လီယုန့်မျိုးရိုး၏အစွမ်းမှာ ကမ္ဘာပေါ်ရှိတစ္ဆေများနှင့် နတ်ဘုရားများကို ဆက်စွယ်နိုင်စွမ်းရှိခြင်းပင်။
သူကျင့်ကြံသောသိုင်းကျင့်စဉ်ကလည်း တစ်ပါးသူများ၏စိတ်အစဉ်ကို ရှုပ်ထွေးစေနိုင်သောသက်ရောက်မှုမျိုးရှိသည်။
စိတ်စွမ်းအင်အားနည်းသော သိုင်းပညာကျင့်ကြံသူများမှာ စိတ်အစဉ်လည်း မတည်ငြိမ်ကြသလို လီယုန်မျိုးနွယ်ထက် ကျင့်ကြံရေးအဆင့်နိမ့်ကြသည်။
ခုခံနိုင်ခြေမရှိဟုပင် ပြောနိုင်လေသည်။
ယဲ့ချိုးပိုင်က ပတ်ပတ်လည်ကိုလှည့်ကြည့်၍ ပြောလိုက်လေသည်။
“ဘယ်သူသွားချင်လဲ”
ဟုန်ရင်ကပြုံးလျက်ပြောသည်။
“ဆရာတူအစ်ကို ရှင့်ရဲ့ခွန်အားကိုမမြှင့်တင်ချင်ဘူးလား။ အစ်ကို့ကိုပဲ လွှဲထားလိုက်ပါ့မယ်”
မဟူရာက ခေါင်းတကုတ်ကုတ်လုပ်၍ အပြစ်ကင်းစင်စွာပြုံးလိုက်လေသည်။
“ကျွန်တော် သွားလိုက်ရမလား”
ယဲ့ချိုးပိုင်က အလျင်စလိုပြောလိုက်ရသည်။
“မဟုတ်ဘူး။ ငါပဲလုပ်ပါရစေ”
အကယ်၍ မဟူရာသာသွားလိုက်ပါက သူ နောက်တစ်ကြိမ်အရူးအမူးသတ်ဖြတ်နေလိမ့်ဦးမည်။ နင်းချန်ရှင်းကမူ ဤမြင်ကွင်းကို တွေးတွေးဆဆကြည့်နေချေသည်။
အမွေအနှစ်များကိုရယူလိုသည့်အတွက် သူ့အမိန့်ကိုနာခံကြသောကျင့်ကြံသူများမှာ အမွေအနှစ်ကိုရယူလိုစိတ်ဖြင့် အချင်းချင်းလည်းသတ်ဖြတ်ကြပေလိမ့်မည်။
ကျင့်ကြံရေးလောကတွင် အားကြီးသူက အားနည်းသူကို နိုင်စားကြသည်။ သူ ဤအခြေအနေကို အမှန်တကယ်ပြောင်းလဲနိုင်ပါ့မလား။
ယဲ့ချိုးပိုင်က သစ်သားဓားကိုကိုင်၍ ထိုလူများရှေ့သို့ရောက်သွားလေသည်။ ထိုအခြင်းအရာကိုမြင်သော် လီယုန် အနည်းငယ်မှင်တက်သွားပေသည်။
“မင်းတစ်ယောက်တည်းလား”
ယဲ့ချိုးပိုင်၏လုပ်ရပ်များမှာ လီယုန်၏စကားများကို သက်သေပြနေလေသည်။
ယဲ့ချိုးပိုင်၏အဆင့်က ရေအလျဉ်ပြည့်လျှံရေးကနဦးအဆင့်မျှသာဖြစ်သော်ငြား သူသည် သူ့ထက်အဆင့်မြင့်သူကို တိုက်ခိုက်နေခဲ့ရသည်။
ပင်လယ်ရေလှိုင်းအဆင့်မျှဖြင့် ရေအလျဉ်ပြည့်လျှံရေးအဆင့်၊ ချန်းယွမ်အဆင့် သို့မဟုတ် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းပေါ်ရှိ ပညာရှင်များကိုပင် သတ်ဖြတ်ခဲ့ရသည်။
