ယဲ့ချိုးပိုင်စွမ်းဆောင်ခဲ့သည့်လုပ်ရပ်များမှာ အဓိကဂိုဏ်းဂဏများ၏ထိပ်သီးပိုင်းတပ်ပေါင်းစုများအကြားတွင်သာ ပျံ့နှံ့ခဲ့ခြင်းဖြစ်၏။ သို့သော် ၎င်းမှာလည်း အကန့်အသတ်ရှိပေသည်။ မည်သို့ပင်ဖြစ်စေ သူ့စွမ်းဆောင်မှုများက အလွန်ထိတ်လန့်ဖွယ်ကောင်းနေဆဲပင်။
သူသည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းပေါ်ရှိ ပညာရှင်တစ်ယောက်ကို ပင်လယ်ရေလှိုင်းအဆင့်မျှဖြင့် သုတ်သင်ခဲ့ဖူး၏။ သူဟာ ပင်မဘုံနှစ်ခုကိုလည်း ဖြတ်ကျော်နိုင်ခဲ့သည်။
အဆင့်မြင့်လေလေ ကွာဟချက်ကလည်းကြီးလေလေပင်။ ပင်မကျောင်းတော်နှင့် လျှို့ဝှက်ဓားသွားဂိုဏ်းထဲတွင် သူစွမ်းဆောင်ခဲ့သောအရာများကို ခေါင်းဆောင်ယန်နှင့် လင်းရူဖုန်းတို့က တမင်တကာဖုံးဖိထားခဲ့ခြင်းဖြစ်၏။
အပင်မြင့်လေ လေတိုက်လေလေပင်။ ဤနည်းလမ်းဖြင့် သူတို့က ယဲ့ချိုးပိုင်ကို ပိုမိုကောင်းမွန်စွာကာကွယ်ခဲ့ကြသည်။ ထို့ကြောင့် မသမာသူကျင့်ကြံရေးသမားများနှင့် ဂိုဏ်းများက ထိတ်ထိတ်ကြဲပုဂ္ဂိုလ်တစ်ဦး၏အဆင့်အထိ လက်လှမ်းမမီခဲ့ကြခြင်းဖြစ်သည်။ ထိုကဲ့သို့သောသတင်းမျိုးကို အရယူရန်မှာလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် ထိုလူများအနေနှင့် ယဲ့ချိုးပိုင်အကြောင်းကိုမသိသည်မှာ သဘာဝကျပေသည်။
မုရုန်ဇီလည်း ထိုမြင်ကွင်းကိုမြင်သောအခါ နှလုံးခုန်သံ စည်းချက်တစ်ချက်လွဲသွားလေသည်။
ယဲ့ချိုးပိုင်၏ခွန်အားမှာ မိသားစုထဲ၌ထွက်နေသောကောလာဟလများထဲကလို အစွမ်းထက်လှပေသည်။ ၎င်းမှာ အဆင့်များဖြင့်ဖြတ်ကျော်နိုင်သည့်အရာမျိုးမဟုတ်ပေ။
ဘေးမှာရှိနေသောလျန်ဖန်းကတော့ ယဲ့ချိုးပိုင်ကိုလှည့်မကြည့်အားပေ။ ရွှေရောင်သံချပ်ကာရုပ်တုကြီးက လှံတံကိုကိုင်စွဲလျက် သူ့ဆီသို့ချီတက်လာပြန်လေသည်။ လျန်ဖန်းကလည်း သူ့လက်ထဲရှိဓားရှည်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့လက်ချောင်းများကို ဓားသွားတစ်လျှောက်ပွတ်ဆွဲလိုက်သည်။ ဓားရှည်ထက်၌ အစိမ်းရောင်အလင်းတန်းတစ်ခု တောက်ပလာချေသည်။
