အနက်ရောင်ခန်းမထဲတွင် အလွန်တရာတိတ်ဆိတ်နေချေသည်။ သို့သော် အရှိန်အဝါများကတော့ ခေါင်းတလားထဲမှစိမ့်ထွက်နေပြီး ခန်းမပတ်ပတ်လည်ကို ဖြည်းဖြည်းချင်းဝန်းပတ်ထားလိုက်သည်။
အချိန်များကုန်လွန်လာသည်နှင့်အမျှ ကြီးကျယ်ခမ်းနားသော အနက်ရောင်အငွေ့ကလည်း သိပ်သည်းသည်ထက်သိပ်သည်းလာချေသည်။ အထဲရှိမကောင်းဆိုးဝါးအရှိန်အဝါကလည်း အကောင်အထည်ပေါ်လာပြီး အနက်ရောင်ရေစက်များအဖြစ်သို့ပြောင်းလဲကာ ဆက်တိုက်တစက်စက်ကျနေသည်။
အချိန်တစ်ခုကြာပြီးနောက် နောက်ထပ်မကောင်းဆိုးဝါးအရှိန်အဝါတစ်ခုက ခေါင်းတလားထဲမှတစ်ဆင့် ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။ ထို့နောက် ထိုမကောင်းဆိုးဝါးအရှိန်အဝါက ခေါင်းတလား၏အဖုံးကို တိုက်ရိုက်ထိုးဖောက်ဖွင့်ချလိုက်လေတော့သည်။
အချိန်အတော်ကြာသည်အထိ အခြေအနေမထူးလာပေ။
ထိုအခိုက်အတန့်လေးမှာ လက်တစ်ဖက်က ခေါင်းတလားထဲမှ ရုတ်တရက်ထွက်လာသည်။ ခေါင်းတလားကိုအမှီသဟဲပြုရင်း သူ ဖြည်းဖြည်းချင်းထထိုင်လိုက်သည်။
ထိုလူမှာ မတိုင်ခင်က အနက်ရောင်ဝတ်အမျိုးသားပင်။ ဤအခိုက်အတန့်မှာ အနက်ရောင်ဝတ်အမျိုးသား၏မျက်ဝန်းအစုံမှာ မည်းမှောင်နေလေသည်။ သူက သူ့လက်များကိုငုံ့ကြည့်လိုက်ချေသည်။ ထို့နောက် မတ်တတ်ထရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားကြည့်လိုက်သည်။ သူ တိတ်ဆိတ်သွားပြီးနောက် ချက်ချင်းပင် အကြောင်းမဲ့ထရယ်လေတော့သည်။
“ဟားဟားဟားဟား… နောက်ဆုံးတော့… နောက်ဆုံးတော့”
“ငါ့ဝိညာဉ်က နှစ်ပေါင်းတစ်သိန်းလောက် ငါ့ဝိညာဉ်ကိုချုပ်နှောင်ခံခဲ့ရတာ.. နှစ်ပေါင်းတစ်သိန်း”
“အဘိုးကြီး..ကျုပ်ထွက်လာပြီလေ”
အနက်ရောင်ဝတ်အမျိုးသား၏ခန္ဓာကိုယ်ကား အပိုင်စီးခံလိုက်ရလေပြီ။ သူ့ဝိညာဉ်ကတော့ ထိုအခိုက်အတန့်လေးမှာပင် သုတ်သင်ခံလိုက်ရပြီဖြစ်၏။
ထိုအစား ဤခန်းမပိုင်ရှင်က ခန္ဓာကိုယ်ချင်းလဲထားလိုက်သည်။ အနက်ရောင်ဝတ်အမျိုးသားမှာ တစ်ကိုယ်တည်းတီးတိုးရေရွတ်နေချေသည်။