ယဲ့ချိုးပိုင်မှာ တစ်ချိန်လုံး သူ့ထက်အဆင့်မြင့်သူများနှင့်သာ တိုက်ခိုက်နေခဲ့ရခြင်းဖြစ်၏။
ယခု သူနှင့်အဆင့်ချင်းတူသူများနှင့်ရင်ဆိုင်နေရပြီး ထိုလူများမှာ မျိုးဆက်တစ်ခုတည်းကဟုပင် ဆိုနိုင်သည်။ အဆင့်အမြင့်ဆုံးရှိသူမှာ လင်းယုန်လို ရေအလျဉ်ပြည့်လျှံရေးအဆင့်ပင်။
ယဲ့ချိုးပိုင်က သူ့လက်ထဲရှိသစ်သားဓားကို ကိုင်မြှောက်လိုက်ပြီး ခပ်ဖွဖွပြုံးလိုက်၏။
“တစ်ယောက်တည်းနဲ့လုံလောက်ပါတယ်”
ထိုစကားနှစ်ခွန်းမှာ လီယုန်ဘက်ကလူများအဖို့တော့ အလွန်အမင်းမောက်မာလှသည့်စကားပင်။
သူတို့ဘက်တွင် အယော်၂၀ကျော်ရှိပေသည်။ တစ်ယောက်ချင်းစီတိုင်း၏ခွန်အားကလည်း ရေအလျဉ်ပြည့်လျှံရေးအဆင့်၌ရှိသည်။ သူတို့ထဲမှာမှ ပါရမီရှင်အဖြစ်မွေးဖွားလာသူ လီယုန်လည်းပါသေးပေသည်။ သူဟာ ချန်းယွမ်အထွတ်အထိပ်အဆင့်ပါရမီရှင်တစ်ဦးဖြစ်သည်။
ယဲ့ချိုးပိုင်မှာ အားကိုးအားထားပြုစရာတစ်ခုခုများ ရှိထားလေသလား။
လီယုန်က ရက်စက်ယုတ်မာဟန်ရယ်မောလိုက်ပေသည်။
“ဒီလိုဆိုတော့လည်း ငါက သိုင်းလောကရဲ့ကျင့်ဝတ်ကိုစောင့်ထိန်းတဲ့အနေနဲ့ တစ်ယောက်တည်းပဲတိုက်ခိုက်ပါ့မယ်ကွာ”
“အားလုံးပဲ စလိုက်ကြစို့”
ဤသို့ဖြင့် လီယုန်က သူ(မ)၏သိုင်းကျင့်စဉ်ကိုဦးစွာထုတ်သုံးရန်ကြံရွယ်ကာ ဧရာမအလံကြီးတစ်ခုကို လက်ထဲတွင် ကိုင်မြှောက်ထားလိုက်လေသည်။ မရေမတွက််နိုင်အောင်များပြားလှသောသရဲတစ္ဆေများ၏တစီစီအော်ဟစ်သံများက လီယုန်၏အလံထဲမှထွက်ပေါ်လာလေသည်။ ထိုသရဲတစ္ဆေများမှာ လေထဲတွင်လှည့်လည်သွားလာနေပြီး တစ္ဆေငိုရှိုက်သံများလည်း ပေါ်ထွက်နေသည်။
လီယုန်၏အနောက်ရှိ ထိုလူများကလည်း တစ်ပြိုင်နက်တည်းမှာပင် သူတို့၏သိုင်းကျင့်စဉ်များကို ထုတ်သုံးလာပြီး ယဲ့ချိုးပိုင်ဆီကို အပြင်းနှင်လာကြလေသည်။ ယဲ့ချိုးပိုင်က မျက်ခုံးပင့်လိုက်မိပြီး သူ့လက်ထဲရှိသစ်သားဓားဖြင့်လွှဲယမ်း၍ တိုက်ခိုက်လိုက်သည်။ ဧရာမဓားချက်တစ်ချက်က ထိုလူများကိုခုတ်ပိုင်းပစ်လိုက်ချေသည်။
လူတိုင်း၏အမူအရာများမှာ ထိုဓားချက်ကိုမြင်သော် ပြောင်းလဲသွားကြလေသည်။ ထိုဓားချက်မှာ သူတို့အား သေမင်းအရှိန်အဝါမျိုးကိုခံစားမိသွားစေသည်။ သို့သော် နောက်ပြန်ဆုတ်ဖို့ကား နောက်ကျသွားလေပြီ။