ထို့နောက် ထိုဓားသွားမှာ ရွှေရောင်သံချပ်ကာရုပ်တုကြီးဆီကို ထိုးခွင်းသွားလေတော့သည်။ ထိုဓား ထိုးဖောက်သွားသောအခါ အစိမ်းရောင်ဓားရောင်ခြည်များက လျန်ဖန်းနောက်တွင်စုဝေးလာပြီး ရွှေရောင်သံချပ်ကာရုပ်တုကြီးဆီသို့ ပစ်လွှတ်လိုက်ပေတော့သည်။ ဓားမိုးရွာနေသည့်အလားပါပင်။ ၎င်းကား အဆုံးမရှိတော့ပေ။
ရွှေရောင်သံချပ်ကာရုပ်တုကြီးကတော့ ထိတ်လန့်တုန်လှုပ်ဟန်မတူပေ။ ထိုရုပ်တုကြီးက လှံတံကို လက်နှစ်ဖက်စလုံးဖြင့် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်ပြီး လျန်ဖန်းဆီကို တောင်တန်းလေးတစ်ခုနှယ် တိုးလာလေသည်။ သို့သော် ထိုမိုးပြာရောင်ဓားရောင်ခြည်များက ရွှေရောင်သံချပ်ကာရုပ်တု၏ခန္ဓာကိုယ်ပေါ်ကို ဆက်လက်တိုက်ခိုက်နေတော့သည်။ သတ္တုချင်းထိခတ်မိသံတရွှမ်းရွှမ်း အတွဲလိုက်ထွက်ပေါ်လာချေသည်။
သို့သော် ထိုရုပ်တုကြီးကတော့ ထိခိုက်မိခြင်းအလျဉ်းမရှိ။ လျန်ဖန်း၏မျက်နှာမှာ အေးခဲသွားလေသည်။ တစ်ဖက်လူ၏ကျင့်ကြံရေးအဆင့်မှာ သူ့ထက်မြင့်မားရုံသာမက သူ့ခန္ဓာကိုယ်ကပင် မယှဉ်နိုင်လောက်အောင်မာကျောလှသည်။
လျန်ဖန်း၏တိုက်ခိုက်မှုမှာ ရွှေရောင်သံချပ်ကာရုပ်တုကို အနည်းငယ်မျှနှေးကွေးသွားစေရုံသာ စွမ်းဆောင်နိုင်ပြီး အပြင်းအထန်ထိခိုက်ဒဏ်ရာမျိုးကိုတော့ မဖြစ်စေခဲ့ချေ။ လျန်ဖန်းလည်း အံတင်းတင်းကြိတ်၍ ထပ်မံတိုက်ခိုက်မည်အပြု…
ဤလေဟာပြင်ကြီးထဲကို ဓားဆန္ဒတစ်ခု လွှမ်းခြုံသွားပေသည်။
တစ်ပြိုင်နက်မှာပင် အမှောင်ထုကြီးစိုးထားသောဓားဆန္ဒကြီးက ရွှေရောင်သံချပ်ကာရုပ်တုကြီးကို ဆက်လက်တိုက်ခိုက်နေပြီး သူ့အရှိန်ကိုထပ်မံနှေးကွေးသွားစေသည်။ လျန်ဖန်းပေါ်ရှိဖိအားက ရုတ်ခြည်းလျော့ကျသွား၏။
ဓားသွားပိုင်နက်နယ်မြေပင်တည်း။
လျန်ဖန်းကလည်း ယဲ့ချိုးပိုင် သိုင်းကွက်ထုတ်သုံးလိုက်ကြောင်း သိလိုက်ပေသည်။ ရွှေရောင်သံချပ်ကာရုပ်တုကို တစ်ကိုယ်တည်းရင်ဆိုင်နေစဉ်မှာ ယဲ့ချိုးပိုင်ဟာ သူ့ကိုကူညီပေးဖို့ပင် ခွန်အားရှိနေသေးသည်။
သူနှင့်ယဲ့ချိုးပိုင်တို့ကြားရှိကွာဟချက်မှာ မည်မျှကြီးမားကြောင်း သိသာလေသည်။