“မပူပါနဲ့။ မင်းရဲ့ခန္ဓာကိုယ်ကို ငါယူလိုက်တာဆိုတော့ မင်းကိစ္စတွေကိုလည်း ငါပြီးမြောက်အောင်လုပ်ပေးမှာပါ”
“ဒါကိုလျော်ကြေးပေးတယ်လို့ပဲသဘောထားလိုက်ပါ့မယ်”
ဤသို့ဖြင့် အနက်ရောင်ဝတ်အမျိုးသားက သူ့နောက်ကျောပေါ်၌ ခေါင်းတလားကိုသယ်လိုက်ပြီး အနက်ရောင်ချိန်းကြိုးတစ်ချောင်းဖြင့် မြဲနေအောင်ချည်ထားလိုက်သည်။
ထိုကိစ္စအားလုံးလုပ်ကိုင်ပြီးစီးသောအခါ အနက်ရောင်ဝတ်အမျိုးသားက ခန်းမထဲမှထွက်လာလိုက်သည်။
စိတ်တန်ခိုးရှင်ဘုံ၏တစ်ဖက်ခြမ်းတွင်…
ယဲ့ချိုးပိုင်က အမွေအနှစ်အပြိုအပျက်ကြီးထဲမှာ မိတ်ဆွေဟောင်းတစ်ယောက်နှင့်ဆုံနေလေသည်။ ထိုလူမှာ ဓားတစ်လက်ကိုကိုင်ဆောင်ထားသောအမျိုးသားပင်။
ထိုလူမှာ လျှို့ဝှက်ဓားသွားဂိုဏ်း၏ဂုဏ်ထူးဆောင် လျန်ဖန်းပင်။
ထိုအချိန်မှာ လူဆယ်ယောက်ကျော်က အပြိုအပျက်၏ရှေ့တွင် စုဝေးလာကြသည်။ လျန်ဖန်းကလည်း သူတို့ကြားတွင် မတ်တတ်ရပ်နေသည်။ လူအုပ်ကြီးထဲတွင် လူအုပ်ထဲမှခွဲထွက်ပြီးမတ်တတ်ရပ်နေသူနောက်တစ်ယောက်ရှိ၏။
ထိုအမျိုးသားမှာ ကျင်ခပ်ဝတ်ရုံဝတ်ဆင်ထားသည်။ သူ့အနက်ရောင်ဆံနွယ်ရှည်များကိုလည်း သေချာစည်းနှောင်ထား၏။ တစ်စုံတစ်ယောက်၏အကြံပေးချက်ကိုကြားသောအခါ ထိုလူမှာ အလယ်ပိုင်းဒေသရှိ မဟာမျိုးနွယ်စုသုံးစုထဲမှတစ်ခုအပါအဝင်ဖြစ်သောမုရုန်မိသားစု၏ပါရမီရှင် မုရုန်ဇီဖြစ်ကြောင်းသိလိုက်ရသည်။
မုရုန်ဇီက ချန်းယွမ်အလယ်အလတ်အဆင့်ဖြစ်သော်လည်း သူ့အစီအရင်စွမ်းရည်က အလွန်အမင်းမြင့်မားလှသည်။ ယခင်တုန်းက သူသည် ချန်းယွမ်အဆင့်ပညာရှင်များကို သုတ်သင်ရန်အတွက် အစီအရင်တည်ဆောက်မှုတစ်ခုကိုအသုံးပြုခဲ့သည်။ ထိုဖြစ်ရပ်ကြောင့်လည်း မုရုန်ဇီက လူထုထံမှ တရားဝင်အာရုံစိုက်မှုကိုရခဲ့ခြင်းဖြစ်၏။