ထိုအချိန်မှာ ကောင်းကင်ထက်ရှိ သရဲတစ္ဆေပေါင်းများစွာက တစီစီအော်ဟစ်လိုက်ပြီး ထိုဓားချက်ကို ရစ်ပတ်ထားလိုက်သည်။ ထို့နောက် နည်းနည်းချင်းစီဖြင့် ဓားသွားချီစွမ်းအင်ကို အငမ်းမရဝါးမျိုလိုက်ပေသည်။ ယဲ့ချိုးပိုင်လည်း အနည်းငယ်အံ့ဩသွားရသည်။
ဤကျင့်စဉ်မှာ အနည်းငယ်ထူးဆန်းနေပေသည်။ သို့သော် လီယုန်၏အမူအရာကတော့ ထိုအခိုက်အတန့်လေးမှာ အလွန်အမင်းထိတ်လန့်သွားပြီးမှ ပြန်လည်တည်ငြိမ်သွားသည်။
သူ မဟန့်တားနိုင်လိုက်ပေ။
ဧရာမအလံကြီးကိုယူပြီး တစ္ဆေများကို သူထုတ်လွှတ်လိုက်ပြန်လေသည်။ သို့သော် သူ့တစ္ဆေများတိုက်ခိုက်နေသည့်ကြားကပင် တစ်ဖက်လူက လူတစ်ယောက်ကိုသတ်ဖြတ်ပစ်လိုက်ပေသည်။
တစ်ပြိုင်တည်းမှာပင် သူ့တစ္ဆေတစ်ဝက်နီးပါးကို ဆုံးရှုံးလိုက်ရလေသည်။ သူဟာ ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်တစ်ယောက်ကိုပင် တစ်ကိုယ်တည်းတိုက်ခိုက်ခဲ့သူဖြစ်၏။ ဤလူကတော့လား…
သူ့ရှေ့ရှိဓားသိုင်းကျင့်ကြံသူမှာ ရေအလျဉ်ပြည့်လျှံရေးကနဦးအဆင့်မျှသာဖြစ်၏။ သို့သော် သာမန်ဆန်ဆန်ဟုထင်ရသောရိုက်ချက်တစ်ချက်က သူ့ကို ထိခိုက်နိုင်စေခဲ့သည်။ ပွဲကြည့်ပရိသတ်များက ထိုမြင်ကွင်းကိုမြင်သောအခါ ထိတ်လန့်သွားကြကုန်သည်။
“ဒီဓားသိုင်းကျင့်ကြံသူက တစ်မူထူးပုံပဲ”
“သူ့အဆင့်ကနိမ့်နေတာတောင်မှ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် လီယုန့်ဘက်ကလူတွေကိုဖိနှိပ်ထားဖို့ ခွန်အားအကုန်ထုတ်မသုံးထားဘူးဆိုတာ သိသာနေတာပဲ
တစ်ယောက်ကပြုံးလျက်ပြောလာလေသည်။
“သာမန်ဘယ်ဟုတ်ပါ့မလဲ”
ပွဲကြည့်ပရိတ်သတ်အုပ်စုကြီး ရယ်မောနေလေသောအမျိုးသားကို ကြည့်လိုက်ကြသည်။
“ဒီလူက တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်က ယဲ့ချိုးပိုင်လေ”
“သူက ပင်မကျောင်းတော်ကိုရောက်ခဲ့တုန်းက တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းရဲ့ဓားသိုင်းအမွေအနှစ်တွေကရဖို့ နေ့တစ်ဝက်ပဲအချိန်ယူခဲ့ရတာတဲ့”