လျန်ဖန်းခမျာ စိတ်ထဲမှ ခါးသက်စွာပြုံးလိုက်မိသော်လည်း သူ့လက်ထဲရှိဓားရှည်ကတော့ ဆက်လက်တိုက်ခိုက်နေဆဲပင်။ သူ ရွှေရောင်သံချပ်ကာရုပ်တု၏အရှိန်ကို လျှော့ချရန်အတွက် ဓားသိုင်းများကို ဆက်တိုက်ထုတ်သုံးနေလိုက်သည်။
တစ်ဖက်တွင်မူ ယဲ့ချိုးပိုင်မှာ သစ်သားဓားကိုကိုင်ပြီး ချိန်ရွယ်ထားလိုက်သည်။ ဓားသွားပိုင်နက်နယ်မြေထဲရှိ ကြီးကျယ်ခမ်းနားလှသောဓားဆန္ဒက ဓားဆန္ဒမြစ်ပြင်ကြီးအဖြစ်အသွင်ပြောင်းသွားပြီး ရွှေရောင်သံချပ်ကာရုပ်တုဆီကို ပေါက်ကွဲထွက်လာလေသည်။ ရွှေရောင်သံချပ်ကာရုပ်တုကလည်း ထိုခြိမ်းခြောက်မှုကိုခံစားမိပုံပေါ်ပြီး သူ့ခြေလှမ်းကိုရပ်တန့်လိုက်သည်။ ထို့နောက် သူ့လက်ထဲကလှံတံကို ပစ်လွှတ်လိုက်သည်။
ဧရာမလှံတံရောင်ခြည်တစ်ခုက ဓားဆန္ဒမြစ်ပြင်ကြီးဆီကို တိုးဝင်သွားလေသည်။ နှစ်ဖက်စလုံး ဝင်တိုက်မိကြကုန်၏။ ဓားဆန္ဒမြစ်ပြင်ထဲရှိ ဓားဆန္ဒမှာ လှံတံရောင်ခြည်ကြောင့် ပြန့်ကျဲသွားလေသည်။ လှံတံ၏တိုက်ခိုက်မှုကလည်း အားနည်းဖျော့တော့သွား၏။ နှစ်ဖက်စလုံးတွင် ဟန်ချက်ညီညီပင်။
ဤမြင်ကွင်းကြောင့် ဘေးဘကသို့လဲကျသွားကြသော ဓားသိုင်းကျင့်ကြံသူများမှာ ထိတ်လန့်သွားကြလေသည်။ ချန်းယွမ်အထွတ်အထိပ်အဆင့်တွင်ရှိနေသော်ငြား တကယ်တမ်းတွင် အာကာသနတ်ဘုရားအဆင့်ကို ခြေတစ်ဝက်လှမ်းနေပြီဖြစ်သည့် ရွှေရောင်သံချပ်ကာရုပ်တုကြီးတစ်ခုကို ရေအလျဉ်ပြည့်လျှံရေးအဆင့်မျှဖြင့် တိုက်ခိုက်လိုက်ခြင်းပင်။
သူ မသိမသာဖိနှိပ်ခံခဲ့ရသော်လည်း သူ့အောင်မြင်မှုမှာ သူ့ခွန်အားကိုသက်သေပြရန်လုံလောက်ခဲ့သည်။ အကယ်၍ သူသာ ချန်းယွမ်အဆင့်ကိုရောက်ခဲ့ပါက ဘယ်လောက်များသန်မာလိုက်လေမလဲ။
မည်သူမှမသိသော်ငြား ဤအခိုက်အတန့်လေးမှာ ရွှေရောင်သံချပ်ကာရုပ်တုကြီးကတော့ လီမီးတောက်အစီအရင် အသက်ဝင်လာတော့မည်ကို သဘောပေါက်လိုက်လေသည်။ ထိုရုပ်တုကြီးမှာ လှံတံကို သူ့လက်ထဲမှာ ထပ်မံလွှဲယမ်းလိုက်သည်။
ဤတစ်ကြိမ်တွင် ဓားဆန္ဒမြစ်ပြင်ကြီးမှာ အလျင်အမြန်ပြန့်ကျဲသွားလေသည်။ ယဲ့ချိုးပိုင်ကတော့ မအံ့ဩပေ။ အာကာသနတ်ဘုရားအဆင့်သို့ခြေလှမ်းတစ်ဝက်လှမ်းထားနိုင်သော ပညာရှင်တစ်ယောက်၏ခွန်အားမျိုးဖြင့်ဆိုလျှင် ယခုလိုမလုပ်နိုင်ခဲ့မှသာ နားမလည်ချင်စရာကောင်းနေမည်ဖြစ်၏။ သူ လက်ထဲရှိသစ်သားဓားကို အဝေးပို့လိုက်ပြီးနောက် အနက်ရောင်ဓားသွားတစ်ခုက လက်ထဲသို့ရောက်လာလေသည်။
