ်းကို ခက်ခက်ခဲခဲကျော်လွှားနိုင်သူများလည်းရှိသည်။ ၎င်းမှာ လူအုပ်စုကြီးကို ရွေးချယ်စစ်ဆေးလိုက်ခြင်းပင်။
ဝင်ပေါက်နားရှိ ပထမစမ်းသပ်ချက်ဖြစ်သည့် ရွှေရောင်သံချပ်ကာရုပ်တုကြီးက ခက်ခဲနက်နဲသောအခြေအနေဆီကို မျှားခေါ်ခြင်းသာဖြစ်ပြီး ပင်မခန်းမထဲရောက်လျှင်မူ သူတို့ ကိုယ်ကိုယ့်ကိုယ်သာအားကိုးရမည်ဖြစ်၏။
သိုင်းကျင့်ကြံသူများမှာ ကျင့်ကြံရေးလမ်းစဉ်ပေါ်တွင် လျှောက်လှမ်းနေရသူများဖြစ်၏။ ထိုလမ်းကိုလျှောက်ရသည်မှာ အထီးကျန်လှသည်။ အဆုံးမှာမူ သူတို့ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရမည်ဖြစ်သည်။
ခက်ခဲနက်နဲသောအခြေအနေမှာ ရေသာခိုလိုက်လာပြီး တစ်ပါးသူကိုမှီခိုအားကိုးခြင်းမှာ မဟာတာအိုကို ပြီးမြောက်အောင်မြင်နိုင်မှာမဟုတ်ပေ။
သူ အထွတ်အထိပ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီးဖြစ်၏။
လျန်ဖန်းက ဆိုလာ၏။
“ငါ အရင်သွားနှင့်မယ်”
ထို့နောက် သူ မီးတောက်နံရံဆီသို့ လျှောက်သွားလိုက်သည်။ မုရုန်ဇီကလည်း အပြုံးတစ်ပွင့်ဆင်မြန်းလျက် သူ့ယပ်တောင်ကို ဘန်းခနဲခေါက်သိမ်းလိုက်သည်။ သူလည်း သူတို့နောက်ကို လိုက်သွားလိုက်သည်။
“ညီအစ်ကိုယဲ့… မင်းလည်းလုပ်နိုင်ပါတယ်”
လူတိုင်းက လျန်ဖန်းနှင့် မုရုန်ဇီကိုကြည့်လိုက်ကြသည်။
ဤလူအုပ်စုတွင် သူတို့နှစ်ယောက်၏ခွန်အားနှင့်အရည်အချင်းက ထိပ်တန်းပင်။ လျန်ဖန်းက မီးတောက်နံရံထဲသို့ ပထမဆုံးခြေစလှမ်းလိုက်သည်။ မီးတောက်မီးလျှံများက ဟုန်းဟုန်းတောက်နေချေသည်။
လျန်ဖန်း၏အမူအရာမှာ မပြောင်းလဲဘဲ မီးတောက်များကိုသီးခြားအကန့်ခွဲလိုက်ရန်အတွက် ဓားသိုင်းနိယာမအတားအဆီးတစ်ခုကို တည်ဆောက်လိုက်သည်။ မကြာခင်၌ သူတို့ အတားအဆီးကို ဖြတ်ကျော်သွားကြလေတော့သည်။
တစ်ဖက်မှာမူ မုရုန်ဇီက မီးတောက်ခုခံရေးအစီအရင်ကို အသက်သွင်းပြီး ထိုမီးတောက်ကြီးကို အလွယ်တကူဖြတ်သွားလိုက်၏။ လူအပေါင်းမှာ ကူကယ်ရာမဲ့စွာဖြင့် ခါးသက်သက်ပြုံးလိုက်မိကြတော့သည်။
တချို့က မဖြတ်ကျော်နိုင်ခဲ့ကြချေ။ အကယ်၍ ဖြတ်ကျော်နိုင်ခဲ့လျှင်ပင် ခွန်အားအများကြီးစိုက်ထုတ်မှရပေမည်။ သို့သော် သူတို့နှစ်ယောက်ကတော့ များများစားစားခွန်အားစိုက်ထုတ်လိုက်ရပုံမပေါ်ပေ။ ထို့ကြောင့် သူတို့ ယဲ့ချိုးပိုင်ကိုကြည့်လိုက်မိကြသည်။
ယဲ့ချိုးပိုင်က သစ်သားဒြပ်စင်ဆန္ဒအဆင့်ရှိရာအတားအဆီးကို ရွေးချယ်ခဲ့ပေသည်။ ယဲ့ချိုးပိုင်တစ်ယောက် ဤနေရာမှဘယ်လိုဖြတ်ကျော်သွားမလဲဆိုသည်ကို သူတို့မြင်ချင်လှသည်။