အခြားလူများက သူ့ကို ဗုဒ္ဓသားတော်လီယုန်နှင့်တန်းတူထား၍ ပါရမီရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုလာကြသည်။ သူတို့သုံးယောက်ကြားရှိခွန်အားကွာခြားချက်နှင့် သူတို့ တကယ်ပဲတန်းတူဖြစ်လေသလားဆိုသည်ကိုတော့ မည်သူမှမသိကြပေ။ မည်သို့ပင်ဖြစ်စေ သူတို့သုံးယောက်မှာ ယခင်က အချင်းချင်းတိုက်ခိုက်ဖူးခြင်းမရှိခဲ့ပေ။
ထိုအခိုက်အတန့်၌ လျန်ဖန်းကလည်း ယဲ့ချိုးပိုင်နှင့်ကျန်လူများကို မြင်လိုက်ရသော်ငြား ပြုံးမပြလာပေ။ ထိုအစား သူ့အမူအရာမှာ ခါးသီးသွားလေသည်။
သူက ယဲ့ချိုးပိုင်တို့ရှိရာကိုလျှောက်လာပြီး ယဲ့ချိုးပိုင်ကို ခါးသက်သက်အပြုံးဖြင့်ကြည့်လိုက်သည်။
” မင်းက ဘာလို့ဒီကိုရောက်လာတာလဲ”
ယဲ့ချိုးပိုင်က လျန်ဖန်း၏အမူအရာကိုကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်၏။
“ဘာလို့လဲ။ မင်းက ငါလာတာကို ဘာလို့မကြည်မဖြူဖြစ်နေတာလဲ”
“ဒါပေါ့”
လျန်ဖန်းက ကူကယ်ရာမဲ့စွာခေါင်းခါယမ်းလိုက်သည်။
“မင်းရဲ့ကံအခွင့်အလမ်းက တကယ်ကောင်းလွန်းပါတယ်ကွာ”
“လျှို့ဝှက်တာအိုပင်မကျောင်းတော်မှာရှိတဲ့ တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းရဲ့အမွေအနှစ်ပဲဖြစ်ဖြစ် လျှို့ဝှက်ဓားသွားဂိုဏ်းမှာရှိတဲ့ဓားသင်္ချိုင်းရဲ့အမွေအနှစ်ပဲဖြစ်ဖြစ် အကုန်လုံး မင်းယူသွားတာပဲလေ”
” မင်း ဒီကိုရောက်နေပြီဆိုမှတော့ မင်းကို ဘယ်သူမှယှဉ်နိုင်မှာမဟုတ်တော့ဘူး”
“ပြီးတော့ ဒီနေရာက ဓားသိုင်းပညာရှိရဲ့အမွေအနှစ်တွေထိန်းသိမ်းထားတဲ့ အပြိုအပျက်တစ်ခုဖြစ်ပုံရတယ်”
ယဲ့ချိုးပိုင်အနေနှင့် ဓားသိုင်းတာအိုနှင့်ပတ်သက်သည့်တစ်စုံတစ်ရာကို လှည့်စားမိခဲ့ပုံပေါ်၏။ သူဟာ ဘာမဆိုအရယူနိုင်ပေသည်။ ထို့ပြင် အလွန်တရာလည်း မြန်ဆန်လှသည်။
ထိုစကားကိုကြားသော် ယဲ့ချိုးပိုင်လည်း မရယ်ဘဲ မနေနိုင်ပေ။
“ငါလည်းရွေးချယ်စရာမရှိဘူးလေ။ ငါ့စွမ်းရည်က ဒီနေရာမှာကိုး”
လျန်ဖန်း :”…”
ဒီလူ သိပ်စိတ်ရှုပ်ဖို့ကောင်းမှန်း အရင်က ငါ ဘာလို့မသိခဲ့ရတာပါလိမ့်…..