သေချာဂရုတစိုက်ကြည့်လိုက်ပါက အနက်ရောင်ဓားသွား၏ကိုယ်ထည်တစ်ခုလုံးအနှံ့ ပြေးလွှားနေသော ရေခဲပြာရောင်ပုံစံတစ်ခုရှိနေသည်ကို သတိပြုမိပေလိမ့်မည်။
မှော်နက်မိစ္ဆာဓားသွားပေတည်း။ ယခုမူ အဆင့်နိမ့်ဝိညာဉ်ရေးရာဓားသွားဖြစ်နေလေပြီ။
မှော်နက်မိစ္ဆာဓားသွား ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ဤဓားသွားပိုင်နက်နယ်မြေထဲမှာ ဓားဆန္ဒများဖုံးလွှမ်းနေရုံသာမက ပါးလွှာလှသောလေထုထဲ၌ မြူနှင်းများပါ ပေါ်ပေါက်လာချေသည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိအပူချိန်မှာ အလွန်အမင်းလျင်မြန်လှသောအရှိန်ဖြင့် ကျဆင်းသွားသည်။ ထိုအပြောင်းအလဲကို လူတိုင်းခံစားမိလိုက်သောအခါ သူတို့၏အမူအရာများလည်း ပြောင်းလဲသွားကြကုန်၏။
မှော်နက်မိစ္ဆာဓားသွားကိုကြည့်နေရင်း သူတို့၏မျက်ဝန်းအစုံမှာ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်သွားသည်။ ဤသည်မှာ မည်သို့သောဓားမျိုးလေလဲ။ ၎င်းသည် ပတ်ဝန်းကျင်ကိုပင်သက်ရောက်နိုင်စွမ်းရှိသည်။
ဓားသိုင်းကျင့်ကြံသူများဖြစ်ကြသည့်အတွက် ဓားကောင်းတစ်လက်က သူတို့အား အလွန်ဆွဲဆောင်နိုင်သည်မှာ ယုံမှားသံသယဖြစ်စရာမရှိချေ။ သို့သော် သူတို့ တစ်ဖက်လူ၏ခွန်အားကို မြင်ထားပြီးကြလေပြီ။ သူတို့ဟာ တစ်ဖက်လူကိုသတ်ဖြတ်ပြီး ရတနာကိုကြားဖြတ်လုရန်ကြံစည်နိုင်သည့်အတိုင်းအတာအထိပင် မရောက်နိုင်ပေ။ တစ်ဖက်လူမှာ ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိသော ရုပ်တုတစ်ခုနှင့် အချီပေါင်းများစွာတိုက်ခိုက်နိုင်လေသည်။ သူ့ဓားကို ခိုးယူမည့်ကိစ္စမှာ သေခြင်းတရားကို လက်ယပ်ခေါ်နေသလိုပါပင်။
ယဲ့ချိုးပိုင်က မှော်နက်မိစ္ဆာဓားသွားကို ကိုင်စွဲ၍ သူ့အရှိန်အဝါကို အပြည့်အဝထုတ်လွှတ်လိုက်သည်။ ဓားသွားပိုင်နက်နယ်မြေထဲရှိ လေဟာပြင်ထဲ၌ ဓားဆန္ဒမှာတစီစီအော်မြည်နေဆဲပင်။