“သူက ပင်မကျောင်းတော်ရဲ့ ပါရမီရှင်ကွမ်ကျုံးယန်ကိုတောင်အနိုင်ယူခဲ့ပြီး လျှို့ဝှက်ဓားဂိုဏ်းကိုအပို့ခံခဲ့ရတာလေ”
“ဓားသင်္ချိုင်းထဲမှာလည်း လျှို့ဝှက်ဓားသွားဂိုဏ်းတစ်ခုလုံး ဘယ်သူမှမရောက်နိုင်ခဲ့တဲ့အကွာအဝေးအထိရောက်ခဲ့သေးတာ”
“ပြီးတော့ သူက ရေအလျဉ်ပြည့်လျှံရေးအဆင့်မရောက်ခင်မှာ နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းပေါ်မှာရှိတဲ့ ပညာရှင်တစ်ယောက်ကိုလည်း သတ်ခဲ့သေးတယ်”
“သူ့ထက်အဆင့်မြင့်တဲ့လူတွေနဲ့ တိုက်ခိုက်ရတာက ထုံးစံလိုတောင်ဖြစ်နေပြီ”
ဤလူ၏ရှင်းပြချက်ကိုကြားသောအခါ လူတိုင်းထိတ်လန့်သွားကြလေသည်။ ဤဓားသိုင်းကျင့်ကြံသူမှာ ဤမျှကြောက်မက်ဖွယ်ကောင်းသတဲ့လား။ လီယုန်လည်း ထိုလူ၏စကားကိုကြားလိုက်ရသည်။
သူတို့၏မျက်နှာထက်တွင် အကြောက်တရားများပြည့်နှက်သွားသည်။
ဤခွန်အားမျိုးဖြင့်ဆိုလျှင် သူတစ်ယောက်တည်းတိုက်ခိုက်ရဲသည်မှာ အံ့ဩစရာမရှိပေ။
သူကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့ကောင်းမွန်လှသောတိုက်ပွဲရလဒ်များကို မယှဉ်နိုင်ချေ။ ထိုအချိန်တွင် လီယုန်နှင့်အခြားလူများက နောက်ပြန်ဆုတ်လိုဟန်အရိပ်အယောင်များပြလာလေသည်။
သို့သော် ယဲ့ချိုးပိုင်၏ဒုတိယတိုက်ကွက်ကား သူတို့ဆီသို့သက်ဆင်းလာပြီဖြစ်သည်။
ကြီးကျယ်ခမ်းနားလှသော ဓားဆန္ဒတစ်ခုက ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ဆီမှ ကောင်းကင်ထက်သို့အပြင်းနှင်သွားသည်ကို လူတိုင်းမြင်လိုက်ကြရသည်။ ထို့နောက် ယဲ့ချိုးပိုင်က ညင်သာစွာပြောလိုက်သည်။
“မိစ္ဆာဆင်းသက်လာစေ”
အမှောင်ထုကြီးက ဓားဆန္ဒကိုရုတ်ခြည်းလွှမ်းခြုံလိုက်ချေသည်။ ၎င်းသည် အမည်းရောင်ဓားသွားချီစွမ်းအင်အဖြစ်ပြောင်းလဲသွားပြီး လီယုန်နှင့်ကျန်လူများကို တိုက်ခိုက်လေတော့သည်။
အနက်ရောင်ဓားသွား ဦးတည်လိုက်သည့်နေရာတိုင်းရှိ လီယုန်၏နောက်လိုက်များ တစ်ခဏတွင်းချင်းသုတ်သင်ခံလိုက်ရပေသည်။ သူတို့မှာ အော်ဟစ်မြည်တမ်းဖို့ပင် အချိန်မရှိလိုက်ပေ။ ဧရာမအနက်ရောင်ဓားသွားကြီး ချဉ်းကပ်လာသည်ကိုမြင်သောအခါ လီယုန်၏အမူအရာပြောင်းလဲသွားချေသည်။