သူ မနိုင်လောက်ဘူးဆိုသည့်တိုင်…
ယဲ့ချိုးပိုင်က ခေါင်းတခါခါနှင့်ပြောလာလေသည်။
“မပူပါနဲ့။ ငါ ဒီကိုလေ့ကျင့်ရုံသက်သက်လာခဲ့တာပါ။ ဒီအမွေအနှစ်တွေကို ငါစိတ်မဝင်ဘူး”
လျန်ဖန်းမှာ ဆွံ့အသွားရပြန်သည်။
ဤအမွေအနှစ်မှာ လူတိုင်းမက်မက်မောမောရှာဖွေကြသောအရာပင်။သိုင်းလောကကြီးကို ရူးသွပ်သွားစေနိုင်သည့် ရှေးဟောင်းအမွေအနှစ်တစ်ခု။ ဓားသိုင်းကျင့်ကြံသူအားလုံး ငမ်းငမ်းတက်လိုချင်ကြသော ဓားသိုင်းပညာရှိအပြိုအပျက်များ။ ထိုအရာက ယဲ့ချိုးပိုင်အတွက် ဘာလို့များအသုံးမဝင်ရလေသလဲ။
ယဲ့ချိုးပိုင်အနေနှင့် သူ့တွင် အမွေအနှစ်များ များပြားလွန်းလှပြီး ဝါးနိုင်သည်ထက် ပိုမစားနိုင်တော့ကြောင့် ပြောပြချင်ခဲ့မိသည်။ သို့သော် ထိုအကြောင်းကိုတွေးတောကြည့်ပြီးနောက် သူဘာမှမပြောဖို့သာ ဆုံးဖြတ်လိုက်သည်။ အရိုက်ခံရခြင်းကိုရှောင်ရှားရန်အတွက်ပင်။
ထိုအချိန်မှာ ဟုန်ရင်ကပြောလာလေသည်။
“ဆရာတူအစ်ကို အရင်ကျွန်မတို့ပြန်နှင့်လိုက်ရမလား”
ယဲ့ချိုးပိုင်ကလည်း ခေါင်းညိတ်ပြ၍ပြောလေသည်။
“ဂရုစိုက်ဦး”
ဟုန်ရင်ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ သူ(မ)က နင်းချန်ရှင်းနှင့်မဟူရာတို့နှင့်အတူပြန်သွားပေသည်။ ယဲ့ချိုးပိုင်က အမွေအနှစ်တစ်ခုကိုမလိုအပ်သော်ငြား ဓားသိုင်းပညာရှိအပြိုအပျက်ထဲတွင် လေ့ကျင့်ခြင်းမှာ သူ့ဓားသိုင်းတာအိုကျင့်ကြံရေးအတွက် အကျိုးရှိသည်။
လျန်ဖန်းက ယဲ့ချိုးပိုင်ကိုကြည့်၍ပြောလိုက်သည်။
“မင်း တကယ်ပဲအမွေအနှစ်ကိုမလိုချင်ဘူးလား”
“မလိုချင်ဘူး”
“ဒါဆို ငါတို့ပူးပေါင်းကြမလား”
“ကောင်းပြီလေ”
ထိုအချိန်တွင် မုရုန်ဇီကပြုံးလျက်ပြောလာသည်။
“အားလုံးပဲ… ဒီရွှေရောင်သံချပ်ကာရုပ်တုနှစ်ခုကိုအနိုင်ယူဖို့ အရင်ဆုံးအင်အားပူးပေါင်းရအောင်။ ပြီးမှ အမွေအနှစ်ကိုအရယူဖို့အတွက် ငါတို့ကိုယ်ပိုင်စွမ်းရည်ကို အားကိုးကြတာပေါ့။ ဘယ်လိုလဲ”
ဓားသိုင်းပညာရှိ၏အမွေအနှစ်ရှိရာ ပင်မခန်းမကိုစောင့်ကြပ်နေသော ရွှေရောင်သံချပ်ကာရုပ်တုနှစ်ခုရှိသည်။ ရှေးဟောင်းမဟာသခင်အဂ္ဂိရတ်ပညာရှင်၏အမွေအနှစ်နှင့်ယှဉ်ကြည့်လိုက်ပါက တစ်ခုပိုနေလေသည်။ ထိုသဘောမှာ အမွေအနှစ်အကြွင်းအကျန်မှာ ပို၍ပင်သန်မာသည်ဟူသောအဓိပ္ပာယ်ပင်။