ဤအခိုက်အတန့်လေးမှာ ယဲ့ချိုးပိုင်က ရေခဲဓားဝိညာဉ်ကိုစုပ်ယူထားသည့် မှော်နက်မိစ္ဆာကိုကိုင်စွဲ၍ ညာသံပေးကာ ခုတ်ချလိုက်သည်။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား၏ သတ္တမသိုင်းကွက်ပေတည်း။
မိစ္ဆာဆင်းသက်လာခြင်း…။
ဤတစ်ခေါက်တွင် ဧရာမအနက်ရောင်ဓားချက်ကြီးက ပြောင်းလဲမှုတစ်ခုဖြစ်သွားသည်။ အနက်ရောင်ဓားချက်ဖြတ်သန်းသွားရာ လေဟာပြင်ကြီးက မြူနှင်းများအဖြစ် အသွင်ပြောင်းသွားချေသည်။ လေထုတစ်ခုလုံး အေးခဲသွားသည့်အလားပင်။ ၎င်းမှာ မြူနှင်းစီးကြောင်းတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
တစ်ဖက်တွင်မူ လျန်ဖန်းနှင့်ထိပ်တိုက်ရင်ဆိုင်နေသော ရွှေရောင်သံချပ်ကာရုပ်တုကြီးက ဤအရှိန်အဝါကိုအာရုံခံမိသွားသည်။ ထိုရုပ်တုကြီးမှာ သူ့ခေါင်းကိုလှည့်ကြည့်လာပြီး လျန်ဖန်းကိုတိုက်ခိုက်နေခြင်းအား လက်လျှော့လိုက်သည်။ ရုပ်တုကြီးက ယဲ့ချိုးပိုင်ဆီသို့အပြင်းနှင်လာလေသည်။
ရွှေရောင်သံချပ်ကာရုပ်တုကြီးမှာ ကိုယ်ပိုင်ဆင်ခြင်ဉာဏ်တရားမရှိပေ။ သူ့မျက်လုံးထဲတွင် လျန်ဖန်းနှင့် မုရုန်ဇီ၏လီမီးတောက်အစီအရင်က ဤဓားသွားလောက် ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် ထိုရုပ်တုနှစ်ခုက ယဲ့ချိုးပိုင်ကို ဦးစွာရင်ဆိုင်ရန် အင်အားပူးပေါင်းလိုက်ကြသည်။
ရွှေရောင်သံချပ်ကာရုပ်တုကြီးက အတူတကွမတ်တတ်ရပ်လိုက်ကြပြီး အနက်ရောင်ဓားချက်ကြီးကိုပိတ်ပင်တားဆီးလိုဟန်ဖြင့် သူတို့လှံတံများကို တစ်ပြိုင်တည်းပစ်လွှတ်လိုက်သည်။
လှံတံနှစ်လက်မှာ အနက်ရောင်ဓားချက်ကြီးကို ဝင်တိုက်ပစ်လိုက်ကြသည်။ လျှပ်တပြက်အတွင်း၌ လှံတံနှစ်လက်မှာ အေးစိမ့်စိမ့်လေထု၏တိုက်စားမှုဒဏ်ကို ခံစားလိုက်ရသည်။ ထို့နောက် ထိုအအေးဒဏ်က လှံတံဖျားတစ်လျှောက် ဆက်လက်အေးခဲသွားလေသည်။ ထိုအေးခဲမှုမှာ ရွှေရောင်သံချပ်ကာရုပ်တုကြီး၏ခန္ဓာကိုယ်အထိ တိုးကပ်သွားသည်။
အုန်း…