သူသည် သူ့လက်ထဲရှိအလံကို ပစ်ထုတ်လိုက်၏။ တစ်ပြိုင်တည်းမှာပင် လက်နှစ်ဖက်စလုံးဖြင့် လက်ဟန်သင်္ကေတများကို ပုံဖော်လိုက်ပြီး အလံပေါ်ကို သွေးတစ်လုတ်စာဖျန်းလိုက်သည်။ ထိုအချိန်တွင် လီယုန်က သူ့မျိုးရိုးစွမ်းအားကို အသက်သွင်းလိုက်ခြင်းပင်။ သူ့ခန္ဓာကိုယ်မျက်နှာပြင်မှာလည်း မီးခိုးရောင်ပြောင်းသွားသည်။ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက အရပ်မျက်နှာအဖက်ဖက်သို့ ပျံ့နှံ့သွားလေတော့သည်။
“ပေါက်ကွဲစေ”
လီယုန်၏ဒေါသတကြီးအော်ဟစ်သံကြောင့် ငရဲဘုံသွေးအမြုတေများစွန်းထင်းနေသည့် ဧရာမအလံကြီးလည်း ထိုအခိုက်အတန့်လေးမှာ ပေါက်ကွဲသွားသည်။
ဧရာမတစ္ဆေနတ်ဘုရားပုံရိပ်ယောင်တစ်ခုက ဤကမ္ဘာလောကကြီးထဲ၌ ပေါ်ပေါက်လာသည်။ သူ့မျိုးရိုးစွမ်းအား၏လမ်းညွှန်မှုဖြင့် သူသည် ကမ္ဘာပေါ်ရှိသရဲတစ္ဆေများနှင့်နတ်ဘုရားများကို ဆက်သွယ်လိုက်ချေသည်။
တစ္ဆေနတ်ဘုရားပုံရိပ်ယောင်ကြီးတွင် အစွယ်များနှင့်ပြည့်နှက်နေသောမျက်နှာကြီးနှင့် ခေါင်းပေါ်မှာလည်း ဦးချိုနှစ်ချောင်းပေါက်နေလေသည်။ ထိုအကောင်ကြီးက ဧရာမစိတ်ဝိညာဉ်ဆင့်ခေါ်ရေးအလံတစ်ခုကို လက်ထဲတွင်ကိုင်ထားလေသည်။ ထို့နောက် လီယုန်၏လမ်းညွှန်မှုအောက်မှာ တစ္ဆေနတ်ဘုရားက စိတ်ဝိညာဉ်ဆင့်ခေါ်ရေးအလံကိုမြှောက်လိုက်ပြီး ဧရာမအနက်ရောင်ဓားသွားကို ကြိုဆိုလိုက်ချေသည်။
အုန်း….
ကျယ်လောင်လှစွာသောမြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာပေသည်။
ဧရာမနောက်ဆက်တွဲရိုက်ခတ်မှုတစ်ခုက အရပ်မျက်နှာအဖက်ဖက်ဆီသို့ ပျံ့နှံ့သွား၏။ ဓားသွားချီစွမ်းအင်များလည်း ဝရုန်းသုန်းကားဖြစ်သွားလေသည်။ ဧရာမတစ္ဆေကြီး အော်ဟစ်လိုက်သည်။ ထိုအော်ဟစ်သံမှာ အရပ်မျက်နှာအဖက်ဖက်ကို ပျံ့နှံ့သွားသည်။
ယဲ့ချိုးပိုင်လည်း အခြေအနေက မတိုးသာမဆုတ်သာဖြစ်နေသည်ကိုမြင်လိုက်ရပြီး နောက်လက်တစ်ဖက်ကိုဆန့်လိုက်သည်။ ချက်ချင်းပင် ဓားဆန္ဒများပေါက်ကွဲထွက်သွားပေသည်။ ထိုအရာများက ပတ်ဝန်းကျင်ကိုလွှမ်းခြုံပစ်လိုက်သည်။
ဓားသွားပိုင်နက်နယ်မြေ ထွက်ပေါ်လာခြင်းပင်။