ရိုးရှင်းနေမှာမဟုတ်ဘူးထင်တယ်…
တစ်စုံတစ်ယောက်က မုရုန်ဇီကိုစိုက်ကြည့်လိုက်သည်။
“မုရုန်ဇီ…. မင်း အစီအရင်တွေကိုကျင့်ကြံတာမဟုတ်လား။ ဒီဓားသိုင်းနိယာမအမွေအနှစ်ကို ဘာလို့လိုအပ်နေတာလဲ”
မုရုန်ဇီ ပြုံးလိုက်လေသည်။
“ဓားသိုင်းကျင့်ကြံသူတွေကပဲ ဓားသိုင်းပညာရှိရဲ့အမွေအနှစ်ကိုယူနိုင်မယ်လို့ ဘယ်သူက ပြဋ္ဌာန်းထားလို့လဲ”
ထိုလူက နှာမှုတ်လိုက်ချေသည်။
သို့သော် ယခု မုရုန်ဇီက ဤနေရာကိုရောက်နေပြီဖြစ်သောကြောင့် ထိုရွှေရောင်သံချပ်ကာရုပ်တုနှစ်ခုကို အနိုင်ပိုင်းဖို့အတွက် သူတို့ ပိုယုံကြည်မှုရှိနေပြီဖြစ်၏။ သူ ဘာမှထပ်မပြောနိုင်တော့ပေ။
“အားလုံးပဲ စလိုက်ကြရအောင်”
ထိုသို့ပြောရင်း မုရုန်ဇီက သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး အစီအရင်အဆောင်များဖြင့် ရွှေရောင်သံချပ်ကာရုပ်တုများကို ဝိုင်းထားလိုက်သည်။ ထို့နောက် သူ့လက်က လက်သင်္ကေတများကို ဆက်တိုက်ပုံဖော်နေသည်။ အစီအရင်မှာ သိပ်သည်းလာနေချေသည်။ အလွန်တရာကြီးမားလှသောမီးလျှံအရှိန်အဝါတစ်ခု ပေါ်ပေါက်လာသည်။
လီမီးတောက်အစီအရင်ပင်။
ဤအစီအရင်မှာ မုရုန်ဇီက ချန်းယွမ်အဆင့်ပညာရှင်များကို တစ်ကိုယ်တည်းသတ်ဖြတ်စဉ်ကသုံးခဲ့သော အစီအရင်ဖြစ်သည်။ အန္တရာယ်ကိုအာရုံခံစားမိသည့်အလား ရွှေရောင်သံချပ်ကာရုပ်တုများက သူတို့ခေါင်းကိုမော့၍ လက်ထဲတွင် လှံတံများကိုင်လျက် မုရုန်ဇီဆီကိုဦးတည်လာလေတော့သည်။
လီမီးတောက်အစီအရင်မှာ အချိန်ယူရန်လိုအပ်ကြောင်း လူတိုင်းသိကြသည်။ အချိန်သိပ်မကြာသော်ငြား ရွှေရောင်သံချပ်ကာရုပ်တုများ၏အရှိန်နှင့်ဆိုပါက ၎င်းတို့ဟာ အသက်နှစ်ရှိုက်စာအချိန်အတွင်း မုရုန်ဇီထံသို့ရောက်လာတော့မည်ဖြစ်၏။
သူသာ ရွှေရောင်သံချပ်ကာရုပ်တုများကို အနိုင်ပိုင်းလိုပါက လီမီတောက်အစီအရင်ကို မရှိမဖြစ်လိုအပ်ပေသည်။
ဓားသိုင်းကျင့်ကြံသူများအားလုံးက သူတို့ဓားကိုဆွဲထုတ်လိုက်ကြပြီး ရွှေရောင်သံချပ်ကာရုပ်တုကို တိုက်ခိုက်လိုက်ကြသည်။ ထိုအခိုက်အတန့်လေးမှာ ဓားဆန္ဒများ ပေါက်ကွဲထွက်လာချေသည်။