ကျယ်လောင်လှသောမြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်း၏ကြောက်မက်ဖွယ်အကြည့်များအောက်တွင် ရွှေရောင်သံချပ်ကာရုပ်တုကြီးနှစ်ခုလည်း နောက်ကို ခြေနှစ်လှမ်းဆုတ်လိုက်ရပေသည်။ တစ်ဖက်တွင်မူ ယဲ့ချိုးပိုင်ကလည်း ခြေငါးလှမ်းဆုတ်လိုက်ရသည်။ ယဲ့ချိုးပိုင် အရေးနိမ့်နေသည်ဟုထင်ရသော်လည်း လက်ရှိတွင် ယဲ့ချိုးပိုင်မှာ ရေအလျဉ်ပြည့်လျှံရေးကနဦးအဆင့်မျှဖြင့် ချန်းယွမ်အထွတ်အထိပ်အဆင့်ရှိသော ရွှေရောင်သံချပ်ကာရုပ်တုကြီးနှစ်ခုကိုရင်ဆိုင်တိုက်ခိုက်နေရခြင်းပင်။
ဤအခိုက်အတန့်မှာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကြားရှိ မီးတောက်စွမ်းအားများမြင့်တက်လာသည်။ ၎င်းမှာ ရွှေရောင်သံချပ်ကာရုပ်တုနှစ်ခုကို အုပ်မိုးပစ်လိုက်လေသည်။ ၎င်းမှာ လီမီးတောက်အစီအရင်ပေတည်း။
မုရုန်ဇီ၏လီမီးတောက်အစီအရင်မှာ ထိုအခိုက်အတန့်လေးမှာ ပြီးပြည့်စုံစွာအသက်သွင်းလိုက်ပြီဖြစ်၏။
မုရုန်ဇီက ပြောလိုက်သည်။
“အားလုံးပဲ အတူတိုက်ခိုက်ကြ”
ဤအစွမ်းထက်ရွှေရောင်သံချပ်ကာရုပ်တုနှစ်ခုကိုရင်ဆိုင်ရသည်ကို မည်သူမှမငြင်းဆန်ကြပေ။ သူတို့က သူတို့၏ဓားရှည်များကို ကိုင်စွဲလိုက်ပြီး ရွှေရောင်သံချပ်ကာရုပ်တုကြီးကို အတူတကွတိုက်ခိုက်လေတော့သည်။
ဤအခိုက်အတန့်တွင် လီမီးတောက်အစီအရင်မှာ သူ့စွမ်းအားကိုထုတ်ဖော်ပြသလာသည်။ မီးတောက်မီးလျှံများမှ ရွှေရောင်သံချပ်ကာရုပ်တုကြီးများ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပေသည်။
လျန်ဖန်းက အစိမ်းရောင်မိုးစက်ဓားသွားကို တစ်ဖန်ဆွဲထုတ်လိုက်ပြန်လေသည်။ ယဲ့ချိုးပိုင်ကလည်း သူ့ဓားသွားပိုင်နက်နယ်မြေကို အသက်သွင်းလိုက်သည်။ ဓားဆန္ဒမြစ်ပြင်ကြီးမှာ ရွှေရောင်သံချပ်ကာရုပ်တုကြီးဆီသို့ ချီတက်လေသည်။ အရှိန်အဝါကား ကြောက်မက်ဖွယ်ရာပင်။
လူတိုင်း၏စုပေါင်းတိုက်ခိုက်မှုအောက်မှာ ရွှေရောင်သံချပ်ကာရုပ်တုကြီးနှစ်ခုမှာ အရှိန်အဝါများတဖြည်းဖြည်းကျဆင်းလာပြီး မျက်စိအလင်းလည်း ပျောက်ဆုံးသွားကာ အပြိုအပျက်ခန်းမဘေးတွင် တိတ်တဆိတ်လဲကျသွားလေတော့သည်။
ရွှေရောင်သံချပ်ကာရုပ်တုကြီးများ သူတို့၏တိုက်ခိုက်ရေးခွန်အားများကို ဆုံးရှုံးလိုက်ရသည်မှာ အသိသာချည်းပင်။