ကမ္ဘာပေါ်ရှိ အဆုံးမဲ့အဖျက်ဓာတ်ဓားဆန္ဒကို အာရုံခံမိသောအခါ လူတိုင်း၏အမူအရာမှာ ပြောင်းလဲသွားလေ၏။ လီယုန်၏အမူအရာမှာ ပို၍ပင်ကြောက်မက်ဖွယ်ကောင်းနေသေးသည်။ ထို့နောက်မှာတော့ သူ အံတင်းတင်းကြိတ်လိုက်၏။ သူ ဒေါသတကြီးအော်ဟစ်လိုက်လေသည်။
“တစ္ဆေပေါက်ကွဲမှု”
သူ့စကားအဆုံးတွင် ဧရာမတစ္ဆေနတ်ဘုရားပုံရိပ်ယောင်ကြီးက သူ့ခေါင်းကိုမ၍ ဟစ်ကြွေးလိုက်လေသည်။ မရေမတွက်နိုင်သောအနက်ရောင်အလင်းထောက်တိုင်ကြီးများက သူ့ခန္ဓာကိုယ်ထဲမှ ဖြာထွက်လာလေသည်။ အဖျက်ဓာတ်အရှိန်အဝါတစ်ခုကလည်း စတင်မြင့်တက်လာပေသည်။
မိမိကိုယ်ကိုဖျက်ဆီးမှု
လီယုန်သည် တစ္ဆေနတ်ဘုရားပုံရိပ်ယောင်ကို မိမိကိုယ်ကိုဖျက်ဆီးမှုဖြင့် ထိန်းချုပ်ထားချင်နေသည်။
လူအားလုံး၏အမူအရာမှာ ပြောင်းလဲသွားပြီး ခပ်မြန်မြန်လေးနောက်ပြန်ဆုတ်ကုန်ကြသည်။ ယဲ့ချိုးပိုင်း၏အမူအရာကတော့ ပြောင်းလဲမသွားဘဲ သူ့လက်သီးကိုသာတင်းတင်းဆုပ်ထားလိုက်မိသည်။
ဓားသွားပိုင်နက်နယ်မြေမှာ ချက်ချင်းပင် စတင်ဖိနှိပ်လေတော့သည်။ ၎င်းသည် တစ္ဆေနတ်ဘုရားပုံရိပ်ယောင်ကို အုပ်မိုးထားလိုက်သည်။ ထို့နောက်တွင်မူ ကျယ်လောင်သောအသံကြီးတစ်ခု ပဲ့တင်ထပ်သွားလေ၏။
တစ္ဆေနတ်ဘုရားပုံရိပ်ယောင်ကြီးက ဓားသွားပိုင်နက်နယ်မြေထဲတွင် ပေါက်ကွဲသွားတော့သည်။
ဟူး…ဟူး.. ဟူး… ဟူး…
ဧရာမလေလှိုင်းကြီးတစ်ခုက သူ့ပတ်ပတ်လည်၌ပေါက်ကွဲထွက်လာချေသည်။ ပေါက်ကွဲမှု၏နောက်ဆက်တွဲရိုက်ခတ်မှုကလည်း ဓားသွားပိုင်နက်နယ်မြေထဲမှ လွတ်ထွက်လာသည်။
သို့သော် ထိုမျှသာဖြစ်၏။ ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသော အဖျက်ဓာတ်ဝိညာဉ်ရေးရာချီစွမ်းအင်လည်း ပျောက်ကွယ်သွားသည်။ လူတိုင်း လှမ်းကြည့်လာကြသည်။ လီယုန်၏ပုံရိပ်မှာ ပျောက်ကွယ်သွားသည်မှာ ကြာသွားလေပြီဖြစ်၏။
ယဲ့ချိုးပိုင်ကလည်း သူ့ကိုလိုက်ဖမ်းရန် အစီအစဉ်မရှိသဖြင့် သစ်သားဓားကို အဝေးပို့လိုက်လေသည်။ လူအုပ်ကြီးထဲရှိအမျိုးသားတစ်ယောက်က ပြုံးလျက်ပြောလာသည်။
“ယဲ့ချိုးပိုင်က သူ့ဂုဏ်သတင်းနဲ့တကယ်ထိုက်တန်ပါပေတယ်”
“ဒါပေမဲ့ ဒီလီယုန်က တကယ်ပြတ်သားတဲ့လူပဲ”