လျန်ဖန်းက ယဲ့ချိုးပိုင်ကိုကြည့်၍ ပြောလိုက်သည်။
“ငါတို့ သွားကြမလား”
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ယောက်လည်း ဓားများဆွဲထုတ်ကာ ထွက်လာလိုက်ကြသည်။ ထိုအချိန်မှာ ရွှေရောင်သံချပ်ကာရုပ်တုနှစ်ခု၏လက်ထဲရှိလှံတံများ ယမ်းခါသွားပေသည်။ လေဆင်နှာမောင်းအလား အလွန်အမင်းအစွမ်းထက်လှသောလှံတံအရှိန်အဝါတစ်ခုက ပတ်ပတ်လည်ရှိဓားဆန္ဒများကို လုံးဝပျောက်ပျက်သွားစေသည်။
ဓားသိုင်းကျင့်ကြံသူများ၏အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ ရွှေရောင်သံချပ်ကာရုပ်တုများက ကျန်ဓားသိုင်းကျင့်ကြံသူများကို လျစ်လျူရှုထားလေသည်။
သူတို့မျက်လုံးထဲမှာမူ မုရုန်ဇီ၏လီမီးတောက်အစီအရင်က ပို၍ပင်အန္တရာယ်များကြောင်း ခံစားမိကြသည်။ ၎င်းက အားလုံးကိုလျစ်လျူရှုပြီး မုရုန်ဇီဆီသို့ ချီတက်သွားသည်။ ထိုအချိန်မှာ လျန်ဖန်းက အပြေးရောက်ချလာသည်။ ခပ်ဩဩအော်ဟစ်လျက် သူ့လက်ထဲရှိဓားရှည်ကို ဓားအိမ်ထဲမှ ရုတ်ခြည်းဆွဲထုတ်လိုက်သည်။
ဓားဆန္ဒကလည်း အမှောင်ထုထဲကို အပြင်းနှင်သွားလေသည်။ ထိုဓားဆန္ဒက မဟာဓားသိုင်းအရှင်အဆင့်ဆိုသည်မှာ ယုံမှားဖွယ်ရာမရှိပေ။ ဧရာမဓားချက်တစ်ချက်က ရွှေရောင်သံချပ်ကာရုပ်တုတစ်ခုကို တိုက်ခိုက်လိုက်သည်။ ထိုရုပ်တုကြီးက ခဏမျှတုံ့ခနဲရပ်သွားပြီးမှ လျန်ဖန်းဆီသို့ချီတက်လာချေသည်။ ကျန်ရုပ်တုကြီးဆီသို့ ယဲ့ချိုးပိုင်က သစ်သားဓားကိုကိုင်စွဲလျက် ချီတက်သွားသည်။
သူ ရှေ့ကိုခုတ်ချလိုက်လေရာ လေထုကိုပင် ဖြတ်တောက်ပစ်လိုက်နိုင်ဟန်တူသော အနက်ရောင်ဓားချက်တစ်ချက်က ရွှေရောင်သံချပ်ကာရုပ်တုကြီးကို တိုက်ခိုက်လေတော့သည်။
သို့သော် ထိုဓားချက်မှာ ရွှေရောင်သံချပ်ကာရုပ်တုကြီးကို ခြေနှစ်လှမ်းမျှနောက်ပြန်ဆုတ်သွားရုံသာ လုပ်ဆောင်နိုင်သည်။ လူတိုင်း အုန်းအုန်းကျက်ကျက်ဖြစ်သွားကြသည်။
“ဒီလူက လျှို့ဝှက်ဓားသွားဂိုဏ်းရဲ့ဂုဏ်ထူးဆောင် လျန်ဖန်းမလား”
“ဒါဆို ဒီကောင်လေးက ဘယ်သူတုန်း။ သူ့ခွန်အားက လျန်ဖန်းထက်ပိုသာတဲ့ပုံပဲ။ ငါအရင်က ဘာလို့ သူ့အကြောင်းကိုမကြားဖူးတာလဲ”